" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, August 25, 2022

မြန်မာနိုင်ငံဆီ ရိုဟင်ဂျာ ဒုက္ခသည်များ ဘေးကင်းစွာ ပြန်နိုင်ရေးအတွက် အီးယူ တိုက်တွန်း

မဇ္စျိမ
25 August 2022

ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ဥရောပသမဂ္ဂ အီးယူက ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုပြီး ရိုဟင်ဂျာများ မြန်မာနိုင်ငံဆီ ဘေးကင်းစွာ ပြန်နိုင်ရေးအတွက် တိုက်တွန်းပြောဆိုသည်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ မြန်မာနိုင်ငံမှ ရိုဟင်ဂျာ အမျိုးသမီး၊ အမျိုးသားနှင့် ကလေးငယ် ၇၅၀,၀၀၀ ကျော်ထက်မနည်း ထွက်ပြေးခဲ့ကြသည့် ငါးနှစ်မြောက် ပူးတွဲထုတ်ပြန်ချက်၌ အီးယူ နိုင်ငံခြားမူဝါဒ အကြီးအကဲ ဂျိုးဆက် ဘော်ရဲလ်နှင့် အခြားသော ကော်မရှင်နာများက ရိုဟင်ဂျာများကို ထောက်ခံကြောင်း ဖော်ပြခဲ့သည်။

“မြန်မာစစ်တပ်၏ အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများကြောင့်” နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ရပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါးသည် “မရေရာသော အနာဂတ်” ဖြစ်နေကြောင်း အဆိုပါ ပူးတွဲထုတ်ပြန်ချက်၌ ထောက်ပြသည်။

“ရိုဟင်ဂျာ ဒုက္ခသည်များ ဘေးကင်းစွာ ဂုဏ်သိက္ခာရှိရှိဖြင့် ကိုယ်ပိုင်ဆန္ဒအလျောက် ပြန်နိုင်ရေး”ကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း အီးယူ ကော်မရှင်နာများက ကတိကဝတ်ပြုပြီး “လူသားချင်းစာနာထောက်ထားရေး၊ ဖွံ့ဖြိုးမှုနှင့် ငြိမ်းချမ်းရေးအမြင်များဖြင့် ပို၍ သင့်တော်သော ကြားဖြတ်ဖြေရှင်းမှုများ”ကိုလည်း ၎င်းတို့က တောင်းဆိုထားသည်။

ထိုပြင် “ရိုဟင်ဂျာများအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်ပေါ် ကျူးလွန်သော ရာဇဝတ်မှုများ အပါအဝင် ကြောက်မက်ဖွယ် ရာဇဝတ်မှုများကို ကျူးလွန်သူများအား စုံစမ်းစစ်ဆေးကာ အပြစ်ပေးသွားရေးကိုလည်း ၎င်းတို့က တောင်းဆိုသည်။

“ရခိုင်ပြည်နယ်၌ ရှိနေသေးသော ရိုဟင်ဂျာထောင်ပေါင်းများစွာ ခံစားကြုံတွေ့ရသည့် စနစ်တကျ အလွဲသုံးစား ပြုကျင့်ခြင်းများ အပါအဝင် ရှည်ကြာနေသည့် ယခု အကျပ်အတည်း၏ ရင်းမြစ်အား ဖြေရှင်းရေးသည် နိုင်ငံတကာ ဦးစားပေးမှု ဖြစ်သင့်ကြောင်း” ၎င်းတို့က ထပ်လောင်းဆိုထားသည်။

မွတ်စလင် လူနည်းစုများအပေါ် မြန်မာစစ်တပ်၏ ရက်စက်သော စစ်ဆင်ရေးများနောက် ၂၀၁၇ ဩဂုတ် ၂၅ ရက်မှစတင်ကာ ရိုဟင်ဂျာများ အစုပြုံလိုက် ပြောင်းရွှေ့ခြင်းများ စတင်ခဲ့သည်။

ယင်းအချိန်မှစကာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်း တိမ်းရှောင်ထွက်ပြေးကြပြီး လက်ရှိအထိ မရေရာသော အနေအထားတွင် နေထိုင်နေကြရသည်။

(မိုးသဲ ဘာသာပြန်သည်။)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */