" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, February 24, 2024

ရခိုင်တွင် စစ်ကောင်စီက ရိုဟင်ဂျာ ၄၀၀ ကျော်ကို ပြည့်သူ့စစ်သင်တန်းတက်ရမည်ဟုဆိုကာ ဖမ်းဆီး

မဇ္ဇျိမ
မင်းထက်
February 23, 2024
 

ပုံအညွှန်း – ၂၀၂၂ ခုနှစ်က ဧရာဝတီတိုင်းအတွင်း ဖမ်းဆီးခံရသည့် ရိုဟင်ဂျာလူမျိုးများ

(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ အမျိုးသား ဦးရေ ၄၀၀ ကျော်ကိုပြည်သူ့ စစ်သင်တန်းတက်ရမည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ရိုဟင်ဂျာအရေးကူညီဆောင် ရွက်ပေးနေသူများထံက သိရသည်။

စစ်တွေမြို့နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများနှင့် ကျေးရွာများမှ ရိုဟင်ဂျာ ဦးရေ ၃၀၀ ကျော်နှင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာ လေး ရွာမှ ရိုဟင်ဂျာ ဦးရေ ၁၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်ကအတည်ပြုပြောဆိုသည်။

” ရက္ခိုင့်တပ်တော်နဲ့တိုက်နေတဲ့နေရာမှာ သူတို့(စစ်ကောင် စီတပ်များ)သေမယ့်အစား ရိုဟင်ဂျာတွေကို အတင်းအဓမ္မခေါ်ပြီးတော့ရှေ့တန်းမှာ လူသားဒိုင်းပုံစံမျိုးနဲ့သုံးပြီးတော့ စစ်တိုက်မယ်ဆိုတဲ့အနေ အထားမှာလည်းရှိတယ်။ ဒီရည် ရွယ်ချက်တွေနဲ့လုပ်နေတယ်လို့ ကျွန်တော်မြင်တယ်”ဟု ရိုနေဆန်းလွင်ကသုံးသပ်ပြောဆိုသည်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများနှင့် အဆက်အသွယ်ရှိသူတဦးကလည်း စစ်တွေမြို့နယ်မှ ဘောဒူဖ(၁)၊ ဘောဒူဖ (၂)၊ အုန်းတောကြီးတောင်၊ အုန်းတောကြီးမြောက်တို့မှ ရိုဟင်ဂျာစုစုပေါင်း ၃၀၀ ကျော်ကို စစ်တပ်ကဖမ်းဆီးခဲ့ကြောင်း အတည်ပြုပြောဆိုသည်။

“ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြည်သူ့စစ်သင်တန်းတက်ဖို့ စည်းရုံးပြီး ရက်ပိုင်းအကြာမှာပဲ စစ်ကောင်စီတပ်က ရိုဟင်ဂျာတွေကို စစ်ကာနဲ့ လာခေါ်သွားတာ” ဟု ရိုဟင်ဂျာတဦးက ပြောသည်။

လက်ရှိတွင် မောင်တောမြို့နယ်အတွင်းရှိ ရိုဟင်ဂျာများ၏စာရင်းကိုလည်း ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ကောက်ယူခိုင်း နေသည်ဟုလည်း ရိုနေဆန်းလွင်က ပြောသည်။

“ အဓိကကတော့ စစ်တပ်က ရက္ခိုင့်တပ်တော်မနိုင်တော့ စစ်ရှုံးနေတော့ တိုက်ပွဲကိုပဲအာရုံရှိတဲ့ လူထုကိုအာရုံပြောင်းဖို့ လူမျိုးရေး အဓိကရုဏ်းတွေ ၊ ဘာသာရေးအဓိကရုဏ်းတွေ အကြမ်းဖက်မှုတွေဖန်တီးတဲ့ပုံစံတွေလုပ်နေတယ်။ ရိုဟင်ဂျာတွေက စစ်တပ်ဘက်ကို ဝင်သွားမယ်ဆိုရင် ရက္ခိုင့်တပ်တော်ကလည်းကျေနပ်မှာမဟုတ်ဘူးလေ”ဟု ၎င်းကဆိုသည်။



ကျေးရွာအုပ်ချုပ်ရေးမှူးများအား ကျေးရွာရှိလူဦးရေပါ်မူတည်၍ တရွာလျှင် ရိုဟင်ဂျာဦးရေ အနည်းဆုံး ၅၀ မှ ၁၀၀ အထိ ပေးရမည်ဟု စစ်ကောင်စီတပ်ဖွဲ့များက ဖိအားပေးပြီး ပြည်သူ့စစ်သင်တန်းတက်ရန် လူရှာခိုင်းနေခြင်းဖြစ်သည်ဟုလည်း ရိုနေဆန်းလွင်က ပြောသည်။

ရိုဟင်ဂျာများအား မှတ်ပုံတင်လုပ်ပေးမည်ဟုပြောဆိုကာ စည်းရုံးခြင်းများ၊ ငွေ ကျပ် ၅၀,၀၀၀ ပေးမည်ဟုဆိုကာ စည်းရုံးခြင်းနှင့် ပြည်သူ့စစ်သင်တန်းတက်ပြီးပါက လစာ ကျပ်၁၅၀,၀၀၀ ပေးမည်ဟုပြောဆိုကာ စည်းရုံးခြင်းများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြုလုပ်နေသည်ဟုသိရသည်။

ပြည်သူ့စစ်သင်တန်းတက်ရမည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာများကို စစ်ကောင်စီတပ်ဖွဲ့များက ၎င်းတို့၏ အခြေစိုက်စခန်းများအတွင်း စစ်သင်တန်းပေးနေကြောင်း၊ ပြည်သူ့စစ်သင်တန်းတက်ရန် အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရမည်ကို ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများ စိုးရိမ်နေကြကြောင်း ရိုဟင်ဂျာအရေးကူညီဆောင်ရွက်ပေးနေသူများ၏ ပြောပြချက်အရသိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က မြန်မာနိုင်ငံရှိ အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အမိန့်အာဏာတည်စေပြီဖြစ်ကြောင်း စစ်ကောင်စီကကြေညာခဲ့သည်။

ထိုသို့ကြေညာပြီးနောက် မြန်မာနိုင်ငံအနှံ့တွင် စစ်တပ်က ပေါ်တာဆွဲသည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပြီး လူပျောက်ကြော်ငြာများကိုလည်း လူမှုကွန်ရက်တွင် ခပ်စိတ်စိတ် တွေ့လာရသည်။

ယင်းပြင် ပြည်သူ့စစ်သင်တန်းတက်ရမည်ဟုဆိုကာ မြို့ နယ်အလိုက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို စစ်သင်တန်းတက်ရန် လူရှာခိုင်းခြင်းများကိုလည်း စစ်ကောင်စီကပြု လုပ်ခဲ့ပြီး လက်ရှိတွင် ရိုဟင်ဂျာလူမျိုးများကိုပါ ပြည်သူ့ စစ်သင်တန်းတက်ရန် ဖမ်းဆီးနေခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားများသည် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ၊ ဆရာဝန်၊ အင်ဂျင် နီယာနှင့် စက်မှုလက်မှု သို့မဟုတ် အတက်ပညာနှင့် အ သက်မွေးသူများသည် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

အမျိုးသမီးများသည် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း၊ ဆရာဝန်၊အင်ဂျင်နီယာနှင့် စက်မှုလက်မှု သို့ အတက်ပညာနှင့် အသက်မွေးသူများသည် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

စာတည်း ။ ။အောင်ကျော်ဖြိုး

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */