" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, April 3, 2024

မြို(ခေါ်)ခမီ လူမျိုးတို့၏ နောက်ခံသမိုင်း (၁)

 မြို(ခေါ်)ခမီ လူမျိုးတို့၏ နောက်ခံသမိုင်း
          

           ရခိုင်ရာဇဝင်ကျမ်းများ၏ ဖော်ပြချက်အရ မြို လူမျိုးများသည် ရှေးကျသော လူမျိုး တစ်မျိုးဖြစ်ပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသ အနှံ့အပြားနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ မတူပီမြို့နယ် ဒေသများတွင် ပြန့်ကြဲ အခြေချနေထိုင်လျှက်ရှိကြပါသည်။ မြိုလူမျိုးများသည်သီးခြားဘာသာစကား၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာဖြင့် တိုင်းရင်းသား လူမျိုးစု တစ်စုအဖြစ် ယနေ့တိုင်ရပ်တည်လျှက်ရှိပါသည်။

“မြို” ဟူသော ဝေါဟာရကို ပေမူတင်၍ အစောဆုံး တွေ့နိုင်သောကျမ်းမှာ ခရစ်နှစ် ၁၄၅၈ ခုနှစ်တွင် ရခိုင်ပညာရှိ အဒူမင်းညို ရေးသားသော “ဘစောဖြူသမီး ဧချင်း” တွင်ဖြစ်ပါသည်။ 1 မြန်မာကျောက်စာများတွင်လည်း ခရစ်နှစ် ၁၄၄၂ ခုနှစ်၊ နရသီဟပတေ့မင်း ရေးထိုးသော စစ်ကိုင်းထူပါရုံ ကျောက်စာ၊ စာကြောင်းရေ (၂၀) တွင်လည်း တွေ့ရ ပါသည်။ 2 ထို့နောက်တွင် ရခိုင်ရာဇဝင်ကျမ်းများဖြစ်ကြသည့် ရခိုင်မဟာရာဇဝင်တော်ကြီး၊ ဓညဝတီရာဇဝင်သစ်၊ မာရယုနှင့် ဗေဒါရှင်းတမ်း စသောကျမ်းဂန်များ၌ လည်းကောင်း၊ အချို့သော စာအုပ်စာပေများတွင်လည်းကောင်း၊ မြိုလူမျိုးများအကြောင်းကိုရေးသားကြရာ၌ “မြို” ဟူသော ဝေါဟာရအပြင် “မြုံ” ဟူ၍လည်းကောင်း၊ “မြုန်” ဟူ၍ လည်းကောင်း၊ “မြုမ်” ဟူ၍လည်းကောင်း၊ “မြူ” ဟူ၍လည်းကောင်း၊ “မြို့” ဟူ၍လည်းကောင်း မူကွဲစာလုံးပေါင်းဟန်များဖြင့်လည်းကောင်း ရေးသားထားပါသည်။ မြုံ၊ မြုန်၊ မြုမ်၊ မြူ၊ မြို့ ဟူသော အရေးအသားများသည် “မြို” လူမျိုးများကို ရေးသားထားကြောင်း မှတ်ယူနိုင်သည်။ အဘယ်ကြောင့်ဆိုသော် မျက်မှောက်ခေတ်ရခိုင် ပြည်နယ်ရှိ တိုင်းရင်းသားမျိုးနွယ်စုများတွင် မြုံ၊ မြုန်၊ မြုမ်၊ မြူ၊ မြို့ လူမျိုးများကို မတွေ့နိုင်တော့ခြင်း၊ ကျောက်တော်မြိုနယ်၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်းတောမြို့နယ်များတွင် အိန္ဒိယတိုင်းရင်း သားများက “မြို” လူမျိုးများကို “မြုံဂျာ” ဟု ခေါ်ဝေါ်နေကြခြင်း၊ 3 မြိုလူမျိုးများသည် မျက်မှောက်ခေတ်ထိ တိုင်းရင်းသားမျိုးနွယ်စု တစ်စုအဖြစ် အထင်အရှား အခြေချနေထိုင်လျက်ရှိနေကြခြင်း စသည့် အကြောင်းအချက်များကို ထောက်လျှင် အထက်ပါ ရခိုင်ရာဇဝင်ကျမ်းနှင့် အခြားသော စာအုပ် စာပေတို့၌ အရေးအသားပြုကြသော “မြုံ၊ မြုန်၊ မြုမ်၊ မြူ၊ မြို့” ဟူသော စာလုံးပေါင်းဟန်များသည် “မြို” လူမျိုးများကိုပင် ရည်ညွှန်းရေးသားထားခြင်းဖြစ်မည်ဟု ယူဆရပါသည်။


ထိုကြောင့် “မရို၊ မြို” ဟူသော အသံထွက်နှင့် အခေါ်အဝေါ်များသည် တစ်ခြားသောတိုင်းရင်းသား (ရခိုင်) တို့က ခေါ်ဝေါ်သည့် အမည်ဖြစ်ပါသည်။ မြိုလူမျိုးတို့က မိမိတို့လူမျိုးကို ရည်ညွှန်း ခေါ်ဝေါ်လိုသောအခါ “ခမီ” ဟူသော အမည်ကို သုံးစွဲကြပါသည်။ 4 မြို (မရို) တို့သည် သူတို့ကို သူတို့ “ခမီ” ဟုခေါ်သည်။ “လူ” ဟုအဓိပ္ပါယ်ရသည်။ မီချောင်းနှင့် သမိန်ချောင်းများတဝိုက်တွင် နေထိုင်သူများကို တောင်မြိုဟု ခေါ်၍ မီးချောင်းနှင့် သမိန်ချောင်းဝ တဝိုက် တွင် နေထိုင်သူများကို အဝမြိုဟုခေါ်သည်။


“မြို” ဆိုသည်မှာ ရခိုင်လူမျိုးများက ပေးထားသောနာမည်ဖြစ်သည်။ 5 “မြို” လူမျိုးတို့၏ အကြောင်းကိုရေးသားမည်ဆိုလျှင် မြို (၃) မျိုး၊ ၎င်း (၃) မျိုးတို့သည် တစ်မျိုးနှင့် တစ်မျိုး သဘောသဘာဝအားဖြင့်လည်းကောင်း၊ ရိုးရာ ဓလေ့ ယဉ်ကျေးမှုအားဖြင့် လည်းကောင်း ဆက်နွယ်လျက် အနည်းအများ တူညီမှုရှိသောကြောင့် မြိုလူမျိုးတစ်မျိုးတည်း၏ သမိုင်းကြောင်းကို ရေးသားလျှင် မပီပြင် နားမလည်နိုင်မည်စိုး၍ “မြို” လူမျိုး (၃) မျိုးရှိကြောင်းအကြောင်း တို့ကို အောက်ပါအတိုင်းဖော်ထုတ်ရေးသား လိုက်ပါသည်။ 6

 
၁။ မြို (ခမီ) = အဝခမီ ဟူ၍လည်း ခေါ်သည်။ ၎င်းတို့သည် ကျောက်တော်မြိုနယ်၊ မြောက်ဦးမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ ဘူသီးတောင်မြို့နယ်များတို့၌ နေထိုင်ကြသည်။


၂။ မရူ (ခမီ) = အရိုင်း (သို့) အဖျားခမီ ဟူ၍လည်း ခေါ်သည်။ ၎င်းတို့သည် ပလက်ဝမြိုနယ်၊ မတူပီမြို့နယ်များတွင် နေထိုင်လျက်ရှိကြသည်။


၃။ တောင်မြို = မြို (ခမီ) နှင့် မရူ (ခမီ) တို့က “ဒါး” ဟူ၍လည်း ခေါ်သည်။ လွတ်လပ်ရေးမရမီနှင့် ရပြီး ဖ.ဆ.ပ.လ ခေတ် မူလတန်း ပညာရေး၊ ပထဝီဝင်စာပေတို့၌လည်း တောင်မြိုဟု ရေးသားခေါ်ဝေါ်ထားသည်။ ၎င်းတို့သည် ပုဏ္ဏားကျွန်းမြို့နယ်၊ ဘူသီးတောင်မြို့နယ်၊ မောင်းတောမြို့နယ် နှင့် ဘင်္ဂလားနယ်တို့၌ ရှိကြသည်။ ဤလူမျိုး (၃) မျိုးတို့ကို နှောင်းခေတ် သမိုင်းဆရာတို့က ရခိုင်ပြည်နယ်ရှိရှေးကျသော လူမျိုး (၃) မျိုးတို့အား ပီပီပြင်ပြင် မရေးတော့ဘဲ အ ဆို ပါ မြို (၃) မျိုးလုံးတို့ကို “မြို“ ဟူသော ဝေါဟာရတစ်လုံးတည်းဖြင့် ရေးသားခေါ်ဝေါ်ခြင်းသာဖြစ်ပါသည်။


မြို (ခမီ) လူမျိုးတို့၏ ဝေါဟာရ မည်သို့ ဆက်စပ်မှုရှိသည်ကို ဆက်လက်လေ့လာတင်ပြပါမည်။ လူမျိုးတစ်မျိုးပင်ဖြစ်စေ၊ လူပုဂ္ဂိုလ် တစ်ဦးဦးသည်ပင်ဖြစ်စေ၊ နေရာဒေသ တစ်ခုခုတွင် အခြေချနေထိုင်ခဲ့ဖူးသည့် အခါတို့၌လည်းကောင်း၊ ပြောင်းရွှေ့သွားသည့်အခါတို့၌ လည်းကောင်း၊ ခရီးပြန်ထွက်သည့်အခါတို့၌ လည်းကောင်း၊ ထိုနေရာဒေသတွင် မြို့၊ ရွာ သော်လည်းကောင်း၊ အိမ်မြေယာမြေ သော်လည်းကောင်း၊ သမိုင်းအစအန သော်လည်းကောင်း၊ သွေးစပ်သားစပ်ဆွေမျိုး သော်လည်းကောင်း ကျန်ရစ်စမြဲပင်ဖြစ်သည်။


မြို (ခမီ) လူမျိုးတို့တွင် ကမ္ဘာဦးသမိုင်း (ခေါ်မု ဝတ္ထု) ဟူ၍ ရှိလေသည်။ ထို ခေါ်မု ဝတ္ထုတွင် “ကော်မရီ” အမည်ရှိသော မိန်းမနှင့် “ကော်မရင်” အမည်ရှိသော ယောကျ်ားတို့က “မြို” တို့၏ ဘာသာစကားဖြင့် (ခေါ်မု= ကမ္ဘာဦး နေလ မထွက်သေးသော အမှောင်လောက) (သို့) ကျောက်ဂူအမှောင်တွင် နေကြရ သော (ခေါ်မု= အမှောင်) ပြည်သားလူ ဟူ၍ အမည်နာမ အဓိပ္ပါယ်ကို ရရှိလေသည်။ ထို ကော်မရီ ကော်မရင် နှစ်ဦးတို့ ပေါင်းသင်းဆက်ဆံကြရာမှ သား သမီး၊ မြေး၊ မြစ် စသော လူအပေါင်းတို့ကို မွေးထုတ် ( မြို= ပြုပြင်) ဖန်တီးပေးသောကြောင့် “မြို” ဟူသော အမျိုး အမည် နာမအဓိပ္ပါယ်ကို ရရှိကြပြန်လေသည်။ထိုနောက်တွင် နေ၊ လ ထွက်ပြီး အလင်းရောင် ရကာ (သို့) ဂူနေမှ အိမ်နေလူ ဖြစ်လာကာ၊ ကာလကြာလေသော် ခေါ်မု= မှ ခမီ သို့ ပြောင်းလဲခေါ်ဝေါ်လာကာ (မြို ခမီ ဟူသောအမျိုးအမည် နာမ်) အခေါ်အဝေါ် ဖြစ်လာကြတော့သည်ဟု မြိုလူမျိုးတို့၏ ရိုးရာ တေးချင်းများတွင် လေ့လာသိရှိရပေ သည်။ 7

 
အထက်ပါ (ခေါ်မု ဝတ္ဃု) အတိုင်း သက်လူမျိုး၊ ဒိုင်းနက်လူမျိုး ရာဇဝင်တို့တွင်လည်း “မြို” (ခမီ) လူမျိုးတို့၏ ရိုးရာတေး ချင်းကို မှတ်တမ်းတင် ရေးသားထားသော ရှေးဟောင်းပေမှု ဂီ-ချပ်ရေကိုလည်း လေ့လာနိုင်ပေသည်။ 8


ကျမ်းကိုးစာရင်း

1- အဒူမင်းညို၊ “ရခိုင်မင်းသမီး ဧချင်း” ၊ ရန်ကုန်၊ ဟံသာဝတီ ပုံနှိပ်တိုက်၊ ၁၉၆၅-ခု၊ စာ-၇ (နောင်ကိုးကားလျှင် အဒူမင်းညို၊ ဧချင်း)
2- စစ်ကိုင်းထူပါရုံကျောက်စာ၊ စာကြောင်းရေ ၂၀-၂၃၊ ၈၀၄၊ ခရစ်နှစ် ၁၄၄၂-ခု
3- တွေ့ဆုံမေးမြန်းသူ၊ ဦးအဂါၤအောင်၊ သရက်တပင် ကျေးရွာ၊ ကျောက်တော်မြို့နယ်၊ ၁၂-မတ်လ-၂၀၀၅
4- တိုင်းရင်းသား ရိုးရာ ဓလေ့ထုံးစံများ (ရခိုင်) ၊ မြန်မာ့ဆိုရှုယ်လစ်လမ်းစဉ်ပါတီ စည်းရုံးရေး ဗဟိုကော်မတီဌါနချုပ်၊ ရန်ကုန်၊ ဇန်နဝါရီလ၊ ၁၉၇၆၊ စာ ၃၁-၃၂ (နောင်ကိုးကားလျှင် တိုင်းရင်းသား ရိုးရာ ဓလေ့ထုံးစံများ (ရခိုင်) ဟု ဖေါ်ပြပါမည်။
5- တိုင်းရင်းသား ရိုးရာ ဓလေ့ထုံးစံများ (ချင်း)၊ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ စည်းရုံးရေးဗဟိုကော် မတီ ဌါနချုပ်၊ ရန်ကုန်၊ ဖေဖော်ဝါရီလ၊ ၁၉၆၈၊ စာ-၆၂ (နောင်ကိုးကားလျှင် တိုင်းရင်းသား ရိုးရာ ဓလေ့ထုံးစံများ (ချင်း) ဟု ဖော်ပြပါမည်)
6- (က) ဦးမေဓဒေဝ၊ မြိုလူမျိုး အကြောင်း၊ လက်ရေးမှု
(ခ) U Ba Myaning, “The Northen Hills of Ponnagyun Township”, Journal of Burma Research Society, vol-xxiv, Yangon, 1933.p.125
(ဂ) U Ba Thein, Census of India, 1931, vol-xi, part-1, Burma Report. 1933, p.254
7- (က) ဦးအောင်ခင်၊ ပြွန်တိုကျေးရွာ၊ ပေါက်တောမြို့နယ်၊ မြို (ခမီ) ရိုးရာတေးချင်းမှ တေးဆိုပြောပြချက် (၂၀-၆-မတ်လ-၂၀၀၂)
(ခ) ဓညဝတီ အောင်ဇေယျ (မြောက်ဦး)၊ “ရက္ခပူရ ကြေးမုံကျမ်း”၊ ရန်ကုန်၊ သန်းထိုက်ရတနာ ပုံနှိတ်တိုက်၊ ၂၀၀၃၊ စာ-၅၄
8- ဤကား ဘင်္ဂလားဒေရှ့်နိုင်ငံံရှိ သက်ထောင်တွင် နေထိုင်သူ ရမ်ဂါမတီနယ်သား ဒိုင်းနက်အမျိုး သား ဖြစ်သူ (ဦးအဉ်ဒရာကူမာ) အမည်ရှိသော ဆေးသမားတော်ကြီးထံ၌ ဒိုင်းနက်ဘာသာစကား၊ စက္ကမ- သက်ဘာသာစကားတို့ဖြင့် ရေးသားထားသော သမိုင်းစုံပေမူ-ဂီ-ချပ်ရေမှ ဘာသာပြန်ပြီး ကူးယူခဲ့သည်။


ဒေါက်တာ ကျော်သိန်း (မြောက်ဦး)
B.A (Hons. M.A. Ph.)
နည်းပြ
သမိုင်းဌါန
ရန်ကုန်တက္ကသိုလ်

(၁-၃-၂၀၁၀ တွင် လ/ထ ကထိက ရာထူးတိုးပြီး ၂၆-၇-၂၀၁၀ တွင်ကွယ်လွန်သည်)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */