" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, December 21, 2023

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ လူကုန်ကူးခံ ရမှု ပိုများလာ

DVB
December 20, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အနေနဲ့ ရိက္ခာငွေတွေ လျှော့ချခံလိုက်ရလို့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရကာ လူကုန်ကူးခံရသူ ပိုမိုများပြား လာနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေဆီကနေ သိရပါတယ်။
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာတွေလည်း နည်းပါးသွားသလို အသွားအလာတွေလည်း ကန့်သတ် ခံထားရကာ နေရပ်ပြန်ဖို့လည်း စီစဥ်မပေးတာကြောင့် အလုပ်လက်မဲ့တွေဖြစ်ပြီး လူကုန်ကူးခံရသူတွေ များပြား လာတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Block ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာ အမျိုးသမီးတယောက်က ဒီဗွီ ဘီကို ပြောပါတယ်။

ရိုဟင်ဂျာပြည်သူတွေအနေနဲ့ ပညာတတ်တဲ့သူ နည်းပါးပြီး ၁၀ တန်းအောင်တဲ့ သူတွေလောက်သာ အလုပ်ရရှိ ကာ အလုပ်အကိုင် အခွင့်လမ်းတွေ ရှားပါးနေပြီး ရရှိတဲ့ ရိက္ခာတွေကိုပဲ လုံလောက်အောင် ဒုက္ခခံပြီး စားသောက် နေကြရတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ အမျိုးသမီးတယောက်က “ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ကတော့ ဝမ်းပျက်၊ ဝမ်းလျှောရောဂါနဲ့ ဖျားနာရောဂါတွေ အတွက်သာ ဆေးဝါးကုသပေးတာ ရှိပေမဲ့ အသားဝါရောဂါနဲ့ ကင်ဆာရောဂါတွေအတွက် ဒီမှာ ဆေးမရှိတော့ဘူး။ အဲဒါကြောင့် ရိုဟင်ဂျာပြည်သူ အများအပြား အသက်ဆုံးရှုံးခဲ့ရကာ MSF အဖွဲ့ကလည်း အ သက် ၆၀ ကျော်အရွယ်တွေကိုသာ ဆေးဝါးထောက်ပံ့ပေးတာရှိပြီး ၆၀ မကျော်ရင် မထောက်ပံ့ဘူး” လို့ ပြောပါ တယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို အရင်က စားနပ်ရိက္ခာအတွက် တယောက်ကို ၁၂ ဒေါ်လာလောက် ထောက်ပံ့ရာက နေ ပြီးခဲ့တဲ့ ၆ လလောက်ကတည်းက ၈ ဒေါ်လာအထိ လျှော့ချပစ်လို့ စားဝတ်နေရေးတွေ အခက်ကြုံနေကြရပြီး လူကုန်ကူးသူတွေလည်း များပြားလာတယ်လို့ ရိုဟင်ဂျာအမျိုးသားတယောက်က ပြောပါတယ်။

ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာအဖွဲ့အစည်း တခုက ရိုဟင်ဂျာတွေအတွက် ၈ ဒေါ်လာကနေ ၁၀ ဒေါ်လာအထိ ထောက်ပံ့ပေးဖို့ ဆုံးဖြတ်ချက်ထွက်လာတာကြောင့် အရင်ထက်စာရင်တော့ နည်းနည်းလောက် အဆင်ပြေနိုင် တယ်လို့ ဆိုပါတယ်။

“ဒီမှာကျတော့ လူကုန်ကူးမှုတွေ ဖြစ်နေတယ်။ အဲဒီလူကုန်ကူးမှုတွေက လျော့လာတာ မရှိပါဘူး။ ဒီတလအတွင်း မှာ ဘုတ် ၇ စီးလောက် အင်ဒိုနီးရှားနိုင်ငံကို ထွက်သွားတာ ရှိတယ်။ ဒီတရက် နှစ်ရက်အတွင်းမှာလည်း နိုင်ငံရပ် ခြားကို ထွက်ခွာဖို့ စီစဥ်နေကြတာရှိတယ်။”

ကျောင်းသူကျောင်းသားတွေအနေနဲ့ ပညာသင်ကြားခွင့်မရလို့ ကျောင်းကနေထွက်ပြီး အလုပ်လုပ်ကိုင်နေကြရ ကာ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရှားပါးလာတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံက စစ်ကောင်စီအနေနဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်နိုင်ဖို့ အစီအစဥ်လုပ်နေတာ ရှိသလို ဘင်္ဂလား ဒေ့ရှ် နိုင်ငံကလည်း ပြန်လည်ပို့ပေးဖို့ စီစဥ်နေတာရှိတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်အတွင်းမှာ အေအေနဲ့စစ်ကောင် စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေလို့ အဲဒီကို သွားဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ကုတုပါလောင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာအမျိုးသားတဦးက “ကျနော်တို့ ရိုဟင်ဂျာတွေအနေနဲ့ ကိုယ့်နေရပ်ကို ပြန်နိုင်မှသာနေရပ်ပြန်တယ်လို့ ခေါ်ဆိုနိုင်မှာဖြစ်ပြီး သူတို့စီစဥ်နေတာက ဒီမှာရှိတဲ့ ဒုက္ခသည်စခန်းကနေနောက် ထပ် မြန်မာနိုင်ငံက ဒုက္ခသည်စခန်းကို ပြန်ပို့ဖို့ စီစဥ်နေတာဖြစ်တာကြောင့် နေရပ်ပြန်တယ်လို့ မခေါ်ဆိုနိုင်ပါဘူး။ ကျနော်တို့ဟာ ၂၀၁၇ ခုနှစ်ကတည်းက နေရပ်စွန့်ခွာလာခဲ့တာ ၇ နှစ်လောက် ကြာနေပြီဖြစ်လို့ နေရပ်ပြန်နိုင်ဖို့ မျှော်လင့်နေကြပေမဲ့ အခြေအနေတွေ ပြောင်းလဲလာတာ မရှိတဲ့အတွက် စိုးရိမ်နေကြရတယ်။ မြန်မာနိုင်ငံအ တွင်း မှာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေကို ကမ္ဘာ့ခုံရုံးတွေမှာ တရားစွဲဆိုဖို့ လုပ်ဆောင်နေတာတွေကို ထောက် ပံ့ပေးကြဖို့ မြန်မာနိုင်ငံက ညီအစ်ကိုမောင်နှမတွေကို တောင်းဆိုချင်ပါတယ်” လို့ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ ကပ္ပလီပင်လယ်ပြင်ကို စစ်လှေတွေနဲ့ စွန့်စားဖြတ်ကူးမှုတွေ ပိုမို များပြားလာကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက သတိ ပေးချက်ထုတ်ပြန်ထားပါတယ်။

အရှေ့တောင်အာရှ ရေလမ်းခရီးဟာ ကမ္ဘာ့အဆိုးရွားဆုံးရေလမ်းကြောင်းတစ်ခုဖြစ်ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလ နောက်ပိုင်းမှာ ကပ္ပလီပင်လယ်ပြင်ကို စက်လှေတွေနဲ့ ဖြတ်ကူးခဲ့သူပေါင်း ၁၉၀၀ ကျော်ရှိခဲ့ပြီလို့ အဲဒီ ထုတ်ပြန် ချက် ကဆိုပါတယ်။ ဒါဟာ ၂၀၂၀ ပြည့်နှစ်က ဖြတ်ကူးမှုတွေနဲ့ယှဉ်ရင် ၆ ဆ ပိုများတဲ့အရေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းကနေ ၂၀၁၇ ခုနှစ်မတိုင်ခင်က ရိုဟင်ဂျာ ၂၀၀,၀၀၀ လောက်နဲ့ ၂၀၁၇ ခုနှစ် နောက်ပိုင်းမှာ ရိုဟင်ဂျာ ၈၀၀,၀၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ ခိုလှုံနေကြရတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေဆီကနေ သိရပါတယ်။



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */