" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, May 17, 2023

မုန်တိုင်းကြောင့် စစ်တွေမှာ ရိုဟင်ဂျာဒုက္ခသည် ၄၀၀ ကျော် သေဆုံး

RFA
RFA Burmese
2023.05.16
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ဘာဆာရွာတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များအား ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။SAI Aung MAIN / AFP

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည် ၄၀၀ ကျော် သေဆုံးပြီး၊ ပျောက်ဆုံးသူလည်း အများအပြား ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ရိုဟင်ဂျာအကြံပေးအဖွဲ့နဲ့ မြေပြင်မှာ စေတနာ့ဝန်ထမ်း အချက်အလက် ကောက်ယူနေသူတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ကလေး၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင် မိခင်လောင်းနဲ့ သက်ကြီးရွယ်အိုတွေ အများစုပါဝင်တယ်လို့ ဆိုပါတယ်။

မေလ ၁၆ ရက် ဒီကနေ့ ဖေ့စ်ဘွတ်ခ်အပါအဝင် လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေမှာလည်း မုန်တိုင်းကြောင့် စစ်တွေ မြို့နယ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ သေဆုံးသူ ၄၀၀ ကျော် ရှိကြောင်း အသီးသီး ဖော်ပြကြပါတယ်။
"၄၀၀ ကျော်လို့ သိရတယ်၊ ဒါပေမဲ့ ဒါက စစ်တွေတစ်ခုတည်းပဲ။ မြေပြင်မှာ ဒီထက် ပိုများနိုင်တယ်"
ဒါဟာ စစ်တွေမြို့နယ်က လတ်တလောရရှိတဲ့ စာရင်းဖြစ်ပြီး လက်တွေ့မှာ ဒီထက် ပိုများနိုင်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရိုဟင်ဂျာအရေးအကြံပေး အဖွဲ့ဝင် ဦးအောင်ကျော်မိုး က RFA ကို ပြောပါတယ်။

"၄၀၀ ကျော်လို့ သိရတယ်၊ ဒါပေမဲ့ ဒါက စစ်တွေ တစ်ခုတည်းပဲ။ မြေပြင်မှာ ဒီထက် ပိုများနိုင်တယ်။ အသေး စိတ် ကျတော့လည်း စာရင်းဇယားတွေ ကောက်ဖို့က အခက်အခဲတွေ ရှိနေတယ်။ ပျက်စီးဆုံးရှုံးမှု ပမာဏကလည်း တော်တော်များတယ်။ အလောင်းတွေက လမ်းမတွေပေါ်မှာ တွေ့တာ ရှိတယ်၊ နောက်ပြီးတော့ ရေကြီးတော့ ခေါင်မိုးတွေပေါ် တက်ပြီး ရှောင်ရင်း သေသွားတဲ့ သူတွေ ရှိတယ်၊ ပြီးတော့ သွပ်မိုးတွေက လွင့်ပါပြီးတော့ ပြေးလွှားဖို့ ကြိုးစားနေရင်းနဲ့ သွပ်မိုးတွေရိုက်မိရင်း သေဆုံးတာ ရှိတယ်။ ကျွန်တော့်ကို ပြောပြတဲ့အထဲမှာကိုယ် ဝန်ဆောင်အမျိုးသမီး တွေလည်း သေဆုံးပြီး အထဲက ကလေးပါ ဆုံးရှုံးတာ တွေ့ခဲ့ရတယ်လို့ ပြောတယ်"

မုန်တိုင်းတိုက်ပြီး နှစ်ရက်ကျော်တဲ့အထိ သေဆုံး၊ ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကယ်ဆယ်ရေး မလုပ်နိုင်သေးသလို၊ ရုပ်အလောင်းအားလုံးကိုလည်း မကောက်ယူနိုင်သေးဘူးလို့ သူက ပြောပါတယ်။

စစ်တွေမြို့နယ်က သတင်းပေးလာသူတွေရဲ့ အပြောအရ ရသမျှ ရုပ်အလောင်းတွေကို အစ္စလာမ် ဓလေ့ထုံးတမ်းနဲ့အညီ ချက်ချင်း မြေမြှုပ်သင်္ဂြိုဟ်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ လူမျိုးရေးပဋိပက္ခနဲ့ ၂၀၁၇ စစ်တပ်နယ်မြေရှင်းလင်းရေးကြောင့် စစ်တွေမြို့ အနောက်ဘက်က သက္ကယ်ပြင်၊ ဒါးပိုင်၊ သဲချောင်း၊ အုန်းတောကြီး အစရှိတဲ့ ဒုက္ခသည်စခန်း ၁၃ ခုမှာ ရိုဟင်ဂျာ ဒုက္ခသည် တစ်သိန်းနှစ်သောင်း ခိုလှုံနေပါတယ်။ တစ်ပြည်နယ်လုံးမှာတော့ ရိုဟင်ဂျာစခန်း ၂၁ ခု ရှိပြီး၊ ဒုက္ခသည် နှစ်သိန်းလေးသောင်း ကျော် ရှိပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ဗေဒါမွတ်စလင်ရွာမှာ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များအား ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရုပ်အလောင်းတွေကို တတ်နိုင်သလောက် ကောက်ယူသင်္ဂြိုဟ်ပေးနေတဲ့ စစ်တွေမြို့နယ် သက္ကယ်ပြင် ဒုက္ခသည်စခန်းက အမည်မဖော်လိုတဲ့ ရိုဟင်ဂျာတစ်ဦးကတော့ သူတို့စခန်းက သေဆုံးသူတွေနဲ့ အနီးအနား ရိုဟင်ဂျာရွာက သေဆုံးသူတွေကို ပေါင်းရင် သေဆုံးသူ စုစုပေါင်း ၄၀၀ ကျော်တယ်လို့ ပြောပါတယ်။

မုန်တိုင်းဝင်ချိန်မှာ လေတိုက်နှုန်း ပြင်းထန်လွန်းပြီး ပင်လယ်ဒီရေ အမြင့် ပေ ၂၀ လောက်အထိ မြင့်တက်သွားတာ ကြောင့် ရိုဟင်ဂျာ ရွာတချို့ လုံးဝ ပျောက်ထွက်သွား တယ်လို့ အဲဒီ ရိုဟင်ဂျာဒုက္ခသည်က RFA ကို ဒီနေ့ မွန်းလွဲပိုင်းက ပြောပါတယ်။

“သေတာကတော့ ၄၀၀ ကျော် ကျွန်တော်တို့ တွေ့တယ်။ ချက်ချင်းကျတော့ ကျွန်တော်တို့ မှတ်တမ်းဓာတ်ပုံတွေ ယူလို့ မရသေးဘူး။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ ရတဲ့အတိုင်း မြှုပ်လိုက်တယ်။ ကျွန်တော်တိုဒုက္ခသည် စခန်းမှာ ကျွန်တော်တို့ လက်နဲ့ သင်္ဂြိုဟ်လိုက်တာတင် ၁၀ ဦး ကျော်ပါတယ်။ ပြီးတော့ ကျွန်တော် တခြားနေရာတွေကို သွားတယ်၊ ဟိုဘက်မှာ အနောက်စံပြရယ်၊ မြောက်စံပြရယ် အဲဒီမှာ အမှတ်(၆)၊ အမှတ်(၃) ဆိုပြီးတော့ ရွာနှစ်ရွာ ရှိတယ်။ အဲဒီရွာနှစ်ရွာက အခုကျတော့ မရှိတော့ဘူး။ တစ်ခါတည်း ရေထဲပါသွားတယ်။ ရေအမြင့်ပေက ၂၀ နီးပါး တက်သွားတယ်”

လတ်တလော သူရရှိထားတဲ့စာရင်းအရ ဗေဒါ ရိုဟင်ဂျာစခန်းက ၁၁၀၊ ဒါးပိုင်စခန်းက ၂၀၀၊ ဘောဒူဖ စခန်းက ၅၀ ကျော်၊ စံပြရွာ ရိုဟင်ဂျာဒုက္ခသည်စခန်းက ၅၀ နီးပါးနဲ့ တခြား ရိုဟင်ဂျာစခန်းတွေက ၅၀၊ စုစုပေါင်း ရိုဟင်ဂျာ ဒုက္ခသည် ၄၆၀ ကျော် သေဆုံးစာရင်း ရထားပြီး အတိအကျပြုစုဖို့ ကြိုးစားနေဆဲလို့ ပြောပါတယ်။

 
သေဆုံးသူတွေကို ချက်ချင်း မြေမြှုပ်သင်္ဂြိုဟ်နေတာကြောင့် မှတ်တမ်းဓာတ်ပုံရဖို့ ခက်ခဲနေတယ်လို့ သူက ဆိုပါတယ်။

မုန်တိုင်းကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၄၀၀ ကျော် သေဆုံးတယ်ဆိုတဲ့ အချက်ကို RFA အနေနဲ့ လတ်တလော သီးခြား အတည်မပြုနိုင်သေးဘဲ တိကျတဲ့ အချက်အလက်ရဖို့ ကြိုးစားဆက်သွယ်နေပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေမြို့က ရိုဟင်ဂျာဒုက္ခသည်တစ်ဦးကလည်း မေလ ၁၄ ရက် မုန်တိုင်းဝင်တဲ့နေ့မှာတင် စစ်တွေမြို့အနီးက ရိုဟင်ဂျာဒုက္ခသည်တွေ နေထိုင်တဲ့ ဘာဆာရွာမှာ ရုပ်အလောင်း ရှစ်လောင်းကို သူကိုယ်တိုင် မြင်တွေ့ခဲ့တယ်လို့ ပြောပါတယ်။

“ရေမှာ မျောပါတာက အများဆုံးပဲ။ တချို့လူတွေက သူတို့ ဘေးလွတ်ရာ မသွားကြတာ အများကြီးရှိတယ်။ ရေကြီးပြီး အလောင်းတွေ ပြန်မရတော့ဘူး။ ပြီးတော့ ဘာဆာရွာပေါ့၊ အဲဘက်မှာ လူတွေ ရေထဲမျောပါသွားတာ ရှိတယ်။ ကျွန်တော်ကိုယ်တိုင် အလောင်း ရှစ်လောင်း တွေ့လိုက်ရတယ်။ အလောင်းတွေက အမျိုးသမီး ပါတယ်။ ကလေးလည်း ပါတယ်။ အမျိုးသားတွေလည်း ပါတယ်”

လတ်တလောမှာ မုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီ သွားတဲ့ လမ်း၊ တံတား အားလုံး ပျက်စီးကုန်ပြီး သွားလာရေး ခက်ခဲနေတဲ့အပြင် အရေးပေါ် ဖုန်းဆက်သွယ်လို့လည်း မရဘူးလို့ သူက ဆိုပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ဗေဒါမွတ်စလင်ရွာမှာ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များအား ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်ကို ဦးတည်ဝင်ရောက်ခဲ့တဲ့ မိုခါ အားပြင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့က အကြီးဆုံး ဆက်သွယ်ရေးတာဝါတိုင် ကျိုးကျပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အားလုံးနီးပါး ပြတ်တောက်နေပါတယ်။ နေရာတချို့မှာသာ အကန့်အသတ်နဲ့ ဖုန်း၊ အင်တာနက် သုံးနိုင်တယ်လို့ စစ်တွေ မြို့ခံတွေက ပြောပါတယ်။

ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ကိုနေဆန်းလွင် ကတော့ ရိုဟင်ဂျာဒုက္ခသည် စခန်းတွေဟာ လွတ်လပ်စွာ သွားလာခွင့်မရတဲ့ အမိုးဖွင့် အကျဉ်းထောင်လို ဖြစ်နေတာကြောင့် အခုလို သေဆုံး ထိခိုက်များရတာလို့ ပြောပါတယ်။

"အမိုးဖွင့် အကျဉ်းထောင်ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့ ပိတ်လှောင်ထားတယ်ဆိုတော့ သူတို့ရဲ့ ဘဝတစ်ခုလုံးကို ဒါ မသတ်ဖြတ်ဘဲနဲ့ ပျက်စီးသွားအောင်ဆိုတဲ့ ပုံစံနဲ့ စခန်းတွေမှာ ထားထားတာ။ ဆိုတော့ ဒီလူတွေက ပစ်မှတ်ထား ခံရပြီးသား။ အခုလိုမျိုး ကြီးကြီးကျယ်ကျယ် ဖြစ်လာတဲ့အချိန်မှာ ဒီလူတွေကို ကာကွယ်ပေးဖို့ ဆိုတာက နဂိုကတည်းက ပစ်မှတ်ထားပြီး ညှဉ်းပန်းနှိပ်စက် ထားတာလေ။ အခုလို ဖြစ်လာတဲ့အခါ စေတနာအရင်းခံနဲ့ ပြောင်းရွှေ့ပြီးတော့ အသက်အန္တရာယ်က လွတ်အောင် ထားဖို့ ဆိုတာက ကျွန်တော်ထင်တယ် ဒီနိုင်ငံ အုပ်ချုပ်သူတွေက ဒီလိုစေတနာမျိုး မရှိဘူး"

သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကလည်း မုန်တိုင်းနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ဖို့၊ ဘေးလွတ်ရာကို ရွှေ့ ပြောင်းနေထိုင်ဖို့ ရိုဟင်ဂျာတွေကို အသိပညာပေးတာ အားနည်းခဲ့တယ်လို့ RFA က ဒီနေ့ မေးမြန်းခဲ့တဲ့ စစ်တွေမြို့က ရိုဟင်ဂျာဒုက္ခသည်တွေက ထောက်ပြဝေဖန်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် ၄၀၀ ကျော်သေဆုံးမှုနဲ့ အခုချိန်ထိ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မရောက်သေးတဲ့ ကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် အဆက်အသွယ်မရပါဘူး။

စစ်ကောင်စီရဲ့ ဒီနေ့ထုတ် သတင်းစာတွေမှာတော့ အင်အားပြင်းထန်တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို မေ ၁၅ ရက် မနေ့က မွန်းလွဲပိုင်းမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် သွားရောက်ပြီး ကျပ်သိန်းပေါင်း ခုနစ်သောင်းနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မကွေးတိုင်း ဆင်ဖြူကျွန်းမြို့နယ်မှာလည်း မိုခါမုန်တိုင်းကြောင့် သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်မှာတော့ မုန်တိုင်းကြောင့် မတူပီ၊ မင်းတပ်၊ ထန်တလန်နဲ့ ဟားခါးမြို့နယ် တို့မှာ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေအပါအ၀င် အဆောက်အအုံ ၇၀၀ ကျော် ပျက်စီးသွားတယ်လို့ ချင်းလူ့အခွင့်‌အရေးအဖွဲ့ CHRO တာဝန်ရှိသူက RFA ကို ပြောပါတယ်။

RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းအရ ရခိုင်၊ ဧရာဝတီ၊ ချင်း၊ မကွေးနဲ့ စစ်ကိုင်းအပါအဝင် နိုင်ငံတစ် ဝန်းမှာ မိုခါမုန်တိုင်းကြောင့် မေလ ၁၅ ရက် မနေ့ကအထိ သေဆုံးသူ ၃၁ ဦး ရှိနေပါပြီ။ အဲဒီအထဲမှာ ဒီနေ့ စာ ရင်းရရှိတဲ့ ရိုဟင်ဂျာ ၄၀၀ ကျော်ရဲ့ သေဆုံးစာရင်း မပါဝင်သေးပါဘူး။

ဒီနေ့ ရရှိတဲ့ ရိုဟင်ဂျာ ၄၀၀ ကျော် သေဆုံးစာရင်းနဲ့ ပေါင်းမယ်ဆိုရင် မေလ ၁၄ ရက် ပြင်းအား အဆင့် ၅ ရှိတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ အရေအတွက် ၅၀၀ နီးပါး ရှိလာတော့မှာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */