" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, January 23, 2024

ရုရှားနဲ့ မြောက်ကိုရီးယား အလွမ်းသင့်နေချိန်မှာ တရုတ်က ဘာလို့ခပ်ခွာခွာ ရှိနေတာလဲ

Nikkei Asia
2024 Jan'23


ရုရှားနဲ့ မြောက်ကိုရီးယား အလွမ်းသင့်နေချိန်မှာ တရုတ်က ဘာလို့ခပ်ခွာခွာ ရှိနေတာလဲ

မြောက်ကိုရီးယား ၏ ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်သည့် ဖြစ်ရပ်အပေါ် လူပြောများနေချိန် ပြီးခဲ့သော နိုဝင်ဘာလအတွင်းတွင် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတို့သည် လေးနှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြသည်။ အဆိုပါတွေ့ဆုံမှု၌ တရုတ်က မိမိအနေဖြင့် အရှေ့မြောက်အာရှဒေသကို တည်ငြိမ်အောင် ထိန်းညှိသူ ‘Stabiliser’ အဖြစ် ရှိနေမည်ဟု ကတိပြုသလို ဒေသတွင်းအုပ်စုဖွဲ့ ပူးပေါင်းမှုကိုလည်း ဆန့်ကျင်ပြော ကြားခဲ့သည်။

အိမ်ဖြူတော်နှင့် အမေရိကန် ရေတပ်စခန်းများကို ထောက်လှမ်းနိုင်စွမ်းရှိသည်ဟု ဆိုသည့် မြောက်ကိုရီးယား ဂြိုဟ်တုသည် ရှေ့ပိုင်းတွင် လွှတ်တင်မှုများ ပျက်ကျခဲ့ပြီးနောက် ပထမဆုံးအဖြစ် အောင်မြင်စွာ လွှတ်တင်နိုင် ခဲ့ ပြီ ဖြစ်သည်။

ဤဖြစ်ရပ်ကြောင့် တောင်ကိုရီးယား ထောက်လှမ်းရေးအနေဖြင့် မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် အ သုံးပြုရန် ရုရှားကို လက်နက်များ ထောက်ပံ့နေပြီး အပြန်အလှန်အားဖြင့် ရုရှားထံမှ အရေးပါသည့် နည်းပညာ အ ကူအညီများ ရရှိနေသည်ဟု ယူဆစရာ ဖြစ်လာသည်။ ရုရှားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံလုံးကတော့လက်နက် ထောက်ပံ့သည် ဆိုသည့်အချက်ကို ငြင်းဆိုထားကြသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း တို့ ကြုံတောင့်ကြုံခဲ့ တွေ့ဆုံခဲ့ကြချိန်၌ လက်နက်ထောက်ပံ့သည့်ကိစ္စကို ဆွေးနွေးခဲ့ကြသည်ဟု ခန့်မှန်းသုံးသပ် မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့သည်။ အဆိုပါနှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံမှုများကတော့ နိုင်ငံတကာက ဖယ် ကြဉ်ထားမှုအောက်မှာပင် ပိုမိုအားကောင်းလာခဲ့သည်။

ပြုံယမ်းနှင့် မော်စကိုတို့၏ အနီးကပ်မဟာမိတ်ဖြစ်သော ဘေဂျင်းသည် အဆိုပါနှစ်နိုင်ငံ ပိုမိုရင်းနှီးလာမှုနှင့် ပတ် သက်၍ မသိလိုက်မသိသာ အခြေအနေဖြင့် မှေးလိုက်နေပြီး ၎င်းတို့၏ပူးပေါင်းမှုသည် ထိုနှစ်နိုင်ငံနှင့်သာ သက် ဆိုင်ပြီး တရုတ်အနေဖြင့် ပါဝင်စွက်ဖက်ရန် မရှိဟူ၍သာ ပြောကြားထားသည်။

တရုတ်နှင့်အတူ သုံးနိုင်ငံ ရေတပ်စစ်ရေးလေ့ကျင့်မှု ပူးပေါင်းပြုလုပ်ရန် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေရွှိုင်ဂု က မြောက်ကိုရီးယားကို ကမ်းလှမ်းခဲ့သည် ဆိုသည့်သတင်းများနှင့် ပတ်သက်၍လည်း တရုတ်သည် နှုတ်ဆိတ် လျက်ရှိသည်။လေ့လာသူများကတော့ ရုရှား၊ မြောက်ကိုရီးယားတို့နှင့် အုပ်စုဖွဲ့ပေါင်းမိပြီး သုံးနိုင်ငံမဟာမိတ်ဖြစ် သွားကာ ‘စစ်အေးတိုက်ပွဲသစ်’ ထွက်ပေါ်လာလျှင် အမေရိကန်ကလည်း အာရုံစိုက်မှု များလာပြီးဒေသတွင်းတင်း မာမှုများ မြင့်တက်လာမည်ကို တရုတ်က အထူးသတိထားနေသည်ဟု ပြောကြသည်။

ဘေဂျင်းသည် နှစ်နိုင်ငံလုံးနှင့် အနီးကပ် ဆက်ဆံရေး ရှိထားသော်လည်း သုံးနိုင်ငံ မဟာမိတ်ပုံစံဖြင့် ‘‘အုပ်စုဖွဲ့မှု” သဘော ထွက်ပေါ်လာမည်ကို ရှောင်ရှားလိုသည်ဟု တရုတ်ပြည် အရှေ့မြောက်ပိုင်းရှိ ကျီလင်းတက္ကသိုလ်မှအာရှ အရှေ့မြောက်ပိုင်း လေ့လာရေး ပညာရှင်တစ်ဦးဖြစ်သူ ဘီယွန်အယ်လက်ဇန်ဒါဒူဘင်က ယူဆသည်။ရုရှားဝန်ကြီး ချုပ် မီခေးမစ်ရှုစတင်နှင့် မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပါ့ခ်မြုံဟိုတို့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လလယ်ပိုင်းက တရုတ်နိုင်ငံသို့ သီးခြားစီ သွားရောက်ခဲ့ပြီး တရုတ် ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ တရုတ်ခေါင်းဆောင်များကလည်း နှစ်နိုင်ငံလုံးနှင့် မဟာဗျူဟာဆက်ဆံရေးများ အားကောင်းစေမည်ဟု ကတိပြုခဲ့သည်။ 

“မူအားဖြင့်က တရုတ်ဟာ (ရုရှားနဲ့ မြောက်ကိုရီးယား) ဆက်ဆံရေး နက်ရှိုင်းလာတာကို သဘောကျနိုင်တယ် ဆိုပေမယ့် လက်တွေ့မှာတော့ သူတို့ရဲ့ အကျိုးစီးပွားတွေက ကွာခြားကြပါတယ်” ဟု ဒူဘင်က ပြောသည်။
“ရုရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံလုံးဟာ နိုင်ငံတကာစနစ်မှာ ဖျက်လိုဖျက်ဆီး လုပ်ဖို့အတွက် မက်လုံးတွေ ရှိကြတယ်။ မတူတာက တရုတ်မှာကျတော့ (လတ်တလောမှာ) ဒီအတွက် အကျိုးရလဒ် မရှိဘူး။ တရုတ်က နိုင်ငံတကာ တည်ငြိမ်ရေးကို လိုအပ်တယ်” ဟု သူကဆိုသည်။

“အမေရိကန်ကို အလုပ်ရှုပ်နေစေဖို့အတွက် အသေးအမွှား ကိစ္စလေးတွေ ပေါ်လာတာက ဘေဂျင်းအတွက် ပြ ဿနာမရှိဘူး။ ဒါပေမဲ့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ နက်ရှိုင်းကြီးမားတဲ့ မတည်ငြိမ်မှုမျိုး၊ အထူးသဖြင့် တရုတ် အတွက် သဘောကျစရာ မဟုတ်တဲ့ စီးပွားရေးအခြေအနေမျိုးနဲ့ ပတ်သက်တဲ့ မတည်ငြိမ်မှုမျိုးတော့ တရုတ်က မလိုချင်ဘူး” ဟု ဒူဘင်က ပြောသည်။ ဘေဂျင်းသည် အနောက်နှင့်သာမက တောင်ကိုရီးယားဂျပန်တို့နှင့်ပါဆက် ဆံရေး ကောင်းမွန်တိုးတက်လိုစိတ် ရှိသေးသည်ဟုလည်း သူက ဖြည့်စွက်ပြောကြားသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တွေ့ဆုံခဲ့ကြစဉ်က ခေါင်းဆောင်တို့သည် အင်အားကြီးနှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာနေသည့်အပေါ် ထိန်းထိန်းသိမ်း သိမ်း ဆောင်ရွက်ကြရန် သဘောတူခဲ့ကြသည်။ သို့သော်လည်း အင်ဒို-ပစိဖိတ်ဒေသတွင် စစ်ပြိုင်ဆိုင်မှု မြင့်တက် လာနေခြင်းကဲ့သို့ အရေးပါသည့် ပြိုင်ဆိုင်မှုမျိုးနှင့် ပတ်သက်၍မူ အဖြေရှာခြင်းမရှိခဲ့ပေ။အမေရိကန်နှင့် ၎င်း၏ တရားဝင်မဟာမိတ် ဂျပန်၊ တောင်ကိုရီးယားတို့သည် သူတို့အဆို ‘ဆရာကြီးလုပ်မှု ပိုများလာနေသည့်’ တရုတ်ကို အင်ဒို-ပစိဖိတ်ဒေသတွင် ရင်ဆိုင်ရန်အတွက် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင် လာကြ သည်။ ဘေဂျင်းနှင့် အဆိုပါ အာရှအိမ်နီးချင်းနှစ်နိုင်ငံ အကြားက ဆက်ဆံရေးမှာလည်း ပြီးခဲ့သောနှစ်များအတွင်း အက်ကြောင်းများ ရှိလာနေသည်။

သို့သော်လည်း ၂၀၂၃ နိုဝင်ဘာတွင် ကျင်းပခဲ့သည့် တရုတ်-ဂျပန်-တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများ အ စည်းအဝေး၌မူ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် ပြန်လည်အာရုံစိုက်ရန် ရည်ရွယ်ချက်ဖြင့် ဆက်ဆံရေး ကို ပြန်လည်ဖာထေးနိုင်မည့် အခွင့်အလမ်းသစ်တစ်ရပ် ထွက်ပေါ်လာခဲ့သည်။ 

အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့အကြား ဆက်ဆံရေး တိုးတက်လာသည့် အရိပ်လက္ခဏာများ လတ်တ လော မြင်တွေ့နေရသည် ဖြစ်ရာ တရုတ်သည် ပူးတွဲ စစ်ရေး လေ့ကျင့်မှုကဲ့သို့ တင်းမာမှုများ တစ်ကျော့ပြန် မြင့် တက်စေနိုင်သည့် လုပ်ရပ်များကို ရုရှား၊ မြောက်ကိုရီးယားတို့နှင့် တွဲဖက် ဆောင်ရွက်နိုင်ခြေ မရှိလောက်ဟု ရန် မင်တက္ကသိုလ်ရှိ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခတစ်ဦးဖြစ်သူ ရှီယင်ဟောင်က သုံးသပ်သည်။

“(ကိုရီးယား)ကျွန်းဆွယ်ရဲ့ အနေအထားက အန္တရာယ်ရှိဆဲပါပဲ” ဟု ရှီက ပြောသည်။“ဒီကျွန်းဆွယ်ဒေသမှာတင်း မာမှုတွေ မြင့်တက်စေတဲ့ အရင်းအမြစ်တွေထဲက တစ်ခုဖြစ်တဲ့ မြောက်ကိုရီးယားနဲ့က လုံလောက်တဲ့နီးကပ်မှု ရှိ ထားပြီးသားဆိုတော့ ဒီထက်ပိုနီးဖို့ လိုတယ်လို့ တရုတ်က မယူဆတော့ဘူး” ဟု သူကဆိုသည်။

တရုတ်နှင့် အမေရိကန်တို့သည် ဒီဇင်ဘာလ ၂၆ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်တွေ့ဆုံပြီးမြောက် ကိုရီးယားအရေးကို ဆွေးနွေးစဉ် နှစ်ဘက်အပြန်အလှန် ပြစ်တင်ပြောကြားမှုများ ရှိခဲ့သည်။ မြောက်ကိုရီးယား သည် ၂၀၂၃ ခုနှစ်တွင် ငါးကြိမ်မြောက် တိုက်ချင်းပစ်ဒုံးကျည် စမ်းသစ်ပစ်ခတ်မှုကို ပြုလုပ်ခဲ့သည်။ တောင်ကိုရီး ယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မည့် အစီအစဉ်၌ နျူကလီးယားစစ်ဆင်ရေး လေ့ကျင့်မှုများပါ ထည့်သွင်းရန် အမေ ရိကန်က စီစဉ်ထားသလို အမေရိကန် နျူကလီးယားရေငုပ်သင်္ဘောတစ်စင်းတောင်ကိုရီးယားဆိပ်ကမ်းသို့ရောက် ရှိလာပြီးနောက်တွင် မြောက်ကိုရီးယားဘက်က ယခုကဲ့သို့ ဒုံးကျည်စမ်းသပ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

လုံခြုံရေးကောင်စီ၌ အမေရိကန်ကိုယ်စားလှယ်က ပြုံယမ်းကို အရေးယူနိုင်ရေးအတွက် တရုတ်နှင့် ရုရှားတို့ ပူး ပေါင်း ပါဝင်ပေးရန် တောင်းဆိုခဲ့သည်။ ထို့အတူ တရုတ်ဘက်က ကိုယ်စားလှယ် ဂင်ရွှန်းကလည်း ‘နိုင်ငံတစ်ခု’ သည် ဟန့်တားနှောင့်ယှက်မှုများ တိုးမြှင့်ဆောင်ရွက်ကာ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက် အောင် ဆောင်ရွက်နေသလို ဒေသတွင်း စစ်ရေးမဟာမိတ်များလည်း အားကောင်းအောင်လုပ်နေသည်ဟုအမေရိ ကန်ကို သိမ်းကျုံးရည်ညွှန်း ပြောကြားခဲ့သည်။

ဘေဂျင်းသည် မြောက်ကိုရီးယား၏ စစ်ရေးဆောင်ရွက်ချက်များကို ရှုတ်ချရန်တွန့်ဆုတ်နေသလိုလုံခြုံရေးကောင် စီ၏ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များကိုလည်း ဆန့်ကျင်သည်။ ဤလုပ်ရပ်များက ပြဿနာကို ပြေလည်သွားစေ မည် မဟုတ်ဟု ဘေဂျင်းက ပြောဆိုသည်။ ၎င်းတို့အစား ပြုံယမ်း၏ လုံခြုံရေးစိုးရိမ်မှုများကို ဖြေရှင်းပေးနိုင်ရေး အတွက် နှစ်ဘက်အပြန်အလှန် ဆိုင်းငံ့ကာ နျူကလီးယားလက်နက် လျှော့ချရေးသို့ ချဉ်းကပ်နိုင်မည့် အစီအစဉ် ကို တောင်းဆိုသည်။ တရုတ်၏ တောင်းဆိုချက်အရ ဆိုလျှင် မြောက်ကိုရီးယားဘက်က နျူကလီးယားအစီအစဉ် ကို ရပ်ဆိုင်းရမည် ဖြစ်သလို တောင်ကိုရီးယားနှင့် အမေရိကန်တို့ကလည်း ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ရပ် ဆိုင်းရမည် ဖြစ်သည်။

မြောက်ကိုရီးယားသည် ယခင်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်တွင် နျူကလီးယားအရေး ဆွေးနွေးမှုကို အမေရိ ကန်နှင့် အကြိမ်အနည်းငယ် ပြုလုပ်ခဲ့ဖူးသည်။ သို့သော်လည်း နျူကလီးယားလက်နက် လျှော့ချရေးအတွက် ဘုံ သဘောတူညီချက်တစ်ရပ် မရနိုင် ဖြစ်ခဲ့ပြီးနောက်တွင် အဆိုပါ ဆွေးနွေးမှုများမှာ ရှေ့ဆက်တိုးမလာတော့ပေ။ ထိုအချိန်တည်းက ပြုံယမ်းသည် ဒုံးကျည်လွှတ်တင်မှုများ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သလို ခုနစ်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုတစ်ရပ် ပြုလုပ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။ အမေရိကန်နှင့် တောင်ကိုရီးယား တို့ကလည်း နှစ်နိုင်ငံ အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

တရုတ်သည် မြောက်ကိုရီးယားကို အလွန်အမင်း ဖိအားပေးလျှင် ရန်ဘက်ဖြစ်သွားမည်ကို စိုးရိမ်သည့်အတွက် ဘေဂျင်းသည် ပိုနေမြဲကျားနေမြဲ အနေအထားကို ဆက်လက်ထိန်းသိမ်းခြင်းအား သဘောကျဖွယ်ရှိသည်ဟု လေ့ လာသူများက ပြောကြသည်။

တင်းမာနေသည့် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု အနေအထားအရ ဆိုလျှင် ဝါရှင်တန်က မြောက်ကိုရီးယား၏ စစ်ရေးခြိမ်းခြောက်မှုများနှင့် အလုပ်ရှုပ်နေခြင်းသည် ဘေဂျင်းအတွက် အကျိုးရှိသည်ဟု စင်္ကာပူရှိ လီကွမ်ယု ပြည်သူ့ရေးရာမူဝါဒ တက္ကသိုလ်၏ တရုတ်နှင့်ကိုရီးယားအရေး အထူးလေ့လာသူ ယောင်ဝုခ်ယူးက မှတ်ချက်ပြု သည်။

 “ဘေဂျင်းအနေနဲ့ ကိုရီးယားကျွန်းဆွယ်မှာ မငြိမ်သက်မှုနဲ့ ပဋိပက္ခတွေ ဖြစ်ပွားအောင် တမင်တကာ လှုံ့ဆော် တာ မျိုး မလုပ်သော်လည်း တကယ့်မြေပြင်မှာ စစ်ရေးပဋိပက္ခ အဆင့်ထိ မရောက်ပေမယ့် ဒီကျွန်းဆွယ် မတည် ငြိမ်မှုရှိလာခဲ့ရင် အမေရိကန်နဲ့ ဂျပန်လိုမျိုး အဓိကမဟာမိတ် တွေရဲ့ အာရုံစိုက်မှုနဲ့ အရင်းအမြစ်တွေဟာ လမ်း ကြောင်း ပြောင်းသွားမှာ ဖြစ်တဲ့အတွက် တရုတ်အတွက် အကျိုးရှိနိုင်ပါတယ်” ဟု သူက ဆိုသည်။

မြောက်ကိုရီးယား၏ ရန်စသည့်လုပ်ရပ်များတွင် ဘေဂျင်းအနေဖြင့် အပြုသဘောဆောင် ထိန်းကျောင်းမှုများမည် မျှအတိုင်းအတာအထိ ဝင်ပါမည်ကို စဉ်းစားစရာရှိသလို ပြုံယမ်းအနေဖြင့်လည်း ဘေဂျင်း၏ အကြံပြုချက် များ ကို မည်မျှအထိ လိုက်နာမည်ဟု အာမခံချက် မရှိဟုလည်း ယောင်ဝုခ်ယူးက ပြောသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြောက်ကိုရီးယား၏ စစ်ရေးရန်လိုမှုများ ရပ်တန့်အောင် ကူညီဆောင်ရွက်ပေး ရန် တရုတ်ကို ထပ်ဖန်တလဲလဲ တိုက်တွန်းလျက်ရှိသည်။ တရုတ်ကမူ ပြုံယမ်းအပေါ် ထိုမျှအထိ လွှမ်းမိုးမှုမရှိ ကြောင်း စကားရိပ်သန်းကာ တုံ့ပြန်ထားသည်။

“တရုတ်-မြောက်ကိုရီးယား ကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ မြောက်ကိုရီးယားအပေါ်တရုတ်ရဲ့လွှမ်းမိုးမှုတို့ ဟာ ဆက်စပ်မှုမရှိတဲ့ ကိစ္စရပ်နှစ်ခုသာ ဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မော် နင်က ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက ပြောကြားခဲ့သည်။

တယ်လီဂရပ် သတင်းဌာနနှင့် အင်တာဗျူးတစ်ရပ်၌ တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုးက တရုတ်သည် ဒေ သတွင်း တည်ငြိမ်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပြီး မြောက်ကိုရီးယား၊ ရုရှားတို့နှင့် အုပ်စုဖွဲ့ ခြင်းသည် တရုတ်အတွက် အကျိုးမရှိဟု မိမိယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

ဘေကျင်းက ရုရှားနှင့် မြောက်ကိုရီးယားအကြား ခပ်ခွာခွာ ရပ်နေခြင်းသည် ၎င်းတို့တစ်နိုင်ငံငံကပုံပျက်ပန်းပျက် ပြုမူလာမှုမျိုးအတွက် တာဝန်မယူလို၍ ဖြစ်သည်ဟု ဒန်နီယယ်ရပ်ဆယ်က ပြောသည်သူသည်ယခင်အမေရိကန် သမ္မတ ဘားရက်အိုဘားမား လက်ထက်တွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြား ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

“ဘေဂျင်းဟာ တရုတ်အတွက် ကြီးကြီးမားမား နစ်နာစရာမရှိတဲ့ အနေအထားမျိုး ဆိုရင် ရုရှားနဲ့ မြောက်ကိုရီး ယားအတွက် ဝင်ပြောပေးတာ၊ ကူညီထောက်ပံ့တာမျိုးတွေ လုပ်ပါတယ်။ ဒါပေမဲ့ ကိုယ့်အပေါ် ပြန်ဒုက္ခပေးနိုင် တာ၊ ဒါမှမဟုတ် နိုင်ငံတကာထံမှာ ရှုတ်ချပြစ်တင်ခံရနိုင်တာတွေ ရှိလာရင်တော့ သူတို့ကိုထောက်ခံဖို့ တွန့်ဆုတ် နေတာမျိုး ရှိပါတယ်” ဟု ရပ်ဆယ်က ပြောသည်။

ယူကရိန်းစစ်ပွဲအတွက် ရုရှားကို လက်နက်ထောက်ပံ့သည်ဟူသော စွပ်စွဲချက်အား တရုတ်က ငြင်းဆန်ခဲ့သည်ကို သူက ထောက်ပြသည်။

သို့သော်လည်း ရုရှားနှင့် မြောက်ကိုရီးယား ပိုမိုနီးစပ်လာသည့်အတွက် ပြုံယမ်းအပေါ် မိမိသြဇာ အားနည်းလာ မည့် အပေါ်တွင် ဘေဂျင်းအနေဖြင့် သတိတော့ထားသည်ဟု လက်ရှိတွင် အာရှလူမှုဝန်းကျင်မူဝါဒ အင်စတီကျု ၏ ဒုတိယဥက္ကဌဖြစ်သူ ရပ်ဆယ်က ဆိုသည်။

မြောက်ကိုရီးယားခေါင်းဆောင်များသည် အင်အားကြီးနိုင်ငံတစ်ခုနှင့် နောက်တစ်ခု အကြား အပြန်အလှန် ကစား လေ့ရှိခဲ့ပြီး ဗလာဒီမာပူတင်၏ ယုံကြည်မှုနှင့် ပတ်သက်၍ ကင်ဂျုံအန်းက အခွင့်ကောင်းကို အမိယူခဲ့ခြင်းသည် နောက်ဆုံးနမူနာ ဖြစ်သည်ဟု ရပ်ဆယ်က ဆိုသည်။ ကင်ဂျုံအန်းသည် ဘေဂျင်းကို ဖိအားပေးနိုင်ရန်၊ သို့မဟုတ် သူ့အပေါ်ရှိနေသော ဘေဂျင်း၏ ဖိအားကို လျှော့ချနိုင်ရန်အတွက် သူ့တွင် တရုတ်အပြင် အခြားရွေးချယ်စရာများ ရှိသေးသည် ဆိုသည့်ပုံရိပ်ကို ပြသနေခြင်းဖြစ်သည်ဟု ရပ်ဆယ်က ယူဆသည်။

ယမန်နှစ် စက်တင်ဘာလတွင် ပူတင်နှင့် တွေ့ဆုံစဉ်က ကင်ဂျုံအန်းက ရုရှားသည် ‘ပထမဆုံးဦးစားပေး’ အဖြစ်ရှိ သည်ဟု ပြောခဲ့သည်။ ဤအပြောကြောင့် ပြုံယမ်း၏ အလေးထားမှုသည် ဘေကျင်းမှ မော်စကိုသို့ ရွေ့သွားပြီ ဟု သည့် ခန့်မှန်းမှုများလည်း ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း ကင်ဂျုံအန်းသည် ပူတင်နှင့် တွေ့ဆုံပြီးနောက် တစ် ပတ်အကြာတွင် ရှီကျင့်ဖျင်ထံသို့ ပေးစာတစ်စောင် ပို့ခဲ့သည်ဖြစ်ရာ မြောက်ကိုရီးယားနှင့် တရုတ်တို့သည် ‘ပုံမှန် အ တိုင်း အနီးကပ်’ ဆက်ဆံရေး ရှိဆဲဟု တရုတ်ခေါင်းဆောင်ကို အာမခံ ပြောကြားလိုဟန်ရှိသည်။ 

ကိုဗစ်ကပ်ဘေး နောက်ပိုင်းတွင် တရုတ်သို့ ပထမဆုံး ရောက်ရှိခဲ့သည့် မြောက်ကိုရီးယားဘက်မှရာထူးအကြီးဆုံး ဖြစ်သူ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပါ့ခ်မြုံဟိုက ဒီဇင်ဘာလအတွင်း ရောက်ရှိစဉ် ‘ဘုံအကျိုးစီးပွားများကို ကာ ကွယ်’ ရန်အတွက် နှစ်ဘက်ဆက်ဆံရေးကို နက်ရှိုင်းစွာ ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။ရှီကျင့်ဖျင်နှင့်ကင် ဂျုံအန်းသည် ၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် လုံးဝမတွေ့ဖြစ်ကြသေးသဖြင့် ပါ့ခ်မြုံဟို၏ ခရီးစဉ်က ၂၀၂၄ တွင် နှစ် ဦး သား တွေ့ဆုံရန်အတွက် အကြိုခြေလှမ်းများလားဟု ယူဆမှုများလည်း ထွက်ပေါ်လာခဲ့သည်။

ဝါရှင်တန်အခြေစိုက် စတင်ဆန်စင်တာ (Stimson Centre) အကြံပေးအဖွဲ့၏ တရုတ်အစီအစဉ်ညွှန်ကြားရေးမှူး ယွန်ချန်းကတော့ မြောက်ကိုရီးယား၏ ဦးစားပေးမှုမူဝါဒတွင် အပြောင်းအလဲတစ်ရပ် ရှိနိုင်သည် ဆိုသော ယူဆ ချက်အပေါ် သံသယရှိသည်။ 

“တရုတ်ဟာ မြောက်ကိုရီးယားရဲ့ စီးပွားရေးအတွက် အကူအညီနဲ့ကုန်သွယ်ရေးတွေထောက်ပံ့နေတဲ့တစ်ခုတည်း သော နိုင်ငံကြီးဖြစ်ပါတယ်။ ဒီကနေ့ကာလမှာ တရုတ်ရဲ့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုက ရုရှားထက် အများကြီး ပိုပါတယ်” ဟု ယွန်ချန်းက ဆိုသည်။


South China Morning Post တွင် ဖော်ပြထားသည့် Why China is keeping its distance as Russia and North Korea cosy up ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ သရုပ်ဖော်ပုံ - Nikkei Asia
Cr.FB

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */