" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, July 26, 2023

လူမျိုးရေး၊ ဘာသာရေး ဝါဒမှိုင်းများကို ကျော်လွန်၍

DMG
DMG ၊ (Analysis Report)
ဇူလိုင်၂၁ ရက် ၂၀၂၃

မောင်ထွန်းကြိုင် - ရေးသည်။

ရက္ခိုင့်တပ်တော် (AA) ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့်ကဏ္ဍ လုပ်ငန်းစဉ်များထဲမှ ထူးခြားချက်တစ်ခုမှာ ဒေသအတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများနှင့် ယခင်က ရင်ဆိုင်ခဲ့ရသော အသိုက်အဝန်းတစ်ခုကိုလက်တွဲ ထားခြင်းဖြစ်သည်။

အာဏာသိမ်းမှု အစောပိုင်းကာလ ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် AA တို့ အပစ်ရပ်ထားသဖြင့် အခြားဒေသများ ကဲ့သို့ မဟုတ်ဘဲ တည်ငြိမ်နေခဲ့သည်။ တစ်ဆက်တည်းပင် ၂၀၂၁ ဩဂုတ်လတွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရခိုင် ပြည်ထဲက မွတ်ဆလင်အုပ်စုကို ULA ၏ အုပ်ချုပ်ရေးယန္တယားတွင် ပါဝင်ဖို့ ကြေညာလိုက်ခြင်းမှာ ရခိုင်ပြည်တွင်း လူဦးရေ ဒုတိယအများစုဖြစ်သည့် မွတ်ဆလင်နှင့် ရခိုင်တို့၏ ဆက်ဆံရေးကို များစွာအထေက်အကူဖြစ်ခဲ့ကြောင်း နိုင်ငံရေးအကဲခတ်တို့က မှတ်ချပေးသည်။

ယင်းနောက်ပိုင်း မွတ်ဆလင်အများစုမှာ ULA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့တွင် ပူးပေါင်းဝင်ရောက်ကာ ဒေသတွင်း ပြဿနာများကို ဖြေရှင်းလာကြသည်။ သို့သော်လည်း လူဦးရေ မည်မျှပါဝင်နေသည်ဆိုသော စာရင်း အတိအကျကိုတော့ ပြောရခက်သည်။ ရခိုင်ပြည်နယ်တွင် လူဦးရေ သုံးသန်းကျော်ရှိသည့်အနက် တစ်သန်းကျော် မှာ မွတ်ဆလင်များဖြစ်ကြောင်း ၂၀၁၅ က ရခိုင်ပြည်နယ်အစိုးရ၏ စာရင်းတွင် တွေ့ရသည်။၎င်းတို့မှာ မောင် တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသတွင် အများစုနှင့် တခြားမြို့နယ်တို့တွင်လည်း အနည်းငယ် ပြန့်ကြဲနေ ထိုင်ကြ သည်။

“ကျနော်တို့ရွာမှာ မှုခင်းတွေဖြစ်ရင် ရဲ(စစ်ကောင်စီ)ကို ခေါ်လို့ မရတော့ဘူး။ လာရောက်ဖြေရှင်းပေးတာ ဘာမှမရှိ ဘူး။ AA ကို ခေါ်ပြီးတော့ ကျနော်တို့နဲ့ ဖြေရှင်းရတယ်” ဟု ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင် မာမတ်ခါဆိန်းက ပြောသည်။

ရခိုင်ပြည်အတွင်းရှိ မွတ်ဆလင်အသိုင်းအဝိုင်းမှ သြဇာတိက္တမ ရှိသူများ၊ ဒေသခံများ၏ သဘောထားတို့ကို DMG က မေးမြန်းချက်အရ AA တပ်မှူးချုပ်၏ သဘောထားအပေါ် မွတ်ဆလင်များမှ လက်ခံကြိုဆိုကြပြီး ရခိုင်ပြည် အတွင်း အခြားလူမျိုးများနှင့် အေးအတူပူအမျှ လုပ်ကိုင်စားသောက်နေထိုင်လိုသည့် ဆန္ဒရှိကြောင်း ဖွင့်ပြော ကြ သည်။

“၂၀၁၂ ကပင် မွတ်ဆလင်တွေဟာ မြို့ထက်ကို မတက်ရ။ မသွားရ မလာရဖြစ်နေတာ အခု တပ်တော် (AA)က နိုင်ငံရေးအရ လုပ်တဲ့အခါ ရခိုင်တွေဘက်ကလည်း ကြိုဆိုတယ်။ အခုဆိုရင် အပြန်အလှန် စီးပွားကူးသန်းနေကြ ပြီ” ဟု ဘာသာပြန်စာရေးဆရာ မွတ်ဆလင် ဦးအောင်ခင်က ပြောသည်။

ယခင်က ဖြစ်ပွားခဲ့သော ရခိုင်နှင့် မွတ်ဆလင် အသိုင်းအဝိုင်းကြား ပဋိပက္ခ အမုန်းတရားများမှာ လူအုပ်စုတစ်ခု၏ ကိုယ်ကျိုးစီးပွားကိုကြည့်ကာ နိုင်ငံရေးအကျိုးအမြတ် ပြဿနာ ပုံဖော်ခဲ့သည့်အတွက် လူမှုအသိုက်အဝန်းနှစ်ခုလုံး ဒုက္ခရောက်ခဲ့ရခြင်းဖြစ်သည်ဆိုသည့် အချက်လည်း ပါဝင်သည်။

ဦးအောင်ခင်က “ဘာသာရေး ဆန်ဆန်၊ လူမျိုးရေး ဆန်ဆန် အရင်ကပဋိပက္ခဖြစ်စဉ်တွေ ရခိုင်မှာဖြစ်ခဲ့တာက နိုင်ငံရေး အကျိုးအမြတ် ယူသွားကြတာပဲ” ဟု ဆိုသည်။

၂၀၁၂ က စစ်တွေ၊ ကျောက်တော်၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူတို့တွင် ပဋိပက္ခကြောင့် ရခိုင်နှင့် မွတ်ဆလင် အသိုင်းအဝိုင်းနှစ်ခုကြားတွင် လူပေါင်းများစွာ သေဆုံးဒဏ်ရာရမှု၊ အိုးအိမ်စီးပွားဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရပြီး မွတ်ဆလင်များမှာ ယခုအချိန်ထိ ဒုက္ခသည်စခန်းများတွင် နေထိုင်ရဆဲဖြစ်သည်။

၂၀၁၇ ခုနှစ်က စစ်တပ်၏ နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှုကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမှ မွတ်ဆလင်ကျေးရွာအများအပြား မီးရှိုးခံရမှု၊ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခံရမှုနှင့်အတူ မွတ်ဆလင် ၇ သိန်း ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ယနေ့အချိန်ထိ ပြန်မလာနိုင်ကြသေးပေ။

ဝါဒဖြန့်ချိမှု

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ယနေ့အထိ စစ်ကောင်စီသည် တနိုင်ငံလုံးတွင် ဝါဒဖြန့်ချိသည့် နည်းလမ်း အဖြစ် အမည်အမျိုးမျိုးဖြင့် သတင်းတု၊ သတင်းမှားများကို တစိုက်မတ်မတ် ဖြန့်ချိနေသည်။ထိုအထဲတွင် ရခိုင် ဒေ သလည်း ပါဝင်သည်။ ရခိုင်ပြည်တွင် ကျောင်းသားများအချင်းချင်း၊ ရပ်နီးစပ် ရွာနီးစပ် အချင်းချင်း၊ မြို့ပြမကျန် ရခိုင်နှင့် မွတ်ဆလင်အုပ်စုအကြား ဆက်ဆံရေးတိုးတက်လာသည်ကို စစ်ကောင်စီက မျက်စိဒေါက်ထောက် ကြည့် နေသည်။

အထူးသဖြင့် ရခိုင်ပြည်သူလူထုနှင့် မွတ်ဆလင်လူမျိုးကြား စိတ်ဝမ်းကွဲသွားစေမည့် သတင်းတုများကို ၎င်းတို့၏ ဝါဒဖြန့်ချိသည့် သတင်းစာမျက်နှာများမှတဆင့် ၂၀၂၂ နိုဝင်ဘာမှ ယခုအချိန်ထိ ဒုတိယအကြိမ် အပစ်ရပ်နေ စဥ် မှာ ပင် ထုတ်လွှင့်နေကြောင်း စောင့်ကြည့်လေ့လာနေသူများက ဆိုသည်။ စစ်တပ်၏ ဝါဒဖြန့်ချိရေး စာမျက်နှာများ ကို Facebook နှင့် Telegram တွင် အများဆုံး တွေ့ရသည်။

DMG က လေ့လာချက်များအရ ရခိုင်နေ့စဥ်၊ မေယုဌာနေ၊ မေယုဟစ်တိုင်နှင့် ရခိုင်အသံ၊ Western 24 News၊ DOROR WADDY MEDIA စသည်တို့ကို တွေ့ရသည်။ ယင်းအထဲတွင် ရခိုင်နေ့စဥ်သည် စစ်ကောင်စီ၏ နေ့စဉ် လုပ်ဆောင်ချက်ကို ဝါဒဖြန့်ချိရေးသတင်းများ တင်ဆက်နေပြီး မေယုဟစ်တိုင်မှာ စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး သာမက AA နှင့် ရခိုင်လူထု၊ ရခိုင်နှင့် မွတ်ဆလင်ကြား အမုန်းစကားဖြစ်စေသည့် သတင်းမှားများကိုလည်း ထုတ် လွှင့်နေကြောင်း လေ့လာစောင့်ကြည့်နေသည့် ရခိုင်မီဒီယာများက ဆိုသည်။

Boder News Agency (BNA) သတင်းဌာန အယ်ဒီတာချုပ် ကိုကောင်းမြတ်နိုင်က “အာဏာသိမ်း စစ်တပ်အ တွက် သွေးခွဲဝါဒဖြန့်နေတာတွေက နာမည်အမျိုးမျိုး တွေ့ရတယ်။ ရခိုင်နဲ့ မွတ်ဆလင်တွေကြား လူမှုဟသဇာတ ဖြစ်မှုကို မလိုလားတဲ့အတွက် စစ်ကောင်စီက လုံးဝသွေးခွဲနေတာပါ” ဟု ပြောသည်။

ထို့အတူ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်မှုကို စုံစမ်းဖော်ထုတ် ရေး သားနေသည့် ရခိုင်အခြေစိုက် Development Media Group (DMG)၊ Narinjara၊ Western News နှင့် Border News Agency (BNA) သတင်းဌာနများကိုလည်း ရခိုင်လူထုကို သတင်းမှားပေးနေသည်ဟု အဆိုပါ ဝါဒဖြန့် စာမျက်နှာများမှ နေ့စဉ်လိုလို ဖော်ပြနေသည်။

ဝါဒဖြန့်ချိရေး စာမျက်နှာများထဲမှ တစ်ခုဖြစ်သော DOROR WADDY MEDIA သည် မုန်တိုင်းမတိုက်မီ မေလ ပထမအပတ်အတွင်း “ဘူးသီးတောင်မြို့နယ်၊ ဆေးအိုးကျ(မွတ်ဆလင်)ရွာရှိ မူလွန်ကျောင်းသို့ AA အဖွဲ့မှ သေနတ် များကိုင်ဆောင် ရောက်ရှိနေသဖြင့် ရွာသားများ စိုးရိမ်ကြောက်လန့် ထွက်ပြေးနေ၊ ဘူးသီးတောင်မြို့နယ်အတွင်း မွတ်ဆလင်များပိုင်သည့် ဈေးဆိုင်ခန်းများနှင့် ဆိုင်ကယ်များစာရင်း AA အဖွဲ့မှ ကောက်ယူနေ၊ မောင်တောမြို့နယ် မြောက်ပိုင်းမှ မွတ်ဆလင်ဝတ်ပြုဗလီများတွင် AA က ယာယီစခန်းချနေ၊ မောင်တောမြို့နယ် မြောက်ပိုင်း မွတ်ဆ လင်ရွာများက ကျွဲ /နွားများကို AA က အတင်းအဓမ္မ တောင်းယူနေ” စသည်ဖြင့် မွတ်ဆလင်နှင့် AA တို့ကိုဦးတည် ပြီး ဆက်တိုက်ဝါဒဖြန့်ရေးသားနေကို တွေ့ရသည်။

ထို့အပြင် မုန်တိုင်းလွန်ကာလ မေ ၂၆ ရက်ကလည်း မောင်တောမြို့နယ် မြောက်ပိုင်း ငန်းချောင်း မွတ်ဆလင်ကျေး ရွာတွင် လေဘေးကူညီရေးဟုဆိုကာ ULA/AA အဖွဲ့က ငွေအဓမ္မ အလှူခံနေ၊ ဇွန်လ ၁၈ ရက်နေ့က ဘူးသီး တောင် မြို့နယ်၊ ဒိုးတန်း(မွတ်ဆလင်)ရွာသားများကို AA တပ်ဖွဲ့ဝင်များက ဆဲရေးတိုင်းထွာကာထိုးကြိတ်ခဲ့ကြောင်း သတင်းမှားထုတ်လွှင့်ခဲ့သည်။ သတင်းရေးသားရာတွင်လည်း AA တပ်ဖွဲ့ကို ခဲဝါ(ခွေအ)ဆိုသည့် အသုံးအနှုန်းကို အမြဲတစေ ထည့်သွင်းရေးသားသည်။ ထို့အတူ Western 24 News သည်လည်း မွတ်ဆလင်နှင့် ရခိုင်ကြား ဆက် ဆံရေးနှင့် AA တို့အကြား ထင်ယောင်ထင်မှားဖြစ်စေမည့် သတင်းများကို ယနေ့အချိန်ထိ နေ့စဉ်ရေးသားဖော်ပြ နေသည်ကို တွေ့ရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဖုန်းဆက် သွယ်ခဲ့ သော်လည်း လက်ခံဖြေဆိုခြင်း မရှိသေးပေ။

ယင်းသို့ စစ်အုပ်စု၏ ဝါဒဖြန့်သတင်းများမှာ လတ်တလော ယုံကြည်မှုအရှိန်အဟုန် တည်ဆောက်နေရသည့် ရခိုင် နှင့် မွတ်ဆလင်ကြား ထိလွယ်ချလွယ်ဖြစ်အောင် မီးစထိုးရန် အမျိုးမျိုးကြိုးပမ်းနေခြင်းဟု လေ့လာသူများက ဆို ကြသည်။

“စစ်ကောင်စီကတော့ ရခိုင်နဲ့ မွတ်ဆလင်တွေအကြားက အက်ကြောင်းကို လိုက်ရှာနေတာပဲလေ။ ရခိုင်ပြည်မှာ ဖြစ် နေတဲ့ ပြဿနာတွေဟာ AA ကြောင့် ဆိုပြီးတော့ ပုံချနေတာ။ နောက်ပြီးတော့ ULA/AA ရဲ့ အားနည်းချက် တွေကို မွတ်ဆလင်တွေအပေါ်မှာ မမျှမတဆက်ဆံတယ်လို့ ဖန်တီးပြီး သွေးကွဲအောင် ပြန်လုပ်နေတာ” ဟု ရခိုင်ဝါ ရင့် နိုင်ငံရေးသမား ဦးဖေသန်းက ဝေဖန်သည်။

မွတ်ဆလင်များကို ဖိအားပေး

 
ရခိုင်၊ မွတ်ဆလင်နှင့် AA တို့ ဆက်ဆံရေး ကောင်းမွန်ခါစတွင် စစ်တပ်က မွတ်ဆလင်များအပေါ် အပြင်းအထန် ဖိအားပေးခဲ့သည်။ ၂၀၂၁ ခုနှစ် ကတည်းက မွတ်ဆလင်များက ULA/AA တရားရုံများတွင် မှုခင်းများကို တိုင်ကြား သည့်အပေါ် မွတ်ဆလင်ကျေးရွာများမှ ရွာလူကြီး၊ ကျေးရွာတာဝန်ခံတို့ကို စစ်တပ်မှ ခေါ်ယူသတိပေးခဲ့သည်။

ကျောက်တော်မြို့နယ် ပိုက်သည်ရွာ၊ ပေါက်တောပလောင်၊ ဂုပ္ပီထောင့်ရွာ၊ ရွှေလိုင်ရွာ၊ အင်ဘာရီ စသည့် မွတ်ဆ လင်ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့ကို ကျောက်တော်အခြေစိုက် ခမရ- ၃၇၅ တပ်ရင်းသို့ ခေါ်ယူပြီး အမှုများဖြစ်ပေါ်လာပါက AA ထံသို့ မတိုင်ကြားရန် ၂၀၂၁ စက်တင်ဘာလက သတိပေးခဲ့သည်။

အလားတူ စက်တာဘာလကလည်း ဘူးသီးတောင်မြို့နယ်ရှိ ပီရွက်၊ တောင်ဘဇာ၊ ငါးရံ့ချောင်း၊ ကျီးနှုတ်သီး၊ တရ ဂူ စသည့်ကျေးရွာများမှ ကျေးရွာတာဝန်ခံတို့ကို AA ထံသို့ ရိက္ခာနှင့် ငွေကြေးထောက်ပံ့မှု ရှိ/မရှိ၊ ကျေးရွာအနီး AA တပ်ဖွဲ့ဝင်များ လှုပ်ရှားမှု ရှိ/မရှိ စသည့်အချက်များကို မေးမြန်းကာ ထောက်ပံ့မှုများမပြုလုပ်ရန် ခြိမ်းခြောက်ခဲ့ သည်။

လက်ရှိတွင်လည်း စစ်ကောင်စီသည် မွတ်ဆလင်များ သွားလာခွင့်ကို ထိန်းချုပ်ထားဆဲဖြစ်သည်။ စစ်တွေမြို့ အ နောက်ဘက်ရှိ သဲချောင်း၊ သက္ကယ်ပြင် စသည့်ကျေးရွာများမှ မွတ်ဆလင်များမှာ စစ်တွေမြို့ပေါ်သို့ လွတ်လပ်စွာ သွားလာခွင့် မရသေးကြပေ။

“ကျနော်တို့ လွန်ခဲ့တဲ့ ၂၀၁၂ ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း ဒုက္ခသည်စခန်းမှာပဲ နေနေရတယ်။ ပြီးတော့ လွတ်လပ်စွာ သွား လာခွင့် လုံးဝမရှိဘူး။ စစ်တွေမြို့ထဲကို သွားမယ်ဆိုရင်လည်း အရမ်းအခက်အခဲရှိတယ်။ မြို့ထဲကိုသွားမယ် ဆိုရင် လုံခြုံရေးတွေနဲ့ ကန့်သတ်ထားသေးတယ်” ဟု စစ်တွေမြို့နယ်၊ သက္ကယ်ပြင် ဒုက္ခသည်စခန်းနေ မွတ်ဆလင် တစ်ဦးက ပြောသည်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော စသည့် AA ထိန်းချုပ်ရာနေရာများတွင်မူ မွတ်ဆလင်များကို လွတ်လပ်စွာသွားလာခွင့် ပေးထားပြီး စီးပွားရေး၊ လူမှုရေး၊ ပွဲလမ်းသဘင်တို့တွင်လည်း အချင်းချင်း ကူးလူးဆက် ဆံမှုများ ရှိနေသည်။

“ကျနော်တို့ ရခိုင်ရွာတွေကို သွားတယ်။ ရခိုင်တွေကလည်း ကျနော်ရွာတွေကို လာတာရှိပါတယ်။ တစ်လူမျိုးနဲ့တစ် လူမျိုး သဟဇာတဖြစ်အောင် ပဋိပက္ခမဖြစ်အောင် ပေါင်းသင်းဆက်ဆံရေးက ပိုအရေးကြီးပါတယ်” ဟု မြောက်ဦး မြို့နယ်၊ သရက်ချို(မွတ်ဆလင်)ကျေးရွာမှ တာဝန်ခံ ဦးမောင်ကျော်လှက ပြောသည်။


လက်ရှိ မွတ်ဆလင်တို့ သဘောထားတွင် AA ကိုအများစုက ထောက်ခံသော်လည်း စစ်ကောင်စီကို စိတ်တိမ်းညွှတ် နေ သည့် မွတ်ဆလင်အချို့လည်းရှိသည်။ ယင်းစစ်ကောင်စီကို ထောက်ခံသည့်အုပ်စုမှာ တစ်ဦးတစ်ဖွဲ့တည်းဖြင့် နိုင်ငံရေးအရ ရခိုင်ဒေသနေ မွတ်ဆလင်များကို အဝေးကနေပြီး ခြယ်လှယ်ရန် ကြိုးပမ်းနေသူများဟု ဘာသာပြန် စာ ရေးဆရာ မွတ်ဆလင် ဦးအောင်ခင်က ပြောသည်။

ဉာဏ်သစ် ပေါ်နေပြီလား?

ယခုအခါ ရခိုင်နှင့် မွတ်ဆလင် လူကြီးလူငယ်၊ လူလတ်ပိုင်း အားလုံးတွင် အတွေးအမြင်သစ်များ တိုးတက်လာ ကြောင်း ပြောဆိုနေကြသည်။ ၂၀၂၁ ခုနှစ်ကစတင်ကာ စစ်တွေတက္ကသိုလ်တွင် ရခိုင်နှင့် မွတ်ဆလင်ကျောင်းသား များ အသင်းအဖွဲ့လိုက် ချိတ်ဆက်ကာ သဟဇာတဖြစ်လာသည်ကို တွေ့ရသည်။

စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ မင်းကိုအောင် “အခု စစ်တွေတက္ကသိုလ်က ကျောင်းသားတွေက တော့ အရင်တုန်းကလို အမြင်တွေ မရှိကြတော့ဘူး။ မွတ်ဆလင်နဲ့ ရခိုင် ကျောင်းသားတွေကတော့ ဆက်ဆံရေး အဆင်ပြေတယ်။ ဒါပေမယ့် Mind set တစ်ခုလုံးကိုတော့ ပြောင်းနိုင်တဲ့ အနေအထားကို မရောက်သေးဘူး” ဟု လူငယ်များ ရင်းနှီးလာမှုကို ပြောသည်။

ယခင်က ပဋိပက္ခဖြစ်စဉ်များ အားလုံးမှာလည်း လူမှုအဖွဲ့အစည်းကြားမှာ အတွေးအမြင် တိမ်ကောခဲ့သဖြင့် ပဋိပက္ခ ကိုဦးတည်ရန် သွေးထိုးလှုံဆော်မှု လွယ်ကူခဲ့ကြောင်း ပြောဆိုကြသည်။ သို့သော် ယခုအချိန်တွင် နှစ်ဘက်အသိုင်း အဝိုင်းကြား ဆက်ဆံရေး အဆင့်မြင့်လာကြောင်း လေ့လာနေသူများကဆိုသည်။

ယခင်က ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သော ရခိုင်နှင့် မွတ်ဆလင် ပဋိပက္ခများမှာ နောက်ကွယ်တွင် ဗမာ၊ ရခိုင် နိုင်ငံ ရေး သမားများ၊ ဘာသာရေးခေါင်းဆောင်များ၊ စစ်အုပ်စုတို့၏ အတွေးအမြင်၊ မလိုမုန်းတီးမှု ဝါဒမှိုင်းများ ချိန်ကိုက် စီမံမှုနှင့် မလွတ်ကင်းခဲ့ပေ။

AA ပေါ်လာပြီးနောက်ပိုင်း လက်ရှိ ရခိုင်လူ့ဘောင်အဖွဲ့အစည်းတွင်လည်း ရခိုင်နှင့် မွတ်ဆလင်တို့မှာ ဆက်ဆံရေး ပိုမိုကောင်းမွန်လာပြီး မြို့ပြ၊ ကျေးလက်မကျန် အတွေးအမြင်သစ်များဖြင့် ငြိမ်းချမ်းစွာနေထိုင်လိုမှုကို ပြသနေ ကြောင်း ပြောဆိုကြသည်။ ထို့ကြောင့် မွတ်ဆလင်အသိုက်အဝန်းက အနာဂတ် ရခိုင့်လူ့ဘောင်သစ် အဖွဲ့အစည်း တရပ် ထူထောင်ရာတွင် ဂုဏ်သိက္ခာရှိစွာ ဘဝရပ်တည်နေနိုင်ရေးအတွက် သစ်လွင်သော အတွေးအခေါ်ရှိလာ ကြောင်း ဆိုနိုင်သည်။

“အဓိကတော့ ULA/AA ရဲ့ သဘောထားအပေါ်မှာ မူတည်ပြီးတော့ မွတ်ဆလင်ရော၊ ရခိုင်တွေဘက်ကလည်း အ ရင် တုန်းက စိတ်နေသဘောထား ပုံစံမျိုးမရှိတော့ဘဲ ပြောင်းလဲတတ်လာကြတယ်” ဟု ဦးဖေသန်းက ပြောသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */