" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, May 17, 2023

ကြိုတင်ရွှေ့ပြောင်းခွင့်မရလို့ ရိုဟင်ဂျာတွေ အစုလိုက်အပြုံ လိုက် သေဆုံးရ

RFA
RFA Burmese
2023.05.17
မိုခါ မုန်တိုင်းကြောင့် ဒါးပိုင် ရိုဟင်ဂျာဒုက္ခသည်စခန်း ပျက်စီးမှုများအား ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မေလ ၁၄ ရက်နေ့က တိုက်ခတ်သွားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့နယ် တစ်ခုတည်းမှာ လက် ရှိအချိန်အထိ ရိုဟင်ဂျာ ၄၆၀ နီးပါး သေဆုံးခဲ့တယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ သေဆုံးစာရင်းကို လက်တွေ့ကောက်ယူနေသူတွေက ပြောပါတယ်။

မုန်တိုင်းကြောင့် စစ်တွေမြို့နယ်က ရိုဟင်ဂျာဒုက္ခသည်တွေ အခုလို အစုလိုက်အပြုံလိုက် သေဆုံးရတာဟာ လူ သားမဆန်စွာ နေထိုင်ရမှု၊ အသိပညာနည်းပါးမှုနဲ့ မုန်တိုင်းမဝင်ခင် လွတ်လပ်စွာ ကြိုတင်ရွှေ့ပြောင်းခွင့် မရတာတွေကြောင့်ဖြစ်တယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

"ကျန်တဲ့စခန်း ၈ ခုကို ဆက်ပေါင်းမှာဆိုရင် ၄၀၀ ကျော်လည်း ဖြစ်နိုင်တယ်၊ ၅၀၀ ကျော်လည်း ဖြစ်နိုင်တယ်"

ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ကလည်း ဒီ ရိုဟင်ဂျာတွေ သေဆုံးရမှုနဲ့ပတ်သက်ပြီး မေလ ၁၇ ရက် ဒီနေ့ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပြီး ဒီ ရိုဟင်ဂျာတွေ ဟာ မုန်တိုင်းမဝင်ခင်ကတည်းက လူသားမဆန်စွာ နေထိုင်ခဲ့ရတယ်လို့ အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ မြန်မာစစ်တပ်ရဲ့ ခွဲခြားဆက်ဆံမှုအောက်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပြီး လူမျိုးတုံးသတ်ဖြတ်မှုကနေ အသက်မသေ လွတ်မြောက် လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ အခု ကြောက်စရာကောင်းတဲ့ သဘာဝဘေးဒဏ်ကို ခံစားနေရတာကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ရိုဟင်ဂျာတွေအတွက် အရေးပေါ် အကူညီတွေ အမြန်ဆုံးထောက်ပံ့ပေးရမယ်လို့လည်း ဦးထွန်းခင်က ပြောပါတယ်။


စစ်တွေမြို့၊ သက္ကယ်ပြင်စခန်းက ရိုဟင်ဂျာဒုက္ခသည်တစ်ဦးကတော့ မေလ ၁၅ ရက်နဲ့ ၁၆ ရက် နှစ်ရက်အတွင်းမှာ ရိုဟင်ဂျာ ရုပ်အလောင်း ၁၁၀ ကို မြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ ပြောပါတယ်။

“၁၁၀ ကို မြေမြှုပ်သင်္ဂြိုဟ်ပေးလိုက်ပါတယ်။ အဲဒါကတော့ လုံးဝတိကျသေချာပါတယ်။ အသေအပျောက်က တော့ အဲဒီဘက်မှာတင် ၁၃၀ နီးပါး ထပ်ရှိနိုင်တယ်လို့ ကျွန်တော်တို့ စာရင်းရထားပါတယ်။ သူတို့ရွာသားတွေ ပြောပြချက်အရပေါ့နော်၊ ဒီထက်လည်း နည်းချင်လည်း နည်းသွားနိုင်တယ်။ များချင်လည်း များလာနိုင်တယ်။ ဒါပေမဲ့ မသိရ သေးဘူး။ လူတွေက တစ်ယောက်တစ်နေရာစီဆိုတော့ အဆက်အသွယ်ပြတ်နေတယ်။ ရွာတွေကအများကြီးပဲ နှစ်ရာကျော်ရှိတယ်ရွာ။ အဲအထဲက နေရာလေးခုကိုပဲသွားတာ။ တခြားနေရာတွေ အများကြီးရှိသေးတယ်။ ကျွန်တော်တို့ ကမ်းစပ်နဲ့နီးတဲ့ ရွာ ၁၀ ရွာ၊ ၁၅ ရွာကိုသွားဖို့ရှိတယ်။ အဲဒီကနေပြီး အလောင်းတွေ တွေ့ချင်တွေ့နိုင်ပါသေးတယ်”

အဲဒီရုပ်အလောင်းတွေဟာ စစ်တွေမြို့နယ် စံပြရွာ အမှတ် ၃၊ အမှတ် ၆၊ သဲချောင်းရွာ၊ ဗေဒါရွာ၊ ဒါးပိုင်အနောက် ရွာ စတဲ့ ရိုဟင်ဂျာ ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေက သေဆုံးသူတွေဖြစ်တယ်လို့ သူက ပြောပါတယ်။

မုန်တိုင်းမဖြစ်ခင် ရက်အနည်းအလိုမှာ ရခိုင်ပြည်နယ်စစ်ကောင်စီက မုန်တိုင်းသတိပေးမှုနဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ သူတို့ကို အသိပေးခဲ့ပေမယ့် ရွှေ့ပြောင်းရမယ့် အရေးပေါ် စင်တာတွေမှာ တခြားသူတွေနဲ့သာ ပြည့် လျှံနေပြီး သူတို့အတွက် နေရာမရှိခဲ့ဘူးလို့ ဒါးပိုင် ရိုဟင်ဂျာဒုက္ခသည်စခန်းက အသက် ၂၅ နှစ်အရွယ် ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ဒုက္ခသည်စခန်းထဲမှာ ပင်လယ်နဲ့နီးလို့ လေတွေတိုက်ပြီး ကလေးတွေ၊ သက်ကြီးရွယ်အိုတွေက မသွားနိုင်၊ မလာနိုင်တော့ ရေထဲမှာ မျောပြီးတော့ သေဆုံး သွားတာပေါ့။ အစိုးရတွေ၊ NGO တွေ မုန်တိုင်းမဖြစ်ခင် ကြိုတင်သတိပေးတာတော့ ရှိတယ်။ ဒါပေမဲ့ နေရာပြောင်းနေဖို့ နေရာအလုံအလောက် မရှိဘူး။ အဲဒါကြောင့် ဒီအတိုင်းပဲ နေလိုက်တာ။ ကျွန်တော်တို့ဆီမှာ ဆိုင်ကလုန်းစင်တာ နှစ်ခုပဲရှိတယ်။ အဲဒီ နှစ်ခုမှာတော့ ရခိုင်တွေ၊ မွတ်စလင်တွေနဲ့ အားလုံးလိုလို ပြည့်သွားတော့ အခြား နေရာတွေက မုန်တိုင်းအတွက် ကာကွယ်ပေးမယ့် နေရာတွေမရှိဘူး”

မေလ ၁၄ ရက်နေ့လယ်ပိုင်းက မုန်တိုင်းဗဟိုချက် စစ်တွေမြို့ကို ဖြတ်သန်းနေချိန် ပင်လယ်ဒီရေနဲ့ လေပြင်းတွေ တိုက်လာတာကြောင့် ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေ ကြောက်လန့်ထွက်ပြေးချိန်မှာ သစ်ပင်တွေ၊ သစ်ကိုင်းတွေ၊ အရှိန်နဲ့ ပြန့်လွင့်လာတဲ့ သွပ်ပြားတွေနဲ့ ပြင်းထန်စွာ ရိုက်မိပြီး အခုလို ထိခိုက်သေဆုံးမှု များခဲ့တာလို့ သူက ပြောပါတယ်။
မိုခါ မုန်တိုင်းကြောင့် ဒါးပိုင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ရုပ်အလောင်းတချို့အား ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒါးပိုင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဒုက္ခသည် တစ်သောင်းကျော်ရှိပြီး သူတို့နေထိုင်တဲ့ အဆောင် ၁၈၀ ကျော်အနက် ၁၀၀ နီးပါး ပျက်စီးသွားခဲ့တာပါ။

မုန်တိုင်းကြောင့် ပင်လယ်ဒီရေ ပေ ၃၀ နီးပါးထိ ရုတ်တရက် မြင့်တက်လာပြီး ဒုက္ခသည်စခန်းက တဲအိမ်တွေ အားနီးပါး ပင်လယ်ထဲ မျောပါသွားတာကြောင့် အခုလို လူ ၄၀၀ ကနေ ၅၀၀ နီးပါးအထိ သေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ကိုနေဆန်းလွင်က ပြောပါတယ်။

ဗေဒါဒုက္ခသည် စခန်းတစ်ခုတည်းမှာတင် နေအိမ် ၃၈၀ နီးပါးရှိပေမယ့် မုန်တိုင်းအပြီးမှာ တော့ ခြောက်အိမ်သာကျန်ရှိနေပြီး ရာနဲ့ချီတဲ့ လူနဲ့အိမ်တွေလည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ကိုနေဆန်းလွင်က လက်ရှိ သူရရှိထားတဲ့ စာ ရင်းအရ သေဆုံးသူ အရေအတွက်ဟာ ၅၀၀ ကျော်အထိ ဖြစ်သွားနိုင် တယ်လို့ ပြောပါတယ်။

"ဗေဒါလို့ခေါ်တဲ့ ဒုက္ခသည် စခန်းရယ်၊ ဒါးပိုင် အကွက် - ၃ ဒီကမ့်နှစ်ခုမှာ ၅၇ ယောက် သေဆုံးတယ်။ ဘဆာရယ်ဆိုတဲ့ ကမ့်မှာ ၁၇ ယောက်၊ ဘော်ဒူဖာမှာ ၃၁ ဦး သေတယ်၊ သက္ကယ်ပြင်မှာ သုံးဦး သေတယ်။ အဲဒီမှာပဲ တခြားနေရာက သေဆုံးသူ ၁၀ ဦးရဲ့ အလောင်းလည်း တွေ့ရတယ်။ ဆိုတော့ ဒီငါးနေရာမှာပဲ ၁၁၈ ဦး သေဆုံးတာ အတိအကျ သိရတယ်။ ဒီငါးနေရာမှာ စာရင်းမကောက်ရသေးတာလည်း ရှိနိုင်တယ်။ ဆိုတော့ ပြောလို့မရဘူး၊ ဒီထက် ပိုများနိုင်တယ်။ အဲဒါကြောင့် ကျန်တဲ့စခန်း ၈ ခုကို ဆက်ပေါင်းမှာဆိုရင် ၄၀၀ ကျော်လည်း ဖြစ်နိုင်တယ်၊ ၅၀၀ ကျော်လည်း ဖြစ်နိုင်တယ်"

သေဆုံး ရိုဟင်ဂျာတွေရဲ့ ရုပ်အလောင်းတွေဟာ မုန်တိုင်းဒီရေကြောင့် ပင်လယ်ထဲ မျောပါသွားတာကြောင့် အား လုံးကို ကောက်ယူနိုင်ဖို့ ခက်ခဲတယ်လို့လည်း RFA က ဆက်သွယ်ခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်နှစ်ဦးက ပြောပါတယ်။
မိုခါ မုန်တိုင်းကြောင့် ဒါးပိုင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ရုပ်အလောင်းတချို့အား ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
RFA အနေနဲ့ သေဆုံးတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ စာရင်းအတိအကျရဖို့ ဆက်လက် ကြိုးစားနေဆဲဖြစ်ပါတယ်။

မေလ ၁၆ ရက်နေ့ထုတ် သတင်းစာတွေမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် စစ်တွေမြို့ကို မေလ ၁၅ ရက်နေ့က သွားရောက်ပြီး ငွေကျပ် သိန်းပေါင်း ခုနစ်သောင်းနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်တွေမြို့က ရိုဟင်ဂျာတစ်ဦးကတော့ မုန်တိုင်းတိုက်ပြီး သုံးရက်ကြာတဲ့အထိ အကူအညီတွေ မရသေးဘူးလို့ RFA ကို ပြောပါတယ်။

“ထိထိရောက်ရောက်တော့ ကူညီပေးတာတော့ မတွေ့ရသေးဘူး။ ကြားလည်း မကြားသေးဘူး။ ရွာတွေကို ပျက် စီးစာရင်း လုပ်နေတယ်။ ထင်သာမြင်သာတဲ့ အထောက်အပံ့ပေးမှုကို ကျွန်တော့်အနေနဲ့တော့ မကြားမိဘူး။ စားနပ်ရိက္ခာ အခက်အခဲကြုံနေတယ်။ ပြီးတော့ သူတို့ မူလရွာမှာ သွားပြီးတော့ ပြန်နေဖို့အတွက် စုဝေးနေထိုင်ဖို့ (Center) တွေ မရှိဘူး။ အိမ်တွေ လုံးဝပျက်စီးသွားတဲ့ သူတွေဆိုရင်လေ လမ်းဘေးမှာ ယာယီတာ ပေါ်လင်နဲ့ ယာယီလုပ်ပြီး နေနေကြတာ တွေ့ရတယ်။ သူတို့အတွက်က နေထိုင်ဖို့ နေစရာတွေလိုမယ်။ စား နပ်ရိက္ခာက အရမ်းအရေးပေါ် လိုအပ်နေပါတယ်”

ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုနဲ့ ကူညီကယ်ဆယ်ရေး အခြေအနေတွေ သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

မိုခါ မုန်တိုင်းကြောင့် ဒါးပိုင် ရိုဟင်ဂျာဒုက္ခသည်စခန်း ပျက်စီးမှုများအား ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ရိုဟင်ဂျာတွေကို စစ်တပ်က ဆယ်စုနှစ် တစ်စုကြာ ပိတ်လှောင်ထားခဲ့တာကြောင့် သဘာဝဘေး ကျရောက်ချိန်မှာ အခုလို စုလိုက်အပြုံလိုက် သေဆုံးခဲ့ရတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရိုဟင်ဂျာအရေးအကြံ ပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုးက ပြောပါတယ်။

"ရွှေ့ပြောင်းသွားလာနေထိုင်နေတဲ့ ဒုက္ခသည်တွေပဲဖြစ်ဖြစ်၊ IDP တွေပဲဖြစ်ဖြစ် သူတို့တွေကပိုပြီး ထိရှလွယ်တဲ့ အခြေအနေမှာရှိတယ်ပေါ့၊ နောက်တစ်ခုက ဒီလူတွေကို သွားလာမှုတွေ ကန့်သတ်ထားတော့ ဘေးကင်းရာကို အချိန်မီမထွက်သွားနိုင်ခဲ့ဘူး။ အရင်တုန်းက ဆယ်စုနှစ်တစ်ခုအကြာ ဒုက္ခသည်စခန်းတွေကို ပိတ်လှောက်ထားတဲ့ သက်ရောက်မှုလို့ပဲ သတ်မှတ်လို့ရတာပေါ့"

ရခိုင်ပြည်နယ်မှာ ၂၀၁၂ လူမျိုးရေးပဋိပက္ခနဲ့ ၂၀၁၇ စစ်တပ်နယ်မြေရှင်းလင်းရေးကြောင့် စစ်တွေမြို့ အနောက်ဘက်က သက္ကယ်ပြင်၊ ဒါးပိုင်၊ သဲချောင်း၊ အုန်းတောကြီး အစရှိတဲ့ ဒုက္ခသည်စခန်း ၁၃ ခုမှာ ရိုဟင်ဂျာ ဒုက္ခသည် တစ်သိန်းနှစ်သောင်း ခိုလှုံနေပါတယ်။ တစ်ပြည်နယ်လုံးမှာတော့ ရိုဟင်ဂျာစခန်း ၂၁ ခု ရှိပြီး၊ ဒုက္ခသည် နှစ်သိန်းလေးသောင်း ကျော် ရှိပါတယ်။

မုန်တိုင်းကြောင့် လူ ၄၀၀ ကျော် သေဆုံးခဲ့တာဟာ စစ်တွေမြို့နယ် တစ်ခုတည်းကသာ ဖြစ်ပြီး ရိုဟင်ဂျာကျေး ရွာနဲ့ ဒုက္ခသည်စခန်းတွေရှိနေတဲ့ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နဲ့ မောင်တောမြို့က အခြေအနေကို အတိအကျ မသိရသေးပါဘူး။

RFA က ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က ဒေသခံ ရိုဟင်ဂျာ ခြောက်ဦးလောက်ကို ဒီနေ့ ကြိုးစားဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားမှုနဲ့ ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီဌာနက မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာတွေ အပါအဝင် နိုင်ငံတစ်ဝန်းမှာ လူ ၄၃၅ ဦး သေဆုံးခဲ့ကြောင်း မေလ ၁၆ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */