" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, April 3, 2024

မြို(ခေါ်)ခမီ လူမျိုးတို့၏ နောက်ခံသမိုင်း (၂)

မြို(ခေါ်)ခမီ လူမျိုးတို့၏ နောက်ခံသမိုင်း (၂)


“မြို” ဟူသောဝေါဟာရ၏ ရင်းမြစ်ကို ထပ်မံရှာဖွေကြည့်သောအခါ အောက်ပါအချက်များကို တွေ့ရပါ သည်။


၁။ မောင်းတောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ “မြို” လူမျိုးတို့သည် မိမိတို့လူမျိုး ကို “မြိုစာ” ဟု ခေါ်ဝေါ်ကြကြောင်း သိရှိရပါသည်။ “မြိုစာ” ၏ အဓိပ္ပါယ်နှင့် ယင်းနှင့် နီးစပ်သည့် အဓိ ပ္ပါယ်များကိုမှု မသိရပါ။ 1


၂။ မဇ္စိုမဒေသ ကုဿဝတီပြည်ရှင်ဘုရင် တုဓမ္မတူ၏ သားတော်မင်းသား ခေါ်စာပတီသည် နောက်လိုက်အင်အား တစ်သောင်းခန့်ကို ဦးဆောင်၍ အာသံနယ်ဘက်တွင် တိမ်းရှောင်ပြီး အာသံဘုရင်၏ ခွင့်ပြုချက်အရ အချိန်အတန်ကြာ အခြေစိုက်နေထိုင်ခဲ့ကြသည်။ ထို့သို့နေထိုင်စဉ် တခြားသော မျိုးနွယ်စုများ၏ ဘေးရန်နှင့် သဘာဝဘေးအန္တရယ်၊ တောတောင်သားရဲတို့၏ ရန်စွယ်များကို ကာကွယ်ရန်အလို့ငှာ ခြံစည်းရိုး (၇) ထပ် ကာရံပြီး နေထိုင်ခဲ့ကြသည်။ အာသံနယ်ဘက်မှ နေ၍ ကစ္ဆပနဒီ မြစ် ညာဒေသများသို့ ရေကြည်ရာမြက်နုရာ ရွေ့လျားလာပြီး နောင်တွင် ဗလိုင်ခေါ်သည့် အရပ်၌ အခြေချခဲ့ကြသည်။ ခေါ်စာပတီသည် မင်းသမီး ဟုန်လော်ကို လက်ဆက်၍ မင်းအဖြစ်ခံယူလေသည်။ နောက်လိုက်နောက်ပါများလည်း ခြံစည်းရိုးအတွင်းမှ ထွက်ခွါ၍ ဝန်းကျင်အနီးအနားတွင် အခြေချ၍ အိမ်မြေနေရာသစ်ကို ထူထောင်ခဲ့ကြသည်။ ထိုသို့ မြေယာသစ်တွင် အခြေချနေထိုင်သော်လည်း မိမိတို့အလေ့အကျင့် ရှိနေပြီး ဖြစ်သောကြောင့် ခြံစည်းရိုးခတ် နေထိုင်ခြင်း အလေ့ကို ဆက်ခံထိန်းသိမ်း ထားကြလေသည်။ 2

 
ဤကဲ့သို့ မြိုလူမျိုးတို့သည် ကုဿဝတီပြည်ကြီး ပျက်စီးပြီးနောက် အာသံနယ်ဘက်မှတဆင့် ကစ္ဆပနဒီမြစ်ညာ ဒေသများသို့ အခြေချနေထိုင်လာခဲ့သည့် ကာလအပိုင်းအခြားမှ မြန်မာနိုင်ငံလွတ်လပ်ရေး မရမီကာလအထိ မြို့ရွာတည်ဆောက်သည့်အခါတိုင်း ခိုင်မာသော ခြံစည်းရိုးခတ်၍ နေထိုင်ခဲ့ကြလေသည်။ 3

 
ခြံစည်းရိုး (၇)ထပ်ကာရံပြီး အခိုင်အမာနေထိုင်ခြင်းကို မြိုဘာသာစကားဖြင့် “မရူနယ် ဆရီ အအယ်ဒီ” ဟူ၍ ခေါ်ဆိုလေသည်။ ခြံစည်းရိုးပြုလုပ်သည်ကို “မရူရောက်ဒီ”၊ “မရူဆာဒီ” ဟူ၍ ခေါ်ဝေါ်လေသည်။ “မရူ” ပြုလုပ်၍ နေထိုင်သောလူမျိုး၊ တစ်နည်း “ခြံစည်းရိုးတွင်နေထိုင်သောသူများ” ဟူသော အနက်ကို ရည်ညွန်း၍ “မရူ” မှ “မရို” သို့လည်းကောင်း၊ “မရူဆာ” မှ “မြိုဆာ” “မြိုစာ” သို့လည်းကောင်းအ ဆင့်  ဆင့်ပြောင်းလဲလာပြီး ကာလကြာမြင့်သောအခါ “မြို” ဟူ၍ ပြောင်းလဲ ရွေ့လျားလာဟန်ရှိ ပါသည်။ 4


မြိုလူမျိုးတို့သည် အာသံနယ်ဘက်မှ တစ်ဆင့် ကုလားတန်မြစ်ဖျား ရေကြည်ရာမြက်နုရာ ဒေသများသို့ တရွေ့ရွေ့ ပြောင်းရွေ့ရောက်ရှိလာသူများဖြစ်သည့်အလျောက် မိမိတို့ အဆင့်ဆင့် ဝင်ရောက်လသည့် လမ်းသည် ယစ်မာ (ခေါ်) မြစ်မရိုးအတိုင်း စုန်ဆင်းလာရခြင်းဖြစ်ပါသည်။ ယင်းယစ်မာ မြစ်မရိုးမှတ ဆင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများသို့ ပျံ့နှံ့ရောက်ရှိလာကြရသည်။ ထိုသို့လာလမ်းကို အစွဲပြု၍ “မြစ်မရိုးမှလာသူများ” ဟူသည့် အဓိပ္ပါယ်ကို ရည်ညွှန်းလို၍ တစ်ခြားသောတိုင်းရင်းသား (ရခိုင်) တို့က “မြစ်မရိုး” မှ “မြစ်” ကို ချေ၍ “မရိုး” ဟူ၍လည်းကောင်း၊ တစ်နည်း “မြစ်ရိုး” မှ “အစ်” သဒ္ဒါကိုချေ၍ “မြ ရိုး”၊ ၎င်းမှ “မြိုး” ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြရာမှ ကာလကြာမြင့်သောအခါ “မရိုး” မှ “မရို” ၊ ၎င်းမှ “မြိုး” ၊ “မြို့” မှ “မြို” ဟူ၍ တဖြည်းဖြည်း ရွေ့လျော ပြောင်းလဲလာဟန်ရှိသည်။ 5

 
အထက်ပါအချက်များကို ခြုံငုံသုံးသပ်ကြည့်လျှင် “မြို” ဟူသောဝေါဟာရ၏ ရင်းမြစ်သည် “မရူ” (ခြံစည်းရိုး) ဟူသောစကား၊ “မြစ်မရိုး” (သို့) “မြစ်ရိုး” ဟူသော ဝေါဟာရများမှ ပြောင်းလဲဆင်းသက်လာကြောင်း ထင်ရှားပါသည်။ သို့ရာတွင် “မြုံ”၊ “မြုန်”၊ မြုမ်” ဟူသော ဝေါဟာရများအတွက်မှု အံဝင်ဆီလျော်မှု မရှိတော့ပါ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်းတေါ မြို့နယ် ရှိ ကုလားများက မြိုလူမျိုးများကို “မြုံဂျာ” ဟုခေါ်ဝေါ်ကြောင်း အထက်တနေရာတွင်ဆိုခဲ့ပါသည်။ ထိုအခေါ်မှ “မြို” ဟူ၍ ပြောင်းလဲလာခြင်းလောဟူ၍လည်း တွေးထင်ဖွယ် ဖြစ်ပါသည်။


မြိုဘာသာ စကား၌မှု “မရို”၊ “မြို” ဟုူသော ဝေါဟာူရများကို လည်းကောင်း မြုံ၊ မြုန်၊ မြုမ် ဟူသော ဝေါဟာရများကိုလည်းကောင်း မတွေ့ရပါ။ ထိုဝေါဟာရများနှင့် နီးစပ်သောအသံထွက်နှင့် စာလုံး  ပေါင်း ဟန်များကိုလည်း မတွေ့ရပါ။ စာတမ်း၏ အထက်တနေရာတွင် “ခမီ” ဆိုသည်မှာ “လူ” ဟူသော ဝေါဟာရကို ဆက်လက်လေ့လာကြည့်သောအခါ ရှေးအခါက “ခမီ” တို့ကို တောင်မင်းများက အုပ်ချုပ်ရကား တောင်မင်းပိုင်နက်ကို “ခူ” ဟုခေါ်သည်။ ပုပုရွရွ သတ္တဝါများကိုတော့ “မီ” ဟုခေါ်သည်။ ထို့ကြောင့် “ခူ” အတွင်း၌ နေထိုင်ကြသည့် “မီ” များကို “ခုမီ” (သို့) “ခမီ” ဟုခေါ်ကြတော့သည်။ ပလက်ဝနှင့် မတူပီ နယ်စပ်ရှိ ခန်းလုံးတောက်မှ အောက်သို့ ဆင်းသွားသူများကို “အဝခမီ” ဟုခေါ်ကြသော်လည်း ရခိုင်အမျိုးသားတို့က “မြို”၊ “မရို” ဟု အမည်ပေးထားလေသည်။ 6

 
ရှေးအခါက “ခမီ” တို့ကို တောင်မင်းများက အုပ်ချုပ်သည်။ တောင်မင်း၏ပိုင်နက် “ခူ” အတွင်းရှိ ပုပုရွရွ လှုပ်ရှားသွားလာနေထိုင်ကြသော သတ္တဝါများကို “မီ” ဟုခေါ်ရာမှ “ခူမိ” မှ “ခမီ” ဖြစ်လာသည်။ တစ်နည်းဆိုသော် လှုပ်ရှားသွားလာနေထိုင်သော သတ္တဝါ (သို့) လူ ဟူ၍ အဓိပ္ပါယ်ရသည်။ 7  

အထက်ပါ ယူဆချက်များသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းရှိ ခူမီးမျိုးနွယ်စုတို့က ၎င်းမျိုးနွယ်စုတို့၏ သွင်ပြင်လက္ခဏာကို ဖော်ဆောင်နိုင်ရန် ဖွင့်ဆိုသော အနက်ဖြစ်ပါသည်။ စင်စစ် “ခမီ” ဟူသော အ သံထွက်သည် ခူမီး မျိုးနွယ်စုများ၏ ၎င်းတို့ကို ရည်ညွှန်းခေါ်ဝေါ်သော အနီးစပ်ဆုံး အသံထွက်မှာ “ခမိ” ဖြစ်ပါသည်။ “ခမီ” နှင့် “ခမိ” သည် အက္ခရာရေးသားမှု အမြင်အရ ကွဲပြားမှုမရှိပါ။ ယေဘုယျအားဖြင့် မျိုးတူစုများဖြစ်သည်ဟု ဆိုနိုင်ပါသည်။ သို့ရာတွင် “ခမီ ဘာသာစကား (၁၀) လုံးတွင် မြိုဘာသာစကားနှင့်တူသော စကား (၂) လုံးပါသည်” ဟူသော ဖော်ပြချက်အရ “ခမီ” ဟူသော ဝေါဟာရ၏ အဓိ ပ္ပါယ်ဖွင့်ဆိုချက်များသည် “ခမီ”ဟူသောဝေါဟာရအတွက် ဆီလျော် အံဝင်နိုင်ရန်ခက်ပါမည်။ ထို့ကြောင့် ခမီ ဟူသောဝေါဟာရကို စစ်ဆေးကြည့်ပါမည်။ ထို့နောက် “ခမီ” ဟူသော ဝေါဟာရ၏ ရင်းမြစ်ကို ဖော်ထုတ်ကြည့်ပါမည်။ ထို့နောက် ဝေါဟာရ နှစ်လုံး၏ ဆိုလိုရင်းအနက်ကို တိုက်ဆိုင် စစ်ဆေးကြည့်ရန် လိုအပ်ပေသည်။


“ခမီ” ဟူသောဝေါဟာရ၌ ဝါကျများအတွင်း စကား အဆက်အစပ် အပေါ်မူတည်၍ အနက်ပါွများ ရှိနိုင်ပါသည်။ ရှိနိုင်သောအနက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 8

 
၁။ သတ္တလောက အဝန်းအဝိုင်းမှ တိရစ္ဆာန်၊ သတ္တဝါ စသည်တို့နှင့် ခွဲခြားလိုသောအခါ အသိဉာဏ်အရှိ ဆုံးဖြစ်သော လူသားဟူသည့် အနက်ကို ရည်ညွန်းခြင်း။


၂။ မည်သည့်အချင်းအရာ၊ အကြောင်းကိစ္စများ၌ မဆို မိမိနှင့် ဆက်စပ်နှီးနွယ်မှု မရှိကြောင်း ဖော်ပြလိုသည့်အခါ၌ “သူတပါးတို့” ဟူသောအနက်ကို ရည်ညွှန်းခြင်း။


၃။ အခြားသောတိုင်းရင်းသားလူမျိုးများနှင့် ခွဲခြားပြောဆိုသောအခါ မြိုလူမျိုးတစ်မျိုးတည်းအတွက် “မိမိတို့ လူမျိုး”၊ “ငါတို့လူမျိုး” ဟူသည့် အနက်ကို ရည်ညွှန်းခြင်း စသည်တို့ဖြစ်ပါသည်။


အထက်ပါအနက် (၃) ရပ်အနက် နံပါတ် (၃) အနက်အရ “ခမိ” လူမျိုးဟူ၍ အရည်ညွှန်းခံ လူမျိုးတစ်မျိုးရလာပါသည်။ မည်သည့်အနက်ကိုရည်ညွှန်း၍ “ခမိ” ဖြစ်လာသည်ကိုလည်း ဆန်းစစ်ရန် လိုအပ်ပါသည်။ ထို့ကြောင့် “ခမိ” ဟူသော ဝေါဟာရကို သရုပ်ခွဲကြည့်သောအခါ “ခ” သဒ္ဒါနှင့် “မိ” သဒ္ဒါတို့ ပေါင်းစပ်ထားကြောင်း တွေ့ရပါသည်။ “ခမိ” ဟူသောပုဒ်၌ “ခ” သဒ္ဒါသည် “စေးကပ်ခြင်း၊ ခက်ခဲခြင်း” အနက်ကိုဆောင်ပါသည်။ “မိ” သဒ္ဒါသည် “မျက်စိ၊ အဆန်” ဟူသော အနက်ကို ဆောင်ပါသည်။ သဒ္ဒါနှစ်ခုတို့၏ ပေါင်းစပ်ခြင်းအနက်သည် “စေးကပ်ခြင်းသဘောရှိသော မျက်စိ (ဝါ) အဆန်” ဟူ၍ ဖြစ်လေသည်။ ဤအနက်များသည် “လူသား” ဟူသည့် အနက်ကိုလည်း မရည်ညွှန်းနိုင်ပါ။ “သူတပါးတို့” ဟူသည့် အနက်ကိုလည်း မရည်ညွှန်းနိုင်ပါ။ “ခမိ” ဟူသော အညွှန်းခံ လူမျိုးတစ်မျိုး၏ သွင်ပြင်လက္ခ ဏာများကိုလည်း ရည်ညွှန်းနိုင်ခြင်းမရှိပါ။ သို့ဖြစ်လျှင် “ခမိ” ဟူသော ဝေါဟာရ၏ပင်ကိုသဘော၌ လူ မျိုးတစ်မျိုး၏ အသွင်အပြင်နှင့် လက္ခဏာရပ်များကိုဖော်ဆောင်နိုင်သည် အဓိပ္ပါယ်မရှိကြောင်း ထင်ရှားပါသည်။

ကျမ်းကိုးစာရင်း
1- တိုင်းရင်းသားလူမျိုးများ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဖော်ထုတ်ရေးအဖွဲ့၊ ရခိုင်ပြည်နယ် အဖွဲ့ခွဲ၊ အမှတ်(၁) ၏လေ့လာတွေ့ရှိချက် စာတမ်း။
2- ရခိုင်တိုင်းရင်းသားလူမျိုးများအကြောင်းနှင့် တိုင်းခွဲအကြို ဆွေးနွေးပွဲမှတ်တမ်း။
3- ပလက်ဝမြို့နယ်မှ ဦးမောင်မောင်တူ၏ မြိုလူမျိုးများအကြောင်းစာတမ်း လက်ရေးမူ (နောက်ကိုးကားလျှင် မောင်မောင်တူ၊ မြိုလူမျိုးစု ဟု ဖော်ပြပါမည်။
4- ရခိုင်တိုင်းရင်းသား လူမျိုးများ အကြောင်းနှင့် တိုင်းခွဲ အကြို ဆွေးနွေးပွဲ မှတ်တမ်း။
5- မောင်မောင်တူ၊ မြိုလူမျိုးစု
6- ဦးတင်မောင်၊ အလင်းဆောင်သူများ အတွေ့အကြုံ၊ ရန်ကုန်၊ စာပေဗိမာန် ပုံနှိပ်တိုက်၊ ၁၉၉၇၊ စာ-၁၆
7- တိုင်းရင်းသားရိုးရာဓလေ့ထုံးစံများ (ချင်း)၊ စာ-၆၂
8- မောင်စာခေါင်၊ “မြိုဘာသာစကား၏ စကားသံများကို အသုံးချ သဒ္ဒါဗေဒအမြင်ဖြင့် လေ့လာချက်” မဟာဝိဇ္ဇာကျမ်း၊ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌါန၊ ၁၉၉၀၊ စာ-၁၄ (နောင်ကိုးကားလျှင် မောင်စာခေါင်၊ မြိုဘာသာစကားဟု ဖော်ပြပါမည်)

ဒေါက်တာကျော်သိန်း (မြောက်ဦး)
B.A (Hons. M.A. Ph.D)
နည်းပြ
သမိုင်းဌာန
ရန်ကုန်တက္ကသိုလ်

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */