" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 11, 2024

မလေးရှားရောက်ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရ

VOA
ဆုမွန်
၁၁ မတ်၊ ၂၀၂၄

မလေးရှားရောက်ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရ
 
နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့် ကျန်းမာရေးစောင့်ရှောက်မှုစတဲ့ အခက်အခဲ စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ မလေးရှားနိုင်ငံရောက် ရိုဟင်ဂျာတွေကို တရားဝင်အသိအမှတ်ပြုပေးဖို့နဲ့ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ပဋိညာဉ်ကြေညာစာတမ်းနဲ့အညီ ရိုဟင်ဂျာတွေကို လူ့အခွင့်အရေးတွေဖော်ဆောင်ပေးဖို့ မလေးရှားလူငယ်ကွန်ရက် Rohingya Youth Network in Malaysia (RYNM) ဥက္ကဋ္ဌ ကိုမေယုအီစံ Mayyu Ahsan က တောင်းဆိုလိုက်ပါတယ်။ မလေးရှားရောက်ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့အခြေအနေ VOA Rohingya Lifeline အစီအစဉ်ကနေ Hamid Hussain စီစဉ်တင်ဆက်ထားတဲ့သတင်းကို အခြေခံပြီး ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က စုစည်းတင်ဆက်ပေးထားပါတယ်။

မလေးရှားနိုင်ငံရောက်မြန်မာတွေထဲ တရားဝင် အလုပ်လုပ်ကိုင်နေသူတွေရော တရားမဝင်နေထိုင်အလုပ် လုပ် ကိုင်နေသူတွေအပါအဝင် အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံကနေ စစ်အာဏာရှင်လက်အောက်က လွတ် မြောက်အောင်ထွက်ပြေးတိမ်းရှောင်လာသူတွေရော ပြည်ပနိုင်ငံမှာ အခြေချလုပ်ကိုင်နိုင်ဖို့ ပင်လယ်ပြင်ဖြတ်ကျော်အသက်စွန့်ထွက်ခွါလာသူတွေအတွက် အခက်အခဲစိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်လို့ မလေးရှားလူငယ်ကွန်ရက် Rohingya Youth Network in Malaysia (RYNM) ဥက္ကဋ္ဌ ကိုမေယုအီစံ က VOA Rohingya Lifeline အစီအစဉ်ကို ပြောဆိုထားပါတယ်။

မလေးရှားနိုင်ငံရောက်ရိုဟင်ဂျာတွေအတွက် နေ့စဉ်လူနေမှုဘဝတွေမှာ ရင်ဆိုင်နေရတဲ့ ဒုက္ခအကြပ်အတည်းတွေ နိုင်ငံတွင်း လွတ်လပ်စွာ လှှုပ်ရှားသွားလာခွင့်၊ အလုပ်လုပ်ကိုင်ခွင့် အခွင့်အလမ်းဆုံးရှုံးတာ နောက် မလေးရှား အာဏာပိုင် ရဲလုံခြုံရေးတွေရဲ့ အထူးစီမံချက်တွေနဲ့ အုပ်စုလိုက် ဖမ်းဆီးချုပ်နှောင်နေတာ နောက် ရိုဟင်ဂျာတွေအပါအဝင် တရားမဝင်နေထိုင်တဲ့ နိုင်ငံတကာက ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် မလေးရှားအစိုးရရဲ့ မူဝါဒတွေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ အခက်အခဲစိန်ခေါ်မှုမျိုးစုံနဲ့ ကျီးလန့်စာစား နေ့စဉ် ရင်ဆိုင်နေထိုင်နေကြရတာဖြစ်ပါတယ်လို့လည်း မေယုက ဆိုပါတယ်။

အထူးသဖြင့် ဒုက္ခသည်ကဒ် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက အသိအမှတ်ပြု ကဒ်ပြားကိုင်ဆောင်ထားသူတွေဟာ မလေးရှားနိုင်ငံတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့်မရှိသလို စားသောက်ဆိုင်တွေ စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေမှာလည်း အလုပ်လုပ်ခွင့် တားမြစ်ခံထားရသလို UN ကဒ်ကိုင် ဆောင်ထားခြင်းမရှိတဲ့ တရားမဝင်ရွှေ့ပြောင်းသူတွေမှာလည်း ပိုပြီးတော့မှ အခက်အခဲအကျပ်တည်းတွေနဲ့ ရင် ဆိုင်နေရတာလို့လည်း မေယုက ရှင်းပြပါတယ်။

မလေးရှားအစိုးရဘက်ကလည်း UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး အသိအမှတ်ပြု ကဒ်ပြားကိုင်ဆောင်ထားသူတွေအထဲ ရိုဟင်ဂျာဒုက္ခသည်တွေကို အသိအမှတ်ပြုခြင်းမရှိဘူးလို့လည်း မေယုကပြောပါတယ်။ ဒါပေမဲ့ မလေးရှားနိုင်ငံထဲမှာ UNကဒ် ကိုင်ဆောင်ထားသူတွေက ယာဉ်ပိုင်ဆိုင်ခွင့် မော်တော်ဆိုင်ကယ် ဝယ်ယူခွင့် စီးပွားရေးလုပ်ကိုင်ခွင့်လည်း မရှိပါဘူး။ တခါတရံမှာ မလေးရှားရဲအာဏာပိုင်တွေက UN ကဒ် ကိုင် ဆောင်ထားသူတွေကို စစ်ဆေးတဲ့အခါ ပြန်လွှတ်ပေးလိုက်တာဖြစ်သလို-UN ကဒ်ရှိပေမဲ့လည်း ဖမ်းဆီးချုပ်နှောင်ခံရတာဖြစ်ပါတယ်။ မလေးရှားအစိုးရဘက်က အခုလို UN ကဒ်ကိုင်ဆောင်ထားသူတွေကို အသိအမှတ်မပြုတာကတော့ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထား နိုင်ငံမဟုတ်တာကြောင့် ဖြစ်တယ်လို့လည်း မလေးရှားလူငယ်ကွန်ရက် Rohingya Youth Network in Malaysia (RYNM) ဥက္ကဋ္ဌ ကိုမေယုအီစံက သုံးသပ်ထားပါတယ်။

မလေးရှားနိုင်ငံတွင်း အစိုးရမဟုတ်တဲ့ INGO NGO တွေအပါအဝင် UNHCR အပါအဝင် ကုလအဖွဲ့အစည်းတွေက မလေးရှားအစိုးရကို ဒုက္ခသည်တွေရဲ့ အခွင့်အရေးကို ဦးစားပေးစဉ်းစားပေးဖို့ တောင်းဆိုနေပါတယ်။ ဒါပေမဲ့လည်း မလေးရှားအာဏာပိုင်တွေဘက်ကတော့ ၁၉၅၁ ခုနှစ် ပြဌာန်းချက် ဥပဒေ အကြောင်းပြငြင်းဆန်နေသလို တကယ်လို့ ဒုက္ခသည်တွေကို ဒုက္ခသည်အခွင့်အရေး အပြည့်အဝပေးမယ်ဆိုရင် မလေးရှားနိုင်ငံထဲ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမှာကိုလည်း စိုးရိမ်မကင်းဖြစ်နေကြတာပါ။

ဒါကြောင့် မလေးရှားအစိုးရ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတွေကို ရိုဟင်ဂျာလူငယ်ကွန်ရက်အနေနဲ့ တောင်းဆိုလိုတာက ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်ခံရသလို လူမျိုးတုန်း သတ်ဖြတ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ အဖိနှိပ်ခံ လူနည်းစုတွေဖြစ်သလို အမေရိကန်ပြည်ထောင်စုကိုယ်တိုင်က ရခိုင်မြောက်ပိုင်းမှာ ၂၀၁၇ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် တရားဝင်အသိအမှတ်ပြုထားသလို နိုင်ငံတကာတရားရုံး ICJ မှာလည်း လူမျိုးတုန်းသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးအရေးယူနိုင်ဖို့ ဆောင်ရွက်နေဆဲအချိန်အခါဖြစ်တာမို့ ရိုဟင်ဂျာတွေဟာ Universal Declaration of Human Rights အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းနဲ့ အညီ လူ့အခွင့်အရေးအပြည့်အဝရရှိဖို့ အရေးတကြီးလိုအပ်သလို အခြေခံလူ့အခွင့်အရေးအပြည့်အဝမရပဲနဲ့ ရေရှည်ရပ်တည်နေထိုင်နိုင်ဖို့ကလည်း အခက်အဲစိန်ခေါ်မှုမျိုးစုံနဲ့ရင်ဆိုင်နေကြရတဲ့ရိုဟင်ဂျာတွေအရေး အထူးအလေးထား ဆောင်ရွက်ပေးဖို့ကိုလည်း မလေးရှားလူငယ်ကွန်ရက် Rohingya Youth Network in Malaysia (RYNM) ဥက္ကဋ္ဌ ကိုမေယုအီစံက မေတ္တာရပ်ခံပါတယ်။

ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံထဲမှာလည်း တရားဝင်အသိအမှတ်ပြုမခံရသလို နိုင်ငံတွင်း လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ပညာသင်ကြားခွင့် ကျန်းမာရေးစောင့်ရှောက်မှုစတဲ့ အခြေခံလူ့အခွင့်အရေး ဆုံးရှုံးနေရသလို အ သက်လုပြီးပြေးရှောင် ခိုလှုံနေရတဲ့ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ခြောက်နှစ်ကျော်ကြာ ဒုက္ခသည်စခန်းတွေထဲ စားနပ်ရိက္ခာဖြတ်တောက်ခံရမှုတွေအပါအဝင် အခက်အခဲစိန်ခေါ်မှုမျိုးစုံနဲ့ရင်ဆိုင်နေကြရပြီး အနာ ဂတ်မျှော်လင့်ချက်မဲ့နေတဲ့ အနေအထားဖြစ်နေတယ်ဆိုတာကို မေယုက ထောက်ပြပါတယ်။ ရိုဟင်ဂျာတွအနေ နဲ့ ပညာသင်ကြားခွင့် ကျန်းမာရေးစောင့်ရှောက်မှုရပိုင်ခွင့်စတဲ့ အနည်းဆုံးအခြေခံလူ့အခွင့်အရေးတွေကို ရရှိပိုင်ခွင့်ရှိသလို တကယ်လို့များ ဒီလိုအခြေခံအခွင့်အရေးတွေကို ရပိုင်ခွင့် မရှိဘူးဆိုရင် အနည်းဆုံးတော့ လူ့အခွင့် အရေး အပြည့်အဝစောင့်ရှောက်မှုပေးနိုင်တဲ့ ပြည်ပနိုင်ငံတွေမှာ အခြေကျနေထိုင်နိုင်ခွင့် ပြုဖို့စီစဉ်ဆောင်ရွက်ပေးပါလို့လည်း မလေးရှားလူငယ်ကွန်ရက်က တောင်းဆိုပါတယ်။

မလေးရှားနိုင်ငံထဲ ပညာဆက်လက်သင်ယူခွင့်မရှိဘူးဆိုရင် မလေးရှားရိုဟင်ဂျာမျိုးဆက်လူငယ်တွေရဲ့ အနာ ဂတ် အရေးမှာ မျှော်လင့်ချက် အနာဂတ်မဲ့ပြီး ဘဝတိုးတက်ရေးအတွက် ဘာမှကို လုပ်ပိုင်ခွင့် လုပ်နိုင်ခွင့်အခွင့် အလမ်း မရှိသလောက်နည်းပါးသွားသလို-တိုင်းပြည် နိုင်ငံပျောက်နေရတဲ့ ရိုဟင်ဂျာ မျိုးဆက်တခုလုံး အခက်အခဲအကြပ်အတည်းမျိုးစုံနဲ့ ခံစားနာကျင်နေရတဲ့အနေအထားအပေါ် မလေးရှားအစိုးရအပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စာနာနားလည်ပေးကြဖို့နဲ့ မြန်မာပြည်ဘက်ကို အတင်းအကျပ်ပြန်မပို့ဆောင်ပေးဖို့ -တရားဝင် ဒုက္ခသည်စာရင်းမဝင်သေးတဲ့ အတိဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာတွေအပါအဝင် မလေးရှားရောက်မြန်မာနိုင်ငံသားတွေကို လူ့အခွင့်အရေးနဲ့အညီ ကာကွယ်စောင့်ရှောက်ပေးဖို့ကိုလည်း မလေးရှားအစိုးရအပေါ် မလေးရှားလူငယ်ကွန်ရက် Rohingya Youth Network in Malaysia (RYNM) ဥက္ကဋ္ဌ ကိုမေယုအီစံက အထူးအလေးနက်ထားတောင်းဆို မေတ္တာရပ်ခံပါတယ်လို့ VOA Rohingya Lifeline အစီအစဉ်ကို ပြောဆိုထားပါတယ်။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */