" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, August 25, 2022

ရိုဟင်ဂျာအရေး တရားမျှတမှုရဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ အလေးပေးပြောကြား

VOA
ဗွီအိုအေမြန်မာဌာန
၂၅ သြဂုတ်လ ၂၀၂၂
ကုတုပလောင် ဒုက္ခသည်စခန်း မြင်ကွင်းတခု။ ၆ အောက်တိုဘာ၊ ၂၀၂၀

မြန်မာနိုင်ငံ ရခိုင်ဒေသကနေ ရိုဟင်ဂျာတွေ အစုအပြုံလိုက် ထွက်ပြေးကြရတဲ့ဖြစ်ရပ် ၅ နှစ်မြောက်မှာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိစေရေး ဆောင်ရွက်ရမယ်လို့ ကုလသမဂ္ဂအကြီးအကဲတွေက ပြောဆိုလိုက်ကြပါတယ်။

ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ကြရတဲ့ ငါးနှစ်မြောက်ကာလကို အမှတ်ရပြီး နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကျူးလွန်သူတွေကို အရေးယူရမယ်လို့ ကုလအတွင်းရေးမှုးချုပ် Antonio Guterres က သူ့ ကိုယ်ပိုင် တွစ်တာအကောင့်ကနေ ရေးပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ကုလ မဟာမင်းကြီး Michelle Bachelet ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာပြည်သူတွေကို အကြမ်းဖက်တဲ့ စစ်တပ်လုပ်ရပ်တွေကို ဟန့်တားနိုင်ရေး နိုင်ငံတကာက ဖိအားတွေ တိုးမြှင့်ဖို့ တိုက်တွန်းခဲ့သလို မြန်မာနိုင်ငံတွင်း အရပ်ဘက်အုပ်ချုပ်ရေး ပြန်ပေါ်လာဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူသွားဖို့ကိုလည်း ပြောထားပါတယ်။

ရိုဟင်ဂျာအရေးအပါအဝင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အထောက်အထားပြုစုနေတဲ့ IIMM ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားရဲ့ အကြီးအကဲ Nicholas Koumjian ရဲ့ ထုတ်ပြန်ချက်မှာလည်း ရိုဟင်ဂျာတွေ လုံခြုံဘေးကင်းစွာနဲ့ သိက္ခာရှိရှိ နေရပ်ပြန်ဖို့ဆိုရင် တရားမျှတမှုရရှိရေးဟာ အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ ပြောထားပါတယ်။ ရိုဟင်ဂျာတွေပေါ် ကျူးလွန်တဲ့ရာဇ ဝတ်မှုတွေကို အခုအချိန်အထိ အရေးမယူနိုင်သေးပဲ၊ IIMM အနေနဲ့ ဒီလိုအရေးယူနိုင်ဖို့ အထောက်အထားတွေ ရယူ စုဆောင်း ဆောင်ရွက်နေတယ်လို့ Nicholas Koumjian က ပြောပါတယ်။

ရိုဟင်ဂျာတွေ အစုအပြုံလိုက်ထွက်ပြေးကြရတဲ့ဖြစ်စဉ်အခြေအနေကြီးကို မေ့ထားလို့မရဘူးလို့ ကုလ အတွင်း ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Noreen Heyzer ကလည်း ကြေညာချက်ထုတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာကူညီမှုလုပ်ငန်း လူ့အခွင့်အရေးနဲ့ လုံခြုံရေးအခြေအနေတွေဟာ ဆိုးဆိုးဝါးဝါးဖြစ်လာပြီး ဒီအကျပ်အတည်းအပေါ် နိုင်ငံတကာအဝန်းအဝိုင်းအနေနဲ့ ပြည့်စုံ ခိုင်မာပြီး အားလုံးပါဝင်တဲ့ အဖြေထုတ်နိုင်ဖို့ အရေးကြီးတယ်လို့ကုလသမဂ္ဂ အတွင်းရေးမျုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noreen Heyzer က ပြောပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံကူညီနေတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ချီးကျူးလိုက်ပြီး ဒီ ဝန်ထုပ် ဝန်ပိုးကို နိုင်ငံတကာနဲ့ ဒေသတွင်းက မျှခံကူညီကြဖို့လိုတယ်လို့လည်း သတိပေးပါတယ်။ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကိုသွားရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို တွေ့ဆုံခဲ့တာပါ။

မြန်မာနိုင်ငံ ရခိုင်ဒေသမှာ ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းစစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာအမြောက်အများသေဆုံးခဲ့ရသလို သိန်းနဲ့ချီပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို တိမ်းရှောင်ခဲ့ရပါတယ်။ ရိုဟင်ဂျာအစွန်းရောက်လက်နက်ကိုင်အဖွဲ့တွေက လုံခြုံရေးတပ်တွေကို တိုက်ခိုက်တာကြောင့် စစ်တပ်က နယ် မြေ ရှင်းလင်းရေးလုပ်ခဲ့ရတာလို့ မြန်မာစစ်တပ်က တုံ့ပြန်ထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့အမည်ကို လက်မခံပေမယ့် ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို စီစစ်ပြီး လက်ခံသွားမယ်လို့ မြန်မာစစ်ခေါင်းဆောင်က ပြောထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က Genocide လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်တယ်လို့ သတ်မှတ်ထားတဲ့ အမေရိကန်အစိုးရကလည်း ရိုဟင်ဂျာတွေနဲ့ မြန်မာပြည်သူတရပ်လုံးအပေါ် စစ်တပ်ရဲ့ကျူးလွန်မှုတွေကို တာ ဝန်ခံတာဝန်ယူမှုရှိစေဖို့၊ တရားမျှတမှုရစေဖို့ ဆက်လက် ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ရိုဟင်ဂျာအရေးကို အလေးထား ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်ထဲ စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာ ၇ သိန်းကျော်ထွက်ပြေး ခိုလှုံရတာ ၅ နှစ် မြောက်အထိမ်းအမှတ်နဲ့ နောက်ဆက်တွဲကြုံနေရတဲ့ အခက်ခဲတွေနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ ဗြိတိန်အာရှရေးရာဝန်ကြီးတို့အပြင် အီးယူဥရောပသမဂ္ဂနဲ့ မဟာမိတ်နိုင်ငံတွေ ပူးတွဲပြီး ကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။

ရိုဟင်ဂျာတွေ တရားမျှတမှုရဖို့နဲ့ ဘေးကင်းလုံခြုံပြီး နေရပ်ပြန်နိုင်အောင် နိုင်ငံတကာက ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ UK နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်း ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */