" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, April 3, 2024

မြို(ခေါ်)ခမီ လူမျိုးတို့၏ နောက်ခံသမိုင်း (၃)

  မြို(ခေါ်)ခမီ လူမျိုးတို့၏ နောက်ခံသမိုင်း (၃)


ထို့ကြောင့် “ခမိ” ဟူသော ဝေါဟာရ၏ရင်းမြစ်ကို စစ်ဆေးကြည့်ရန် လိုအပ်လာပါသည်။ “မြို” ဝေါဟာရများအတွင်း၌ ရှာဖွေကြည့်သောအခါ “ခူ” ဟူသော ဝေါဟာရ၊ “အမိန်” ဟူသောဝေါဟာရများကိုတွေ့ ရှိရသည်။ “ခူ” ဟူသောဝေါဟာရသည် “မိုး၊ မိုးကောင်းကင်၊ ကျေးရွာ၊ ပိုင်နက်၊ တိုင်းပြည်” ဟူသော အနက်များကို ဆောင်ပါသည်။


“အမိန်” ဟူသောဝေါဟာရသည် “ပိုးမွှား၊ အသက်ရှိခြင်း၊ သေးကွေးခြင်း၊ ရွရွစိစိဖြစ်ခြင်း၊ များပြားရှုပ်ထွေးခြင်း” စသည့် အနက်များကို ဆောင်ပါသည်။ ၎င်းဝေါဟာရနှစ်လုံးကိုပေါင်းစပ်ကြည့်သောအခါ “ခုအမိန်” ဖြစ်လာသည်။ “ခုအမိန်” အဓိပ္ပါယ်မှာ-


၁။ မိုးကောင်းကင်အောက်၌ သေးသေးကွေးကွေးနှင့် များပြားရှုပ်ထွေးစွာ ရှင်သန်လှုပ်ရှားနေကြသော သက်ရှိများ


၂။ တိုင်းပြည် ပိုင်နက် နယ်ပယ်အတွင်း၌ သေးသေးကွေးကွေးနှင့် များပြားရှုပ်ထွေးစွာ ရှင်သန်လှုပ်ရှားနေကြသော လူမျိုးများ ဟူ၍ဖြစ်ပါသည်။


ထိုအနက်များသည် အထက်၌ဆိုခဲ့သော အနက်သဘောကို အကျူံးဝင် ခြုံငုံမိစေနိုင်ကြောင်း တွေ့ရပါ သည်။ ထို့ကြောင့် “ခမိ” ဟူသောဝေါဟာရသည် “ခုအမိန်” ဟူသော ဝေါဟာရမှပြောင်းလဲ ဆင်းသက် လာကြောင်း ထင်ရှားပါသည်။ ပြောင်းလဲလာပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 1
ခုအမိန် - ခမိ
ခု - ခ
အမိန် - မိန်
မိန် - မိ
ဟူ၍ဖြစ်ပါသည်။ ထိုအခါ “ခမိ” လူမျိုး၏ အဓိပ္ပါယ်မှာလည်း တိုင်းပြည် ပိုင်နက်အတွင်း၌ သေးကွေး များပြားစွာ ရှင်သန်လှုပ်ရှားနေကြသော လူမျိုးဟူ၍ ဖြစ်လာသည်။ ဤအနက်သည် “ခမိ” ဟူသော အရည်ညွှန်းခံ လူမျိုးတစ်မျိုး၏ သွင်ပြင် လက္ခဏာများကို ဖော်ဆောင်နိုင်သော ဆီလျော်သည့် အနက်ဖြစ်သည်ဟု ယူဆပါသည်။ ပလက်ဝမြို့နယ်ရှိ ခူမီးမျိုးနွယ်စုများ၏ “ခမိ” အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် ယေဘုယျအားဖြင့် တူညီသည်ဟု ဆိုနိုင်ပါသည်။


“မြို” လူမျိုးတို့၏ ဆင်းသက်လာရာ လမ်းကြောင်းကို လေ့လာကြည့်သောအခါ အောက်ပါအတိုင်း တွေ့ရသည်။ ဘာသာစကားအရ မြိုလူမျိုးများသည် တိဘက်-မြန်မာ အနွယ်ဝင်များ ဖြစ်ကြပါသည်။

 မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံ အနောက်မြောက်ဘက်မှ တစ်ဆင့် မြောက်ဘက်သို့ ရွေ့လျားလာပြီး ၎င်းမှတစ်ဆင့် ဝင်ရောက်လာကြဟန်တူပါသည်။ 3 အချို့ပညာရှင်များ၏ အယူအဆအရ မြိုလူမျိုးဟု အမည်တွင်လာမည့် လူစုသည် မွန်ဂိုဒေသမှ တစ်ဆင့် အနောက်မဇ္စိုမဒေသသို့ ဟိမဝန္တာတောင်တန်း ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတောင်ပိုင်းဒေသများ တလျောက် စုရုံးအခြေချ နေထိုင်ခဲ့ကြဟန် တူပါသည်။ 4

 
ရှေးက “မြို” တို့ဒေသမှာ ရေရှားပါးသဖြင့် ဆည်ရေ တာတမံများ တူးကြရသည်။ အိန္ဒိယ လူမျိုးများက ထိုတာတမံများကို “ဗန္ဓရဗန်” ဟုခေါ်ကြသည်။ ဗန္ဓရ = မျောက်၊ ဗန် = ဆည် အဓိပ္ပါယ်မှာ “မျောက်ဆည်” ဟူ၍ ဖြစ်သည်။ ဗန္ဓရဇာတိ၊ ဗန္ဓရဗန် ဟူသော စကားလုံးများသည် ရှေးကျသော မဇ္စိုမဒေသသုံး စကားများဖြစ်ကြသည်။ အဓိပ္ပါယ်မှာ “မျောက်လူမျိုး”၊ “မျောက်ဆည်” ဟူ၍ ဖြစ်သည်။ ရှေးက မြိုလူ မျိုးတို့သည် အလျား (၁၂) တောင်၊ အနံ (၁) တောင်ခန့်ရှိသော တောင်ရှည်ပုဆိုးကို ဝတ်ဆင်ကြပ သည်။ ဝတ်ဆင်ပုံမှာ တစ်စွန်းဖြစ်သော ရှေ့ဆံမြီးကို အတိုထား၍ နောက်တစ်စွန်းကို ခါးတောင်းကျိုက်ပြီး နောက်ဆံမြီးကို အရှည်ထား၍ ဝတ်ဆင်ကြပါသည်။ ဆင်းရဲသားများသည် နောက်ဆံမြီးကို မြေကြီးပေါ်မှ တစ်တောင်ခန့် လူးလိမ့်တွဲလဲကျအောင် ထားတတ်သည်။ တောင်မင်းကြီးဖြစ်လျှင် နောက်ဆံမြီးကို (၅) တောင်ခန့် ထား၍ ဝတ်ကြသည်။ တောင်မင်းကြီးဖြစ်လျှင် မြိုလူမျိုး (၃) ယောက်တို့က အမြီးကို ပွေ့မပြီး လိုက်ကြရသည်။ ထိုကဲ့သို့ အမြီးအရှည်ထားသောကြောင့် မဇ္စိုမဒေသ (အိန္ဒိယလူမျိုး) များက ဗန္ဓရဇာတိဟု ခေါ်ကြသည်။ ဗန္ဓရဇာတိသည် မျောက်မျိုးဟု ဆိုခြင်းဖြစ်သည်။ 5

 
အထက်ပါသုံးသပ်ချက်ကို ခိုင်လုံစေသည့် အချက်တစ်ချက်မှာ-

 
ဤဒေသတွင် သမိုင်းမတင်မီခေတ်ကတည်းက မြန်မာနိုင်ငံ အခြားဒေသများမှာကဲ့သို့ပင် ဘီလူးဟုသိနေကြသော သြစတြလွိုက် လူမျိုးနွယ်ဝင်များ နေထိုင်ခဲ့ဟန် တူလေသည်။ ယင်းရှေးလူတို့ နေထိုင်ခဲ့ရာသို့ တိုင်းရင်းသား လူမျိုးတူစုများသည် မြောက်ဘက် မဏိပူရလောက်မှစ၍ တောင်ဘက် ရခိုင်ကမ်းမြောင်ဒေသအထိ မြောက်မှ တောင်သို့ ကုလားတန်နှင့် လေးမြို့မြစ်ဝှမ်း များသို့ ရွေ့လျားပြောင်းရွေ့ သွားလာနေထိုင်ခဲ့ကြပေသည်။ မြောက်မှ ဆင်းလာသူတို့သည် ပင်လယ်ကို ရင်ဆိုင်တိုးရသောအခါ အနောက်မြောက်ဘက်ဆီသို့ တစ်ဖန် ရွေ့ခဲ့ကြပြန်သည်။ ဤသို့ဖြင့် ရှေးဟောင်း မျိုးတူစုတို့သည် စစ်တကောင်းတောင်တန်း ဒေသ (အရှေ့ပါကစ္စတန်) သို့ ရောက်ခဲ့ကြ၏။ ရှေးအကျဆုံးဟု ယူဆရသူတို့မှာ မရိုများ၊ သက်များနှင့် ချင်းအစုဝင်များ ဖြစ်ကြသည်။ 6

 
“မြို” အမည်တွင်လာမည့် လူမျိုးများသည် အနောက် မဇ္စိုမဒေသတွင် မြို့ပြ တည်ထောင်ပြီး နေထိုင်ခဲ့ကြသည်ဟု ယူဆရပါသည်။ မဇ္စိုမဒေသ မြို့ပြနိုင်ငံများထဲတွင် ကုဿဝတီပြည်သည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ ဤ တိုင်းပြည်ကို ဘုရင် ဝရဗမ္မတူမင်းကြီး အုပ်စိုးခဲ့သည်ဟု ဆိုပါသည်။ ထိုစဉ်က မည်သည့် လူမျိုးဟု ခေါ်တွင်သည်ကို မသိရပါ။ သို့ရာတွင် ယင်းအချိန်ကာလသည် အနောက်မဇ္စိုမဒေသ၌ အာရိယဉ် ယဉ်ကျေးမှု မထွန်းကားမီ ကာလဖြစ်မည်ဟု ဆိုနိုင်ဖွယ် ရှိပါသည်။ အာရိယဉ် ယဉ်ကျေးမှု ထွန်းကားစ အချိန်တွင် အနောက်မဇ္စိုမဒေသရှိ မြို့ပြတိုင်းပြည်များမှာ ယဉ်ကျေးမှု၊ အယူအဆကွဲပြားလာမှုကြောင့် အချင်းချင်း စစ်တိုက်အနိုင်ယူကြသည့် အချိန်ဖြစ်ပါသည်။ ထိုသို့ စစ်မက်ပြု၍ အနိုင်အထက်ပြုကြသော အချိန်တွင် ကုဿဝတီပြည်ကြီးကိုလည်း အခြားတစ်ပါးသော မင်းများက စစ်ခင်းလေသည်။ ပြည်ကြီးပျက်စီး၍ ဘုရင် တုဓမ္မတူသည်လည်း ထွက်ပြေးတိမ်းရှောင်ရလေသည်။ 7

 
“မြို” လူမျိုးဟု အမည်တွင်လာမည့် လူစုကို မင်းကြီး၏သားတော် ခေါ် စာပတိ ဦးဆောင်ကာ မြောက်ဘက် အာသံပြည်သို့ ခိုလှုံရန် ထွက်ပြေးလာခဲ့ကြသည်။ ၎င်းအားသံပြည်၌ နေစဉ်အတွင်း မိမိတို့လူစု မပြိုကွဲစေရန်နှင့်၊ သဘာဝဘေးအန္တရယ်၊ သားရဲတိရစ္ဆာန်များ၏ ရန်မှကာကွယ်ရန် အလို့ငှာ ခြံစည်းရိုး (၇) ထပ်ကာရံပြီး နေထိုင်ခဲ့ကြလေသည်။ 8  

မင်းသား ခေါ် စာမတိသည် မိမိ၏ နောက်လိုက အ ပေါင်း အပါများ စားဝတ်နေရေး ခက်ခဲလာသည်က တစ်ကြောင်း၊ အာသံပြည်တွင် ဆက်လက်နေထိုင်ခွင့် မရတော့၍ လည်းကောင်း၊ မိမိ၏ လူစုများကို ရေကြည်ရာမြက်နုရာ ဒေသများသို့ ထွက်ခွါသွားလာခွင့် ပြုခဲ့ရလေသည်။ ဤသည်ကို ခြံစည်းရိုးအတွင်းမှ ထွက်ခွါပြီး အိုးသစ်အိမ်သစ် ထူူထောင်ခြင်းဟု သတ်မှတ်ခဲ့ကြလေသည်။ လူစုခွဲ၍ အိုးသစ်အိမ်သစ်ထူထောင်ရန် လာကြသော လူအများစုမှာ အချို့ကကုလားတန်မြစ်ဖျားဒေသမှာ အခြေစိုက်နေ ထိုင် ခဲ့ပြီး၊ ယင်းမှ မြစ်ရိုးအတိုင်း စုန်ဆင်းလာကြသည်။ အချို့မူကား အာသံပြည်တောင်ဘက်သို့ အ နည်းငယ် ဆင်းလာပြီး ကလက်ချောင်းမှ ဝင်ရောက်လာကြသည်။ အချို့မှာ ဥဿလင်းချောင်းမှ ဝင်ရောက်လာကြသည်။ အချို့က ချင်းလက်ချောင်း အတိုင်း စုန်ဝင်လာကြသည်။ အချို့မှာ ပလက်ဝနှင့် မတူပီနယ်စပ်ရှိ ခန်းလုံးတောင်သို့ ရောက်လာပြီး ဆမီးချောင်း၊ မီးချောင်း၊ ရန်ချောင်းနှင့် သရီချောင်း (သရေချောင်း) အတိုင်း စုန်ဆင်းလာကြသည်။

ထိုဒေသတွင် များစွာနေထိုင်ခဲ့ကြလေသည်။ ထိုသို့ ကုလားတန်မြစ်နှင့် ပျံ့နှံ့နေထိုင်ခဲ့ရာ၌ မြစ်ကမ်းတ လျှောက်ဖြစ်သော ပလက်ဝမြို့နယ်၊ စက်ပြတ်ပြင် ထက်ဝန်းကျင်၊ ချင်းလက်ဝ၊ ဥဿလင်းချောင်း၊ အ ထက်ဗလိုင် စသည့်ဒေသ တစ်ဝိုက်တွင်လည်းကောင်း၊ ဥဿလင်းချောင်း၊ ချင်းလက်ချောင်း၊ က လက်ချောင်းထဲတွင် လည်းကောင်း ပြန့်ကျဲ အခြေချနေထိုင် ခဲ့ကြသည်။ ထိုမှ တစ်ဖန် ဒလက်မေ၊ ဝက်တူးသောင်၊ အောက်ဘလှိုင်၊ ကူဝ ဒေသများသို့ ပျံ့နှံ့ နေထိုင်ခဲ့ကြလေသည်။ 10

 
“မြို” လူမျိုးများသည် ပလက်ဝမြို့နယ်သို့ အစောဆုံး ရောက်ရှိ အခြေချ နေထိုင်ခဲ့ကြလေသည်။ 11 မြိုမျိုးနွယ်စုများသည် ပလက်ဝမြို့နယ်သို့ အခြေချပြန့်နှံ့နေထိုင်စဉ် မင်းသား ခေါ်စာပတိသည် ဟုန်လော် အမည်ရှိ အမျိုးသမီးနှင့် လက်ဆက်ထိမ်းမြားပြီး အထက်ဘလှိုင်ဒေသတွင် မင်းအဖြစ် စိုးစံခဲ့လေသည်။ 12  

သို့ရာတွင် ဤအထက်ဘလှိုင်ဒေသ၌ မည်မျှကြာအောင် အခြေချနေထိုင်ခဲ့သည်ကိုမူ မသိရှိနိုင်ချေ။ “မြို” သင်းကြီး အောင်လာသည် မီးဝအောက်ဒေသတစ်ခုတွင် အခြေချနေထိုင်ပြီး မာရယုမင်း သား အား ကောက်ယူမွေးစား နိုင်ခဲ့ခြင်းကို ထောက်လျှင် ပလက်ဝဒေသမှ ကုလားတန်မြစ်အောက်ဘက်သို့ စုန်ဆင်းအခြေချ နေထိုင်ခဲ့ကြပြီဟု ယူဆနိုင်ပါသည်။ ရခိုင်ရာဇဝင်များ၏ ဖော်ပြချက်အရ မာရယုမင်းသားသည် ပထမဓညဝတီကို ဘီစီ ၃၃၂၅* ခန့်က တည်ထောင်ခဲ့သည်ကို ထောက်လျှင် “မြို” လူမျိုးများသည် မြန်မာနိုင်ငံအတွင်းသို့ စတင်ဝင်ရောက်သည့် ကာလမှာ ဘီစီ ၄၀၀၀ မှ ၃၅၀၀ အ တွင်း ဖြစ်နိုင်ဖွယ် ရှိပါသည်။ ပလက်ဝမြို့နယ်အတွင်းမှ ကုလားတန်မြစ်ရိုးအတိုင်း အောက်ဘက်သို့ စုန်ဆင်းလာရခြင်းသည် နောက်ပိုင်းမှ တစ်ခြားသောလူမျိုးများ တိုးဝင်လာမှုကြောင့် လည်းကောင်း၊ စစ်မက်ပြု၍ နယ်ချဲ့တိုးဝင်လာမှုကြောင့် လည်းကောင်း၊ ရေကြည်ရာမြက်နုရာဖြစ်သည့် မြေညီပြန့်ဖြူးသော ဒေသများသို့ တို့ချဲ့အခြေစိုက်လိုသည့် အတွက်ကြောင့်လည်းကောင်း ဖြစ်နိုင်ပါသည်။ မတူပီမြို့နယ် ခန်းလုံးတောင်ဒေသမှ စဖွေတောင်တန်း၊ ကယက်တောင်တန်းဒေသများနှင့် ဆမီးချောင်း၊ မီးချောင်းဒေသများသို့ စုန်ဆင်းအခြေချနေထိုင်သူများသည် နောက်ပိုင်းမှ တိုးဝင်လာသည့် လူမျိုးနွယ်စုများကို အတော်အတန် ခုခံနိုင်ဟန်ရှိပါသည်။ ထိုဒေသများ၌ နှစ်ရှည်ကြာစွာ အခြေချနိုင်ခဲ့ဟန် တူပါသည်။ ယကတ်တောင်စခန်းတွင် “မြို” မင်းကြီး ခုနောန်တိန်းသည် မြို့ရွာတည်ဆောက်ကာ ခြံစည်းရိုး (၇) ထပ်ဖြင့် အခိုင်အမာ ထီးနန်းစိုက်ခဲ့ကြောင်း၊ “မြို့” မင်းကြီး ခုနောန်တိန်းတွင် ပါစိန်၊ ပါငန် ဟူသော သားနှစ်ပါးရှိပြီး ကျောက်ပန်းတောင်း အနီးတဝိုက်တွင် မြို့ရွာ တည်ထောင်ခဲ့ကြောင့် “မြို” ရှေးလူကြီးသူမတို့ အစဉ်အလာ ပြောစကားအရသိရပါသည်။ 13


ကိုးကားချက်များ
1- မောင်စာခေါင်၊ မြိုဘာသာစကား၊ စာ-၁၅
2- Shafer Robert, “The Linguistic Relationship of Mru” Journal of Burma Research Society, vol.xxi . 1941. P.60
3- John Stuart, Burma through the cehturies, London, Kagan Paul Trench, Turbner. 1910. P.1
4- မောင်မောင်တူ၊ မြိုလူမျိုးစု
5- လှထွန်းဖြူ၊ ရခိုင်ပြည်နယ်ရှိ လူမျိုးစုများ အကြောင်း၊ ရန်ကုန်၊ စာပေ ပုံနှိပ်တိုက်၊ ၁၉၈၀၊ စာ-၂ (နောက်ကိုးကားလျှင် လှထွန်းဖြူ၊ ရခိုင်ပြည်နယ်ရှိ လူမျိုးစုများ)
6- (က) အခြေပြ နိုင်ငံရေးသမိုင်း၊ အတွဲ (၁)၊ ရန်ကုန်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ၁၉၇၀၊ စာ-၁၉၄ (နောက်ကိုးကားလျှင်၊ အခြေပြမြန်မာနိုင်ငံရေး သမိုင်းဟု ဖော်ပြပါမည်)
(ခ) Dr.Daw Thin Kyi, Arakanese Capital: A Preliminary Survey of their Geographic Siting, JBRS, L111, ii, Dec, 1970, p-4
7- လှထွန်းဖြူ၊ ရခိုင်ပြည်နယ်ရှိ လူမျိုးစု၊ စာ-၂၇
8- ယင်း၊ စာ-၂၇
9- တိုင်းရင်းသားရိုးရာ ဓလေ့ထုံးစံများ (ချင်း) စာ-၆၇
10- မောင်မောင်တူ၊ မြိုလူမျိုးစု၊ လက်ရေးမူ
11- ပလက်ဝမြို့နုယ် နိုင်ငံရေးသမိုင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ၁၉၇၆၊ စာ-၁၀
12- လှထွန်းဖြူ၊ ရခိုင်ပြည်နယ်ရှိ လူမျိုးစု၊ စာ-၂၈
*အခြေပြ မြန်မာနိုင်ငံရေး သမိုင်းတွင် ဘီစီ- ၂၆၆၆ ခန့်ဟု ဖော်ပြသည်။
13- မောင်မောင်တူ၊ မြိုလူမျိုးစု၊ လက်ရေးမူ

ဒေါက်တာ ကျော်သိန်း (မြောက်ဦး)
B.A (Hons. M.A Ph.D)
နည်းပြ
သမိုင်းဌာန
ရန်ကုန်တက္ကသိုလ်

(၁-၃-၂၀၀၁၀ တွင် လ/ထ ကထိက ရာထူးတိုးပြီး ၂၆-၇-၂၀၁၀ တွင်ကွယ်လွန်သည်)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */