" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, September 29, 2023

ရခိုင်တောင်ပိုင်းတွင် AA နှင့် PDF များကို ရှာဖွေသည့် စစ်ဆင်ရေး စစ် ကောင်စီအရှိန်မြှင့်

Myanmar Now
ရောင်နီ
September 29, 2023

စစ်ကောင်စီက ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်များတွင် လုံခြုံရေးတင်းကျပ်ထားပြီး ရက္ခိုင့်တပ်တော် (AA) ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ဆက်နွှယ်သူများကို ပိုက်စိပ်တိုက်ရှာဖွေနေသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ တွင် တစ်ကျော့ပြန်ဖြစ်ခဲ့သည့် စစ်ပွဲတွင် AA တပ်များ ရခိုင်တောင်ပိုင်းအထိ ရောက်လာခဲ့ပြီးနောက် AA ၏ သြဇာလွှမ်းမိုးမှု ရခိုင်မြောက်ပိုင်းကို ကျော်လွန်ကာ တောင်ပိုင်းအထိရောက်လာမည် ကို စစ်ကောင်စီက စိုးရိမ်နေသည်။

ထိုအခြေအနေကြောင့် ရခိုင်တောင်ပိုင်းတစ်လျှောက် AA နှင့် PDF တို့ ခြေကုပ်မယူနိုင်ရန် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများနှင့် သံသယရှိသူများကို ဖမ်းဆီးထောင်ချမှုများ၊စစ်တပ်ထုတ်ကုန်မှလွဲပြီးအခြားအမှတ်တံဆိပ် ဖြင့် ဆေးဝါးနှင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို တင်းကျပ်စွာတားမြစ်ခြင်းတို့ကို ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

“အခုတလော တောင်ကုတ်နဲ့ သံတွဲဘက်မှာ စစ်ကြောင်းထိုးတာတွေ ၊ PDF ကို ရှာတာတွေ ၊ AA ကိုထောက်ခံသူ တွေ ကို ရှာဖွေဖမ်းဆီးတာတွေ ခပ်စိပ်စိပ် တွေ့လာရတယ်။ ဒီလို စစ်တပ်က စစ်ရေးလှုပ်ရှားတာတွေ၊ လူတွေကို ဖမ်းဆီးဖို့ ရှာဖွေတာတွေ လုပ်လာတော့ ဒေသခံတွေ စိုးရိမ်လာရတယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြော သည်။

၂၀၂၃ စက်တင်ဘာ ၁၃ ရက်နေ့က အမ်းမြို့နယ်ထဲမှ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို အပစ်ရပ်ထား သည့် AA နှင့် ဆက်သွယ်ခြင်းသည် ပြစ်မှုမြောက်ကြောင်း စစ်ကောင်စီတရားရုံးက ဆုံးဖြတ်ပြီး ထောင် ၂ နှစ် ချခဲ့သည်။ ထို့အတူ တောင်ကုတ် ဒေသခံ၆ ဦးသည်လည်း AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေဖြင့် ၂၀၂၃ ဇူလိုင် ၁၁ ရက်တွင် ထောင် ၄ နှစ်စီ ချခံရသည်။

AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင် ၄ နှစ်စီ ချခံရသည့် တောင်ကုတ်ဒေသခံ ၆ ဦးကို ၂၀၂၂ အတွင်းက ရုံးချိန်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ- Arakan Princess)

ရခိုင်တောင်ပိုင်းတွင် စစ်ကောင်စီက အဖမ်းအဆီးကြမ်းနေသည်မှာ AA နှင့် နောက်တစ်ကြိမ် တိုက်ပွဲ ပြန်ဖြစ်ပါက တောင်ပိုင်းမှ ရခိုင်လူမျိုးများ AA ဘက် မပါသွားရန်အတွက် စည်းရုံးခြင်းနှင့် ခြိမ်းခြောက် ခြင်းကို တစ်ပြိုင်တည်းပြုလုပ်သည့် နည်းဗျူဟာဟု ဝါရင့်ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် မြေပုံ မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်း က ယူဆသည်။

“တိုက်ပွဲဖြစ်လာရင် တတ်နိုင်သမျှ ကာမိနိုင်အောင်အတွက် ကြိုးစားနေတယ်။ ဘာလို့လဲဆိုတော့ AA နဲ့ သူတို့ (စစ်ကောင်စီ) အပစ်အခတ်ရပ်စဲတာဟာ တာရှည်မသွားဘူးဆိုတာကိုလည်းသူတို့သိနေတယ်။ တာရှည်မသွားတဲ့ အကြောင်းကလည်း သူတို့နဲ့ကြားမှာ ဘာမှ ကတိကဝတ်လည်း မရှိ။ ပေးထား တဲ့ နှုတ်ကတိကိုလည်း သူတို့ဘက်က မလိုက်နာနိုင်။ ဒါကြောင့် ဒီကိစ္စတွေ(တိုက်ပွဲဖြစ်လာရင်)အတွက် ကြိုတင်လုပ်ဆောင်နေခြင်းလို့ မြင်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီနှင့် AA တို့သည် ၂၀၁၉ ဇန်နဝါရီ ၄ ရက် မှစတင်ပြီး အပြင်းအထန် တိုက်ခိုက်ခဲ့ကြရာမှ အာဏာမသိမ်းခင်နှင့် သိမ်းပြီးချိန်များတွင် နှစ်ကြိမ်တိုင် အပစ်ရပ်သဘောတူခဲ့ကြသည်။ အာဏာမ သိမ်းခင် လပိုင်းအလို ၂၀၂၀ နိုဝင်ဘာတွင် ပထမဆုံးအပစ်ရပ်သဘောတူညီခဲ့ကြသော်လည်း ၂၀၂၂ သြဂုတ်လဆန်းတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ တစ်ကျော့ပြန်တိုက်ပွဲများ စတင်ပြီး လေးလ ခန့်အကြာ ၂၀၂၂ နိုဝင်ဘာတွင် နောက်တစ်ကြိမ် အပစ်ရပ်ခဲ့ကြပြန်သည်။

အပစ်ရပ်သဘောတူညီမှု နှစ်ခုစလုံးတွင် ဂျပန်နိုင်ငံမှ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ က ကြားဝင်စေ့စပ်ပေးခဲ့ပြီး သဘောတူစာချုပ်ချုပ်ဆိုနိုင်ခြင်းမဟုတ်ဘဲ နားလည်မှုဖြင့် အပစ်ရပ်ထား ကြသည်ဟု ယုံကြည်ရသည်။

၂၀၁၉-၂၀၂၀ အတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝ ဒေသတို့တွင်သာ ဖြစ်ပွားခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ၂၀၂၂ အတွင်း တိုက်ပွဲများတွင် ရခိုင် တောင်ပိုင်းဒေသများအထိ AA တပ်များက ရောက်လာကာ စစ်ကောင်စီကို ထိုးစစ်ဆင်ခဲ့သည်။ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျီးကန်းပြင်ဌာနချုပ်အနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၁၆ အောက်တိုဘာ ၁၃ က တွေ့ရစဉ် ။ (ဓာတ်ပုံ-EPA)

ယင်းမတိုင်မီကာလများတွင် AA ၏ ရခိုင်တောင်ပိုင်းတပ်များကို စစ်ကောင်စီက လက်ဦးမှုရယူပြီး ချေ မှုန်းနိုင်ခဲ့သည်။ တောင်ပိုင်းတွင် စစ်တပ်ဘက်၏ AA တပ်ဖွဲ့ဝင်များကို ပထမဆုံးဖမ်းဆီးမှုက ၂၀၂၀ ဧပြီလအတွင်းတွင်ဖြစ်ပြီး အမ်းတွင် AA တပ်ဖွဲ့ ဝင် ၄ ဦးနှင့် တောင်ကုတ်တွင် AA နှင့် ဆက်သွယ်သူ ၅ ဦးတို့ကို ဖမ်းဆီးခဲ့သည်ဟု ဧရာဝတီသတင်းဌာနက ရေးသားခဲ့သည်။

အာဏာသိမ်းပြီးချိန်တွင် ရခိုင်တောင်ပိုင်းတစ်လျှောက် စစ်ကောင်စီစောင့်ကြည့်ရသည့် လက်နက်ကိုင် စာရင်းထဲတွင် AA အပြင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF များလည်း ပါဝင်လာခဲ့သည်။ ရခိုင် တောင်ပိုင်းဒေသများသည် NLD အားကောင်းရာနေရာများဖြစ်ပြီး PDF များအားကောင်းရာ မကွေး အနောက်ခြမ်းနှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေသည်။

စစ်ကောင်စီက မာန်အောင်၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်မှ ဒေသခံများကို PDF နှင့် ဆက်စပ်သည် ဟု သံသယရှိနေပြီး စောင့်ကြည့်မှုများရှိကြောင်း မာန်အောင်မြို့ဒေသခံတစ်ဦးက ပြောသည်။

“ဒီတောင်ပိုင်းမြို့နယ်တွေမှာ NLD ကို ထောက်ခံသူတွေ ရှိနေတယ်ဆိုပြီး ပိုပြီး သင်္ကာမကင်းဖြစ်နေ တယ်။ အထူးသဖြင့် NLD အမာခံလူတွေ ပစ်မှတ်ထား စောင့်ကြည့်ခံနေရပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၁ နှင့် ၂၀၂၂ အတွင်းကလည်း သံတွဲ၊ တောင်ကုတ်နှင့် ကျောက်ဖြူတို့မှ ဒေသခံ ၁၀ ဦးထက်မနည်းကို PDF များကို ထောက်ပံ့မှုသံသယဖြင့် ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ် များ ချမှတ်ခဲ့သည်။

ပြည်မတွင် ဖြစ်ပျက်နေသလိုပင် စစ်ကောင်စီ (သို့မဟုတ်) စစ်ကောင်စီက ကျောထောက်နောက်ခံပေး ထားသူများက ရခိုင်တောင်ပိုင်းအတွက် သီးသန့်တယ်လီဂရမ်ချန်နယ်များဖွင့်ကာ AA, PDF တို့နှင့် ဆက်စပ်သည်ဟု သံသယရှိသူများကို ဖမ်းဆီးရန် လှုံ့ဆော်မှုများ လုပ်နေကြသည်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်များဖြစ်သည့် Western 24 News ၊ DOROR WADDY MEDIA များက သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်သို့ ဝင်ရောက်လာသည့် PDF များကို AA ၏ တိုက်နယ်မှူး၊ နယ်မြေမှူးများက ကူညီပေးထားကြောင်း ရေးသားခဲ့ပြီးနောက် ဒေသတွင်း စစ်ဆေးတင်းကျပ်မှုများ ပေါ်ပေါက်လာကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီက စစ်တပ်ထုတ်ကုန်စည်များမှလွဲ၍ ရခိုင်ပြည်နယ်ထဲသို့ ပြည်မဘက်က တင်သွင်းသည့် ဆေးဝါး၊ လူသုံးကုန်နှင့် စားသောက်ကုန်များ တင်သွင်းမှုကိုလည်း တင်းကျပ်စွာ ကန့်သတ်ထားသည်။

တောင်ကုတ်မြို့ တစ်နေရာကို ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ် (ဓာတ်ပုံ- Myanmar Now)

သြဂုတ်လမှ စတင်ကာ ရန်ကုန်-စစ်တွေ ကားလမ်းတွင် စစ်တပ်ဂိတ်ပေါင်းများစွာက ရခိုင်ဘက်သို့ ဝင် လာသည့် ကုန်တင်နှင့် လူစီးယာဉ်များကို တင်းကျပ်စွာစစ်ဆေးနေသည်၊ စစ်ကောင်စီခန့် ရခိုင်ပြည် နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ထောက်ခံချက်လက်မှတ်ပါမှ ကုန်စည်များကို တင်သွင်းခွင့် ပြုကြောင်း ကားသမားများက ပြောသည်။

နှုတ်ကတိဖြင့် အပစ်ရပ်ထားကြသော်လည်း နှစ်ဖက်တပ်များအကြား စစ်ရေးလှုပ်ရှားမှုများ၊ အင်အား တိုး ချထားမှုများကြောင့် စစ်ကောင်စီနှင့်AA အကြား တတိယအကြိမ် စစ်ပွဲဖြစ်လာမည်ကို စိုးရိမ်ကြ သည့် ဒေသခံများလည်း ရှိကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် AA ကဖွဲ့စည်းပေးထား သည့် ရပ်ရွာအဆင့်အုပ်ချုပ်ရေးအရာရှိများက ဗုံးခိုကျင်းတူးထားရန် ညွှန်ကြားထားသည်။

“တိုက်ပွဲကတော့ မလွဲမသွေ ဖြစ်လာမှာကို ပြည်သူတွေရဲ့ နှလုံးသားမှာ သိကြတယ်။ နားလည်တယ်။ ဘယ်အချိန်မှာ ဖြစ်လာမလဲ ဆိုတာကိုပဲ မပြောတတ်။ တစ်ချိန်ချိန်မှာ တိုက်ပွဲ အနှေးအမြန်ဖြစ်လာ မှာ ကိုတော့ လူတိုင်း သိထားကြတယ်” ဟု ဝါရင့်ရခိုင်နိုင်ငံရေးသမားနှင့် လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ဆိုသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */