" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, February 5, 2024

မြန်မာနိုင်ငံက မော်တာကျည်ဆန် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကျပြီး နှစ်ဦးသေဆုံး

RFA
RFA Burmese
2024.02.05 

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ မြန်မာနိုင်ငံဘက်မှ မော်တာကျည်ဆန် ကျရောက်ပေါက်ကွဲစဉ် ထိမှန်သေဆုံးခဲ့သည့် ရိုဟင်ဂျာတစ်ဦး။ Photo: AFP

[Update: 1:30 AM, Feb 06 2024]

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ဖေဖော်ဝါရီ ၅ ရက်နေ့က တိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မော်တာကျည်ဆန် ကျရောက်ပေါက်ကွဲခဲ့လို့ အနည်းဆုံး နှစ်ဦးသေဆုံးခဲ့ပါတယ်။

အသက် ၄၈ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသမီးတစ်ဦးနဲ့ ရိုဟင်ဂျာတစ်ဦးတို့ ထိခိုက်သေဆုံးခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်ရဲအရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး AFP သတင်းက ဖေဖော်ဝါရီ ၅ ရက်နေ့က ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Jalpaitoli ရွာမှာနေထိုင်တဲ့ အမျိုးသမီးက စိုက်ပျိုးရေးလုပ်ဖို့ခေါ်ထားတဲ့ရိုဟင်ဂျာအမျိုးသားကို နေ့လယ်စာကျွေးဖို့ မီးဖိုချောင်မှာပြင်ဆင်နေချိန် မော်တာကျည်ထိမှန်ပြီး သေဆုံးသွားတာလို့ သေဆုံးသူရဲ့မိသားစုဝင်က ပြောကြောင်း AFP သတင်းက ဆိုပါတယ်။

မော်တာကျည်ဆန် ထိမှန်သေဆုံးတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကျရောက်တဲ့ လက်နက်ဟာ စစ်ကောင်စီက ပစ်လိုက်တာလို့ AA ပါဝင်တဲ့ ညီနောင်မဟာ မိတ်သုံးဖွဲ့က ဖေဖော်ဝါရီ ၅ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

စစ်ကောင်စီနဲ့ AA တို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဇန်နဝါရီ ၄ ရက်နေ့ တစ်ရက်တည်းမှာတင် သေနတ်ထိမှန်ဒဏ်ရာရသူ အနည်းဆုံး ၁၇ ဦးရှိခဲ့ကြောင်း ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမထားဆရာ ဝန်များအဖွဲ့ (MSF) က ပြောပါတယ်။

အဲဒီထဲက နှစ်ဦးက အသက်အန္တရာယ် စိုးရိမ်ရပြီး နောက်ထပ်ငါးဦးကလည်း ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေကို ဆေးရုံတွေမှာ ကုသပေးနေပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) တပ်ဖွဲ့ဝင်တွေကို မြန်မာနိုင်ငံပြန်မပို့ခင် Bandarban ခရိုင်မှာ ထားရှိတယ်လို့လည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
 
ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့နှင့်အတူ တွေ့ရစဉ်။ (Photo: AFP)
 
ဒါ့အပြင် တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်က ပြည်တွင်းနေရပ်ရွှေ့ပြောင်း ရိုဟင်ဂျာတွေလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အဲဒီလို တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် အနည်းဆုံး ၉၅ ဦး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးခိုလှုံလာကြောင်း ဘင်္ဂလားဒေ့ရှ်ရဲအရာရှိတစ်ဦးက ပြောကြောင်း AFP သတင်းက ဖော်ပြပါတယ်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ လက်နက်တွေနဲ့ အတူ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဒု-ဝန်ကြီး ဦးအောင်ကျော်မိုးက သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ စစ်ကောင်စီ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို လောလောဆယ် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှာ ထိန်သိမ်းထားပြီး သူတို့ကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ ဆောင်ရွက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က ဖေဖော်ဝါရီ ၄ ရက်မှာ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်က စစ်ကောင်စီနယ်ခြားစောင့်တပ်စခန်းတွေကို AA အဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

တောင်ပြိုလက်ယာ နယ်ခြားစောင့် တပ်စခန်းကို ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းက သိမ်းပိုက်နိုင်ခဲ့ကြောင်းနဲ့ တောင်ပြိုလက်ဝဲ နယ်ခြားစောင့်တပ်စခန်းကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA) ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

(မှတ်ချက်။ ဤသတင်းနှင့် ပတ်သက်၍ နောက်ဆုံးရ သတင်းအချက်အလက်တချို့ကို ဖြည့်စွက်ရေးသားထားပါသည်။)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */