" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, February 25, 2024

အဓမ္မစစ်မှုထမ်းခိုင်းခြင်း အကျိုးဆက် ရလာဒ်

VOA
ဗွီအိုအေမြန်မာပိုင်း
အင်ကြင်းနိုင်

၂၅ ဖေဖော်ဝါရီ၊ ၂၀၂၄ 

အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်


၂၀၁၀ ပြည့် စစ်မှုထမ်းဥပဒေ ကို စစ်ကောင်စီက အသက်သွင်းလိုက်တာနဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေက တပ်သားသစ်စုဆောင်းဖို့ လူငယ်တွေကို ဖိတ်ခေါ်မှုတွေ တချိန်တည်း ဖြစ်ပေါ်လာပါတယ်။ အတင်းအကြပ် စုဆောင်း တဲ့နည်းလမ်း အသုံးပြုတာနဲ့ မိမိဆန္ဒအရ ကိုယ်တိုင်ပါဝင်တာမျိုး ဘယ်လိုကွာခြားပါသလဲ။ အမေရိကန်-မြန်မာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကျွမ်းကျင်သူ အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ် ကို Zoom ကနေ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ မင်္ဂလာပါ ဒေါက်တာမီမီဝင်းဘတ်ရှင့်။

ဒေါက်တာမီမီဝင်းဘတ် ။ ။ မင်္ဂလာပါရှင်။ ကျမ မဖြေခင် ပထမဦးဆုံး Disclaimer လေး ပြောဖို့ လိုအပ်ပါတယ်။ ကျမ ဒီနေ့ သုံးသပ်သွားတဲ့ဟာတွေ အားလုံးက ကျမ ပုဂ္ဂိုလ်တယောက်အနေနဲ့ သုံးသပ်သွားတာပါ။ ဘယ်အဖွဲ့ကိုမှ ကိုယ်စားပြုပြီး ပြောသွားတာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။

မေး ။ ။ ပထမဦးဆုံး မေးချင်တာက မြန်မာစစ်တပ်ကနေ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြန်ပြီးတော့ အသက်သွင်းတယ်။ အဲဒီလို အသက်သွင်းပြီးတဲ့နောက်ပိုင်းမှာ၊ တချိန်တည်းမှာပဲ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေ၊ လူငယ်တွေအနေနဲ့ သူတို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာလည်း ပါဝင်လို့ရတယ်ဆိုတာမျိုး ဖိတ်ခေါ်တာတွေလည်း လုပ်လာတယ်ဆိုတော့ အခု စစ်ကောင်စီက စစ်မှုထမ်ဥပဒေ ကို ပြန်ပြီးအသက်သွင်းလိုက်တဲ့ ပုံစံမျိုးနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်းလူငယ် တွေကို ပြန်ပြီးတော့ ဖိတ်ခေါ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲ ဝင်ဖို့ဆိုတာတွေမှာ ဘယ်လို ကွာခြားချက်တွေ ရှိသလဲဆိုတာကို သုံးသပ်မိပါသလဲရှင့်။

​ဖြေ ။ ။ အဲဒီနှစ်ခုက ကွာခြားပါတယ်။ တဘက်ကတော့ အတင်းအဓမ္မ၊ မရရတဲ့နည်းနဲ့ လူတွေကို လိုက်ဖမ်းပြီတော့ စစ်တပ်ထဲဝင်ဖို့ သူတို့ လုပ်နေတယ်။ ဟိုဘက် တိုင်းရင်းသားလက်နက်ကိုင်တွေကြတော့ ဖိတ်ခေါ်တာ။ Volunterary အဲဒါ နှစ်ခု ကွာတယ်။ ဘာကြောင့်လဲဆိုတော့ Volunterary ကိုယ့်ဘာ သာ အလိုလိုလာတဲ့ လူတွေကြတော့ စစ်တပ်လို့ရှိရင် သူတို့ဆီမှာ Motivatation ပိုများတယ်။ ပိုကောင်းတယ်။ အတင်းအဓမ္မဆွဲပြီးတော့ တခါတည်းသွင်းရတဲ့ဟာကြတော့ To fight အတွက် Motivation မရှိဘူး။ အဲဒီဥစ္စာနှစ်ခုက ကွာတယ်။ ဆိုတော့ သူတို့ ပြန်မေးရမှာက ဒီဘက်က ဘာကြောင့် အတင်းခေါ်ရတာလဲ။ ဟိုဘက်ကကြတော့ အလိုလို Voluntary အနေနဲ့ ဖိတ်ခေါ်လိုက်တယ်။ အဲဒါတွေအတွက် စဉ်းစားဖို့ လိုတယ်။

မေး ။ ။ တဘက်မှာကြတော့ အခုလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဒီလို စစ်ကောင်စီက စစ်မှုထမ်းဥပဒေတွေကို ပြဌာန်းလိုက်တဲ့ အကျိုးဆက်အနေနဲ့ လူငယ်တွေက တိုင်းပြည်ကနေ မဖြစ်မနေထွက်ခွါဖို့ လုပ်နေကြတယ်။ ထွက်လည်းထွက်နေကြတယ်။ လမ်းကြောင်းမျိုးစုံနဲ့ အဲဒီအချိန်မှာ သူတို့က လူငယ်တွေကို ဖိတ်ခေါ်တဲ့အနေအထားကိုလည်း တွေ့ရတဲ့အခါကြတော့ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့တွေက အခုလို လူငယ်တွေကို သူတို့တွေအဖွဲ့တွေထဲဝင်ဖို့ ဖိတ်ခေါ်လိုက်တဲ့အပေါ် ဘယ်လိုသုံးသပ်ပါလဲရှင့်။

ဖြေ ။ ။ သူတို့အတွက် Options ရသွားတာပေါ့။ စစ်တပ် ဒီလိုမျိုးလုပ်လိုက်တဲ့အခါမှာ သူတို့အလိုလို Recruiting advertisement လို ဒီဘက်က ဖြစ်သွားတယ်။ ဆိုတော့ အဲဒါကြောင့်မို့ လူငယ်တွေလာလို့ရှိရင် သူတို့ ကြိုဆိုတယ်ဆိုတဲ့ဟာက လွယ်လွယ်လေး ဖြစ်သွားတယ်။ ကျမ အရင်ကတည်းကလည်း ပြောထားတယ်။ စစ်မှုထမ်းပေါ်လစီက စစ်အုပ်စုကို ပြန်ရိုက်ခတ်မယ်လို့ ပြောထားတယ်။ အဲဒီအတိုင်းပဲ ဖြစ်လာတယ်။ အံ့ဩစရာ မရှိပါဘူးလို့ ပြောနိုင်ပါတယ်။

မေး ။ ။ တဘက်မှာကြတော့ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းတဲ့နေရာမှာ သူတို့ပြောတဲ့အပိုင်းက အကြောင်းပြတဲ့ထဲမှာလည်း အခြားနိုင်ငံတွေမှာလည်း ဒီလိုမျိုး မဖြစ်မနေ စစ်မှုထမ်းရတဲ့ ဥပဒေမျိုးတွေ​ ရှိတယ်။ သူတို့ကြမှလုပ်တာ မဟုတ်ဘူး။ ဆိုတော့ ဒီလိုအခြားနိုင်ငံတွေ မဖြစ်မနေ စစ်မှုထမ်းဥပဒေ ပြဌာန်းလိုက်တဲ့အခြေအနေမျိုး မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဒီလိုစစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တဲ့ အခြေအနေနဲ့ ဘယ်လိုကွာခြားမှု ရှိပါသလဲရှင့်။

​ဖြေ ။ ။ ကွာခြားမှုကတော့ နှစ်ချက်သုံးချက်လောက် ရှိတယ်။ ပထမတခုကတော့ တခြားနိုင်ငံမှာရှိနေတဲ့ ဒီလိုမျိုး ဥပဒေတွေက ပြည်ပက ကိုယ့်ကိုယ်လာတိုက်တဲ့အခါ ပြန်ခုခံဖို့အတွက် တော်လှန်ဖို့အတွက် လုပ်တာ။ ပြည်တွင်းထဲမှာ တယောက်နဲ့တယောက်ကို ဖိနှိပ်ဖို့ လုပ်တဲ့ဟာ မဟုတ်ဘူး။ စစ်တပ်က အခုအချိန်မှာ ဒီဥစ္စာကို သုံးထားတာက ပြည်သူပြည်သားကို နှိပ်ကွပ်ဖို့ - အဲဒါက တခုကွာခြားချက်။ နောက်တခုကတော့ တခြားနိုင်ငံတွေမှာ လုပ်ထားတဲ့ဥစ္စာက ဥပဒေနဲ့ ကိုက်ညီတဲ့အစိုးရက ဥပဒေကို ချမှတ်တာ။ အခုက SAC စစ်ကောင်စီက ဥပဒေမဲ့အဖွဲ့တခု Military Junta ဖြစ်နေတယ်။ ဆိုတော့ သူတို့လုပ်နေတဲ့ဟာတွေအားလုံးက ဥပဒေနဲ့ မကိုက်ညီတဲ့ ဥစ္စာတွေ ဖြစ်နေတယ်။ နံပါတ်သုံးကြတော့ ဒီလိုဥပဒေတွေ ထွက်လာအောင် အခြားနိုင်ငံတွေ ထွက်လာတယ်ဆိုရင် - ဥပမာ US မှာဆို အဲဒီဥပဒေ ထွက်ပေမဲ့ လူတွေက တက်တက်ကြွကြွ လိုက်ပါလုပ်ကြတယ်။ ဒီဘက်ကတော့ တက်တက်ကြွကြွ မရှိဘဲနဲ့ အတင်းအဓမ္မ လူတွေကို ဖမ်းပြီးတော့ သွင်းနေရတာ။ အဲဒါတွေ ကွာြခားတယ်။ ဘာကြောင့် အဲဒီလို ဖြစ်သလဲဆိုတော့ ဒီဘက် စစ်တပ်က Professional မဟုတ်လို့။ စစ်တပ်က ပြည်သူလူထုရဲ့ ထောက်ခံမှု မရှိတော့လို့။ အဲဒါကြောင့် အတင်းအဓမ္မသုံးပြီးတော့ လူတွေကို ဆွဲခေါ်နေရတယ်။ အနည်းဆုံး ဒီသုံးခု ကွာြခားတယ်လို့ ပြောလို့ရတယ်။

မေး ။ ။ စစ်ကောင်စီက အကြောင်းပြတာကတော့ သတင်းမီဒီယာတွေဘက်က မမှန်မကန် သတင်းတွေ ထုတ်လွှင့်တယ်။ သူတို့ စစ်မှုထမ်းဥပဒေကို ပြဌာန်းတဲ့နေရာမှာ အသက်သွင်းတဲ့နေရာမှာ သူတို့က တခါတည်းဖော်ပြပြီသား။ အဆင့်လိုက်သွားမှာ ဖြစ်တယ်။ စစ်မြေပြင်ကို မလွှတ်ခင် သင်တန်းတွေ အရင်ပေးမှာ ဖြစ်သလို၊ ဒီပညာတတ်တဲ့အပေါ်မှာလည်း သူတို့တွေက ပိုင်းခြားပြီးတော့ အဆင့်လိုက်ကို ခွဲခြားပြီး တာဝန်ပေးမှာဖြစ်တယ်လို့ ပြန်ပြီးပြောဆိုထားတာတွေလည်း ရှိတယ်။ တဘက်မှာလည်း လူငယ်တွေက စစ်တပ်က သူတို့ကို လူသားဒိုင်းအဖြစ် စစ်မြေပြင်မှာ အသုံးချမှာကိုလည်း စိုးရိမ်နေသလို၊ အထူးသဖြင့် ဒီဥပဒေကြောင့် လမ်းသွားလမ်းလာ လုပ်ရင်တော့ အချိန်မရွေး ဖမ်းဆီးပြီးတော့ စစ်မြေပြင်ကို ပို့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေတော့ အဲဒါဘာကြောင့်ကွာနေတာလဲရှင့်။

ဖြေ ။ ။ ဒီစိုးရိမ်မှုတွေက ဘာကြောင့်လဲဆိုရင် တကယ်သတင်းတွေ ဖြစ်နေတာ တကယ်သူတို့ Kidnapping ဆွဲနေကြတာ၊ သူတို့အပြင်သွားရင် အများကြီးဘဲ ဒီလို Report တွေ ထွက်လာကြပြီ။ ဒါက Fake News မဟုတ်ဘူး၊ တကယ် မြန်မာနိုင်ငံထဲမှာနေတဲ့ သူတွေက ဒီလိုမျိုးတွေ ပြောနေကြတာ၊ ဟိုလူပျောက်သွားပြီ၊ ဒီလူပျောက်သွားပြီ၊ ဟိုလူဆွဲခံထိပြီ၊ ဒီလူဆွဲခံထိပြီ။ ဆိုတော့ ဒီကိစ္စကို ကလေးတွေက စိတ်ပူနေကြတာ။ သူတို့ စိတ်ပူစရာလည်း ရှိတယ်။ နောက်တခုကျတော့ စစ်တပ်က Professional စစ်တပ် မဟုတ်တော့တဲ့အတွက် ဘယ်သူမှ မဝင်ချင်ဘူး။ တကယ်လို့ စစ်တပ်က professional ဖြစ်မယ်၊ တကယ်စစ်တပ်က တကယ်နိုင်ငံကို ကာကွယ်ပေးနေတဲ့ စစ်တပ် ဖြစ်တယ်ဆိုရင် လူတွေ သူတို့ဘာသာ Voluntarily အလိုလို ဝင်လိမ့်မယ်။ ဒီလိုမျိုးလိုက်ပြီးတော့ ဖမ်းစီးပြီးတော့ လုပ်ရတယ်ဆိုတာနဲ့ ရာဇဝတ်ဂိုဏ်းရဲ့ လုပ်နည်းလုပ်ဟန်တွေ ဖြစ်တယ်။ Human trafficking ရာဇဝတ်ဂိုဏ်းတွေလုပ်တဲ့ လုပ်နည်းလုပ်ဟန်တွေ နောက်ပြီးတော့ အဲ့လိုမျိုးလုပ်ရတယ်ဆိုထဲက ရှုံးသွားပြီ။ ဘာလို့ဆို ယုံကြည်မှု မရှိလို့။ ပြည်သူလူထုရဲ့ ရိုသေမှု မရှိလို့၊ ပြည်သူလူထုရဲ့ လက်ခံမှု မရှိလို့။

မေး ။ ။ စောစောက ‌‌ဒေါက်တာမီမီဝင်းဘတ် ပြောသွားတဲ့ထဲမှာ Professional Army စစ်တပ်က တကယ် အရည်အချင်းပြည့်မီတဲ့ နိုင်ငံတကာအဆင့်မီတဲ့ စစ်တပ်မျိုး ဖြစ်ဖို့ဆိုရင် စစ်သားစုဆောင်းတဲ့အပိုင်းမှာ ဘယ်လို လိုက်နာကျင့်သုံးကြလဲရှင့်။ ဥပမာဆို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွကလည်း သူတို့စစ်သားစုဆောင်းရေး လုပ်လာတဲ့နေရာမှာ အခြားလူ့အခွင့်အရေး အဖွဲ့အစည်းတွေက ထောက်ပြတာတွေလည်း ရှိတယ်။ အတင်းအဓမ္မ သူတို့နယ်မြေတွေမှာ စုဆောင်းတာလည်းရှိတယ် ဆိုပြီးထောက်ပြတာတွေလည်းရှိတော့ တကယ့် အရည်အသွေးပြည့်မှီတဲ့ လက်နက်ကိုင်တပ်တွေ စစ်တပ်အနေနဲ့ သူတို့ဘယ်လို ပုံစံမျိုး စစ်သားစုဆောင်းရေးမှာ လိုက်နာကျင့်သုံးလေ့ရှိလည်းရှင့်။

ဖြေ ။ ။ ဒီ EAO တွေ တကယ်အဲ့လိုမျိုး စစ်တပ်လိုမျိုးလိုက်ပြီးတော့ Copy လုပ်ပြီးတော့ ဒီလိုမျိုးလုပ်တယ်ဆိုရင် သူတို့လည်း စစ်တပ်လိုမျိူးဘဲ ဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီကိစ္စက Fail Strategy၊ မအောင်မြင်တဲ့ လုပ်နည်းလုပ်ရက်တခု။ သူတို့ကိုလည်း ပြန်လာခိုက်လိမ့်မယ်။ ဆိုတော့ ဒါကိုလုပ်ဖို့လုံးဝ မသင့်ဘူး။ အခုချိန်မှာ လူတွေက ဒီအဖွဲ့အစည်းက ကိုယ့်ကိုရို‌သေစွာ၊ ကိုယ့်ကို Take care လုပ်မယ်၊ နောက်ပြီးတော့ professional ရှိတယ်ဆိုရင် ဒီအဖွဲ့ကို လူတွေက အလိုလို လာဲJoin လုပ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ Motivation ရှိတယ်။ ဒီဥစ္စာကို ပြန်တော်လှန်ဖို့။ အတင်းအဓမ္မ လုပ်လာပြီဆိုထဲက ဒါရှုံးဖို့ နည်းလမ်းဖြစ်သွားပြီ။ ဆိုတော့ ကျမပြောချင်တာ ကိုယ့်အဖွဲ့အစည်းကို Voluntarily Join လုပ်ချင်တယ်ဆို ကိုယ့်အဖွဲ့အစည်းက ဝင်လာတဲ့လူတွေကို Take care လုပ်ရမယ်။ နောက်ပြီးတော့ သူတို့ကို မှန်မှန်ကန်ကန် ဆက်ဆံရမယ်။ နောက်ပြီးတော့ သူတို့ Volunteer လုပ်လေလေ ပိုကောင်းလေ။ ရုရှားမှာ ပူတင်ကအရမ်း Popular ဖြစ်တဲ့ President ရုရှားထဲမှာ ဒါပေမယ့် သူစစ်မှု့ထမ်း Policy ကိုလုပ်လိုက်တဲ့အချိန်မှာ သူရဲ့ Popularity ကျတယ်။ များသောအားဖြင့် အမေတွေ၊ အမေတွေလုံးဝမကြိုက်ဘူး။ ဆိုတော့ အဲ့ဒီ့ ဥစ္စာတွေ ဖြစ်တတ်တယ်။ ဆိုတော့ ဒီ Policy မျိူးက အရမ်းစဥ်းစားရတယ်။ Popular ဖြစ်နေတဲ့ Russia တောင်မှ Government တောင်မှ ဒီလိုမျိုးလုပ်လိုက်ရင် Popularity ကျနိုင်တယ်။ မြန်မာစစ်တပ်က အစထဲက Popularity မရှိဘူး၊ လူတွေထောက်ခံမှု မရှိဘူး အားလုံး illegitimate လည်း ဖြစ်တယ်။ ဆိုတော့ သူတို့လုပ်လေလေ သူတို့အတွက်ကို ပြန်ပြီးတော့ ထိခိုက်လေလေ ဖြစ်လာတယ်။

မေး ။ ။ နောက်ဆုံးမေးခွန်းကတော့ အခုရခိုင် ပြည်နယ်မှာ လူမျိူးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်ဆိုပြီးတော့ စွပ်စွဲခံထားရတဲ့ စစ်တပ်ကနေပြီးတော့ သူတို့ ကျူးလွန်ခဲ့တဲ့၊ သူတို့ ဖိနှိပ်ခဲ့တဲ့ ရိုဟင်ဂျာတွေကို စစ်တပ်ထဲဝင်ရမယ် ဆိုပြီးတော့ လိုက်လံ စည်းရုံးနေတာ၊ နောက်ပြီးတော့ ခြိမ်းခြောက်တာတွေလည်း ရှိတယ်လို့ဆိုပြီး ဒေသခံ ရိုဟင်ဂျာတွေက VOA ကို ပြောပါတယ်။ အခုလို မြန်မာစစ်တပ်က သူတို့ အရင်တုန်းကတော့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံသား မဟုတ်ဘူးဆိုပြီး၊ မောင်းထုတ်ခဲ့တယ်။ ဖိနှိပ်ခဲ့တယ်ဆိုတဲ့ အနေအထားကနေပြီးတော့ အခုကျတော့ ခင်များတို့က နိုင်ငံသားတွေ ဖြစ်တယ်။ နိုင်ငံသားတိုင်း ဥပဒေလိုက်နာ ရမယ်ဆိုပြီးတော့ အခု စစ်တပ်ထဲဝင်ပြီးတော့ ရခိုင်တွေကို ပြန်တိုက်ဖို့ ခင်များတို့ ကာကွယ်ရမယ် ဆိုပြီးတော့ စစ်တပ်ပြောဆို စည်းရုံးနေတဲ့ အပေါ်မှာ ‌‌‌ဒေါက်တာ မီမီဝင်းဘတ် ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ ။ ။ ပထမပေါ့နော် ရိုဟင်ဂျာတွေ အရမ်းသနားဖို့ ကောင်းတယ်။ ဟိုဆွဲခံထိ၊ ဒီဆွဲခံထိ တခုခုဖြစ်လာရင် သူတို့ဘဲ suffering ပေါ့နော်။ အရမ်းပဲခံရတယ် ဆိုတော့ အရမ်းသနားဖို့ကောင်းတယ်။ အခုန ဒေါ်အင်ကြင်း ပြောသွားသ လိုဘဲ သူတို့လိုချင်တာ ဒီနေ့ Citizen မဟုတ်ဘူး၊ မနက်ဖြန်ကျ Citizen ဖြစ်တယ်။ သူတို့ လိုချင်တာနဲ့။ ဗလောင်း ဗလဲတွေ ပြောတယ်။ အဲ့ဒါကြောင့်မို့လည်း လူတွေက သူတို့ကို မယုံကြည်တာ။ သူတို့လုပ်တဲ့ဟာတွေက တကယ်ကို တရားမဝင်တာ၊ ဒီလိုမျိုးတွေ လုပ်တဲ့အခါမှာ သူတို့ရဲ့ Creditability အရမ်းကျတယ်။ သူတို့လုပ်ချင်တဲ့အခါ ဥပ‌ဒေသုံး၊ ဟိုစကားသုံးလိုက်၊ ဒီစကားသုံးလိုက် အမှန်တော့ သူတို့ လုပ်နေတဲ့ဟာတွေက ဥပဒေမဲ့ အလုပ်တွေဘဲလို့ ပြောလို့ရပါတယ်။

မေး ။ ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ‌ဒေါက်တာမီမီဝင်းဘတ်ရှင့်။ အခုလို အချိန်ပေးပြီးတော့ VOA မေးတဲ့ မေးခွန်းတွေကို ဖြေဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

ဖြေ ။ ။ ကျေးဇူးပါ။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */