" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, December 21, 2023

အထောက်အထားမဲ့ မြန်မာ ၅၀ ကျော်ကို မလေးရှားအထူး တပ်ဖွဲ့ ဖမ်းဆီး

RFA
စန်းမော်အောင်(ဝါရှင်တန်ဒီစီ)
2023.12.21 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးနေသည့် မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များကို တွေ့ရစဉ်။ Citizen Journalist 
 

မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကိုတာရာယာမှာရှိတဲ့ ဈေးဆိုင်တန်းတွေကို အာဏာပိုင်တွေ အပါအဝင် အထူးရဲ တပ်ဖွဲ့ဝင် တစ်ထောင်ကျော်က ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အော်ပရာစီလို့ခေါ်တဲ့ ရှောင်တစ်ခင် ဝင်ရောက်ဖမ်း ဆီး ချိန်မှာ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်သူ ငါးရာကျော် ဖမ်းဆီးခံခဲ့ရပြီး ဒီထဲ မြန်မာနိုင်ငံသား ၅၀ ကျော် ပါ ဝင်ပါတယ်။

ဒီ ကိုတာရာယာဟာ ပြည်ပခရီးသွားဧည့်သည်တွေ အလာများ စည်ကားတဲ့နေရာဖြစ်ပြီး အဲဒီမှာ မြန်မာဆိုင် ၁၅ ဆိုင်လောက်ရှိပြီး ရုံးခန်းတွေလည်း ဖွင့်လှစ်ထားတယ်လို့ မလေးရှားရောက်မြန်မာတွေက ပြောပါတယ်။

အဲဒီမှာ ဈေးဆိုင်ခန်းတွေ၊ နိုင်ငံခြားသားခရီးသွားလုပ်ငန်းနဲ့ ဆေးကုခန်းတွေကို ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတဲ့ အတွက် ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာလို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဗီဇာသက်တမ်းရှိသူတွေကို စစ်ဆေးမေးမြန်းပြီး ပြန်လည်လွှတ်ပေးပေမဲ့ တရားဝင်နေထိုင်ခွင့်မရှိတဲ့ ဘင်္ဂလား ဒေ့ရှ်၊ နီပေါနဲ့ မြန်မာနိုင်ငံသားတွေကို ရဲစခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ကိုတာရာယာမှာ မလေးရှားရောက်မြန်မာတွေအတွက် ကူညီနေတဲ့ နှလုံးလှပရဟိတသွေးလှူရှင်များအဖွဲ့ ရုံးခန်း လည်းရှိပြီး ဒီရုံးခန်းကိုလည်း အထူးတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူ ကိုသက်က ဆိုပါတယ်။

“မြန်မာဆိုင်တွေ၊ ဘင်္ဂလားဒေ့ရှ်ဆိုင်တွေ အများဆုံးရှိတဲ့နေရာ အဲဒီမှာ သူတို့က အယောက်တစ်ထောင် လောက် ရှိ တယ်။ ရဲအချုပ်ကားတွေတင် အစီးနှစ်ဆယ်လောက်ရှိတယ်။ အဲ့ပတ်ဝန်းကျင်ကို တခြား ကားဝင်လို့မရအောင် ပိတ်လိုက်ပြီးတော့မှ တစ်ခါတည်းဖမ်းတာ။ ဆိုင်တွေဝင်တယ် အပေါ်ထပ်တွေပါတက်ပြီး။ အဲ့နေရာတွေကလည်း တကယ်လည်း များတာကို။ ဘင်္ဂလားဒေ့ရှ်က များတာကိုး။ ကျွန်တော်တို့ မြန်မာတွေလည်း ရှိတာကိုး။ အားလုံး ခန့်မှန်းမိတာက ငါးရာကျော်လောက်မိတယ်။ ကျွန်တော်တို့မြန်မာတွေ တစ်ဆိုင်ကို သုံးယောက်၊ လေးယောက်နဲ့ ခန့်မှန်းဆို မြန်မာက အယောက်ငါးဆယ်ပတ်ဝန်းကျင်ရှိမယ်။ ကျန်တာက ဘင်္ဂလားဒေ့ရှ်၊ နီပေါတွေ များတယ်”

အဲဒီရုံးခန်းမှာ အလုပ်မရရှိသေးတဲ့ မြန်မာလူငယ် ၁၁ ဦးကို အဖွဲ့က နေထိုင်ခွင့်ပေးထားပြီး သူတို့လည်း ဖမ်းဆီး ခံရပါတယ်။ အဲဒီထဲက နေထိုင်ခွင့်အထောက်အထားရှိသူ လေးဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ကိုသက်က ပြောပါတယ်။

“အလုပ်မရှိလို့ စားစရာမရှိ နေစရာမရှိတဲ့ ကလေးတွေ အားလုံး ၁၁ ယောက် ရုံးမှာရှိတယ်။ ရုံးမှာတံခါးကလည်း ကိုယ့်လူတွေက သော့ခတ်မထားတော့ အလွယ်တကူပဲ ဝင်သွားတယ်။ ဝင်သွားတဲ့အခါမှာ ၁၁ယောက်လုံးပါသွား တာပေါ့နော်။ ကျွန်တော့်အဖွဲ့က ၁၁ ယောက်ပါတယ်။ နောက်အထောက်အထားတွေရှိတဲ့အခါမှာ ညနေက လေး ယောက်လွတ်လာတယ်။ လက်ရှိ ခုနှစ်ယောက်ပေါ့။ ကျွန်တော်တို့ နှလုံးလှက ကယ်ထားတဲ့ကလေးတွေ ပါသွား တာပေါ့။”

၂၀၂၃ ခုနှစ်ဦးပိုင်းမှာ နိုင်ငံခြားသားအလုပ်သမားတွေ နေထိုင်ခွင့်တရားဝင်သက်တမ်းတိုးဖို့ မလေးရှားအစိုးရက စတင်ခွင့်ပြုခဲ့ပေမဲ့ တရားမဝင်နေထိုင်သူတွေ များပြားနေတဲ့အတွက် အခုလို အထူးစစ်ဆေးဖမ်းဆီးတာလို့ ခရီး သွားလုပ်ငန်းလုပ်ကိုင်နေတဲ့ ကိုဇင်က ပြောပါတယ်။

“မြန်မာလူမျိုးတွေရော အကုန်လုံးပေါ့။ နိုင်ငံခြားသားပေါင်းစုံ သူတို့ရဲ့ခန့်မှန်းခြေက ဥပမာ နှစ်သန်း လောက်ရှိ တယ် ဆိုရင် တရားဝင်နေထိုင်တဲ့ ဦးရေက အရမ်းနည်းတဲ့အတွက်ကြောင့် နောက်ခြောက်လကို သက်တမ်းထပ် တိုးပေးလိုက်တယ်။ တစ်နှစ်နီးပါးဖြစ်သွားတာပေါ့။ ဒီဇင်ဘာ ၁၂ လပိုင်းဆိုတော့ တစ်နှစ်နီးပါးရှိပြီ သူတို့ခွင့်ပေး လိုက်တာ။ တရားမဝင်နေတဲ့သူတွေ တရားဝင်နေထိုင်လို့ရအောင် ပါမစ်တွေ။ ဒါပေမဲ့ ကျွန်တော့် အထင်ကတော့ လက်ရှိမလေးရှားမှာရှိနေတဲ့ လူဦးရေထက် တရားဝင်နေထိုင်တဲ့လူဦးရေက အရမ်းနည်းပြီးတော့ တရားမဝင်နေ ထိုင် တဲ့သူက ပိုပြီးတော့ များနေတဲ့အတွက်ကြောင့် ဒီလိုမျိုးတွေ ပိုက်စိတ်တိုက်ဖမ်းဖို့အတွက်ကို သူတို့စီစဉ် တာပေါ့”

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များမှ စစ်ဆေးစဉ် ဖမ်းဆီးခံရသည့် ရွှေ့ပြောင်းအလုပ်သမားများအား တွေ့ရစဉ်။ (Photo :Citizen Journalist)

မလေးရှား လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဖမ်းဆီးခံထားရသူတွေဟာ တရားစွဲဆိုခံရပြီး ထောင်ဒဏ်လည်းကျ ခံရမယ်လို့ ကွာလာလမ်ပူမြို့မှာ ဆယ်နှစ်ကျော်ကြာနေထိုင်နေတဲ့ ကိုဇင်က ပြောပါတယ်။

“အဲဒီလို အဖွဲ့စုံ အော်ပရာစီဝင်တဲ့အခါကျတော့ မှန်မှန် မမှန်မှန် နိုင်ငံခြားသားအကုန်လုံး ဖမ်းခေါ်သွားတာ များ တယ်။ စခန်းရောက်တော့မှ သူတို့ရုံးရောက်တော့မှ တစ်ယောက်ချင်းစီကို စစ်ပြီးတော့မှ သူတို့ ပြန်လွှတ်ပေး တယ်။ အဓိက သူတို့ဖမ်းတာက အဲ့နေရာက အရမ်းလူစည်တယ်။ အဓိကကတော့ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေ အ ရမ်း များတယ်။ နိုင်ငံခြားသားတွေ စီးပွားရေး အရမ်းလုပ်တယ်။ အဲဒီ့နေရာမှာ ဆိုင်တွေဖွင့်ကြတယ်။ တချို့ ကျ တော့ တရားဝင်လိုင်စင်နဲ့ ဖွင့်တဲ့သူရှိသလို တချို့ကျတော့ တရားမဝင် အဲဒီလိုမျိုး နားလည်မှုနဲ့ ဆိုင်ဖွင့်ထား တဲ့ သူတွေရှိတယ်။ အဲဒီလိုမျိုး ရှိတဲ့အတွက်ကြောင့် သူတို့က တစ်ခါတည်း ရောပြီးတော့ တစ်ခါတည်းဖမ်းတာပေါ့ နော်။ အထောက်အထားမှန်ကန်တဲ့သူဆိုရင် ပြန်လွတ်တယ်။ အထောက်အထား မမှန်ကန်တဲ့သူဆိုရင်တော့ သူ တို့တစ်ခါတည်း ဖမ်းလိုက်တယ်ပေါ့။ ပြီးရင် သူတို့တရားရုံးတက်ရမယ်။ ထောင်ကျမယ်။ အနည်းဆုံး သုံးလ ထောင်ကျမယ်။ ပြီးရင် ထိန်းသိမ်းရေးစခန်း (Camp) ပေါ့နော်။ ပြီးရင် အချုပ်ထဲ ပြန်ပို့မယ်။ ပြီးရင် လေယာဉ် လက်မှတ်ဝယ်ပြီးတော့ မြန်မာပြည်ပြန်ပို့မယ်။”

ခုဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေအတွက် ကူညီဆောင်ရွက်ပေးမဲ့ မြန်မာအဖွဲ့အစည်းတွေ မရှိသေးဘူး လို့ လည်း မလေးရှားရောက်မြန်မာတွေက ပြောပါတယ်။

မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို RFA က မေးမြန်းဖို့ ဒီဇင်ဘာ ၂၁ ရက်နေ့ ညပိုင်းမှာ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုသူ မရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှုကြောင့် မလေးရှားကို နေ့စဉ်လာ ရောက် သူ များစွာရှိနေပြီး အဖမ်းအဆီးအစစ်အဆေးများနေချိန်မှာ သတိနဲ့နေထိုင်ကြဖို့ကိုလည်း မလေးရှား ရောက် မြန်မာတွေက သတိပေးပါတယ်။ 

ဆက်နွယ်သောသတင်းများ

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */