" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, September 7, 2023

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးမှောင်ခိုလုပ်ငန်း များ ကြီးထွားလာနိုင်

ဧရာဝတီ
3 September 2023

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး မှောင်ခိုလုပ်ငန်းများ ကြီးထွားလာနိုင်
 
ဘင်္ဂလားဒေ့ရှ် အစိုးရပိုင် Sonali ဘဏ်က မြန်မာဘဏ်နှစ်ခု၏ အကောင့်များကို ပိတ်လိုက်သဖြင့် နှစ် နိုင်ငံကုန် သည်များ အကြား ငွေပေးချေမှု ခက်ခဲသွားရာ တရားဝင်နယ်စပ် ကုန်သွယ်ရေး ရပ်တန့်၍ မှောင်ခိုလုပ်ငန်းများ ကြီးထွားလာမည့် အခြေအနေ ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ( MFTB ) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ် ( MICB ) တို့၏ ဘဏ်အကောင့်များကို အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုအပြီး ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း သြဂုတ်လ ဒုတိယအပတ်မှ စတင်ကာ အရေးယူထားကြောင်းထုတ်ပြန်လိုက်ခြင်းဖြစ် သည်။

စစ်တွေမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တဦးက“နယ်စပ်ကုန်သွယ်မှု လုပ်ငန်းက အခုအချိန်မှာ ရပ်တန့်တဲ့ သဘော ဖြစ်သွားပြီ။ ဒီဘက်က ပို့ကုန်တင် ရောင်းတဲ့ ငွေကြေးတွေက ဟိုဘက်က လွှဲမပေးတော့ဘူး။ တရားဝင်ဘဏ်စနစ် လွှဲပြောင်းလို့ မရ တဲ့အခါ ဒီဘက်ကို ငွေမဝင်တော့ဘူး၊ ဘင်္ဂလားဒေ့ရှ်အစိုးရက ပိတ်လိုက်တဲ့အခါ နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းတခုလုံးက အကုန် ကမောက်ကမ ဖြစ်ပြီးတော့ ကုန် သည်တွေလည်း ဘာမှ လုပ်မရတော့ဘူး ဖြစ်ကုန်တာ ” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုလုပ်ဆောင်ရာတွင် စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်း(ရွှေမင်းဂံ) ဆိပ်ကမ်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း (ကညင်ချောင်း ဆိပ်ကမ်း) တို့မှ ရေချိုငါး၊ ချင်း စိမ်း၊ ကြက်သွန်၊ ဒညင်းသီး၊ အုန်းသီး၊ ကွမ်းသီးနှင့် ဇီးယိုထုတ်တို့ဖြစ်ကာ သွင်းကုန်အနေဖြင့် အာလူး၊ ဘီစကွတ်မုန့်၊ ပလတ်စတစ်ထုတ်ကုန်၊ ကြေးပစ္စည်းထုတ်ကုန်နှင့် အိမ်သုံးပစ္စည်းတချို့ ပါဝင်သည်။

ရခိုင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်တဦးက “ဟိုဘက်က ငွေလွှဲပေးလို့ မရတော့ဘူးဆိုတော့တရား ဝင် လမ်းကြောင်း ကနေ ကုန်သွယ်လို့ မရတော့ဘူးပေါ့၊ စီးပွားရေးလုပ်ငန်း ဆိုတာက ဒီအတိုင်းရပ် ထားလို့မှ မရတာ။ ဒီလမ်းကြောင်း မရရင် နောက်လမ်းကြောင်းကနေ သွားကြမှာပဲ။ အရင်တုန်းက လည်း မှောင်ခိုလမ်းကြောင်းတွေ ရှိပြီးသားဆိုတော့ နယ်စပ် ကုန်သွယ်မှုက မှောင်ခိုလုပ်ငန်းတွေပဲ ကြီးစိုးလာမယ့် သဘောရှိတယ်။ အဲဒီအတိုင်းလည်း ဖြစ်လာဖို့ မြင်နေရတယ် ” ဟု ဧရာဝတီသို့ ပြော သည်။

ထိုသို့ မှောင်ခိုလမ်းကြောင်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် တရား ဝင် ဘဏ်စနစ်ဖြင့် ငွေလွှဲပြောင်းရန် ဆောင်ရွက် မရတော့သည့်အတွက် ဟွန်ဒီစနစ်ဖြင့် ချိတ်ဆက် လျက် ငွေပေး၊ ငွေချေ လုပ်ငန်းများ လုပ်ကြရကြောင်းသိရသည်။

၎င်းက “ ဒီလောက် နည်းပညာတိုးတက်ပြီး ဟန်းဖုန်းတွေ ပေါ်တဲ့ခေတ်မှာ မှောင်ခိုကရတဲ့ငွေတွေက ခဏလေးနဲ့ ကိုယ် ကိုယ့်အဆက်အသွယ်နဲ့ ကိုယ် ၊ ကိုယ့်နားလည်မှုနဲ့ ကိုယ် ၊ ကိုယ့် ယုံကြည်မှုနဲ့ ကိုယ် အဲဒီလိုပဲ လုပ်ကြရတာပဲ ” ဟု ဧရာဝတီသို့ ပြောသည်။

နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာရနိုင်သည့်အတွက် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ၎င်းတို့နှင့် နီးစပ်သည့် ကြားခံ စီးပွားရေးလုပ်ငန်းရှင်များကို ထည့်သွင်းကာ မှောင်ခိုလုပ်ငန်းများကို အသက်သွင်းရန် ကြိုးစားလုပ်ကိုင်လာနိုင် ကြောင်း စီးပွားရေးလုပ်ငန်းရှင်တဦးကလည်း ဆိုသည်။

၎င်းက “ နယ်စပ်ကုန်သွယ်မှုကနေ ဒေါ်လာ ရနေတော့ စစ်ကောင်စီက ဒေါ်လာဝင်ပေါက်လမ်းကို ဒီ အ တိုင်းတော့ ထားမှာ မဟုတ်ဘူး။ သူတို့ ဒေါ်လာရှာဖို့ ၊ ဒေါ်လာ အသက်ရှုပေါက်ရအောင် တခုခု တော့ လုပ်မှာပဲ ၊ ကြားခံ ပုဂ္ဂိုလ်တွေကို ခေါ်ယူပြီး တော့ တဖက်လှည့်နဲ့ မှောင်ခိုလုပ်ငန်းကို ဦးစီးဖို့ခိုင်း လာနိုင်တဲ့ သဘောရှိတယ်။ ဒီဘက်က နယ်ခံ စီးပွားရေးလုပ်ငန်းရှင် တွေလည်း မှောင်ခိုသွားရင် အန္တ ရာယ် များပေမယ့် အခြေအနေကြည့်ပြီးတော့ လမ်းကြောင်း ပေးကမ်းပြီးတော့ သွားကြ မှာပဲ” ဟုဧရာ ဝတီသို့ ပြောသည်။

ယခင် စစ်အစိုးရလက်ထက်များတွင်လည်း မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များသည် ကျွဲ ၊ နွား ၊ ကျွန်းသစ် ၊ ဆန် စသည့် ကုန်စည်များအား ပင်လယ်ရေကြောင်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမ ဝင် ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်ခဲ့ရာ ယခုထပ်မံ၍ ပင်လယ်ရေကြောင်း မှောင်ခိုလုပ်ငန်းမှာ တ ဖန် ကြီးထွားလာနိုင်သည့် အခြေအနေရှိသည်။

ရခိုင်ပြည်နယ်အတွင်း အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်တဦးက “ နယ်စပ်ကို မှောင်ခိုကုန် ကူးတယ် ဆိုတာက ဆင်းရဲသားတွေ လုပ်တဲ့အလုပ် မဟုတ်ဘူး။ သြဇာအာဏာရှိတဲ့ လူတွေနဲ့ စီးပွား ရေး သမားကြီးတွေ ပူးပေါင်းပြီးတော့ စီးပွားရှာတဲ့ လုပ်ငန်းပဲ ၊ အစိုးရက တရားဝင် ကုန်သွယ်လို့ မရ တော့ ကြားခံ ခရိုနီတွေကို ပွဲစားငှားပြီးတော့လုပ်မှာပဲ၊ ဒီလိုအခြေနေမျိုးမှာ လုပ်တတ်ကိုင်တတ် တဲ့လူ တွေအတွက်ဆိုရင် မျက်ဖြူဆိုက်လေ ၊ ဆရာကြိုက်လေပဲ” ဟု ဧရာဝတီသို့ ပြောသည်။

သို့သော် ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအောင်အောင်ကမူ “နယ်စပ် ကုန်သွယ်မှုလုပ်ငန်းက ရပ်ဆိုင်းသွားတဲ့ အခြေအနေတော့ မရှိသေးပါ ဘူး ၊ ကုန်သွယ်မှုလုပ်ငန်း နည်းနည်း လျော့သွားတာတော့ရှိတယ်။ ဘာကြောင့် လျော့ကျတယ်ဆို တာ ကတော့ ရာသီဥတု အခြေအနေကြောင့်လည်း ပါမယ်။ ဟိုဘက်က ဝယ်လိုအား နည်းသွားတာလည်း ပါတယ်။ ငွေအလွှဲအပြောင်းလုပ်တဲ့ ဘဏ်ကိစ္စ ၊ အဲဒီဟာလည်း ပါမှာပေါ့ ” ဟု ဧရာဝတီသို့ပြောသည်။

၂၀၂၃ ခုနှစ်၊ ဧပြီ မှ ဇူလိုင်အထိ ၄ လတာ ကာလအတွင်း မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေး၌ ပို့ကုန် အမေရိကန် ဒေါ်လာ ၃ ဒသမ ၅၇ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၀ ဒသမ ၈၈ သန်းနှင့် စုစုပေါင်း ကုန်သွယ်မှုပမဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၅ သန်း ကုန်သွယ်မှု ပြုလုပ် နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင် များအသင်း၏စာရင်းအရ သိရ သည်။

You may also like these stories:


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */