" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, July 29, 2023

"သတ်ပြီး အလောင်းပြန်ပို့လိုက်တာကမှ ပိုကောင်းသေး တယ်"- မြန်မာနိုင်ငံထဲပြန်ဖို့ ငြင်းနေကြတဲ့ ရိုဟင်ဂျာဒုက္ခ သည် တွေ

BBC
ဆွာမီနက်သန် နာတာရာဂျန် နှင့် မိုအက်ဇမ် ဟော့စိန်
ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား အသံလွှင့်ဌာန
၁၂ ဇူလိုင် ၂၀၂၃

ကော့ဆက်စ် ဘဇားဒုက္ခသည်စခန်းက ကလေးငယ်တွေကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က တွေ့ရစဉ်


ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံထဲ ပြန်ပို့ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက တတိယအကြိမ်မြောက် ကြိုး ပမ်းနေကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံ ပြန်ရင် မိသားတစ်စုကို ဒေါ်လာ ၂၀၀၀ ပေးမယ်ဆိုပြီး မက်လုံးပေး ကမ်းလှမ်းထားတဲ့ အဲဒီအစီအစဉ်ဟာ အချေအတင် အငြင်းပွားစရာ ဖြစ်နေပါတယ်။

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေကြောင့် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာ မူဆလင် အများစုပါတဲ့ ဒုက္ခသည် ၈ သိန်းနီးပါးလောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။


ဒီဖြစ်ရပ်ကြောင့် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ကုလသမဂ္ဂ တရားရုံးတစ်ခုမှာ မြန်မာအစိုးရ ကြားနာ စစ်ဆေးခံနေရပါ တယ်။

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် စောင့်ကြပ်ခံနေရ


မေလဦးပိုင်းတုန်းက ရိုဟင်ဂျာ ဒုက္ခသည် အနစ်စ် (နာမည်လွှဲ)ကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ငါးခူရ ပြန်လည် လက်ခံ ရေး စခန်းသစ်ထဲ လှည့်လည် ပြခဲ့ပါတယ်။

“ဒီစခန်းတွေကို ခြံစည်းရိုးတွေ ပတ်ပတ်လည် ကာထားပြီး စစ်သားအစောင့်တွေ ချထားတယ်”လို့ ပြန်လည်လက် ခံရေး စခန်းသစ်ထဲ အစောင့်အကြပ်တွေနဲ့အတူ လှည့်လည်ပြသ ခံခဲ့ရတဲ့ ရိုဟင်ဂျာ ၂၀ ထဲက တစ်ဦးဖြစ်သူ အ နစ်စ်က ပြန်ပြောပြပါတယ်။

“အဲဒီစခန်းတွေထဲက အိမ်အခန်းတွေက အရမ်းသေးတာပဲ။ ၈ ပေ၊ ၁၂ ပေ ပတ်လည်လောက်ပဲ ရှိမယ်။ တံခါး တစ်ပေါက်နဲ့ ပြတင်းပေါက် တစ်ပေါက် ဒါမှမဟုတ် နှစ်ပေါက်လောက်ပဲ ပါတယ်။”

“တံခါးပေါက်တွေက ဘယ်လောက်တောင် သေးသလဲ ဆိုရင် အထဲဝင်ဖို့ ခေါင်းကို ငုံ့ပြီးမှ အထဲဝင်လို့ ရတယ်” လို့ သူက ပြောပြပါတယ်။

မေလတုန်းက မြန်မာနိုင်ငံထဲက စခန်းသစ်တွေကို ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာအစိုးရ အာဏာပိုင်တွေ လိုက်လံပြနေပုံ


ဒါပေမဲ့ အနစ်စ် ကြောက်နေတာက မြန်မာနိုင်ငံထဲက ပြန်လည်လက်ခံရေးစခန်းတွေကြောင့်တင် မဟုတ်ပါဘူး။

“အဲဒီအဆိုပြုချက်ထဲမှာ ကျွန်တော်တို့ အိမ်ပိုင်ခွင့်၊ စီးပွားရေးလုပ်ခွင့် ဘယ်တော့မှ မရှိဘူးလို့ ပါပါတယ်ကျွန်တော့် ကလေးတွေကို ကျောင်းထားခွင့်ရနိုင်ဖို့ တခြားလူတွေ ရတဲ့ အခွင့်အရေးမျိုး ရချင်ပါတယ်။”

“ဒါဆိုရင် ဘယ်သူ့ဆီကမှ ခွင့်ပြုချက်ယူစရာ မလိုဘဲ တခြားမြို့တွေကို သွားနိုင်မယ်”လို့ အနစ်စ် က ပြောပါတယ်။

ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေး သဘောတူချက်ကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရအကြား ၂၀၁၇ ခုနှစ်က ပထမ ဆုံးအကြိမ် လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ဒါပေမဲ့ အခွင့်အရေး အပြည့်အဝ မရရင် မပြန်ဘူး ဆိုပြီး ရိုဟင်ဂျာတွေ က ငြင်းဆန်နေကြတဲ့အတွက် သူတို့ကို နေရပ်ပြန်ပို့ဖို့ ပထမနှစ်ကြိမ် ကြိုးပမ်းမှု မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

ပုံမှန်အားဖြင့် ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး အစီအစဉ်ကို ကုလသမဂ္ဂက ကြီးကြပ်ဆောင်ရွက်ပေးလေ့ ရှိပါ တယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး အစီအစဉ်ကိုတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့က သီးသန့် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

“ဒီလုပ်ငန်းစဉ်က ကိုယ့်ဆန္ဒအလျောက် ပြန်ရမယ့် အစီအစဉ် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က သူတို့ သိက္ခာရှိရှိ ပြန်နိုင်ဖို့ပါ”လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒုက္ခသည်ဆိုင်ရာ ကော်မရှင်မင်းကြီး မိုဟာမက် မီဇာနူရ် ရာမန် က ဘီဘီစီကို ပြောပါတယ်။

“ဘယ်သူ့ကိုမှ အတင်းအဓမ္မ ပြန်ပို့ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဘာမှ ဖုံးထားစရာ မရှိပါဘူး။ ပွင့်ပွင့်လင်းလင်းပြော ထားပါတယ်။”

ဒါပေမဲ့ အနစ်စ်က သူတို့ ဘင်္ဂလားဒေ့ရှ် ပြန်ရောက်မှာ သူတို့အုပ်စုကို နေရပ်ပြန်ပို့ရေး အစီအစဉ်မှာလက်မှတ်ထိုး ဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖိအားပေးခဲ့တယ်လို့ ပြောပြပါတယ်။

“ကျွန်တော့် မိုဘိုင်းဖုန်းကို ပိတ်ထားတယ်။ အခု ညီတစ်ယောက်ရဲ့ ဖုန်းကနေ ပြောနေတာ” လို့ ဆိုပါတယ်။

“ကျွန်တော်တို့ထဲက ဘယ်သူမှ မပြန်ချင်ကြဘူး။ သတ်ပြီးမှ အလောင်းကိုပြန်ပို့လိုက်တာကမှ ပိုကောင်းသေးတယ် လို့ ကျွန်တော်တို့ ပြောထားတယ်”
ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းအဖြစ် ဖော်ညွှန်းပြောလေ့ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်စ် ဘဇား ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ တစ်သန်းလောက် ခိုလှုံနေထိုင်နေ


လွန်ခဲ့တဲ့ နှစ်လတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်စ် ဘဇားမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့နဲ့ ဆူလ်တန် (အမည်လွှဲ)တွေ့ဆုံခဲ့ပါတယ်။

“စာရင်းထဲမှာ ကျွန်တော့်နာမည် ပါတယ်လို့ လာပြောတယ်။ လူတွေအများကြီးထဲမှာ ဘယ်လိုလုပ်ပြီး ကျွန်တော့်နာ မည်က စာရင်းထဲ ပါနေရတာလဲ”လို့ သူကပြောပါတယ်။

“ကျွန်တော်တို့ကို မောင်တောကို အရင်ခေါ်သွားမယ်လို့ ကျွန်တော့ကို ပြောတယ်။ အဲဒီမှာ ပြန်လည်လက်ခံရေး စခန်း ၁၅ ခုလောက် ဆောက်ထားတယ်။ ကျွန်တော်တို့ အဲဒီမှာ ၃ လလောက်နေရမယ်။”

ဆူလ်တန်ရဲ့ မိသားစုက ရခိုင်ပြည်နယ် မောင်တောမြို့နားက ရွာတစ်ရွာကနေ ရောက်လာကြတာပါ။ သူ့မိသားစု က အဲဒီမှာ မြေတွေ၊ အိမ်တွေ ပိုင်ပါတယ်။ ဒါပေမဲ့ သူတို့အားလုံး ထွက်ပြေးလာခဲ့ပြီးကတည်းက ဘာတွေ ဖြစ်ကုန် သလဲ ဆိုတာ ဘယ်သူမှမသိကြပါဘူး။

သူမြန်မာနိုင်ငံက လာတာဆိုတာကို သက်သေပြဖို့ ဆူလ်တန့်မှာ ဘာအထောက်အထား စာရွက်စာတမ်းမှ မရှိပါ ဘူး။

“မြန်မာကိုယ်စားလှယ်အဖွဲ့က ကျွန်တော့်တို့ကို မေးခွန်းတွေ အများကြီး မေးပါတယ်။ ပြီးတော့ ကျွန်တော့်နဲ့ ကျွန် တော့် မိန်းမကို ဓာတ်ပုံရိုက်ယူသွားတယ်။ လက်ဗွေလည်း နှိပ်ခဲ့ရတယ်”လို့ ဆူလ်တန်က ပြောပါတယ်။

စာရင်းထဲမှာ နာမည်ပါတဲ့သူတွေ သူ့လိုပဲ ဘင်္ဂလားဒေ့ရှ်မှာ စောင့်ကြည့်ခံနေရတယ်လို့ ဆူလ်တန်က ပြောပါတယ်။ သူ့ရဲ့ ပြောဆိုချက် မှန်မမှန်ကိုတော့ ဘီဘီစီအနေနဲ့ အတည်မပြုနိုင်ပါဘူး။

ကော့ဆက်စ် ဘဇားက ကြမ်းတမ်းတဲ့ အခြေအနေ


မြန်မာနိုင်ငံ ပြန်ပို့မှာကို ကြောက်ရွံ့စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ ကော့ဆက်စ် ဘဇား ဒုက္ခသည်စခန်းတွေထဲ မှာ နေရတဲ့ ဘဝက ခက်ခဲကြမ်းတမ်းလွန်းလှတာကြောင့် မြန်မာနိုင်ငံ ပြန်ဖို့ကိစ္စကို စူးစမ်းလိုသူတွေလည်း ရှိပါတယ်။

ကုလသမဂ္ဂက လိုအပ်နေတဲ့ ငွေရဲ့ ၄ ပုံ ၁ ပုံလောက်ကိုပဲ လက်ခံရခဲ့တာကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ အကူအညီတွေကို လျှော့ချလိုက်ပါတယ်။

ဇွန်လအစောပိုင်းက ရိုဟင်ဂျာ ဒုက္ခသည်အုပ်စုတစ်စုက မြန်မာနိုင်ငံ ပြန်ပို့ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမဲ့ နိုင်ငံသားအခွင့်အရေး အပြည့်အဝ ပေးမှ ပြန်မယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ပါ။
 
ကော့ဆက်စ် ဘဇား ဒုက္ခသည်စခန်းမှာ သူ့ကလေး ၆ ယောက်အတွက် စားစရာ အလုံအလောက် မကျွေးနိုင်ဘူးလို့ အနူရာ ဘီဂမ် ပြောပြ
 

အနူရာ ဘီဂမ်မှာ သားသမီး ၆ ယောက်ရှိပြီး မနည်း ရုန်းကန် ရပ်တည်နေရပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လက ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတာ ဖြစ်ပြီး သူ့ခင်ပွန်းမှာ ပုံမှန် အလုပ်မရှိပါဘူး။

“တစ်ခါတလေ ကျွန်မကလေးတွေအတွက် အဝတ်ဝယ်ဖို့ ပိုက်ဆံလိုက်ချေးရပါတယ်။ သူများလှူတာကိုပဲ အားကိုး နေ ရတယ်။” လို့ အနူရာက ပြောပြပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ဘာအနာဂတ်မှ မရှိတဲ့အတွက် မြန်မာနိုင်ငံကိုပဲ ပြန်တော့ဖို့ အနူရာ စဉ်းစာနေပါတယ်။

“ကျွန်မရဲ့ ရွာလေးကိုပဲ ပြန်ချင်ပါတယ်။ တကယ်လို့ မြန်မာအစိုးရက ကျွန်မတို့ကို လုံခြုံမှုနဲ့ နိုင်ငံသားဖြစ်ခွင့် ပေး မယ် ဆိုရင်တော့ ကျွန်မ ပြန်မှာပဲ။”

ဒါပေမဲ့ မြန်မာစစ်အစိုးရကတော့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်ခေါ်ယူရေးအစီအစဉ်ရဲ့ အတိုင်းအတာပမာဏ ကို ထုတ်ဖော်မပြောခဲ့ပါဘူး။

သတင်းထောက်တွေနဲ့ ဗိုင်ဘာချက် အုပ်စုတစ်ခုမှာ မြန်မာအစိုးရ သတင်းအချက်အလက် ကော်မတီ တာဝန်ရှိသူ တစ်ဦးက ဘယ်သူဘယ်ဝါ ဆိုတာကို အတည်ပြုနိုင်တဲ့ ဒုက္ခသည်တွေကို ပြန်ခေါ်မယ် ဆိုပြီး ပြောခဲ့ပါတယ်။

အဲဒီနောက် သတင်းထောက်တစ်ယောက်က ရိုဟင်ဂျာဒုက္ခသည် ပြန်လည်ခေါ်ယူလက်ခံရေး အစီအစဉ် ဘာ့ ကြောင့် မစသေးတာလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ရိုဟင်ဂျာတွေဘက်က နှောင့်နှေးတွန့်ဆုတ်နေကြလို့ ဒုက္ခသည် ပြန်လည်ခေါ်ယူလက်ခံရေး အစီအစဉ် ကြန့်ကြာ နေရတာလို့ အဲဒီ တာဝန်ရှိသူက ပြန်ဖြေခဲ့တာ တွေ့ရပါတယ်။

မြန်မာအစိုးရက ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကို သုံးဖို့ လက်မခံကြပါဘူး။ ရခိုင်ပြည်နယ်အနောက်ပိုင်းကို မိုခါ ဆိုင် ကလုန်းမုန်တိုင်း ဝင်တိုက်သွားတုန်းကလည်း မုန်တိုင်းသင့် ရိုဟင်ဂျာတွေကို “ဘင်္ဂါလီတွေ”လို့ မြန်မာစစ်ခေါင်း ဆောင် တွေက ရည်ညွှန်းပြောဆိုသွားခဲ့ပါတယ်။

ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ကနေ ဝင်လာကြတာဖြစ်ပြီး မြန်မာနိုင်ငံက မဟုတ်ဘူးလို့ ပြောထားတာပါ။

လောလောဆယ်မှာ ရိုဟင်ဂျာ ၅ သိန်းလောက် ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ နေနေကြဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းက ပြန်လည်ခေါ်ယူလက်ခံရေး စခန်းသစ်တွေကို ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာအစိုးရ တာဝန်ရှိသူတွေလိုက်လံပြနေပုံ


ဂျာမနီနိုင်ငံအခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားသူ နေဆန်းလွင်ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန် လည် ခေါ်ယူလက်ခံရေး အစီအစဉ်ကို သိပ်အယုံအကြည် မရှိပါဘူး။

“သူတို့ပြောနေတဲ့ ဒုက္ခသည်ပြန်လည် ခေါ်ယူလက်ခံရေး အစီအစဉ်မှာ အရွေးခံရတဲ့ ရိုဟင်ဂျာတွေဟာ တကယ် မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုကနေ မြန်မာနိုင်ငံက ဒုက္ခသည်စခန်းတစ်ခုကို အရွှေ့ခံရတာမျိုး ပါပဲ” လို့ သူက ပြောပါတယ်။

“အာဏာပိုင်တွေက လူ ၂၃ ယောက်ကို ကြားစခန်းတစ်ခုကို ခေါ်လာပြီး မြန်မာနိုင်ငံကို ပြန်ရင် မိသားစုတစ်စုကို ဒေါ်လာ ၂၀၀၀ ပေးမယ်ဆိုပြီး မက်လုံးပေးခဲ့ပါတယ်။”

“ဒေါ်လာ ၂၀၀၀ ပေးမယ်လို့ ကြေညာအပြီး တစ်ရက်အကြာမှာပဲ မိသားစု ၃၀၀ ကျော်လောက် လာစာရင်းပေး ကြ တယ်။ အခုဆိုရင် မြန်မာအစိုးရက မိသားစု ၂၀၀ ကို သူတို့လက်ခံမယ့်အကြောင်း အတည်ပြုထားပြီလို့ ကြားရ တယ်။ လို့ သူကပြောပါတယ်။

“ဘယ်သူက ဒီငွေတွေကို ဘယ်သူက ထောက်ပံ့ပေးမှာလဲ ဆိုတာကို အသေအချာ မသိရသေးပါဘူး။ ဒီငွေက လူ အနည်းအပါး လောက်ကိုပဲ ဆွဲဆောင်နိုင်မှာ ဖြစ်တယ်”လို့ နေဆန်းလွင်က ပြောပါတယ်။

“နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ ခရီးသွားလာခွင့်၊ အခြေခံလူ့အခွင့်အရေး စတာတွေကို မြန်မာအစိုးရက ခွင့်မပြု တဲ့ အတွက် ဒုက္ခသည် အများစုကတော့ မြန်မာနိုင်ငံ ပြန်ကြမယ်လို့ ကျွန်တော် မထင်ပါဘူး”လို့ သူက ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */