RFA
RFA Burmese
2024.03.11
.png)
ရိုဟင်ဂျာတွေကို စစ်ယူနီဖောင်းအပြည့်အစုံဝတ်ပြီး စစ်ကောင်စီတပ်က
သေနတ်ပစ်လေ့ကျင့်ရေး သင်ကြားပေးနေတာနဲ့ ရိုဟင်ဂျာ သုံးဆယ်ခန့်
စစ်ယူနီဖောင်းတွေနဲ့ သေနတ်ကိုယ်စီကိုင်ဆောင်ပြီး စစ်ကားတစ်စီးပေါ်မှာသွား လာနေတဲ့ ရုပ်သံဗီဒီယိုဖိုင်နှစ်ခု အခုရက်ပိုင်းအတွင်း
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကနေတစ်ဆင့် ဆက်တိုက် ထွက်ပေါ်လာပါတယ်။
အလားတူ
ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကလည်း ရာနဲ့ချီရှိတဲ့ ရိုဟင်ဂျာတွေ
စစ်ယူနီဖောင်းတွေဝတ်ပြီး ထိုင်နေတဲ့ ဂိုဒေါင်လိုအဆောက်အအုံတစ်ခုထဲကို
စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီး ကျော်သူရ ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့တဲ့ ဗီဒီယိုတစ်ခု
ထွက်ပေါ်လာခဲ့ပါတယ်။
"စစ်ရှုံးလာတဲ့အခါမှာ ဒီလူတွေကို သူတို့အတွက် အသေခံတိုက်ဖို့အတွက် နည်းအမျိုးမျိုးနဲ့ခြိမ်းခြောက် စည်းရုံးပြီး ပြန်ပြီးတော့ အသုံးချနေတာ"
ဒီဗီဒီယိုမှာပါတဲ့
အကြောင်းအရာတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ရခိုင်ဒေသခံအချို့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ နေရာအတိအကျကို
အတည်မပြုနိုင်ပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်က
ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေတဲ့ ဗီဒီယိုတွေဖြစ်ကြောင်း ပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနဲ့
ကျောက်ဖြူမြို့နယ်က ရိုဟင်ဂျာ ခုနစ်ရာလောက်ကို ပြီးခဲ့တဲ့
ဖေဖော်ဝါရီလကစလို့ စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့မယ်ဆိုပြီး စစ်သင်တန်းပေးဖို့
ဖမ်းဆီးတာ၊ လူစုဆောင်းတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို
ပြောဆိုထားပါတယ်။
ကျောက်ဖြူမြို့မှာတော့ ရိုဟင်ဂျာတွေကို
စစ်သင်တန်းပေးနေရာမှာ အခုတော့ သေနတ်ပစ်လေ့ကျင့်တဲ့အဆင့်အထိ ရောက်နေပြီလို့
အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လက်ရှိအခြေအနေကတော့
သေနတ်ပစ်သင်နေတဲ့အဆင့်လို့ သိရတယ်။ သေနတ်ပစ်သံကြားရတာတော့ နှစ်ရက်၊
သုံးရက်လောက်ရှိပြီ။ သင်တန်းပေးတာက တစ်နေ့နဲ့ တစ်နေ့ နေရာတွေမတူဘူး။
တချို့ကို အမှတ် (၃၄) ရဲတပ်ရင်းမှာပေးပြီး တချို့ကိုတော့ ခလရ (၅၄၂)ထဲမှာ
ပေးတဲ့ပုံစံ တွေ့နေရတယ်”
ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က
စစ်သင်တန်းပေးနေတဲ့ ရိုဟင်ဂျာတွေဟာ ကျောက်တစ်လုံး ဒုက္ခ သည်စခန်းက
ရိုဟင်ဂျာတွေ ဖြစ်ပါတယ်။ အဲဒီစခန်းက အသက် ၁၈ နှစ်ကနေ ၃၅
နှစ်ကြားအရွယ်ရှိတဲ့ ရိုဟင်ဂျာ ၁၀၇ ဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉
ရက်နေ့က စစ်ကောင်စီတပ်သားတွေက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
စစ်သင်တန်းနှစ်ပတ်တက်ရမှာဖြစ်ပြီး သင်တန်းမတက်ချင်လို့ ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ထားတဲ့ နယ်မြေထဲကို ထွက်ပြေးသွားသူတွေရဲ့ မိသားစုဝင် လေးဆယ်ခန့်ကိုလည်း ကျောက်ဖြူမြို့မ ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်း သူတို့ကို နည်းလမ်းမျိုးစုံနဲ့ စည်းရုံးပြီး စစ်သင်တန်းပေးနေတာဟာ သူတို့အတွက် အသေခံတိုက်ဖို့ အသုံးချနေတာလို့ CDM ဗိုလ်ကြီးညီသုတက RFA ကို ပြောပါတယ်။
"စစ်ရှုံးလာတဲ့အခါမှာ ဒီလူတွေကို သူတို့အတွက် အသေခံတိုက်ဖို့အတွက် နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်စည်းရုံးပြီး ပြန်ပြီးတော့ အသုံးချနေတာ ဖြစ်တယ်။ နိုင်ငံချစ်စိတ်၊ နိုင်ငံ့အကျိုးစီးပွား ဒါတွေကိုကြည့်ပြီးတော့ လုပ် ဆောင်နေတာမျိုး မဟုတ်ဘူး။ နောက်တစ်ချက်က ရိုဟင်ဂျာတွေအပေါ်မှာလည်း လူ့အခွင့်အရေးအရ တန်ဖိုးထားလို့ တရားမျှတမှုကို တန်ဖိုးထားလို့ မဟုတ်ဘူး။ စစ်တပ်ဟာ သူတို့အကျိုးရှိမယ်ဆိုရင် တစ်ချိန်က ခါးခါးသီးသီး ငြင်းခဲ့တဲ့ သူတွေကို ပြန်သုံးတဲ့အထိကို ဖြစ်နေပြီ"
ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ သူတို့ဟာ နိုင်ငံသားမဟုတ်တဲ့အတွက် အဲဒီသတင်းတွေက မှန်ကန်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။-
.png)
ဒါပေမဲ့ အခု ရုပ်သံဗီဒီယိုတွေ ထွက်ပေါ်လာတဲ့ကိစ္စနဲ့ပတ်သက်လို့ ပြန်လည်မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင် ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။
ရိုဟင်ဂျာအရေး လှုပ်ရှားသူ ကိုနေဆန်းလွင်ကတော့ အခုလို ရိုဟင်ဂျာတွေကို အတင်းအကျပ် စစ်မှုထမ်းခိုင်းတာဟာ စစ်ရာဇဝတ်မှုကျူးလွန်မှုတစ်ခုပဲလို့ ပြောပါတယ်။
“သူတို့လက်ထဲမှာ အာဏာရှိတယ်။ ဖိအားပေးလို့ရတယ်။ ဖမ်းဆီးသွားလို့ရတယ်။ လုပ်ချင်တဲ့ပုံစံအတိုင်းသာ ဆက်လုပ်နေတာပေါ့နော်။ စစ်ကောင်စီက သူတို့ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေတယ်။ အခုလိုလုပ်နေတာကလည်း ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်းကို ဖျက်ဆီးချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် ဒါကလည်း လူမျိုးတုံးသတ်ဖြတ်မှုထဲက အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်”
ရက္ခိုင့်တပ်တော် (AA) ကလည်း စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို နည်းလမ်းပေါင်းစုံ သုံးပြီး အတင်းအဓမ္မစစ်မှုဖမ်းခိုင်းဖို့ ကြိုးစားနေတယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ထုတ်ပြန်ပြောဆိုထား ပါတယ်။
- ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးဖို့ ဖမ်းဆီးတာနဲ့ စာရင်းကောက်တာတွေ လုပ်နေ
- ဖုံညိုလိပ်ရွာ လက်နက်ကြီးကျလို့ ရိုဟင်ဂျာ ဆယ်ဦးကျော် သေဆုံးကြောင်း ရိုဟင်ဂျာတွေပြော
- ရပ်တည်ရေးအခက်အခဲကြောင့် ရိုဟင်ဂျာတွေ ပြည်ပထွက်ခွာမှုပိုများလာ
- ငတ်မွတ်မှုနဲ့ ဒုစရိုက်မှုတွေကြောင့် ဒုက္ခသည်စခန်းကနေ လွတ်မြောက်ဖို့ ရိုဟင်ဂျာတွေ ကြိုးစားနေ
- ယာယီခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဖိအားပေးဖယ်ရှားခံရ
Link : Here
No comments:
Post a Comment