VOA
ရန်နိုင်
၂၉ စက်တင်ဘာ၊ ၂၀၂၃
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မောင်တောမြို့နယ် နယ်စပ်ဒေသတွေမှာ ARSA လက်နက် ကိုင် အကြမ်းဖက်တွေရဲ့ လှုပ်ရှားမှုတွေရှိလာနေချိန်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဖက်က ဖမ်းဆီး နှိမ်နှင်း မှုတွေလုပ်နေတယ်လို့ AA ဘက်က ပြောပါတယ်။ ဒီအခြေအနေအကြောင်း ရခိုင်ကလာတဲ့ သတင်းကို ကိုရန်နိုင်က တင်ပြပေးပါမယ်။
ဘူးသီးတောင်နဲ့ မောင်တောမြောက်ပိုင်းက နယ်စပ်တလျောက်မှာ လှုပ်ရှားနေတဲ့ ARSA အကြမ်း ဖက် အဖွဲ့တွေနဲ့ ဆက်စပ်လှုပ်ရှားသူတွေကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ဖက်က ဒီရက်ပိုင်းအတွင်း ပိတ်ဆို့ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါ တယ်။
“ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်လှုပ်ရှားနေတဲ့ ရာဇဝတ်ဂိုင်းတချို့ကို ဖမ်းဆီးနိုင်ဖို့ အ တွက် အာရက္ခပြည်သူ့အစိုးရရဲ့ ပြည်သူ့ လုံခြုံရေး တပ်ဖွဲ့တွေက၊ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ကျေးရွာတချို့ကို ပိတ်ဆို့ရှာဖွယ် စစ်ဆေးမှုတွေ လုပ်နေတာရှိတယ်ဗျာ၊ ဒီရာဇဝတ်ဂိုဏ်းတွေနဲ့ မပတ် သတ်တဲ့ ဒေသခံပြည်သူတွေအနေနဲ့ကတော့ ဘာမှ စိုးရိမ်စရာ မရှိဘူးဗျာ။”
လက်ရှိမှာတော့ အကြမ်းဖက်ဝင်တချို့ ဖမ်းဆီးထားတာရှိပေမယ့် တိတိကျကျမသိရသေးဘူးလို့ ခိုင်သု ခက ဆက်ပြောပါတယ်။
“ ဒီထဲမှာ ရာဇဝတ်ဂိုဏ်းက လူတချို့ကို ဖမ်းဆီးထိန်းသိမ်းတာတွေ ရှိနိုင်ပါတယ်၊ ဒီဖြစ်စဉ်နဲ့ ပတ်သက် ပြီး တော့ ဘယ်နှစ်ယောက် ဖမ်းဆီးထားပြီလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကတော့ ကျနော့် ဆီ ကိုတော့ အခုအချိန်ထိ မရောက်လာသေးဘူးဗျာ။”
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်ကောင်စီနဲ့ AA အဖွဲ့တို့ကြား အပစ်ရပ်ထားချိန် ARSAအကြမ်းဖက်အဖွဲ့ရဲ့ လှုပ်ရှားမှုတွေ ပိုစိပ်လာတာဖြစ်ပါတယ်။ အထူးသဖြင့် ARSA အကြမ်း ဖက် အဖွဲ့တွေဟာ မွတ်ဆလင်တွေနေထိုင်တဲ့ ကျေးရွာအနီးအနားတွေမှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ် ဆောင်လေ့ရှိပြီး ဒေသခံတွေကို သတ်ဖြတ်တာ ပြန်ပေးဆွဲတာ လုယက်တာတွေဆက်တိုက်ဆိုသလို လုပ်ဆောင်လာတာဖြစ်ပါတယ်။
အခုလို အကြမ်းဖက်လုပ်ရပ်တွေ ပေါ်လာတာကြောင့် ဘူးသီးတောင်နဲ့ မောင်တောမြောက် ပိုင်းမှာ နေ ထိုင်တဲ့ ဒေသခံတွေကြား စိုးရိမ်စိတ်တွေ ပိုမြင့်တက်လာပါတယ်။ အထူးသဖြင့်တော့ ARSA အကြမ်း ဖက်အဖွဲ့တွေအကြမ်းဖက်လုပ်ရပ်တွေကို မွတ်ဆလင်တွေက ပိုခံစားနေရတယ်လို့ မောင်တောဒေသခံ မွတ်ဆလင်တဦးကပြောပါတယ်။
“ရခိုင်တိုင်းရင်းသားတွေကတော့ ကွက်ကျား ကွက်ကျား ဒီလူတွေ ပေါ်တဲ့နေရာကတော့စိုးရိမ်ကြတယ် သူတို့အသံတွေ အဲလို ထွက်လာတယ်၊ နောက်ပြီးတော့ များသောအားဖြင့် အာဆာက ရခိုင်ရွာဖက်မှာ မနေဘူးဗျာ၊ ရိုဟင်ဂျာတွေ ရွာဖက်မှာနေတာတော့ ရှိတာပေါ့ဗျာ၊ တပ်မတော်နဲ့လည်းဝေးတဲ့နေရာ၊ နောက်တခုက ရသေ့တောင်မှာ ဆရာမတဦး သတ်ဖြတ် ခံရတဲ့အပေါ်မှာလည်း ဒေသခံတွေက တနေ ရာကနေ တနေရာ သွားရတဲ့ ပညာရေးဝန် ထမ်းတွေတခြားဝန်ထမ်းတွေအမျိုးသမီးဆရာဆရာမတွေ ကလည်း စိတ်ရိမ်စိတ်တွေ ပေါ်လာတာပေါ့ဗျာ။”
ဒါ့အပြင် မောင်တောမြောက်ပိုင်းမှာ စစ်ကောင်စီစစ်ဆေးဂိတ်တွေလည်း အရင်ထက်တိုးမြင့် ချထားသ လို စစ်ဆေးမှုတွေ တင်းကြပ်နေတာကြောင့် နှစ်ဖက်တင်း မာတွေဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ် နေကြတာပါ။ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဖက်ကတော့ အကြမ်းဖက်သမား တွေရဲ့ လုပ်ရပ်တွေကို အနီးကပ် စောင့်ကြည့်နေသလို ဖမ်းဆီးတာတွေလည်း လုပ်ဆောင် နေတာကြောင့် ဒေသခံတွေ အ နေနဲ့ စိုးရိမ်စိတ်မလွန်ဖို့ သတိပေးထားပါတယ်။
No comments:
Post a Comment