" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, March 30, 2024

Myanmar Pressphoto Agency
MPA CJ009
Mar 29, 2024
ဆောင်းပါ

ရက္ခိုင်ပြည်မြောက်ပိုင်း၌ ၁၉ ရာစု အစကပင် နေထိုင်ခဲ့သည့် ရိုဟင်ဂျာဟု ခေါ်တွင်သော လူမျိုးစု တစ်စုသည် မြန်မာနိုင်ငံအတွင်း ယခင် ဆယ်စုနှစ် သုံးခုစာမျှ ၎င်းတို့ လူမျိုးစု၏ အမည်နာမအား အုပ်ချုပ်သူ အာဏာပိုင်များက အသုံးမပြုစေရန် ပိတ်ပင်တားဆီးခြင်းကို ခံနေခဲ့ရသည်။

ယခု တော်လှန်ရေး ကာလအတွင်းတွင်လည်း စစ်ကောင်စီသည် ၎င်းတို့၏ ဗျူရိုကရက် ယန္တရားအတွင်း ဘင်္ဂါလီဟုသာ ယခင် အာဏာပိုင်များ အသုံးပြုခဲ့သည့်အတိုင်း သုံးစွဲနေတုန်းပင် ဖြစ်သည်။

ထိုမျှမက ရက္ခိုင်မြောက်ပိုင်းအား စိုးမိုးထားနိုင်ပြီဖြစ်သည့် ရက္ခိုင့်တပ်တော်သည်လည်း ရိုဟင်ဂျာ လူမျိုးများအား ဘင်္ဂါလီဟုသာ သတ်မှတ်ထားဆဲဖြစ်ပြီး ရိုဟင်ဂျာဟူသည့် အသုံးအနှုန်းမျိုး သုံးစွဲခြင်း မရှိပေ။

သို့ဖြင့်ရာ လူမျိုးစု တစ်စုသည် ၎င်းတို့၏ လူမျိုးစု အမည်ကိုပင် သုံးစွဲခွင့်မရှိ၊ နိုင်ငံသား အခွင့်အရေး ဟူ၍ မရှိ၊ လူ့အခွင့်အရေးများ ဆိတ်သုဥ်းကာ ရှင်သန်နေထိုင်ရလျက် ရှိနေသည်။ 

စစ်အာဏာရှင်များ မွှေးထားသည့် လူမျိုးရေး ဘာသာရေး အစွန်းရောက်မီး

မြန်မာနိုင်ငံ၌ အစ္စလာမ်ဘာသာဝင်များအပေါ် အမြင်လွဲမှားစေရန်၊ မုန်းတီးစေရန်အတွက် ယခင် နအဖ စစ်အစိုးရခေတ်မှစတင်ကာ စစ်အာဏာရှင်များက ကြိုးကိုင်ခဲ့သည်။

၇၈၆ ဟူသည့် ပေါင်းခြင်း ၂၁ ရသည့် ကိန်းဂဏန်း တစ်ခုသည် စစ်အာဏာရှင်များ၏ လက်ကိုင်တုတ်၊ အမျိုးသားရေး အစွန်းရောက်များအတွက် ဘာသာရေး ပဋိပက္ခ ဖြစ်စေနိုင်သည့် အမုန်းစကား ဖန်တီးရာ ကိန်းဂဏန်းများ ဖြစ်လာခဲ့သည်။

အဆိုပါ အမျိုးသားရေး အစွန်းရောက်များက ၇၈၆ ဟူသည် ၂၁ ရာစု၌ တစ်ကမ္ဘာလုံးအား အစ္စလာမ် ဘာသာဝင်များအဖြစ် အတင်းအကျပ် အကြမ်းဖက် သွပ်သွင်းရန် ဟူသည့် အဓိပ္ပါယ်ရှိကြောင်း အမုန်း စကား ဖြန့်ဝေဝါဒဖြန့်ခဲ့ကြသည်။

စာပေစိစစ်ရေး တင်းကျပ်လွန်းသည့် နအဖခေတ်၌ အမျိုးပျောက်မှာ စိုးကြောက်စရာ ဟူသော အစ္စလာမ်ဘာသာကို အပုတ်ချထားသည့် စာစောင်များက လူထုအကြား အလွယ်တကူပင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့သည်။

အဆိုပါ စာစောင်များ၌ အစ္စလာမ်ဘာသာဝင် အမျိုးသားများသည် ၎င်းတို့ ဘာသာ ပြန့်ပွားရေးအတွက် ဗုဒ္ဓ ဘာ သာဝင် အမျိုးသမီးများအား ပစ်မှတ်ထားကာ အတင်းအကျပ် ပေါင်းသင်းယူလေ့ ရှိသည်ဟု ဝါဒဖြန့် အမုန်းစကားများ ပါဝင်သည်။

အစ္စလာမ်ဘာသာဝင် အမျိုးသားများနှင့် ပေါင်းဖက်မိသည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် အထွဋ်အမြတ်ထားရာ ဘာသာရေး ထုံးတမ်းအစဥ်အလာများအား အတင်းအကျပ် ချိုးဖောက်ခြင်း ခံရပြီး အစ္စလာမ်ဘာသာဝင်အဖြစ် အတင်းအကျပ် သွပ်သွင်းခံရကြောင်းလည်း ရေးသားကြသည်။

ထိုသို့ အမုန်းစကားများသည် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ ကိုးကွယ်သူ လူများစုအကြား စိမ့်ဝင်ပျံ့နှံ့နေခဲ့ပြီး လူမျိုးရေး ဘာသာရေး ခွဲခြားဆက်ဆံမှုများ အမြစ်တွယ်နေခဲ့ရသည်။

အဆိုပါ အမုန်းစကားများကို ယုံကြည်မိသည့် ဗုဒ္ဓဘာသာ ရဟန်းတော်များသည်လည်း ၎င်းတို့ ဟောပြောသည့် တရားပွဲများ၌ အစ္စလာမ်ဘာသာဝင်များအပေါ် မုန်းတီးမှုများ ဖြစ်စေသည့် အသုံးအနှုန်းများကို သုံး၍ ဟောပြောမှုများ ဖြစ်လာခဲ့သည်။

မြန်မာ့ လူ့အဖွဲ့အစည်းတွင် ဗုဒ္ဓဘာသာဝင် ရဟန်းတော်များသည် ဘုရားနှင့် တစ်ဂိုဏ်းတည်း သတ်မှတ်ကာ ကိုးကွယ်ခြင်းကို ခံရသည့်သူများဖြစ်သည်။

၎င်းတို့၏ နှုတ်ထွက် စကားတစ်ခွန်းသည် ယုံကြည်ကိုးကွယ်သူ ဒါယိကာ ဒါယိကာမများအတွက် မလွန်ဆန်သင့်သည့် စကားများအဖြစ် ယူဆသတ်မှတ်လေ့ ရှိသည်။

ရေမြေ့ရှင် ရှင်ဘုရင်ကပင် ဦးညွှတ် ကန်တော့ရသူများ ဖြစ်သဖြင့် မြန်မာ့ လူ့အဖွဲ့အစည်း၌ ရဟန်းတော်များ၏ အခန်းကဏ္ဍသည် ကြီးမားသည်။

ထို့ကြောင့် လူထုအား လွှမ်းမိုးနိုင်စွမ်းရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဟူသည့် လောကီရေးရာတွင် မကျွမ်း ကျင်သော ရဟန်းတော်များသည် စစ်အာဏာရှင်များအတွက် ဘာသာရေး အစွန်းရောက် ပဋိပက္ခမီးများ မွှေးရန် လောင်စာများအဖြစ် အသုံးချခံနေခဲ့ရသည်။

နာမည်ကျော် စာရေးဆရာ တစ်ဦးက အစ္စလာမ်ဘာသာ မုန်းတီးရေး အကြောင်း စာအုပ်ထုတ်လျှင်ပင် မြန်မာမှ ဗုဒ္ဓဘာသာ၀င်များ အပြည့်အဝ ယုံကြည်ရန် ခက်ကောင်း ခက်နိုင်သော်လည်း၊ သာမန် ရဟန်းတစ်ပါး၏ အစ္စလာမ်ဘာသာ မုန်းတီးရေး အသုံးအနှုန်းများသုံးကာ ဟောပြောသည့် တရား တစ်ပုဒ်ကိုမူ လွယ်လင့်တကူပင် ယုံကြည်တတ်ကြ၏။

ဤသည်မှာ ” မုသာဝါဒ ဝေရာမဏိ သိက္ခာပဒံ သမာဓိရာမိ” ဟူသည့် လိမ်လည်မပြောခြင်း သီလ အပါအဝင် ခြိုးခြံချွေတာခြင်း လမ်းစဥ်များဖြင့် ပြည့်နှက်နေသည့် ဗုဒ္ဓ ချမှတ်ခဲ့သည့် မဖြစ်မနေ ရဟန်းသံဃာများ လိုက်နာ စောင့်ဆည်းရမည့် ရာနှင့်ချီသည့် သိက္ခာပုဒ်များကြောင့် ဖြစ်သည်။

မဇ္ဇျိမပဋိပဒါ အလယ်အလတ်လမ်းစဥ်ဖြင့် အဆုံးမဲ့ မေတ္တာတရားကို လက်ကိုင်ထားကြရန် ဆုံးမဟောပြောခဲ့သူ ဗုဒ္ဓသည် လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်စေသည့် စကားများအား မည်သည့်အခါကမျှ ဟောပြောခဲ့ခြင်း မရှိသကဲ့သို့ ၎င်း၏ တပည့် ရဟန်းများအားလည်း အစွန်းရောက် ဟောပြောမှုများ ပြုလုပ်ရန် မည်သည့်အခါမျှ ညွှန်ကြားခဲ့ခြင်း မရှိပေ။

သို့သော် စစ်အာဏာရှင်များ၏ ဝါဒဖြန့်မှိုင်း မိခဲ့သည့် ရဟန်းတော်များက ဗုဒ္ဓ သာသနာ ပျက်သုဥ်းမည်ကို စိုးရိမ်စိတ်ဖြင့် အခြား ဘာသာတစ်ခုအား အပြစ်တင် အပုတ်ချသည့် ဟောပြောမှုများကို ပြုလုပ်မိခဲ့ကြတော့သည်။

ဤ အခြေအနေများအား တားဆီးခြင်းများကို စစ်အစိုးရက လုပ်ဆောင်နိုင်စွမ်း ရှိသော်လည်း၊ ၎င်းတို့က လက် နက်သဖွယ် အသုံးချရန်သာ ကြံစည်ခဲ့ကြခြင်း ဖြစ်သည်။

ခွဲခြားဆက်ဆံမှုများ မရှိစေရန် ရည်ရွယ်သည့် ၁၉၉၄ ခုနှစ်က ထုတ်ပြန်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ် (ICCPR) ၏ အပိုဒ် ၁၈ ၌ ယခုကဲ့သို့ ဖော်ပြချက် တစ်ခုပါဝင်သည်။

” မည်သူ တစ်ဦး တစ်ယောက်ကိုမျှ မိမိ ရွေးချယ်လိုသော ဘာသာ သို့တည်းမဟုတ် ယုံကြည်မှုမှ ပျက်စီးစေရန် တိုက်တွန်းခြင်း မပြုနိုင်” ဟု ဖြစ်သည်။

ထို့အပြင် အပိုဒ် ၂၀ ၌ ” ကွဲပြားခြားနားခြင်း၊ ရန်ငြိုးထားမှု သို့တည်းမဟုတ် အကြမ်းဖက်မှုတို့ကို လှုံ့ဆော်စေသည့် အမျိုးသားရေး သို့မဟုတ် ဘာသာရေး ဆိုင်ရာ မုန်းတီးမှုများအား ဟောပြော ထောက်ခံသည့် မည်သည့် လုပ်ဆောင်ချက်ကို မဆို ဥပဒေက တားမြစ်သည်” ဟုလည်း ဖော်ပြထားသည်။

သို့သော် စစ်အစိုးရ အဆက်ဆက်သည် အဆိုပါ ICCPR စာချုပ်အား လက်မှတ်ရေးထိုးထားခြင်း မရှိသကဲ့သို့ ယ ခင် NLD အစိုးရလက်ထက်တွင်လည်း ICCPR စာချုပ်အား လက်မှတ်ထိုးရန်အတွက် ပြည်ထောင်စု လွှတ်တော် က ခွင့်ပြုခဲ့ခြင်း မရှိခဲ့ပေ။

အစ္စလာမ်ဘာသာဝင်များ အပေါ် ပစ်မှတ်ထားသည့် အမုန်းစကား ဖြန့်ဝေမှုများက ဗုဒ္ဓဘာသာဝင်များ အကြား ထဲထဲဝင်ဝင်ကိုပင် ပြန့်နှံ့ စိမ့်ဝင်ခဲ့သည်။

စာသင်ကျောင်းများ၌ အစ္စလာမ်ဘာသာဝင် ကျောင်းသားများသည် အခြား ကျောင်းသားများ၏ ခွဲခြားဆက်ဆံခြင်း အကြောင်းအရာများ ပါဝင်သော စကားလုံး အသုံးအနှုန်းများ၊ ပြုမူ ဆက်ဆံခြင်း များကို ခံခဲ့ရသည်။

မိဘများကလည်း အစ္စလာမ်ဘာသာဝင် ကလေးများနှင့် မိမိတို့၏ ရင်သွေးများကို ပေါင်းသင်းဆက်ဆံ ခြင်းမပြုရန် တားမြစ်ခြင်းများလည်း ရှိခဲ့သည်။

ထို့အပြင် မြန်မာပြည်မ၌ ဗုဒ္ဓဘာသာဝင်များအတွက် ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို လွတ်လပ်စွာ တည်ဆောက်ခွင့် ရှိခဲ့သော်လည်း၊ အစ္စလာမ်ဘာသာဝင်များအတွက်မူ ၎င်းတို့၏ ဘာသာရေးဆိုင်ရာ အဆောက် အအုံများ တိုးချဲ့ ဆောက်လုပ်ရန် အခွင့်အလမ်းများ မရှိသလောက် နည်းပါးခဲ့ရသည်။

ဝတ်ပြုကိုးကွယ်ခြင်းပြုရန် ဗလီ တည်ဆောက်ခြင်းမျိုးသည်ပင် ဗုဒ္ဓဘာသာဝင်များ၏ အမြင်၌ အစ္စလာမ်ဘာသာဝင်များက ၎င်းတို့၏ ဘာသာကို အတင်းအဓမ္မ ကိုးကွယ်စေရန် ပြုလုပ် လာခြင်းမျိုးဟု ရှုမြင်ခဲ့ကြသည်။

ယင်းမှာ စစ်အာဏာရှင်များက ဗုဒ္ဓဘာသာကို စောင့်ရှောက်နေသည်ဟူသည့် အတွေးအခေါ်များ အမြစ်တွယ်စေရန် အမုန်းစကားဖြင့် ဝါဒဖြန့်ခဲ့မှုများ၏ အကျိုးဆက်များ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ အကျိုးဆက်များက နောင်တစ်ချိန်၌ စစ်တပ်၏ လူမျိုးတုန်း သတ်ဖြတ်မှုများကြောင့် ခိုကိုးရာမဲ့နေခဲ့သည့် ရိုဟင်ဂျာ လူမျိုးများအပေါ် မြန်မာပြည်သူများ၏ အုံလိုက်ကျင်းလိုက် အမုန်းစကားပြော တိုက်ခိုက်မှုများ ဖြစ်လာစေရန် အကြောင်းအရင်းများအဖြစ် တည်ရှိနေခဲ့သည်။
၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခ ဖြစ်စဥ်နှင့် အရပ်၀တ်လဲ စစ်အစိုးရ ဖြန့်သည့် အမုန်းစကားများ

၂၀၁၂ ခုနှစ်၊ မေ ၂၈ ရက်၌ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ အုပ်စု၊ သပြေချောင်း ကျေးရွာမှ ရခိုင်အမျိုးသမီး မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

မသီတာထွေး ဖြစ်စဥ်အား ထိုအချိန်က အရပ်၀တ်လဲ စစ်အစိုးရက နိုင်ငံပိုင်သတင်းစာများ၌ ရခိုင် အမျိုးသမီးအား မွတ်စလင်မ် အမျိုးသားများက မုဒိမ်းကျင့် သတ်ဖြတ်ကြောင်း၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်စေနိုင်သည့် အသုံးအနှုန်းများဖြင့် လူထုအား အသိပေးခဲ့လိုက်သည်။

ထိုအချိန်သည် ပုဂ္ဂလိက သတင်းစာများပင် ထုတ်ဝေခွင့် မရသေးသည့် ကာလ၊ ၂၀၀၈ ခြေဥအောက်မှ ရွှေရည်စိမ် ဒီမိုကရေစီ အခွင့်အရေးများလည်း အနည်းငယ်မျှသာ ရသေးသည့် မြန်မာပြည်မမှ ဗုဒ္ဓဘာသာဝင်များအတွက် နအဖ စစ်အစိုးရ ဖြန့်ခဲ့သည့် မွတ်စလင်မ် မုန်းတီးရေး အမုန်းစကားများ အမြစ်တွယ်နေဆဲ အချိန်လည်း ဖြစ်သည်။

မသီတာထွေး ဖြစ်စဥ်အား နိုင်ငံပိုင် သတင်းစာမှ တဆင့် အရပ်၀တ်လဲ စစ်အစိုးရ ဖြန့်ဝေခဲ့သော လူမျိုးရေး၊ ဘာ သာရေး ပဋိပက္ခ ဖြစ်စေသည့် အသုံးအနှုန်းများပါသည့် သတင်းက ပြည်မမှ ဗုဒ္ဓဘာသာဝင်များအတွက် ဖြစ်စဥ်နှင့် မသက်ဆိုင်သည့် အစ္စလာမ်ဘာသာ ကိုးကွယ်သူများအပေါ် အကြောင်းမဲ့ မုန်းတီးစိတ်များ ဖြစ်ပေါ်စေရန် ဖြစ်လာခဲ့သည်။

အင်တာနက် လွတ်လပ်ခွင့်အချို့ ရလာချိန်ဖြစ်ပြီး Facebook ( ယခု Meta) အား လူငယ်အများအပြား တွင်တွင် ကျယ်ကျယ်စတင် အသုံးပြုကြသည့် အချိန်လည်း ဖြစ်နေခဲ့သည်။ အကျိုးဆက် အနေဖြင့် Facebook ပေါ်၌ မွတ်စလင်မ် မုန်းတီးရေး အမုန်းစကားများအား ကြောက်ခမန်း လိလိ မြင်တွေ့လာ ခဲ့ရတော့သည်။

အဆိုပါ အမုန်းစကားများသည် နိုင်ငံပိုင် သတင်းစာများမှ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခဲ့သည့် မသီတာထွေး ဖြစ်စဥ်အကြောင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်စေနိုင်သည့် သတင်းဖော်ပြမှု ပုံစံအား အရင်းတည်ကာ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ စစ်အာဏာရှင်ဆောင်ရွက်ခဲ့ခြင်းသည် အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာလူမျိုးများက မိမိတို့၏ တိုင်း ရင်းသား ရခိုင် အမျိုးသမီးအား အဓမ္မ ပြုကျင့်သည်ဟူသည့် အမြင်မျိုးဖြင့် ရှုမြင်လာစေရန် ရည်ရွယ်ချက် ရှိရှိ ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

လူသားမျိုးနွယ်သည် အကောင်း၊ အဆိုး၊ အကျိုးအပြစ်များ အစဥ် ဒွန်တွဲနေပြီး လူတစ်ယောက် မကောင်း၍ လူအားလုံး မကောင်းဟု သတ်မှတ်၍ မရသည့် တစ်ခုတည်းသော သက်ရှိ မျိုးစိပ်ဖြစ်သည်။

သို့သော် စစ်အာဏာရှင်များက ဗုဒ္ဓဘာသာ၀င်များက အစ္စလာမ်ဘာသာဝင်များအပေါ် မုန်းတီးမှုများ ဖြစ်စေရန်၊ နှစ်ပေါင်းများစွာ အမုန်းစကားများ ဖြန့်ဝေထားခဲ့ခြင်းကြောင့် မသီတာထွေး ဖြစ်စဥ်၏ သတင်းဖော်ပြမှုက ရခိုင် ပြည်နယ်မှ မြန်မာပြည်မအထိ ကူးစက်ပြန့်နှံ့ သွားတော့မည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်စဥ်များဆီသို့ ဦးတည် သွားစေခဲ့တော့သည်။

စစ်ယူနီဖောင်းချွတ် အစိုးရသည် ထိုမျှနှင့်ပင် မရပ်တန့်ခဲ့သေးပေ။ မသီတာထွေး ဖြစ်စဥ် ဖြစ်ခဲ့ပြီး လူထုအကြား အမုန်းတရားများ မြင့်တက်နေချိန်၌ ထပ်မံ၍ ပဋိပက္ခ ဖြစ်စေမည့် အသုံးအနှုန်းများကို သုံးကာ အမုန်းတရားပိုကြီး လာစေခဲ့သည့် သတင်းဖော်ပြမှု တစ်ခုကို ထပ်မံပြုလုပ်ခဲ့သည်။

၂၀၁၂ ခုနှစ်၊ ဇွန် ၅ ရက်တွင် သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသည့် ရိုးမသစ္စာ ခရီးသည်တင်ယာဥ်၌ လိုက်ပါဘာသည့် အစ္စလာမ်ဘာသာဝင် ဆယ်ဦး အသတ်ခံရသည့် ဖြစ်စဥ် ဖြစ်လာခဲ့သည်။

မသီတာထွေး ဖြစ်စဥ်ကြောင့် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာ၀င်များအကြား အမုန်းတရား ရေချိန်အား အမြင့်ဆုံးထိ ဆွဲတင်ပစ်မည့် သတင်းဖော်ပြမှုကို တောင်ကုတ် ဖြစ်စဥ်တွင် ပြုလုပ်ခဲ့သည်။

” မွတ်စလင်မ် ကုလား” ဟူသည့် အသုံးအနှုန်းကို သုံးခဲ့ခြင်းဖြစ်ပြီး မသီတာထွေး ဖြစ်စဥ် သတင်းဖော်ပြမှုကြောင့် ဖြစ်နေခဲ့သည့် အမုန်းတရားများကြောင့် ထိုအချိန်က ဗုဒ္ဓဘာသာဝင် အများအပြား သည် အဆိုပါ ဖြစ်စဥ်အား လူဆယ်ဦး အစုလိုက်၊ အပြုံလိုက် အသတ်ခံရသည့် ရှုတ်ချရမည့် စက်ဆုပ် ဖွယ် ဖြစ်ရပ်အဖြစ် ရှုမြင်နိုင်ခြင်း မရှိတော့ပေ။

မိမိတို့ တိုင်းရင်းသားကို ထိ၍ တန်ပြန်ခံရသည် ဟူသည့် လူသားဆန်မှု စည်းမျဥ်းကို ကျော်လွန် သွားသော ကလဲ့စား အမုန်းစိတ်များဖြင့် ရှုမြင်ကာ၊ အကြောင်းမဲ့ အသတ်ခံခဲ့ရသည့် လူဆယ်ဦး သေဆုံးမှုအား ဝမ်းမြောက်ကြောင်း ပြောဆို ခံစားမှုများ ဖြစ်လာခဲ့သည်။

ထိုသို့ စစ်ယူနီဖောင်းလဲ အစိုးရ၏ အမုန်းစကား ဖြန့်နေမှုများအား နိုင်ငံရေးနှင့် လူ့အခွင့်အရေး အသိုင်းအဝိုင်းက ဝိုင်းဝန်း ကန့်ကွက်လာကြချိန်မှသာ ” ပြည်တွင်းနေ အစ္စလာမ်ဘာသာ ကိုးကွယ်သူများ” အဖြစ် အမှားပြင်ဆင်ချက် ပြုလုပ်ပေးခဲ့သည်။

သို့သော် ပဋိပက္ခ မီးက ပြင်းပြင်းထန်ထန် တောက်လောင်ရန် အရှိန်ရသွားခဲ့ပြီ ဖြစ်သည်။မသီတာထွေး ဖြစ်စဥ် ဖြစ်ခဲ့သည့် ၂၀၁၂ ခုနှစ် မေ ၂၈ ရက် နောက်ပိုင်း ရခိုင်ပြည်ရှိ ဘူးသီးတောင်၊ မောင်တော၊ တောင်ကုတ်၊ စစ်တွေ စသည့် မြို့များ၌ အစ္စလာမ်ဘာသာ၀င် ရိုဟင်ဂျာလူမျိုးများနှင့် ရခိုင်အပါအဝင် ဌာနေ တိုင်းရင်းသားများအကြား တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် အကြမ်းဖက်မှု ဖြစ်စဥ်များ ဖြစ်လာခဲ့သည်။

ဇွန်လကုန်ပိုင်းတွင် ရခိုင်ပြည်နယ်မှ ပဋိပက္ခများအကြား ဒုက္ခတွေ့နေရသူပေါင်း ကိုးသောင်း၀န်းကျင်ထိ ရှိခဲ့ပြီး ကျေးရွာအများအပြား၊ ဘာသာရေး အဆောက်အအုံများ အပါအဝင် အဆောက်အအုံ ထောင်ချီ မီးရှို့ဖျက်ဆီးမှုများကြောင့် ပျက်းစီးကုန်သည်။

နှစ်ဘက် ပဋိပက္ခ ဖြစ်စဥ်များအကြား ရာနှင့်ချီ၍ သတ်ဖြတ်ခံခဲ့ရသည်။

အဆိုပါ ပဋိပက္ခများသည် ရခိုင်ပြည်၌ ငါးလခန့် ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာများ အကြားရှိ လွတ်လပ်ရေး မရမီကပင် ရှိခဲ့သည့် အမုန်းတရားများကို ပို၍ လောင်စာ ထပ်ဖြည့်လိုက်သကဲ့သို့ ဖြစ်လာခဲ့သည်။

ထို့အတူ အဆိုပါ ပဋိပက္ခဖြစ်စဥ် သတင်းများ၏ ပြန့်နှံ့မှုသည် အမုန်းစကားများဖြင့် တစ်နိုင်ငံလုံးသို့ ပြန့်ခဲ့ပြီး ဖြစ်ရာ မန္တလေး၊ မိတ္ထီလာ၊ ဥက္ကံ၊ လားရှိုးတို့ အပါအဝင် မြို့နယ်အချို့၌ ၂၀၁၄ ခုနှစ်ထိ ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာ၀င်များအကြား အဓိကရုဏ်း ပဋိပက္ခများ ဆက်၍ ဖြစ်လာခဲ့သည်။

အစ္စလာမ်ဘာသာဝင်များကို မုန်းတီးရေး အမုန်းစကားများအား ရည်ရွယ်ချက် ရှိရှိ ဖြန့်ခဲ့သည့် အရပ်ဝတ်လဲ အစိုးရသည် ၎င်းတို့၏ စနက်ကြောင့် ဖြစ်လာခဲ့သည့် ပဋိပက္ခ ဖြစ်စဥ်များ နှစ်ချီ ဖြစ်လာချိန်တွင် နောက်ကွယ်မှ ထိုသို့ ဖြစ်လာစေရန် ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်သူများ ရှိသည်ဟု ထုတ်ပြောလာခဲ့သည်။

သို့သော် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင် အဆိုပါ အခြေအနေများ ကို ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်းကိုမူ မည်သည့်အခါမျှ ဝန်ခံခဲ့ခြင်း မရှိခဲ့ပေ။
ရခိုင် ပဋိပက္ခကို အရင်းတည်၍ ဖြစ်လာခဲ့သည့် ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်ခံရမှု

၂၀၁၂ ခုနှစ်၊ ရခိုင်အရေးအခင်းအပြီးတွင် ရခိုင်ပြည်ရှိ ရိုဟင်ဂျာများအနက်မှ လက်နက်ကိုင် အချို့သည် ၂၀၁၆ ခုနှစ် အောက်တိုဘာတွင် မောင်းတော မြို့နယ်ရှိ နယ်ခြားစောင့် စခန်းများ၊ ရဲစခန်းများအား တိုက်ခိုက်ခဲ့ရာ မြန်မာစစ်တပ်က အဆိုပါ လက်နက်ကိုင်များအား ဝင်ရောက်ချေမှုန်းပစ်ရန် ဖြစ်လာခဲ့သည်။

ထိုသို့ ချေမှုန်းရာတွင် လက်နက်ကိုင်များကိုသာမက ပဋိပက္ခဖြစ်ရာ ဒေသများမှ ရိုဟင်ဂျာများကိုပါ ပစ်မှတ်ထား၍ သတ်ဖြတ်မှုများ၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများကိုလည်း ပြုလုပ်ခဲ့သည်။

စစ်တပ်၏ ဖိနှိပ်၊ ရက်စက်မှုဒဏ်ကို မခံနိုင်၍ ရိုဟင်ဂျာများ တစ်ဘက်နိုင်ငံသို့ ထွက်ပြေးရာမှ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းကြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့၌ ထွက်ပေါ်လာခဲ့တော့သည်။

ထိုအချိန်တွင် NLD အစိုးရ တက်လာပြီဖြစ်ပြီး ရွှေရည်စိမ် ဒီမိုကရေစီ လွတ်လပ်ခွင့်များအား မြန်မာပြည်၌ ပိုမို ခံစားနေရချိန် ဖြစ်သည်။

ထို့ကြောင့် စစ်တပ်၏ ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ဖိနှိပ် ရက်စက်မှုများအား ဖုန်းဖိထား၍ မရတော့ဘဲ လွတ်လပ်သော စာနယ်ဇင်းအချို့၏ စုံစမ်းဖော်ထုတ် သတင်းတင်ဆက်မှုများက ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

NLD အစိုးရသည် ရိုဟင်ဂျာများအပေါ် စစ်တပ်၏ ဖိနှိပ်ရက်စက်နေမှုများအား အပြစ်တင် ရှုတ်ချခဲ့ခြင်း မရှိခဲ့သည့် အပြင် ရိုဟင်ဂျာများအား စစ်တပ်၏ ရက်စက်စွာ သတ်ဖြတ်မှုများအကြောင်း စုံစမ်း ဖော်ထုတ် တင်ပြသည့် ဂျာနယ်လစ်နှစ်ဦးအား နိုင်ငံတော် လျှို့၀ှက်ချက် ဥပဒေဖြင့် ဖမ်းဆီးထောင်ချ ခြင်းမျိုးပင် ပြုလုပ်ခဲ့သည်။

နောက်ဆုံးတွင် ၂၀၁၇ ခုနှစ် သြဂုတ်၌ စစ်တပ်က အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် ( ARSA) ကို နယ်မြေရှင်းလင်း တိုက်ခိုက်မှုများ ပြုလုပ်ရာတွင် အခြားသော လက်နက်ကိုင် မဟုတ်သည့် ရိုဟင်ဂျာများပါ တစ်ဘက်နိုင်ငံသို့ ထွက်ပြေးရသည်အထိ ဖြစ်ခဲ့ပြီး ယင်းလ တစ်လတည်းတွင်ပင် ရိုဟင်ဂျာ ၇ သိန်းကျော် ထွက်ပြေးသွားခဲ့ရသည်။

အဆိုပါ ဖြစ်စဥ်များ ကမ္ဘာသိ ဖြစ်လာခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်၊ နို၀င်ဘာတွင် မြန်မာနိုင်ငံအား ဂမ်ဘီယာ နိုင်ငံက တရားလိုပြုလုပ်ကာ နိုင်ငံတကာ တရားရုံး (ICJ) ၌ ရိုဟင်ဂျာများအား လူမျိုးတုန်း သတ်ဖြတ်မှုဖြင့် တရားစွဲဆိုခဲ့တော့သည်။
ရိုဟင်ဂျာများ အပေါ် အမုန်းစကားများ

၂၀၁၂ ရခိုင် ပဋိပက္ခဖြစ်စဥ်အပြီးတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာများအပေါ် မြန်မာပြည်သူများ၏ အမုန်းတရားများက ပို၍ များလာခဲ့ရပြီး ထိုသို့ ဖြစ်စေရန်လည်း စစ်အာဏာရှင်များက စီစဥ်အကွက်ချခဲ့ခြင်း ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။

၂၀၁၆ ခုနှစ်၌ ARSA ၏ အချို့လုပ်ရပ်များကြောင့် အဆိုပါ အမုန်းတရားများက ပို၍ ဆိုးသွားစေခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ်၌ တစ်လအတွင်း လူခုနှစ်သိန်း ထွက်ပြေးခဲ့ရသည်ထိ မြန်မာစစ်တပ်က လူ့အခွင့် အရေး ချိုးဖောက်ကာ လူလူချင်း ဖိနှိပ်ရက်စက်နေခဲ့ချိန်တွင် အဆိုပါ အမုန်းတရားများကြောင့် ရိုဟင်ဂျာများအပေါ် မြန်မာပြည်သူများ စာနာစိတ်ထားရန် ပျက်ကွက်ခဲ့ကြသည်။

ထိုအချိန်က Facebook ပေါ်၌ မြန်မာစစ်တပ်၏ စစ်ဆင်ရေးများအပေါ် မြန်မာပြည်သူ အများအပြား ထောက်ခံခဲ့ကြပြီး အနည်းစုကသာ ပြစ်တင် ရှုတ်ချခဲ့ကြသည်။

ထိုသို့ ဖြစ်ရခြင်းမှာ မြန်မာပြည်သူများအတွက် ၎င်းတို့ မဲပေးရွေးချယ်ထားပြီး ကာလရှည် ဒီမိုကရေစီ မျှော်လင့်ချက်အဖြစ် အထူးယုံကြည်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရလက်ထက်၌ ဖြစ်နေခဲ့ခြင်း ကလည်း အဓိကနေရာမှ ပါဝင်ခဲ့သည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ANI သတင်းဌာနတို့ သီးသန့်အင်တာဗျူးတစ်ခုတွင် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများကို ရခိုင်လူထုက ဘင်္ဂါလီဟုသာ သုံးနှုန်းပြီး အခြားအမည်နာမကို မခေါ်ဆိုချင်ကြောင်း၊ ထို့ကြောင့် စိတ်ခံစားချက်တွေပါမည့် အမည်ကို သုံးနှုန်းမည့်အစား မူဆလင်လို့ သုံးပါက မည်သူမှ ငြင်းနိုင်သည့် ကိစ္စမဟုတ်သောကြောင့် ပိုမိုကောင်းမွန်နိုင်သည်ဟု ပြောကြားခဲ့ဖူးသည်။

မြန်မာပြည်သူ အများအပြားသည် ရိုဟင်ဂျာများအား တစ်ဘက်နိုင်ငံမှ ခိုး၀င်လာသူများအဖြစ် ရှုမြင်ခဲ့ပြီး စစ်တပ်၏ စစ်ဆင်ရေးကြောင့် သိန်းချီ ထွက်ပြေးရခြင်းအား လူသားချင်း စာနာထောက်ထားသည့် ဘက်မှ မမြင်နိုင်ခဲ့ကြပေ။

မြန်မာစစ်တပ်က စစ်ဆင်ရေးအတွင်း ကလေးသူငယ်များပါမကျန် သတ်ဖြတ်ခြင်း၊ ရိုဟင်ဂျာ အမျိုးသမီးများအား မုဒိမ်းကျင့်ခြင်း စသည့် ခွင့်လွှတ်၍ မရသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။

ထိုသို့ ကျူးလွန်ခဲ့ကြောင်းအား ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာများက ဖွင့်ဟခဲ့ခြင်း ဖြစ်ပြီး မြန်မာပြည်သူများ အမြင်၌ ရိုဟင်ဂျာများ လိမ်လည်ပြောဆိုနေသည့် သဖွယ်လည်း စစ်တပ်နှင့် အစိုးရဝါဒဖြန့် အကောင့်တုများက ဆက်တိုက် အမုန်းစကားဖြန့် တင်ရှိခဲ့ကြသည်။

ထိုအခါ မြန်မာပြည်သူများ အကြားတွင် ရိုဟင်ဂျာဟူသည့် စကားလုံးသည်ပင် အမုန်းတရားများ ဖြစ်စေသည့် အမုန်းစကား အဖြစ် ရှုမြင်မှုများ ဖြစ်လာခဲ့ရသည်။

အဆိုပါ အခြေအနေအား Facebook ပေါ်မှ ကဗျာ ဆန်ဆန် ရေးထားသည့် ပို့စ်တစ်ခုကို ကြည့်၍ ပင်သုံးသပ် ဆုံးဖြတ်နိုင်သည်။

အဆိုပါ ပို့စ်ပါ စာသားများမှာ
” နင်က ငါ့ဘဝရဲ့ ရိုဟင်ဂျာ
ငါ့ ရင်ခွင်ကို ကျူးကျော်တယ်
ငါ့ နှလုံးသားကို မီးရှို့တယ်
ငါ့ ခံစားချက်တွေကို ဟာလာလုပ်တယ်
ငါ့ သမိုင်းကို လိမ်တယ်
ငါ့ အမှားတွေပဲလို့ နင်စွတ်စွဲတယ်
နင့်ကြောင့် ငါ အခု facebook မှာ ဒုက္ခသည် ဖြစ်နေပြီ” ဟူ၍ ဖြစ်သည်။

စစ်တပ်နှင့် အစိုးရလော်ဘီများ၏ ဝါဒဖြန့်မှုများအပြင် သမိုင်းကြောင်း နားလည်သိကျွမ်းသူများ၊ လူသိ ထင်ရှားသူများ၊ နိုင်ငံရေး ဂုဏ်သိက္ခာ မြင့်သည်ဟု သတ်မှတ်ခြင်း ခံရသူများကလည်း အမုန်းစကား မဖြန့်ခဲ့သည်တိုင် ရိုဟင်ဂျာများကို ရိုဟင်ဂျာဟု လက်မခံကြောင်း ထုတ်ဖော်ပြောဆိုမှုများကလည်း မြန်မာပြည်သူများ၏ ရိုဟင်ဂျာများအပေါ် တိုင်းတစ်ပါးမှ ဘာသာခြား ကျူးကျော်ဝင်ရောက်သူများ အဖြစ် ရှုမြင်နေမှုအပေါ် ထပ်လောင်း အတည်ပြုပေးခဲ့သလို ဖြစ်ခဲ့သည်။

ICJ သို့ နိုင်ငံကို ကိုယ်စားပြုပြီး ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်ရန် ထွက်ချိန်ကာလသည် ရိုဟင်ဂျာများအပေါ် အမုန်းစကားများ ပြောဆို ဖြန့်ဝေမှု အမြင့်ဆုံး အချိန်ကာလဟု ဆို၍ ရသည်။

We Stand with Aung San Su Kyi စာသားများဖြင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ထောက်ခံကြောင်း တစ်ခဲနက် ပြသမှုများက လူမျိုးတုန်းသတ်ဖြတ်မှုများ ကြုံနေရသည့် ရိုဟင်ဂျာများအတွက် အမုန်းစကားများ ဖြစ်နေခဲ့သည်။

ထိုသို့ ထောက်ခံကြသူများထဲတွင် NLD ပါတီကို ထောက်ခံသည့် လူသိများထင်ရှားသူများလည်း အများအပြားပါဝင်ပြီး နိုင်ငံရေး ခေါင်းဆောင်ပိုင်းမှ လူများလည်း ပါ၀င်နေခဲ့သည်။

ယခု လက်ရှိတွင်လည်း တော်လှန်ရေး၌ ထဲထဲဝင်ဝင် ပါဝင်နေပြီး ပြည်ပ၌ တိမ်းရှောင် နေထိုင်ရသူ လူသိများ ထင်ရှားသည့် အမျိုးသမီးတစ်ဦးက ထိုကာလတွင် ယခုကဲ့သို့ ရေးသားခဲ့သည်။

“ ကိုယ်တွေ နယ်သာလန်မှာ မျက်မြင်ကိုယ်တွေ့ဘဲ၊ ICJ ရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို လူသတ်ကောင်လို ဆက်ဆံကြတဲ့ ဒေါ်လာစားလောက်ကောင်တွေ။ (အဲ့ဒီလိုရေးလို့ နာရင် လဲသေနော်… သောက်ဂရုမစိုက်ဘူး) ပြည်တွင်းက ဟာတွေကလည်း နိုင်ငံအတွက် Ro Issue မှာ ဒီလိုရပ်တည် ခဲ့တဲ့သူတွေကိုတောင် ကယ်လားအားပေးဘာညာ အခုထိ လျှာအရိုးမရှိ စွပ်စွဲနေကြတုန်း” ဟု ရိုဟင်ဂျာ လူမျိုးတုန်း သတ်ခံရမှုနှင့် ပတ်သတ်ပြီး ရိုဟင်ဂျာများဘက်မှ ရပ်တည်ပေးသူများအား ရည်ရွယ်သည့် အမုန်းစကားများ ရေးသား ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ဥရောပ လူ့အခွင့်အရေး တရားရုံးက အမုန်းစကားနှင့် ပတ်သတ်ပြီး ” လူနည်းစုများ ၊ ရွှေ့ပြောင်း နေထိုင်သူများနှင့် ရွှေ့ပြောင်း နေထိုင်သူများမှ ဆင်းသက်လာသူများကို ဦးတည်၍ ရန်လိုသော အမျိုးသားရေးဝါဒနှင့် လူမျိုးရေးဝါဒ သဘောထားမကြီးမှုများ၊ ခွဲခြားဆက်ဆံမှုများနှင့် ကြမ်းတမ်း ခက်ထန်မှုများ အပါအဝင် လူမျိုးရေးအခြေပြု မုန်းတီးမှုများ၊ နိုင်ငံခြားသား ကြောက်ရွံ့စိတ်၊ ဂျူးလူမျိုးဆန့်ကျင်ရေး ဝါဒ သို့မဟုတ် အခြားသော မုန်းတီးမှု အခြေခံ သဘောထား မကြီးမှုများကို ပြောဆိုခြင်း၊ ဖြန့်ချိခြင်း၊ ပျံ့နှံ့စေခြင်း သို့မဟုတ် ယင်းသို့ ပြုလုပ်ခြင်းက မှန်ကန်သည်ဟူသည် သင့်လျော်သည် ဆိုသည့် တိမ်းစောင်းပြောဆိုမှု၊ ထုတ်ဖော်ပြောဆိုမှု၊ ရေးသားမှု အားလုံးပါ၀င်သည်ဟု အဓိပ္ပါယ် ဖွင့်ဆိုထားသည်။

ထို့ပြင် ဗိုလ်ချုပ်နေဝင်း လက်ထက်မှစ၍ NLD အပါအဝင် ယခင် အစိုးရများက ရိုဟင်ဂျာ ဆိုသည့် အသုံးအနှုန်းအား အသိအမှတ်ပြုခြင်း မရှိဘဲ၊ ဘင်္ဂါလီဟုသာ နိုင်ငံအတွင်း အသုံးပြုရန် သတ်မှတ်ထား စေခဲ့သည်။

သို့ဖြစ်ရာ ရွှေရည်စိမ် ဒီမိုကရေစီခေတ်၏ အချိန်ကာလကောင်းအဖြစ် သတ်မှတ်နိုင်သည့် NLD အစိုးရ ကာလ တွင်လည်း ရိုဟင်ဂျာ အသုံးအနှုန်းအား ခွင့်မပြုခဲ့သဖြင့် ပုဂ္ဂလိက ပြည်တွင်း သတင်းဌာန အားလုံးမှာ ရိုဟင်ဂျာများအား ဘင်္ဂါလီဟုသာ သုံးစွဲခဲ့သဖြင့် ရိုဟင်ဂျာများအတွက် ထိုသို့သော အသုံးအနှုန်းက အမုန်းစကား ဖြစ်စေခဲ့သည်။

ဘင်္ဂါလီဟု သတင်းဌာနများက သုံးခဲ့သည့် အပေါ်တွင် ရိုဟင်ဂျာ အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် ရိုနေဆန်းလွင်က ယခုကဲ့သို့ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ခြင်းများပင် ရှိသည်။

ရိုဟင်ဂျာ အရေးနှင့် ပတ်သတ်ပြီး ပြည်တွင်း ပြည်ပ၌ အငြင်းအခုန်များ မြင့်တက်နေခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင် ဘာ၁၅ ရက် တွင် ဦးရိုနေဆန်းလွင်က “DVB အပါအဝင် ဘင်္ဂါလီ သုံးတဲ့ မြန်မာမီဒီယာအား လုံးကို ပြင်းပြင်း ထန် ထန် သတိပေးချင်ပါတယ်။ ခင်ဗျားတို့ ဘင်္ဂါလီ သုံးတာရပ်ပြီး ရိုဟင်ဂျာလို့ သုံးမလား၊ ဒါမှမဟုတ် ခင်ဗျားတို့ရဲ့ မီဒီယာ စီးပွားရေးကို အပြုတ်တိုက်ရမလား၊ ကြိုက်တဲ့လမ်းကို ရွေးပါ၊ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အချိန်ပေးပါတယ်” ဟု တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရိုဟင်ဂျာ အခေါ်အဝေါ်သည် ပြည်တွင်း၌ အကဲဆတ်သည့် စကားလုံး တစ်ခု ဖြစ်လာခဲ့သဖြင့် NLD အစိုးရ တက်ခါစ ၂၀၁၆ ခုနှစ်၌ ဥရောပ သမဂ္ဂက ရိုဟင်ဂျာ စကားလုံးကို သုံးစွဲခြင်း မပြုဟုပင် ကြေညာပေးခဲ့ဖူးသည်။

ထို့အတူ ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလတွင်လည်း EU၊ IDEA နှင့် Asia Foundation တို့ ပူးပေါင်းထုတ်သည့် mVoter app ၌ ကိုယ်စားလှယ်လောင်းများ ၏ Profile ကို ဖော်ပြရာတွင် လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာကို ဖော်ပြရန် သတ်မှတ်ချက်များပါလာရာ Justice For Myanmar က ကန့်ကွက်ရှုံ့ချမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ ပြုလုပ်ရခြင်းမှာ အဆိုပါ အချက်အလက်များ ဖော်ပြခြင်းဖြင့် ရိုဟင်ဂျာများအား ကိုယ်စားလှယ် အရည်အချင်း မပြည့်မီသည့် နိုင်ငံမဲ့များအဖြစ် သတ်မှတ်နိုင်ခြင်းကြောင့် ဖြစ်သည်ဟု JFM က ဆိုခဲ့သည်။
ရိုဟင်ဂျာလား ဘင်္ဂါလီလား

ရိုဟင်ဂျာများက ၎င်းတို့သည် ရခိုင်ပြည်၌ လွန်ခဲ့သည့် နှစ်တစ်ထောင်ခန့်ကပင် အခြေချ နေထိုင်ခဲ့ပြီး ကိုယ်ပိုင်စာပေ ရှိသည့် လူမျိုးများဟု သက်သေပြ ထုတ်ဖော်ပြောဆိုမှုများ ရှိသည်။

တစ်ဘက်တွင်လည်း ရခိုင် သမိုင်းပညာရှင်များ အပါအဝင် သမိုင်းပညာရှင် အချို့က ရိုဟင်ဂျာဟု ခေါ်ဆိုစေသည့် လူမျိုးများသည် ဗြိတိသျှ လက်အောက်ခံ ဘ၀တွင် ရခိုင်သို့ စစ်တကောင်းမှ လာရောက်သူများ ဖြစ်ကာ၊ ဗြိတိသျှ စစ်တမ်းများကို ကိုးကားပြီး ဖော်ပြကြကာ ရိုဟင်ဂျာ လူမျိုးဟူ၍ မရှိဟု အခိုင်အမာ ငြင်းဆိုကြသည်။

ပါလီမာန် ဒီကရေစီခေတ်နှင့် တော်လှန်ရေးကောင်စီ ခေတ်ဦး၌ ဦးနု၊ ဦးဘဆွေ၊ ဗိုလ်ချုပ်အောင်ကြီး စသည့် ထိုခေတ်များက နိုင်ငံ့ခေါင်းဆောင်များ၏ ရိုဟင်ဂျာဟု ခေါ်ဝေါ်သုံးစွဲခဲ့မှုများ၊ ရန်ကုန်တက္ကသိုလ်၌ ရိုဟင်ဂျာ အသင်းအဖွဲ့များ ဖွဲ့စည်းထားသည့် သက်သေမှတ်တမ်းများလည်း တွေ့ရသည်။

သို့သော် ဦးနုသည် မဲရရေးအတွက် ရခိုင်မြောက်ပိုင်းမှ အစ္စလာမ်ဘာသာ ကိုးကွယ်သူများအား ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသားဖြစ်စေကာ၊ မဲရရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည် ဟုလည်း ရေးသား ပြောဆိုမှုများ ရှိသည်။

ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီးနောက် ရိုဟင်ဂျာများ၏ နိုင်ငံသား အခွင့်အရေးများ တစ်စ တစ်စ ရုပ်သိမ်းခံခဲ့ရပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားအက်ဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း ရိုဟင်ဂျာများသည် ၎င်းတို့ကို လူမျိုးစုတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းကိုပင် မခံရတော့ပေ။

၂၀၁၉ ခုနှစ် ဇွန်လက ထုတ်ဝေခဲ့သည့် မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်မှုနှင့် လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲရေးသည် ချက်ချင်း လုပ်ဆောင်ရန်နှင့် လုပ်ဆောင်ရန် ဖြစ်နိုင်ချေရှိခြင်း ဥပဒေရေးရာ အနှစ်ချုပ် စာတမ်း၌ ၁၉၈၂ နိုင်ငံသား အက်ဥပဒေနှင့် ပတ်သတ်ပြီး ယခုကဲ့သို့ ဖော်ပြသည်။

“ အထူးသဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် အလွန်တရာခွဲခြားဆက်ဆံမှုများပြီး တစ်ဘက် သတ်ဆန်သည့်အပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေပါ နိုင်ငံတော်၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်သိသာထင်ရှားစွာ ပျက်ကွက်လျက်ရှိပါသည်။ ရလဒ်မှာ နိုင်ငံတစ်ဝန်းလုံးတွင် ခွဲခြားဆက်ဆံမှုများကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားစေပြီး တရားဥပဒေစိုးမိုးရေးကို အားနည်းစေပါသည်။ လူ့အခွင့်အရေးများ၊ တရားဥပဒေစိုးမိုးရေးတို့နှင့် ကိုက်ညီပြီး“ပြည်သူအားလုံးပူးပေါင်းပါဝင်နိုင်သည့် “ဗဟုဒီမိုကရေစီစနစ်တစ်ရပ် (မတူညီသော နိုင်ငံရေးယူဆချက်များပါဝင်သည့် ဒီမိုကရေစီစနစ်တစ်ခု)” (inclusive pluralist democracy) တည်ဆောက်ရန် မြန် မာနိုင်ငံအစိုးရသည် နိုင်ငံသားဥပဒေအား လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သင့်သလိုဆောင် ရွက်နိုင်သည့် အခြေအနေလည်း ရှိပါသည်” ဟု ဖြစ်သည်။

သို့သော် အဆိုပါ ဥပဒေအား မဆလ အစိုးရနောက်ပိုင်း အစိုးရ အဆက်ဆက်သည် ဆက်လက် ကိုင်ဆွဲထားခဲ့ပြီး ရိုဟင်ဂျာများသည်လည်း နိုင်ငံမဲ့ ဘ၀မှ လွတ်မြောက်ခြင်း မရှိတော့ပေ။

၁၉၉၂ ခုနှစ်တွင် နအဖ စစ်အစိုးရက သန်းခေါင်စာရင်း သွင်းရာ၌ ရိုဟင်ဂျာဟူသည့် အမည်မှ ဘင်္ဂါလီ အမည်သို့ အတင်းအကျပ် ပြောင်းလဲစေခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ဆေးတက္ကသိုလ်နှင့် စက်မှုတက္ကသိုလ်များ၌ ရိုဟင်ဂျာများ ပညာသင်ကြားခွင့်အား ပိတ်ပင်ခဲ့သည်။

ထိုအချိန်နောက်ပိုင်းကစ၍ ရိုဟင်ဂျာများသည် အမိုးဖွင့် အကျဥ်းထောင်ထဲ နေရသည့်သဖွယ် ဖြစ်နေခဲ့ရကြောင်း ရိုနေဆန်းလွင်က မှတ်ချက်ပေးခဲ့သည်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်များနှင့် နိုင်ငံရေးသမားများသည် ၎င်းတို့ အကျိုးလိုသည့် အခါတိုင်း ရိုဟင်ဂျာများအား အသုံးချလေ့ရှိပြီး ယခုနောက်ဆုံး စစ်ကောင်စီကာလ၌ ရိုဟင်ဂျာများအား AA နှင့် ဖြစ်နေသည့် စစ်ပွဲများတွင် စစ်မှုထမ်းစေကာ အသေခံတပ်သားများအဖြစ်ပင် အသုံးချလာနေသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် ဘူးသီးတောင်၊ မောင်တောမြို့များရှိ ရိုဟင်ဂျာ ရွာများတွင် စည်းရုံးရေးဆင်းခဲ့သော်လည်း၊ တကယ်လက်တွေ့တွင် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ပထမဦးဆုံးအနေနဲ့ ကျောင်းဆရာတွေ၊ ဘာသာရေးဆရာတွေကို ခေါ်တွေ့ပြီး အစည်းအဝေးလုပ်တယ်။ ဒီနိုင်ငံက မင်းတို့နိုင်ငံ၊ မင်းတို့နိုင်ငံကို ကာကွယ်ဖို့ မင်းတို့မှာ တာဝန်ရှိတယ်။ အဲ့ဒါကြောင့် မင်းတို့ ကိုယ်တိုင် စစ်ထဲဝင်ပြီး ပြင်ဆင်ရမယ်။ တစ်အိမ်တစ်ယောက်နှုန်းနဲ့ စစ်ထဲဝင်လာရင် နိုင်ငံသား အခွင့်အရေးနဲ့ မှတ်ပုံတင်ထုတ်ပေးဖို့ရှိတယ်ဆိုပြီး ပြောတယ်”ဟု မြန်မာမွတ်စ်လင်မ် တော်လှန်ရေးအင်အားစု (MMRF) ၏ ဗဟိုကော်မတီဝင်နှင့် အဖွဲ့ဝင်ရေးရာတာဝန်ခံ ရိုသင်းသင်းလှိုင်က ပြောပြသည်။

လက်ရှိတွင်လည်း စစ်ကောင်စီသည် ရိုဟင်ဂျာများကို ၁၅ ရက် စစ်သင်တန်းပေးပြီး သင်တန်းဆင်းသည့် အချိန်၌ တပ်ထဲသို့ ခေါ်ဆောင်သွားခြင်းမရှိဘဲ စုရပ်တစ်ခုထဲတွင် ထားရှိကြောင်း စစ်သင်တန်းတက် ရောက်ခဲ့ရသည့် ရိုဟင်ဂျာလူငယ်တစ်ဦးက ဆိုသည်။

“မင်းတို့တွေ အိမ်မပြန်နဲ့ အမိန့်ရောက်တာနဲ့ ချက်ချင်းကို တာဝန်ထမ်းဆောင်ရမှာဖြစ်တဲ့အတွက် အသင့်အနေအထားရှိဖို့လိုတယ်ဆိုပြီး ပြောတာမျိုးရှိတယ်။ စစ်တပ်က ကတိပေးသလိုမျိုး နိုင်ငံသား စိစစ်ရေးကဒ်ထုတ်ပေးတာမရှိသေးဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်သင်တန်းတက်ရောက်ခဲ့ရသည့် ရိုဟင်ဂျာလူငယ်များကို သင်တန်းတက်ရောက်စရိတ်အဖြစ် တစ်ယောက်လျှင် ကျပ်ငါးသောင်းပေးခဲ့ကြောင်း၊ ယခုကဲ့သို့ ပေးခဲ့သည့် ငွေကြေးများကိုလည်း နိုင်ငံတော်ဘဏ္ဍာငွေမှ စိုက်ထုတ်ခဲ့ခြင်းမျိုး မဟုတ်ဘဲ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အမိန့်ညွှန်ကြားကာ ပြည်သူများထံမှ ကောက်ခံခိုင်းခြင်းဖြစ်သည်။

မည်သည့် အစိုးရလက်ထက်တွင် မဆို ရိုဟင်ဂျာများသည် နိုင်ငံရေးအရ အသုံးချခံရသည့် နယ်ရုပ်တစ်ခုကဲ့သို့ ဖြစ်နေကြောင်း၊ တိုက်ပွဲများကြောင့် ရိုဟင်ဂျာများသည် ဒုက္ခသည်အဖြစ် ပိုမိုရောက်ရှိလာကြောင်း သိရသည်။

“AA နဲ့ စစ်ကောင်စီက တိုက်ပွဲတွေ ဖော်နေကြတယ်ပေါ့နော်၊ AA ဘက်က အောင်မြင်မူတွေ အများကြီးကြားရတယ်။ အောင်မြင်မှုနောက်မှာ ဘာတွေကြားရလဲဆိုတော့ ရခိုင်ရွာတွေမှာ တိုက်ပွဲဖော်တာမဟုတ်ဘဲနဲ့ ရိုဟင်ဂျာရွာတွေမှာ စခန်းချပြီးတော့ ရိုဟင်ဂျာရွာတွေကနေ တိုက်ပွဲဖော်တာ၊ စစ်ကောင်စီက AA ရှိတဲ့ရွာကို လက်နက်ကြီးတွေနဲ့ပစ်တော့ ရွာထဲမှာရှိတဲ့ ရိုဟင်ဂျာတွေက စစ်ဘေးရှောင်ရတယ်။ စားနပ်ရိက္ခာ ခက်ခဲလာတယ်။ နေဖို့ခက်ခဲလာတယ်။ အဲ့ဒီရွာမှာ တိုက်ပွဲဖော်ဆောင်ပြီး နိုင်သွားရင်တောင် ပြန်လာလို့ရှိရင် အိုးမဲ့အိမ်မဲ့တွေဖြစ်သွားတယ်” ရိုသင်းသင်းလှိုင်က ၎င်း၏ အမြင်ကိုရှင်းပြသည်။

ရိုဟင်ဂျာများသည် စစ်တပ်ကြောင့် သေဆုံးမှုများ၊ ပဋိပက္ခကြောင့်သေဆုံးမှုများနှင့် တိုက်ပွဲများကြောင့် သေဆုံးမှုများရှိနေသော်လည်း ပြည်သူများ၏ မျက်ကွယ်ပြုခြင်းကို ခံစားနေရကြောင်း ၎င်းက ဆိုသည်။

“ဒီဟာကြီးကို မြင်အောင်ကြည့်စေချင်တယ်။ ရိုဟင်ဂျာရွာတွေ ကုန်သွားရင်တောင် AA က အပြစ်တင်မခံရဘဲနဲ့ အပြစ်တင်ချင်းကင်းကင်းနဲ့ သူတို့အောင်မြင်မှုတွေ ဆွတ်ခူးသွားတယ်လို့ မြင်တယ်။ စစ်တပ်ကတော့ မိစ္ဆာစိတ်နဲ့ မိစ္ဆာလို လုပ်သွားတာ၊ ဒါပေမယ့် AA က အခုလိုလုပ်တာဟာ လိပ်ပြာလုံသလား၊ ဖက်ဒရယ်ကို သွားချင်ပါတယ်ဆိုတဲ့ လူတွေကကော မြင်အောင်မကြည့်ဘဲ အသံထုတ်မပေးနိုင်ဘူးဆိုရင် သူတို့ကကော ဒီမိုကရေစီ လမ်းကြောင်းမှာ လိပ်ပြာလုံလားဆိုပြီး မေးခွန်းထုတ်ချင်တယ်” ဟု ရိုသင်းသင်းလှိုင်က ပြောသည်။

ထို့အပြင် ရိုဟင်ဂျာများအတွက် စာနာမှုများသည် ပါးစပ်မှ ထုတ်ဖော်ပြောကြားရုံဖြင့် ပြည့်စုံမည် မဟုတ်ဘဲ ၎င်းတို့ခံစားနေရသည့် ဒုက္ခများကို ထဲထဲဝင်ဝင် ဝင်ရောက်ကာ ကိုယ်ချင်းစာစိတ်ဖြင့် ကြည့်ရှုမှသာ စာနာခြင်းရောက် မည်ဟု ရိုသင်းသင်းလှိုင်က ပြောသည်။

“စစ်မှန်တဲ့ လွတ်မြောက်မှုက တစ်ဦးတစ်ယောက်ထဲရတာနဲ့ အဓိပ္ပာယ်ရှိသလား၊ ဒီနေရာမှာရှိတဲ့အစုအဖွဲ့အကုန် လွတ်မြောက်မှ လွတ်မြောက်မှုဖြစ်တယ်။ တစ်ဦးတစ်ယောက်ထဲ လွတ်မြောက် မှုအတွက် လုပ်နေတာကို လက်ခုပ်တီးတယ်ဆိုတာ ယုတ်တိတန်တယ်လို့ ပြောချင်တယ်။ ၂၀၁၇ ဂျီနိုဆိုက်ဖြစ်တုန်းက အသံထွက်ဖို့ မေ့လျော့ခဲ့လို့ တောင်းပန်ပါတယ်ဆိုတဲ့ တောင်းပန်စာတွေ တက်လာသေးတယ်။ အခုကော ထပ်ပြီးမေ့လျော့ထားဦးမှာလား ခဏခဏတောင်းပန်နေမှာလား၊ အမှားသိလို့ ဝန်ခံတာကို လက်ခံပေမယ့် ခဏခဏကျော်သွားတာ အဓိ ပ္ပာယ်မရှိတဲ့ လုပ်ရပ်ကြီး လို့မြင်တယ်။ ပြီးသွားမှ တောင်းပန်တာထက် မဖြစ်ခင် ကာကွယ်တာမှ လူသားချင်းစာနာတဲ့ အရာတစ်ခုလို့မြင်တယ်” ဟု ရိုသင်းသင်းလှိုင်က ပြောသည်။

ခေတ်အဆက်ဆက် အစိုးရများသည် ၎င်းတို့ အကျိုးကုန်ဆုံးသွားချိန်တိုင်း ရိုဟင်ဂျာများအား ပြည်နယ်တောင်းဆိုသည်၊ ခွဲထွက်ခွင့်တောင်းသည် စသဖြင့် သတ်မှတ်ပြောဆိုပြီး နိုင်ငံသား အခွင့်အရေးများအား ပြန်လည် ပိတ်ပင်ခဲ့သည်။

“ ခေတ်အဆက်ဆက်မှာ အစိုးရတွေက အထူးသဖြင့် စစ်တပ်က ရခိုင်နဲ့ ရိုဟင်ဂျာတွေကို သွေးခွဲထားဖို့ ဝါဒဖြန့်တာတွေ မျိုးစုံလုပ်ခဲ့တယ်။ ရိုဟင်ဂျာတွေက ပြည်နယ်တင် မဟုတ်ဘူး၊ နိုင်ငံပါ ထောင်မယ်ဆိုတာမျိုးတွေ ဝါဒဖြန့်ခဲ့တယ်။ အခုအချိန်ထိ ရိုဟင်ဂျာတွေမှာ အဲဒီလို မူဝါဒမျိုးမရှိဘူး။ ရိုဟင်ဂျာတွေလိုချင်တာ မြန်မာနိုင်ငံလွတ် လပ်ရေးနောက်ပိုင်းမှာ ရရှိခဲ့တဲ့ တိုင်းရင်းသားနဲ့ နိုင်ငံသားအခွင့်အရေးတွေပါပဲ” ဟု ရိုဟင်ဂျာ အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးရိုနေဆန်းလွင်က ၎င်းတို့ လူမျိုးစု၏ လိုလားချက်အား MPA သို့ ပြောပြသည်။

ယခုကာလတွင် ရိုဟင်ဂျာများ နေထိုင်ရာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်၀ိုက်အား ရက္ခိုင့်တပ်တော်က စိုးမိုးနိုင်နေပြီ ဖြစ်သည်။ သို့သော် AA သည်လည်း ရိုဟင်ဂျာဟု အသိအမှတ် မပြုဘဲ ဘင်္ဂါလီ အဖြစ်သာ ခေါ်ဝေါ်သတ်မှတ်နေဆဲ ဖြစ်သည်။

ထိုသို့ သတ်မှတ်ရခြင်းမှာ နယ်စပ်မျဥ်းကို ကျော်သည်နှင့် ဘင်္ဂလားဒေ့ရှ် လူမျိုးများက ရိုဟင်ဂျာများ ဖြစ်သွားနိုင်သည့် အခြေအနေကြောင့် ဖြစ်သည်ဟုလည်း AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ၂၀၁၉ ခုနှစ်က ဧရာ၀တီ သတင်းဌာနနှင့် တွေဆုံရာတွင် ပြောခဲ့ဖူးသည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ၄င်းက တွစ်တာ (X) အကောင့်၌ ဘင်္ဂါလီဟုသာ ဆက်လက် သတ်မှတ်မည်ဟု အသိပေးထားဆဲ ဖြစ်သည်။
အနှစ်ချုပ်

၁၉၆၂ ခုနှစ်မတိုင်မီ ကာလများ၌ ရိုဟင်ဂျာများသည် နိုင်ငံသားအခွင့်အရေးကို အပြည့်အ၀ရရှိခဲ့ သော်လည်း၊ ၁၉၆၂၊ မတ် ၂ ရက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ရိုဟင်ဂျာများ နိုင်ငံသားအခွင့် အရေးများ စတင်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါကာလများတွင် နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးခဲ့သော်လည်း သိသာထင်ရှားသည့် အချက်အလက်မရှိခဲ့ပေ။ သို့သော် ၁၉၈၂ခု နှစ်၊ အောက်တိုဘာ၊ ၁၅ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံသား ဥပဒေကြောင့် ရိုဟင်ဂျာများသည် နိုင်ငံမဲ့အဖြစ်သို့ ရောက်ရှိခဲ့ပြီး စစ်အာဏာရှင် အဆက်ဆက်၏ လူမျိုးရေးအသုံးချစရာ ကိစ္စရပ်တစ်ခုကဲ့သို့ ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။

“နိုင်ငံသားအဖြစ် အသိအမှတ်မပြုပေမဲ့ နိုင်ငံသားတစ်ယောက်လိုတော့ အသုံးချခဲ့တယ်။ သူတို့ မဲလိုတဲ့အချိန်မှာလည်း အသုံးချခဲ့တယ်။ သူတို့ပါတီကနေ ရွေးကောက်တင်မြှောက်ဖို့ လိုတဲ့အချိန်မှာလည်း သူတို့လိုသလို အသုံးချခဲ့တယ်”ဟု ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က ဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအပြင် မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်ရှုံးကာ စစ်တပ်အင်အား ပြုန်းတီးလာမှုကြောင့် ယခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့သည်။

၎င်းဥပဒေတွင် အသက်ပြည့်ပြီးသည့် နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဟု ပါရှိခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများကို စစ်မှုထမ်းဆောင်စေရန် စစ်ကောင်စီက ဆောင်ရွက်လာခြင်းဖြစ်သည်။

“အခု AA နဲ့ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ သူတို့ တိုက်ပွဲမှာရှုံးနေတဲ့ အတွက်ကြောင့် ရိုဟင်ဂျာတွေကို လိုသလို အသုံးချနေခြင်းဖြစ်တဲ့အတွက်ကြောင့် ဒါက နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းနဲ့ မဆိုင်ဘူး။ သူတို့က ဒီရိုဟင်ဂျာတွေကို အမိုးဖွင့်အကျဉ်းထောင်ထဲမှာ ပိတ်လှောင်ထားပြီးတော့ လိုရင်လိုသလို အသုံးချနေတာဖြစ်တယ်”ဟု ရိုနေဆန်းလွင်က ဆိုသည်။

ထိုကဲ့သို့ ရိုဟင်ဂျာများကို စစ်သားအဖြစ် စစ်မှုထမ်းဆောင်စေရန် ဆောင်ရွက်နေခြင်းသည် လူသားဒိုင်းအဖြစ် အသုံးချရန်သာဖြစ်ပြီး၊ တစ်ဘက်တွင်လည်း ရခိုင်လူမျိုးများနှင့် လူမျိုးရေးပဋိပက္ခ အသွင်သို့ ကူးပြောင်းစေရန် ဆောင်ရွက်နိုင်ခြေများရှိလာနိုင်သည်ဟု ၎င်းက သုံးသပ်သည်။

“ဒီမှာရှိတဲ့ ရခိုင်တွေကော၊ ရိုဟင်ဂျာတွေကော အားလုံးက ပဋိပက္ခမှာပဲ အာရုံစိုက်နေမှာ ဖြစ်တဲ့အတွက်ကြောင့် စစ်တပ်အတွက် အသက်ရှုချောင်လာမယ်ဆိုတဲ့ပုံစံနဲ့ ဒါကိုလုပ်နေချင်းဖြစ်တယ်လို့ မြင်တယ်။ တကယ်တမ်းမှာ ဘယ်လိုပုံစံမျိုးနဲ့ စုဆောင်းနေလဲ၊ အတင်းအဓမ္မ ဖမ်းဆီးပြီးတော့ ဒါတွေစုဆောင်းနေတာဖြစ်တဲ့အတွက်ကြောင့် အကုန်လုံးက ဒါကို နားလည်ကြတယ်။ မဖြစ်လာဖို့အားလုံးက ဝိုင်းဝန်းပြီးတော့ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုတယ်လို့တော့ ကျတော်မြင်တယ်”ဟု ရိုနေဆန်းလွင်က ပြောသည်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်များက ရိုဟင်ဂျာများအပေါ် နည်းမျိုးစုံဖြင့် ဖိနှိပ်မှုများရှိသည့်အပြင် လက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများ၌ ရိုဟင်ဂျာလူငယ်များကိုကျေး ရွာအုပ်ချုပ်ရေးမှူးများက ဖိအားပေးပြီး စစ်တပ်လူသစ်စုဆောင်းမှုအတွင်း ဝင်ရောက်ရန် စေခိုင်းမှုများပြုလုပ်လျက်ရှိသည်။

“တချို့လည်း ရွေးချယ်မှု လုံး၀မရှိဘူး။ ဒါကိုမဝင်ရင် ဒုက္ခရောက်မယ်ဆိုပြီး ဝင်သွားတာတွေရှိတယ်။ အနာဂတ်ကတော့ ဒီထဲမှာနေမယ်ဆိုရင် စစ်တပ်ရဲ့ လွှမ်းမိုးမှုချုပ်ကိုင်မှု၊ မတရားမှုအားလုံးထဲမှာ ဆက်နေရမှာဖြစ်တဲ့ အတွက်ကြောင့် အနာဂတ်ကတော့ အတော်လေးကို စိတ်မကောင်းစရာပါပဲ၊ ဒါပေမယ့် ဒီဥစ္စာကို ရှောင်ကွင်းဖို့ဆိုရင် နိုင်ငံတွင်းကနေ ထွက်ပြေးသွားမှ ရမယ့်အနေအထားမှာရှိတဲ့အတွက် လူငယ်တွေရဲ့အနာဂတ်က အရင်ထဲကဆိုးရွာနေတာ ပိုပြီးတော့ ဆိုးရွားလာမယ့် အနေအထားမှာရှိတယ်”ဟု ရိုနေဆန်းလွင်က လက်ရှိ ဖြစ်ပွားနေသည့် အခြေအနေများကို ရှင်းပြသည်။

စစ်တပ်သည် ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် နှိပ်စက်ခြင်း၊ လူမျိုးတုန်း သတ်ဖြတ်ခြင်းများကျူးလွန်ခဲ့ သည့်အတွက် နိုင်ငံတကာက ICC နှင့် ICJ တို့တွင် တရားစွဲဆိုထားသော်လည်း ထိရောက်သည့် အရေးယူမှုများမရှိသေးသဖြင့် စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေခြင်းလည်းဖြစ်သည်။

“ကျတော်တို့ရဲ့ ရခိုင်ပြည်နယ်တစ်ခုထဲမှာ မဟုတ်ဘူး။ ရိုဟင်ဂျာလူမျိုးတစ်ခုထဲမှာ မဟုတ်ဘူး။ အခုဆိုရင် စစ် တပ်က အာဏာသိမ်းပြီးတော့ တစ်နိုင်ငံလုံးမှာ၊ ပြည်မမှာကော တိုင်းရင်းသားဒေသတွေမှာကော ပုံစံမျိုးနဲ့ သတ် ဖြတ်နေတာတွေ၊ စစ်ရာဇဝတ်မှုတွေကို လူသားတွေအပေါ် မှာ ဆက်တိုက်ကျူး လွန်နေတာကိုတွေ့ရတယ်။ ဒါကိုလည်းနိုင်ငံတကာက ပြင်းပြင်းထန်ထန် အရေးမယူတဲ့အတွက်ကြောင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရတဲ့အတွက်ကြောင့် ဆက်လက်ကျူးလွန်နေတယ်”ဟု ရိုနေဆန်းလွင်က ပြောသည်

ယခုကဲ့သို့ စစ်တပ်က ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို နိုင်ငံတကာက ထိရောက်ပြင်းထန်သည့် အရေးယူမှုများ မလုပ်ဆောင်သမျှ ကာလပတ်လုံး စစ်တပ်ကျူးလွန်နေသည့် ကိစ္စရပ်များကို တားဆီးနိုင်မည်မဟုတ်ကြောင်း ရိုနေဆန်းလွင်က သုံးသပ်သည်

လက်ရှိတွင် နိုင်ငံသားဖြစ်ခွင့်မရသည့် ရိုဟင်ဂျာများအပေါ် စစ်သားစုဆောင်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် လူမျိုးရေးပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် အချင်းချင်းတိုင်တိုင်ပင်ပင် ဆွေးနွေးအဖြေရှာ တွန်းလှန်ပါက အငြင်းပွားဖွယ် ကိစ္စရပ်များကို တားဆီးနိုင်မည်ဟုလည်း ၎င်းက ဆိုထားသည်။

ကိုးကား
ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး အနီးကပ် အခန်းဆက်ဆောင်းပါး(ဧရာဝတီသတင်းဌာန)

မြန်မာနိုင်ငံတွင် နိုင်ငံသား ဖြစ်မှုနှင့် လူ့အခွင့်အရေး ဥပဒေပြုပြင်ပြောင်းလဲရေးသည် ချက်ခြင်းလုပ်ဆောင်ရန် နှင့် လုပ်ဆောင်ရန် ဖြစ်နိုင်ချေ ဥပဒေရေးရာအနှစ်ချုပ်

International Covenant on Civil and Political Rights (ICCPR)

အာရ်ကန်ဒေသရဲ့ ဌာနေတိုင်းရင်းသား ရိုဟင်ဂျာ
Tags: MPAMyanmarNewsSAC
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */