" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 2, 2023

“စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုများ လူမျိုးသုဉ်း သတ် ဖြတ်မှုပုံစံဖြစ်နေ” Dr. ဝင်းမြတ်အေး

VOA
အင်ကြင်းနိုင်
၀၁ ဩဂုတ်၊ ၂၀၂၃ 

NUG လူသားစာနာမှုဆိုင်ရာဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်ကိုရောက်ရှိခိုက် ဒေသခံမြန်မာများနှင့်တွေ့ဆုံပွဲ (ဇူလိုင် ၃၀၊ ၂၀၂၃)

စစ်ကိုင်းတိုင်းဒေသကြီးမှာ လက်ရှိစစ်ကောင်စီက အရပ်သားတွေအပေါ် အပြင်းအထန်ဖိနှိပ်နေတာဟာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေကို စစ်တပ်က လူမျိုးသုဉ်း သတ်ဖြတ်တဲ့အဆင့်ထိရောက်ခဲ့တဲ့ အင်အားသုံးနယ်မြေ ရှင်း လင်းရေးလုပ်ပုံနဲ့ တပုံစံတည်းပဲလို့ NUG လူသားစာနာဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ ရခိုင် ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စတင်ချိန် လူကယ်ပြန်ဝန်ကြီးအနေနဲ့ ကိုယ် တိုင် ရောက်ခဲ့တဲ့ အတွေ့အကြုံကို ဒေါက်တာဝင်းမြတ်အေးက မေရီလန်းပြည်နယ်မှာ တနင်္ဂနွေနေ့က ပြုလုပ် တဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲမှာပြောသွားတာပါ။ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မအင်ကြင်းနိုင်က အပြည့် အစုံကို တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် သြဂုတ်လက အာဆာရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ကိုနှိမ်နင်းဖို့ ဆိုပြီး စစ်တပ်က ရိုဟင်ဂျာတွေကို အပြင်းအထန်စတင်ဖိနှိပ်ချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က သူ့ကို အဲဒီဒေသဘက်ကို ချက်ချင်းစေလွှတ်ခဲ့ကြောင်း လူကယ်ပြန်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဒေါက် တာဝင်းမြတ်အေးက ပြောပါတယ်။ ဒါပေမဲ့လည်း အရပ်သားအစိုးရဝန်ကြီးတဦးအနေနဲ့ စစ်တပ်ရဲ့ လုပ် ရပ်တွေကို ဟန့်တားခွင့်မရခဲ့တဲ့ အခြေအနေကို ဒေါက်တာဝင်းမြတ်အေးကအခုလို ပြောသွားပါတယ်။

"အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က အရပ်သားရဟတ်ယာဉ်ငှားပေးလိုက်တယ်။ "ဆရာ အဲဒါနဲ့သာ ပြေးတော့။ ဘာ...ဘယ်သူ့မှအားကိုးမနေနဲ့တော့ ". တဲ့၊ ဆိုတော့ ....အရပ်သားရဟတ်ယာဉ်အနီလေးနဲ့ သွားရတယ်။ သွား တဲ့ အခါမှာ အဲဒီရောက်တော့ ဆင်းလို့မရဘူး၊ မီးလျှံတွေကြားထဲမှာ။ တနေရာဆင်းလိုက်တယ်၊မှားဆင်း...သူတို့ကြားထဲရောက်သွား၊ တခါပြန်တက်၊ ပြန်ဆင်းနဲ့...အဲဒါ သြဂုတ်လ၂၇ ရက်နေ့။ ၂၅ ရက်မှာ စဖြစ်တယ်။ ၂၆ ရက်မှာ ကျနော်တို့ ထိုင်ပြီးတော့ ဆွေးနွေးကြတယ်။ ၂၇ ရက်နေ့မှာ ကျနော်ရောက်သွားတယ်။ အဲဒီရောက်သွားတဲ့အခါမှာ အမြဲတမ်း ကျနော်တို့သွားပြီဆိုရင် အဲဒီဒေသတခုလုံးမှာ တာဝန်ယူတဲ့သူတွေက Ministry of Defense (ကာကွယ်ရေးဝန်ကြီးဌာန)။ စဉ်းစားကြည့်ပေါ့နော်။ နောက် ပြည်ထဲရေး။ ပြည်ထဲရေးဆို တော့ ရဲတွေပါပါတယ်။ အကုန်လုံး အထွေထွေအုပ်ချုပ်ရေးက သူ့အောက်မှာရှိတော့ အောက်ကစီစဉ်ဆောင် ရွက်တဲ့သူတွေက သူတို့တွေပဲဖြစ်နေတယ်။ နောက် နယ်စပ်ဒေသဝန်ကြီးဌာန...ဒါတွေကအဓိက။ နောက်တခါ Immigration။ အဲဒါတွေက အရပ်သားလို့ဆိုပေမဲ့ မြေပြင်မှာဆောင်ရွက်နေတဲ့သူအကုန်လုံးက စစ်တပ်ကလူ တွေ။ စစ်တပ်ရဲ့အမိန့်နဲ့တိုက်ရိုက်လုပ်နေတဲ့သူတွေပဲဖြစ်နေတယ်။ ကျနော်အနေနဲ့ ဒီနေရာက ဟိုဘက်ကို သွားလို့မရဘူး၊ ဒီနေရာကနေ ဟိုဘက်သွားရင် အန္တရာယ်ရှိတယ်၊ လုံးဝတာဝန်မယူနိုင်ဘူး၊ မသွားရပါဘူးဆိုပြီး သူတို့ကတားတယ်။ မသွားရပါဘူး...ဆိုတာကို ချိုးဖောက်လို့မရဘူး။ အဲဒီတော့ အမ ဒေါ်အောင်ဆန်းစုကြည် ကလည်း 'ဥပဒေအတိုင်းလုပ်၊ စည်းကမ်းလိုက်နာ၊ ပြောတဲ့စကားကိုနားထောင်ရမယ်။...လို့ပြောတယ်။"

ဒါ့အပြင် အခု စစ်ကိုင်းတိုင်းဒေသကြီးကို စစ်တပ်က အညှိုးအတေးနဲ့ ချေမှုန်းနေတဲ့ ပြင်းထန်လှတဲ့ စစ်ဆင် ရေး ဟာ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို သူတို့ရဲ့ နေရပ်ရင်းကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် စစ်တပ်က အတင်းအကြပ် မောင်းထုတ်ခဲ့တဲ့ ပုံစံအတိုင်းပဲလို့ ဒေါက်တာဝင်းမြတ်အေးက ဆိုပါတယ်။

"ARSA က လုပ်တယ်ဆိုပြီး ARSA အပေါ်မှာ အကုန်လုံးပုံချလိုက်ပြီးတော့ အဲဒီကနေမှ တဆင့် တဆင့်နဲ့ displaced တွေဖြစ်ပြီး ထွက်ထွက်သွားတာ ၇ သိန်း၊ ၈ သိန်း ဖြစ်သွားတယ်။ ကျန်တဲ့ရွာတွေကို မီးရှို့ပစ်လိုက် တယ်။ ဒီရွာတွေကို ရှင်းလင်းလိုက်တယ်။ Clearance Operation ဆိုပြီးတော့ နာမည်တပ်လိုက်တယ်။ အဲဒီ အဖြစ်အပျက်တွေဟာ အခု စစ်ကိုင်းတိုင်းအတွင်းမှာဖြစ်တဲ့အဖြစ်အပျက်တွေနဲ့အရမ်းတူတယ်။ နေလို့မရ အောင်လုပ်တယ်။ ရွာသားတွေကို PDF တွေလို့ စွပ်စွဲတယ်။ PDF တွေကို ထောက်ပံ့တဲ့သူတွေလို့ စွပ်စွဲတယ်။ ဟိုမှာလည်း ARSA လို့စွပ်စွဲတယ်။ ARSA ကို ထောက်ပံ့တဲ့သူတွေလို့ စွပ်စွဲတယ်။ အခုလည်း တကယ့်တော် လှန်ရေးသမားတွေ လွတ်မြောက်ရာလွတ်မြောက်ကြောင်း ရှာဖွေနေကြတဲ့သူတွေကို ရန်သူတွေအဖြစ် သတ် မှတ်တယ်။ နောက်ဆုံးကျတော့ ဘာဖြစ်ကုန်လဲဆိုတော့ ပြည်သူအားလုံးက သူတို့ရဲ့ ရန်သူဖြစ်သွားကြတယ်။ စစ်တပ်က သူ့ရဲ့ ရန်သူတွေလို့ သဘောထားတယ်။"

ဒါဆိုရင် မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေမှာ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရမှာလည်း တာဝန်ရှိနေတယ်ဆိုတဲ့ ရိုဟင် ဂျာ တွေရဲ့ အမြင်တွေနဲ့ ပတ်သက်လို့ ဒေါက်တာဝင်းမြတ်အေးရဲ့ တုံ့ပြန်ချက်ကို ဗွီအိုအေက မေးမြန်းရာမှာ-

"အဲဒီမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်က အဲဒီမှာပြန်ကြည့်လိုက်ရင် ကျနော်တို့အရပ်သားအစိုးရလို့ ဆိုပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ အဲဒီ အခင်းဖြစ်ပွါးခဲ့တဲ့ ရခိုင်ပြည်နယ်မှာ တကယ်သက်ရောက်ခဲ့တာကတော့ ...ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန။ နောက်တခုကတော့ ဒီမှာ စစ်တပ်ကဝန်ထမ်း တွေလည်း အများဆုံးပါဝင်တဲ့ လူဝင်မှုကြီးကြပ်ရေးပေါ့နော်၊ immigration ဝန်ကြီးဌာန။ ဒါတွေကနေပြီးတော့ အဲဒီမှာ တကယ့်ဆောင်ရွက်ခဲ့တာတွေဖြစ်တယ်။ နောက်ပြီး အဓိကလှုပ်ရှားတာကတော့ မြေပြင်မှာ ပြည်ထဲရေး ဝန်ကြီးဌာနမှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လူတွေဖြစ်တယ်။ ဒါတွေအကုန်လုံးက အများစုက စစ်တပ်ထွက်တွေဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ တိုက်ရိုက် စစ်တပ်ရဲ့ညွန်ကြားချက်နဲ့ အဲဒီမှာ လုံခြုံရေးကို ဆောင် ရွက်ရတဲ့၊ တာဝန်ရှိတဲ့သူတွေက ဒါတွေကို ဆောင်ရွက်ခဲ့တာဖြစ်တယ်။"

ဒါ့အပြင်ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေမျိုးမှာ စစ်တပ်ကို လုပ်ပိုင်ခွင့် အပြည့်အဝပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အရပ်သားအစိုးရဘက်က ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရအောင် မလုပ် နိုင် ခဲ့တဲ့ အခြေအနေနဲ့ နောက်ဆုံး စစ်အာဏာသိမ်းလိုက်ချိန်မှာ အခြေအနေတွေ ပြောင်းလဲသွားခဲ့ကြောင်း ဒေါက်တာဝင်းမြတ်အေးက ရှင်းပြခဲ့ပါတယ်။

မေရီလန်းပြည်နယ်မှာ ပြုလုပ်တဲ့ NUG လူသားစာနာဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ မြန်မာမိသားစုတွေ တွေ့ဆုံပွဲကို လူပေါင်း ၁၀၀ နီးပါးတက်ရောက်ခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */