" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, January 26, 2024

စစ်တွေဒေသခံ သောင်းနဲ့ချီ မြို့ကို စွန့်ခွာနေ

RFA
RFA Burmese
2024.01.26 

ရန်ကုန်မြို့ကိုထွက်ခွာရန် စောင့်ဆိုင်းနေသည့် ဒေသခံအချို့ကို စစ်တွေလေဆိပ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ RFA

ရခိုင်ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့ပေါ်မှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်လာနိုင်တယ်ဆိုပြီး သောင်းနဲ့ချီတဲ့ စစ်တွေမြို့ခံတွေဟာ မြို့ကို တဖြည်းဖြည်း စွန့်ခွာထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့က နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွားလာပြီးနောက် စစ်ကောင် စီက ကုန်းလမ်း၊ ရေလမ်းတွေအားလုံးကို ပိတ်ဆို့ဖြတ်တောက်ထားသလို စစ်တွေမြို့ မှာလည်း ခံတပ်တစ်ခုလို အင်အားဖြည့်နေရာယူထားတာပါ။ မြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်လာခဲ့ရင်လည်း ရုတ်တရက် ထွက်ပြေးတိမ်းရှောင်နိုင်မယ့်လမ်းကြောင်းမရှိတာကြောင့် လေကြောင်းခရီးနဲ့ ကြိုတင် တိမ်းရှောင်နေကြတာလို့လည်း ပြောကြပါတယ်။

“စစ်တွေမြို့ အခြေအနေကကျတော့ ကုန်းလမ်းရော၊ ရေလမ်းရော သွားလို့မရတဲ့အခြေ အနေရှိတယ်။ စိုးရိမ်လို့ ရန်ကုန်ကို ထွက်ပြေးတိမ်းရှောင်ကြတာရှိတယ်ပေါ့လေ"
စစ်တွေမြို့ကနေ ရန်ကုန်မြို့ကို တစ်နေ့လေယာဉ်လေးစင်းနဲ့ လူပေါင်း နှစ်ရာကျော်ခန့် နေ့စဉ်ထွက်ခွာနေကြပြီး အချို့ကတော့ လေယာဉ်ကို စုပေါင်းငှားရမ်းပြီး သွားတာတွေရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်တွေမြို့ အခြေအနေကကျတော့ ကုန်းလမ်းရော၊ ရေလမ်းရော သွားလို့မရတဲ့အခြေအနေရှိတယ်။ စိုးရိမ်လို့ ရန်ကုန်ကို ထွက်ပြေးတိမ်းရှောင်ကြတာရှိတယ်ပေါ့လေ။ အဲဒီမှာ လေကြောင်းလိုင်းတွေနဲ့ သွားရတယ်။ လေ ယာဉ် လက်မှတ်တွေက ငွေကျပ်သုံးသိန်းခွဲကနေ ငါးသိန်းလောက်အထိ ပေးပြီးဝယ်ကြရတယ်။ တချို့တွေက လေယာဉ်လက်မှတ်မရတော့ စင်းလုံးငှားပြီးသွားကြတာလည်းရှိတယ်။ တစ်ရက်မှာ လေယာဉ် လေးစင်းစာ လောက်က နေ့တိုင်းလိုလိုသွားနေကြတယ်”

စစ်တွေမြို့မှာ လုံခြုံရေးအတွက် စိုးရိမ်လာနေရတာကြောင့် သူ့အနေနဲ့လည်း မိသားစုလိုက် ရန်ကုန်မြို့ကို တိမ်းရှောင်ဖို့ စီစဉ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

“ကျွန်တော့်မှာက မိသားစုတွေ၊ ကလေးတွေနဲ့ဆိုတော့ တစ်ခုခုဖြစ်ရင်၊ ပြေးရလွှားရရင် အဆင်မပြေမှာစိုးလို့ ရန်ကုန်ဘက်ကိုသွားဖို့ လုပ်ထားတာပါ။ ရန်ကုန်မှာဆို ပိုပြီးလုံခြုံမလားလို့ပါ။ နောက်ပြီးတော့ ကလေးတွေနဲ့ ဆိုတော့ တိုက်ပွဲတွေကြားမှာ သူတို့လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တာတွေရှိတယ်ပေါ့လေနော်။ အဲဒီလို အခက်အခဲတွေနဲ့ သူတို့ကို မနေခိုင်းချင်ဘူးပေါ့”

စစ်တွေမြို့ကနေ ရန်ကုန်မြို့ကို သွားရောက်တာတွေ များနေတာကြောင့် လေယာဉ်လက်မှတ်တွေလည်း လာမယ့် မတ်လကုန်အထိ ပြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

လက်ရှိ စစ်တွေမြို့အပါအဝင် ရခိုင်မြောက်ပိုင်းမြို့နယ်တွေမှာ ဖုန်းလိုင်းရော အင်တာနက်လိုင်းတွေပါ ပြတ် တောက်နေပြီး အချို့နေရာတွေမှာတော့ မိုင်တဲ ဖုန်းလိုင်းတစ်ခုသာ ဆက်သွယ်လို့ ရနေတာပါ။ စစ်တွေမြို့ ပေါ်က ဘဏ်တွေမှာလည်း ငွေသားကို အကန့်အသတ်နဲ့သာ ထုတ်ပေးပြီး တစ်ခါထုတ်ဖို့ တစ်ရက်၊ နှစ်ရက်စောင့် ရ တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အခြေခံစားသောက်ကုန်တွေလည်း စျေးအဆက်မတန် မြင့်တက် နေတာကြောင့် အတော်လေး ခက်ခဲနေကြတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ငွေကြေးတတ်နိုင်သူတွေကတော့ လုံခြုံမယ့် နေရာတွေဆီကို ထွက်ပြေးနေကြပေမယ့် ငွေကြေးမတတ်နိုင်တာကြောင့် စစ်တွေမြို့ပေါ်မှာ ဖြစ်သလိုရင်ဆိုင်ဖို့ ဆုံးဖြတ်ထားကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့နောက် ထပ် စစ်တွေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပိုက်ဆံတတ်နိုင်တဲ့သူတွေကျတော့ ရန်ကုန်ဘက်တွေကို ပြေးတဲ့သူတွေရှိတယ်။ ဒါပေမဲ့ အောက်ခြေလူတွေ၊ လေယာဉ်ဖိုးမတတ်နိုင်တဲ့သူတွေတော့ ဘယ်ပြေးလို့ရမလဲ။ အဲဒီမှာနေဖို့စားဖို့၊ အကုန်လုံး မတတ်နိုင်ကြဘူးလေ။ ဒါကြောင့် ဒီမှာပဲ ဖြစ်သလိုနေမယ့်သူတွေလည်း အများကြီးရှိပါတယ်”

ဒါကြောင့် နေအိမ်တွေမှာ ဗုံးခိုကျင်းတူးတာတွေ၊ သဲအိတ်တွေနဲ့ အကာအကွယ်လုပ်ထားတာတွေအပြင် လုံခြုံ နိုင်မယ့်နေရာတွေ ရှာဖွေ၊ ပြင်ဆင်ထားကြတယ်လို့လည်း ဆိုပါတယ်။

အချို့လူတွေကတော့ နီးစပ်ရာ ကျေးလက်ဒေသတွေဆီကို သွားနေကြတာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့တစ်နေရာအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်တွေမြို့မှာရှိတဲ့ စစ်တွေတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာ တက္ကသိုလ်က ကျောင်းသူ၊ ကျောင်း သားအများအပြားဟာလည်း ရန်ကုန်နဲ့ တခြားတိုင်းနဲ့ပြည်နယ်တွေက တက္ကသိုလ်တွေကို ပြောင်းရွှေ့နေတယ်လို့ ကျောင်းသားတွေက RFA ကို ပြောပါတယ်။

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ၂၀၁၉ စာရင်းအရ စစ်တွေမြို့ပေါ်မှာ နေထိုင်သူဦးရေဟာ တစ်သိန်း နှစ်သောင်းကျော်ရှိပါတယ်။ အဲဒီအထဲက မြို့ကိုစွန့်ခွာသူဦးရေဟာ သုံးဆယ်ရာခိုင်နှုန်းလောက်အထိ ရှိနိုင်တယ်လို့ ဒေသခံအချို့က ခန့်မှန်းကြပေမယ့် ဒီအရေအတွက်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ တိတိကျကျ ထုတ်ပြန် ပြောဆိုထားတာ မရှိသေးပါဘူး။

စစ်တွေဒေသခံတွေ မြို့ကိုစွန့်ခွာထွက်ပြေးနေကြတာတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည် နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းဆက်ခဲ့ပေမယ့် စက်ပိတ်ထားတာကြောင့် မေး မြန်းလို့ မရခဲ့ပါဘူး။

စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းကတော့ ရခိုင်ပြည်နယ်မှာ အခုကာလအတွင်း စီမံအုပ်ချုပ် ရေးပိုင်းနဲ့ တခြားလုပ်ငန်းတွေမှာ လုံခြုံရေးအတွက်ကိုပဲ အဓိကထားဆောင်ရွက်နေရတယ်လို့ ဇန်နဝါရီလ ၂၀ ရက်နေ့ က ပြည်နယ်အဆင့်ဌာနဆိုင်ရာတွေနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ စစ်တွေမြို့ရဲ့ အရှေ့ဘက်ကမ်းမှာရှိတဲ့ ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် (AA) က အလုံးစုံထိန်းချုပ် သိမ်းပိုက်ထားပြီး အခြားမြို့တွေကိုလည်း သိမ်းပိုက်နိုင်ဖို့ အေအေအဖွဲ့က ဆက်ကြိုးစားနေတာတွေ့ရတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */