Monday, February 5, 2024

မလေးရှားအချုပ်မှ ထွက်ပြေးသူများထဲမှ ၄၀ ကျော် ပြန်အဖမ်းခံရ

Myanmar Now
February 5, 2024

ရိုဟင်ဂျာ ၁၁၅ ဦးနှင့် မြန်မာနိုင်ငံသား ၁၆ ဦး ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးသွားပြီးနောက် ရက်အနည်းငယ် အကြာတွင် တချို့ကို ပြန်ဖမ်းမိသွားသည်။

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးသွားသည့် ရိုဟင်ဂျာနှင့် မြန်မာ ၁၃၁ ဦးအနက် အယောက် ၄၀ ကျော်ကို ယမန်နေ့ (ဖေဖော်ဝါရီ ၄) ရက်တွင် ပြန်ဖမ်းမိသည်ဟု မလေးရှားရဲတပ်ဖွဲ့က ပြောဆိုကြောင်း AFP သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

Perak ပြည်နယ် မြောက်ပိုင်းရှိ Bidor ယာယီလူဝင်မှုကြီးကြပ်ရေးဌာနတွင် ထိုသူများကို ထိန်းသိမ်းထားစဉ် ဖေ ဖော်ဝါရီ ၁ ရက်နေ့က ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားပြီး လွတ်မြောက်သွားကြခြင်းဖြစ်သည်။

ညအမှောင်ထုအတွင်း အဝေးပြေးလမ်းမကြီးကို ဖြတ်ကူးကြစဉ် တစ်ဦး ကားတိုက်ခံရပြီး သေဆုံးသွားခဲ့သည်ဟု မလေးရှားရဲက အတည်ပြုသည်။

ရိုဟင်ဂျာအမျိုးသား ၄၁ ဦးကို ဆီအုန်းခြံတစ်ခြံ၊ Tapah နှင့် Bidor မြို့များအနီးဝန်းကျင်ရှိ သစ်တောထဲတွင် ပြန်ဖမ်းမိသည်ဟု Perak ပြည်နယ် ရဲချုပ် Mohamad Yusri Hassan Basri က ပြောသည်။

“နောက်ထပ် အများအပြားလည်း တောထဲမှာ ပုန်းအောင်းနေကြတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ရဲချုပ်က AFP သို့ ပြောသည်။

ဖမ်းဆီးခံရသူများအားလုံး “ဆာလောင် မောပန်းနေကြတယ်” ဟု သူက ပြောပြီး  ထွက်ပြေးလွတ်မြောက်သွားသူများကို ရဲနှင့် လူဝင်မှုကြီးကြပ်ရေးဌာနကသစ်တောနှင့် ကျေးရွာများအတွင်း လိုက်လံရှာဖွေနေသည်ဟု ဆိုသည်။

ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးသွားသူများတွင် ရိုဟင်ဂျာ ၁၁၅ ဦးနှင့် မြန်မာနိုင်ငံသား ၁၆ ဦး ပါဝင်သည်ဟု မလေးရှားရဲအရာရှိ၏ ပြောဆိုချက်ကို ကိုးကား၍ AP သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ရုန်းရင်းဆန်ခတ်ဖြစ်ရသည့် အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိသည်ဟုလည်း ဒေသဆိုင်ရာ ရဲချုပ် Mohamad Naim Asnawi က AFP သတင်းဌာနသို့ ပြောသည်။

၂၀၂၂ ခုနှစ်က မလေးရှားနိုင်ငံ ပီနန်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာဒုက္ခသည် ၅၂၈ ဦး ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးခဲ့ဖူးသည်။ ထိုစဉ်က အဝေးပြေးလမ်းကို ဖြတ်ကူးရန် ကြိုးပမ်းစဉ် လူ ၆ ဦး သေဆုံးခဲ့ပြီး အများအပြား ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသည့် ရိုဟင်ဂျာအရေအတွက် မြင့်တက်လာကြောင်း ကုလသမဂ္ဂ၏ မှတ်တမ်းအရ သိရသည်။အင်ဒိုနီးရှားသို့ ရိုဟင်ဂျာ ၁၇၅၂ ဦး နိုဝင်ဘာလလယ်မှ ဇန်နဝါရီလနှောင်းပိုင်းအတွင်း ရောက်ရှိနေသည်ဟု သိရသည်။

ထိုအရေအတွက်သည် ၂၀၁၅ ခုနှစ်ကတည်းက မွတ်ဆလင်အများစုနေထိုင်ရာ နိုင်ငံအတွင်းသို့ အကြီးမားဆုံး ဝင်ရောက်မှုဖြစ်ကြောင်း ကုလကဆိုသည်။ ၂၀၂၂ ခုနှစ်အတွင်း ရိုဟင်ဂျာ ၃,၅၀၀ ကျော်သည် အရှေ့တောင်အာရှနိုင်ငံအချို့သို့ တိမ်းရှောင်ရန် ကြိုးပမ်းခဲ့သည်ဟုလည်း ကုလက ထုတ်ပြန်ထားသည်။

အန္တရာယ်ရှိသော ပင်လယ်ဖြတ်ကျော်ဖြတ်ရန် ကြိုးပမ်းစဉ် ၂၀၂၂ ခုနှစ်အစကတည်းက ရိုဟင်ဂျာ ၁၀၀၀ နီးပါး သေဆုံးသို့မဟုတ် ပျောက်ဆုံးနေသည်ဟုလည်း ကုလက ခန့်မှန်းထားသည်။

မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသော ရိုဟင်ဂျာများ သို့မဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဒုက္ခ သည် စခန်းများတွင် လွတ်မြောက်ရန် ကြိုးပမ်းနေသူများအတွက် ဦးစားပေးနေရာဖြစ်သည်။

မလေးရှားနိုင်ငံအတွင်း ရိုဟင်ဂျာ တစ်သိန်းကျော်သည် ဆောက်လုပ်ရေးနှင့် အခြား အခကြေးငွေနည်းသော အ လုပ် အကိုင်များတွင် တရားမဝင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။

အထက်ပါ စခန်းမှ ထွက်ပြေးသွားသူများကို ဌာနပေါင်းစုံ ဆက်လက် ရှာဖွေနေဆဲဖြစ်သောကြောင့် တရားဝင်နေထိုင်သူဖြစ်ကြောင်း အထောက်အထားလက်မှတ် မပြနိုင်သူများ ထိုဒေသတွင် အသွားအလာ ဆင်ခြင်ကြရန် မြန်မာပြည်သားအချင်းချင်း သတိပေးနေကြသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း မြန်မာအဆိုတော် အေမီဈာန်၊ မော်ဒယ်ဖူးပွင့်ခိုင်တို့ ပါဝင်သည့် ဖျော်ဖြေပွဲတစ်ခုကို မလေးရှားရဲက ဝင်ရောက်စီးနင်းရာ မြန်မာပြည်သား ၁၀၀ ကျော် ဖမ်းဆီးခံရသည်။

အစောဆုံးပြန်လွတ်လာသူများထဲတွင် တရားဝင်နေထိုင်ခွင့်ရသူများ ပါဝင်ကြောင်း၊ အလည်အပတ်ဗီဇာသာ ရှိပြီး ဖျော်ဖြေရေးဆိုင်ရာဗီဇာ မရှိသော နာမည်ကျော် ၂ ဦးမှာ ရက်အတန်ကြာ ဆက်လက် ထိန်းသိမ်းခံရပြီးနောက် ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */