" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, January 11, 2022

အမေရိကန်တို့ အဘယ်ကြောင့် အာဖဂန်နစ္စတန် တွင် မအောင်မြင်ခဲ့ရသနည်း - ကစ်ဆင်ဂျား

ဘာသာပြန်ဆောင်းပါး
25-08-2021

အမေရိကန်တို့ အဘယ်ကြောင့် အာဖဂန်နစ္စတန် တွင် မအောင်မြင်ခဲ့ရသနည်း - ကစ်ဆင်ဂျား

(ဩဂုတ် ၂၅ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းတွင် ပါရှိသည့် အမေရိကန် နိုင်ငံခြားရေး မူဝါဒ ဂုရုကြီး ဖြစ် ခဲ့သည့် ဟင်နရီ ကစ်ဆင်ဂျား ရေးသားသည့် “Why American failed in Afghanistan” ဆောင်းပါးကို ပြန်လည် တင်ပြသည်)

 အာဖဂန်နစ္စတန်အား တာလီဘန် တို့ သိမ်းယူ နိုင်ခဲ့ခြင်းကြောင့် နိုင်ငံအနှံ့ အပြားတွင် သောင်တင်နေသော ထောင် နှင့် သောင်း နှင့် ချီသည့် အမေရိကန်များ၊ မဟာမိတ် နိုင်ငံသားများ နှင့် အာဖဂန်တို့ အား ပြန်လည် ဆွဲ ထုတ်နိုင်ရန် ထိတ်တန်း ဦးစားပေး အဖြစ် အာရုံစိုက်လာခဲ့ရသည်။ သို့သော်ငြားလည်း ထိုအခြေအနေအထိဆိုက် လာစေရန် နှစ်ပေါင်း နှစ်ဆယ်ကျော် အနစ်နာခံလာခဲ့ကြပြီးမှ အမေရိကန် တို့သည် မဟာမိတ်များ၊ တိုက်ရိုက် သက်ဆိုင်နေသူများ နှင့် မတိုင်ပင်ပဲ အဘယ်ကြောင့် ဆုံးဖြတ်ခဲ့ရ သနည်း ဆိုသည့် စိုးရိမ်တကြီးဖြင့် အလေး အနက် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရသည်။ အာဖဂန်နစ္စတန် အား လုံးဝဥသုံ ထိန်းချုပ်ထားကြမည် လော၊ သို့မဟုတ် အပြီးအပိုင် ရုပ်သိမ်း ထွက်ခွာသွားမည်လော ရွေးချယ်ခွင့် နှစ်ခု အနက် လူထု အား တခုခု ရွေးချယ် ရန်သာ ချပြနိုင်ခဲ့သည့် အထိ ဖြစ်လာခဲ့ရသည်။

ဤသည်ကလည်း ဗီယက်နမ် မှသည် အီရတ်အထိ မျိုးဆက် တခု နီးပါး ကျွနုပ်တို့၏ သောင်းကျန်းမှု တိုက်ဖျက် ရေး ကြိုးပမ်းမှုများတွင် တောက်လျှောက် တွယ်ကပ်ပါလာခဲ့သည့် အရင်းခံ အကြောင်း တရားတခု ရှိနေခဲ့သည်။ အမေရိကန်သည် မိမိတို့၏ တပ်ဖွဲ့ဝင်များ၏ အသက်ကိုရင်းခဲ့ရခြင်း၊ နိုင်ငံ ဂုဏ် သိက္ခာ ကို လောင်းကြေးထပ်ပြီး အခြားနိုင်ငံများ ကို ပါဝင် ပတ်သက်အောင် လုပ်လာရသည့်အခါမျိုးတွင် မဟာဗျူဟာ နှင့် နိုင်ငံရေးရည်မှန်းချက် များကို အခြေခံ၍ ပြုလုပ်ရမည် ဖြစ်သည်။ 

မဟာဗျုဟာ ရည်မှန်းချက် ဆိုသည်က မိမိတို့ တိုက်ခိုက်ရန် ဖြစ်လာသည့် အခြေအနေများကို ရှင်းလင်း ပြစ်နိုင်ရ မည့် အနေအထားကို ဖန်တီးရယူခြင်း ဖြစ်ပြီး နိုင်ငံရေး ရည်မှန်းချက် သည် ထွက်ပေါ်လာသည့် ရလာဒ်ကို သက် ဆိုင်ရာ နိုင်ငံ အတွင်း နှင့် နိုင်ငံတကာ တွင် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရမည့်အုပ်ချုပ်ရေးလုပ်ငန်းဘောင် တခု သတ်မှတ် ပြဠာန်းနိုင်ရေး ကို ဆိုလိုသည်။

အမေရိကန် သည် အဆိုပါ ရည်မှန်းချက်များကို ပြဠာန်း နိုင်စွမ်း မရှိခဲ့မှုကြောင့် သောင်းကျန်းမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများသည် သူ့အလိုလို ဝါးအစည်းပြေသလို ဖြစ်ခဲ့ရသည်။ ထို့အပြင် အဆိုပါ ရည်မှန်းချက် နှစ်ခုအား နိုင်ငံအတွင်း ရှိ နိုင်ငံရေး အရွေ့များ နှင့် ဆက်စပ်ပေးနိုင်ခဲ့ခြင်းလည်း မရှိပေ။ ချမှတ်လာသော စစ်ရေး ရည်မှန်း ချက်များသည် ပရမတ် ဆန်လွန်၍ ခရီးမပေါက် ဖြစ်ခဲ့ရပြီး နိုင်ငံရေး ရည်မှန်းချက် သည်လည်း စိတ်ကူးယဉ် ဆန် လွန်ပြီး ဝေဝါးနေသည်။

တခု နှင့် တခု ဆက်သွယ် မပေးနိုင်ခဲ့ခြင်းကြောင့် အမေရိကန် တို့ အဖို့ မည်သည့် နေရာတွင် ရပ်မည်ဟူ၍ ကြို တင် သတ်မှတ်ထားနိုင်ခြင်း မရှိတော့ပဲ ပဋိပက္ခတွင် ပါဝင် လာခဲ့ရပြီး အုတ်ရောရော ကျော က်ရောရောဖြင့် ပြည်တွင်း ရေး အရှုပ်အထွေး နွံအိုင်ကြီးထဲတွင် စုန်းစုန်း မြုပ်သွားခဲ့ရသည်။

တာလီဘန် တို့ ထိန်းချုပ်ထားသည့် အာဖဂန်နစ္စတန်ကို ခြေကုပ်ယူပြီး အယ်ကိုင်ဒါ အဖွဲ့မှ အမေရိကန် ကို တိုက် ခိုက်လာခဲ့ခြင်းကြောင့် အာဖဂန်နစ္စတန်ထဲ ကျွနုပ်တို့ ဝင်ရောက်လာခဲ့မှုကို လူထု က တခဲနက် ထောက်ခံခဲ့ကြ သည်။ ကနဦး စစ်ဆင်ရေး များသည် ထိထိရောက်ရောက် အောင်မြင်မှု ရခဲ့သည်။ 

တာလီဘန်တို့လည်း ပါကစ္စတန်တို့ ခိုလှုံခွင့် ပေးထားသည့် နေရာများ တွင်သာ ကျင်လည် နိုင်ခဲ့တော့ သည်။ ပါကစ္စတန် အာဏာပိုင်အချို့၏ အကူအညီဖြင့် ထိုနေရာများ မှတဆင့် ပြည်တွင်း တွင် အဖျက် အမှောင့် လုပ် ငန်းများ ဆင်နွှဲလာခဲ့ကြသည်။

တာလီဘန်တို့ နိုင်ငံတွင်းတွင် မရှိတော့သည့် အချိန်တွင်တော့ ကျွနုပ်တို့ဖက်မှ မဟာဗျုဟာ ပိုင်းတွင် အာရုံစိုက် မှု မရှိကြတော့ပေ။ အာဖဂန်နစ္စတန်ကို ဒီမိုကရေစီ ကျင့်စင်များ နှင့် ဖွဲ့စည်းပုံ နှင့် အညီ အုပ်ချုပ်မည့် အစိုးရ တရပ် ပြန်လည် တည်ထောင်ပေးခြင်း ဖြင့် အကြမ်းဖက်သမားများ ပြန်လည် အခြေ ချလာမည့် အရေး ကို ဟန့် တား နိုင်လိမ့်မည်ဟု တဖက်သတ် ယုံကြည်လာခဲ့ကြသည်။ အဆိုပါ လုပ်ငန်း စဉ်ကိုလည်း အမေရိကန်၏ နိုင်ငံ ရေး အရွေ့နှင့် ချိန်ညှိပေးနိုင်ခဲ့ခြင်း မျိုး လည်း မရှိပြန်ပေ။

၂၀၁၀ ခုနှစ်တွင် ထိုသို့ ဖြစ်လာနေသည်ကို ရိပ်စားမိလာသဖြင့် အချိန်ကြာလာသည်နှင့်အမျှ နိုင်ငံတွင်း ရှိ ဂျီ ဟတ်ဒစ် မဟုတ်သူများပင် မိမိတို့အား ဆန့်ကျင်လာလိမ့်မည်ဟု ကျွနုပ်မှ ဆောင်းပါးတပုဒ် ရေးသားပြီး သတိ ပေးခဲ့ဖူးသေးသည်။

အာဖဂန်နစ္စတန်သည် မည်သည့် အခါမျှ ခေတ်မီ နိုင်ငံတခု ဖြစ်မလာနိုင်ပေ၊ နိုင်ငံတခု ဖြစ်ရပ်တည်နိုင်ရေးသည် အစိုးရ အာဏာ ကို ဗဟိုမှ ထိန်းချုပ်ထားနိုင်မှု နှင့် တပြေးညီ တာဝန်ယူပေးနိုင်မှု ရှိခြင်း စသည့် အခြေအနေတခု မရှိမဖြစ် လိုအပ်သည်ကို တင်ကူးကြံဆထားရမည် ဖြစ်သည်။ ဝိသေသ လက္ခဏာပေါင်း များစွာ နှင့် ပြည့်နှက် နေသော အာဖဂန်မြေပေါ်တွင် ထိုအနေအထားများ ချို့ယွင်း လျက် ရှိနေသည်။ အစိုးရ၏ အမိန့်ဩဇာ အာဏာ တနိုင်ငံလုံး တပြေးညီ ပျံ့နှံ့လာဖို့ အ‌ရေးသည် နှစ် ပေါင်းများစွာ တည်ဆောက်ရမည့် သဘော ရှိသည်။ ထို့အပြင် ပထဝီအနေအထား နှင့် လူမျိုးရေး ဘာ သာရေး နဂိုမူလ အရင်းခံ အကြောင်းတရားများကိုကျော်လွှားနိုင်မှလည်း ဖြစ်ပေဦးမည်။ ဤကဲ့သို့ အာဖဂန်နစ္စတန် တွင် အကွဲကွဲအပြားပြား ဖြစ်နေခြင်း၊ အသွားအလာ ခက်ခဲခြင်း နှင့် ဗဟိုအစိုးရ အာဏာ မသက်ရောက် နိုင်ခဲ့ခြင်း များ ကြောင့် အကြမ်းဖက်သမားများ အဖို့ ကွန်ယက်များတည် ဆောက်နိုင်ရန် စွဲမက်ဖွယ် အနေအထားများ ဖြစ်လာရပြန်သည်။

အနယ်နယ်အရပ်ရပ်ရှိ ကွဲပြားနေသော လူမျိုးနွယ်စုများသည် ဗဟိုအစိုးရ ကို အပြင်းအထန် ဆန့်ကျင် လာမှုများ သည် ယခုမှသာ မဟုတ် ၁၈ ရာစု နှစ်ကတည်းက ရှိနေခဲ့ပြီး ဖြစ်သည်။ အာဖဂန်နစ္စတန် တွင် စစ်ရေး နှင့် နိုင်ငံ ရေး အရ ချုပ်ကိုင်နိုင်ရန် သည် လူမျိုး နွယ်စုများ အပေါ် အခြေခံ နိုင်မှသာ ဖြစ်ပေမည်။ အခြေခံအားဖြင့် မြေရှင် ပဒေသရာဇ် စနစ် ဖွဲ့စည်း တည်ဆောက်ပုံအတိုင်း ရှိနေသေး သဖြင့် သက်ဆိုင်ရာ မျိုးနွယ်စုများအား အကာအ ကွယ် ပေးနိုင်သူများသည် သာ အဓိက နေရာမှ ကြိုးကို င်နိုင်သူများ ဖြစ်လာခဲ့ကြသည်။

မျိုးနွယ်စု အချင်းချင်းလည်း ရန်ညိုးရန်စများက ဖွဲမီးလို တငွေ့ငွေ့တောက်လောင်နေဆဲ ဖြစ်သည်။ ၎င်း တို့ သည် ၁၈၃၉ ခုနှစ် တွင် ဗြိတိသျှ တို့ နှင့် ၁၉၇၉ တွင် ဆိုဗီယက်ကဲ့သို့ ပြင်ပ မှ ကျူးကျော်လာ သည့် အခါမျိုး တွင်သာ အချင်းချင်း ယေဘုယျ သ‌ဘောမျိုး အကျိုးတူ ပူးပေါင်းလာကြပြီး ဗဟိုချုပ်ကိုင်မှု ရရန် နှင့် တသား တည်း ဖြစ်ရန် ကြိုးပမ်းလာကြသည်။

၁၈၄၂ တွင် ဗြိတိသျှ တို့ ကဘူးလ်မှ ကံဆိုးမိုးမှောင်ကျစွာ ဆုတ်ခွာပေးခဲ့ရသည်၊ ထိုအခါက ဥရောပ တိုက်သား တဦးသာ အသက်ဘေး သို့မဟုတ် ဖမ်းဆီးခံရမည့် ဘေး မှ ကင်းလွတ်သွားခဲ့ရသည်။ ၁၉၈၉ တွင် လည်း ထိုကဲ့သို့ ယာယီ အကျိူးတူ ပူးပေါင်းနိုင်ခဲ့သဖြင့် ဆိုဗီယက်တို့ ဆုတ်ခွာပေးခဲ့ရသည်။ အာဖဂန် ပြည်သူများသည် ၎င်းတို့ အရေး အတွက် ၎င်းတို့ဖာသာ တိုက်ခိုက်လိုစိတ် မရှိကြဟု မျက်မှောက်ခေတ် တွင် ငြင်းခုံ ပြောဆိုနေမှုများ အား သမိုင်း ဖြစ်ရပ်များက ထောက်ခံခဲ့ခြင်း မရှိပေ။ တကယ် တမ်းတွင် အာဖဂန်တို့သည် ၎င်းတို့ မျိုးနွယ်စုများ နှင့် ကိုယ်ပိုင် အုပ်ချုပ်နိုင်ခွင့် ရရန် ကျားကုတ် ကျားခဲ တိုက်ခိုက်တတ်သူများသာ ဖြစ်သည်။

အချိန်ကာလ ကြာညောင်းလာသည်နှင့် အမျှ အမေရိကန် တို့ ၏ သောင်းကျန်းမှု တိုက်ဖျက်ရေးအတွက်ထောက် ခံပေးနေမှုများသည် တစထက် တစ ယုတ်လျော့လာခဲ့ရသည်။ တာလီဘန်တို့၏ အခြေစိုက်စခန်းများကိုတကယ် တမ်းတွင် ဖျက်ဆီးနိုင်ခဲ့သည်မှာ မှန်သော်လည်း ယင်းနှင့် အတူ နိုင်ငံတည်ဆောက်ရေး အတွက်စစ်အင်အားများ ကို အမြောက်အများ ထုတ်နှုတ်သုံးစွဲခဲ့ရပြန်သည်။ တာလီဘန်တို့ အား ထိန်းချုပ်ထားနိုင်ယုံသာ ရှိခဲ့ပြီး အပြီးအ ပိုင် ချေမှုန်းနိုင်ခဲ့ကြခြင်း မရှိပေ။

အာဖဂန်တို့ နှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိခဲ့သည့် အစိုးရ ပုံစံကို သွတ်သွင်းလာခဲ့မှုကြောင့် နိုင်ငံရေးဖက်တွင် စိတ် ပါလက်ပါ မရှိဖြစ်လာခဲ့ပြီး အကျင့်ပျက်ခြစားမှုများ မှိုလိုပေါက်လာအောင် အားပေးသလို ဖြစ်လာခဲ့ရသည်။

ထို့အတွက် အာဖဂန်နစ္စတန် နှင့် ပတ်သက်၍ အမေရိကန် တွင် အငြင်းပွားဖွယ်ရာများ ထပ်တလဲလဲ ဖြစ်လာခဲ့ ရသည်။ ထိုသို့ အခြေအတင် ပြောဆို ငြင်းခုံမှုများတွင် အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး ဖက်၌ တိုးတက်မှု များ ရှိသည် ဟု ပြောဆိုခဲ့သော်လည်း နိုင်ငံရေး ဖက်တွင် ပျက်စီးခြင်း ငါးပါး ဆိုက်လာပြီဟု သတ်မှတ်လာကြသည်။ ပါတီကြီး နှစ်ခု တလှည့်စီ ဆက်တိုက် အုပ်ချုပ်ခဲ့စဉ်အတွင်း ထိုသို့ တဖက် နှ င့် တဖက် ငြင်းခုံလာမှုများကြောင့် ရှေ့မတိုး နောက်မဆုပ် ဖြစ်လာခဲ့သည်။ ဥပမာ ဆိုရက ၂၀၀၉ ခုနှစ် အတွင်း အာဖဂန်နစ္စတန် တွင် တပ်အင်အား ရုတ်ခြည်း မြှင့်တင်မှု ဟု ဆုံးဖြတ်ခဲ့ကြ သော် လည်း တချိန်တည်းမှာပင် တပ်များကို ၁၈ လ အတွင်း ရုတ်သိမ်း မည်ဟု ကြေညာခဲ့ခြင်းမျိုးပင် ဖြစ်သည်။

အောင်မြင်နိုင်ဖွယ်ရှိသည့် ရည်မှန်းချက်များနှင့် ပေါင်းစပ်ကာ ကျင့်သုံးသွားရန်ကို လစ်လျု ရှုခဲ့ကြသည်။ သောင်း ကျန်းမှု တိုက်ဖျက်ရေး ရည်မှန်းချက်သည်လည်း တာလီဘန်တို့ အား ချေမှုန်းရေး ထက် ထိန်းချုပ်ထားနိုင်ရေး အဆင့်သို့ သက်ဆင်းသွားခဲ့ရသည်။ အာဖဂန် ဖြစ်စဉ်တွင် အမှန်တကယ် ပါဝင် ပတ်သက်နေသော အိမ်နီးချင်း များကို နိုင်ငံ‌ရေး သံတမန်ရေး လမ်းကြောင်းများ ရှာဖွေ ထိုးဖေါ က်ပြီး ချည်းကပ်၍ ရနိုင်ကောင်းသည်။ အဆိုပါ အိမ်နီးချင်းများသည် ၎င်းတို့ အချင်းချင်း ရန်သူ သဖွယ် ဆက်ဆံနေကြပြီး တခါတရံတွင် မိမိတို့ ဖက်သို့ပင် လှည့် လာနေကြသူများ ဖြစ်သည်၊ ထိုနိုင်ငံများသည် အာဖဂန်နစ္စတန် နိုင်ငံတွင်း အကြမ်းဖက်သမားများ ကြီးစိုးလာ နိုင်မှု အလားအလာ များကြောင့် ၎င်း တို့ကို ခြိမ်းခြောက်ခံရသလို ဖြစ်နေသည်ဟု ယူဆနေကြသူများလည်း ဖြစ်သည်။

သောင်းကျန်းမှု တိုက်ဖျက်ရေး တွင် အဆိုပါ နိုင်ငံများ နှင့်အတူ ညှိနှိုင်း ဆောင်ရွက်ရန် အဘယ်ကြောင့် မဖြစ်နိုင် ရှိရပေမည်နည်း၊ အိန္ဒိယ၊ တရုတ်၊ ရုရှား နှင့် ပါကစ္စတန်တို့သည် ကွဲပြားသော အကျိုးစီးပွားများ သေချာပေါက် ရှိနေကြပြီး ဖြစ်သည်။ ထိုအနေအထားများကြားတွင် အဆင်ပြေသလို ဖန်တီးရယူနိုင်သော သံခင်း တမန်ခင်း များ  ဖြင့် အာဖဂန်နစ္စတန်ရှိ အကြမ်းဖက်ဝါဒ ကို တူညီစွာ ရပ် တည် ဖြေရှင်းနိုင်မည့် အစီအမံများကို ထုတ်နှုတ် ရယူ နိုင်ပေသည်။ ဗြိတိသျှ တို့သည် အရှေ့အ လယ် ပိုင်း မှသည် အိန္ဒိယ အထိ စစ်စခန်းများ အမြဲလို ချထားစရာ မလိုပဲ၊ ကြုံလျှင် ကြုံသလို ၎င်းတို့ အား ထောက်ခံသူများကို စုစည်း ကာ အမြဲတမ်း အသင့် ဖြစ်နေအောင် ပြင် ဆင်ထားနိုင်သည့် မဟာဗျုဟာမျိုး ဖြင့် ရာစု နှစ် တခု နီးပါးမျှ ၎င်းတို့ အကျိုးစီးပွားကို ကာကွယ်ထားနိုင်ခဲ့သည်။

ထိုကဲ့သို့သော နည်းလမ်းမျိုးကို မည်သည့် အခါမျှ ရှာဖွေရကောင်းမှန်း မသိခဲ့ကြပေ။ မိမိတို့ နိုင်ငံကို စစ်ဆင်လာ မည့် အလားအလာများကို ကာကွယ်နိုင်ခဲ့ပြီဟု ယူဆလာပြီး နောက်တွင် သမ္မတ ထရန့် နှင့် ဂျိုး ဘိုင်ဒင်တို့သည် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်က မိမိတို့ မှ ချေမှုန်းသုတ်သင်သွားမည်ဟု ကတိကဝတ် ပြုထားခဲ့သည့် ရန်သူ တာလီဘန်တို့ နှင့် ငြိမ်းချမ်းရေး အတွက် စတင် ဆွေးနွေးလာကြ သည်၊ ထိုဆွေးနွေပွဲများမှ ဘိုင်ဒင် အစိုးရ အဖွဲ့ ၏ တဖက်သတ် တပ်များ ရုပ်သိမ်းသည့် အဆင့်ထိ ရောက်လာခဲ့ရခြင်းပင် ဖြစ်သည်။

တဆင့်ပြီး တဆင့် ပြောင်းလဲ ဖြစ်ပေါ်လာခဲ့ခြင်းသာ ဖြစ်သည်ဟု ပြောယုံမျှဖြင့် စာနာစိတ်ကင်းမဲ့မှု နှင့် ရုတ် ခြည်း တပ်များ ရုပ်သိမ်းသွားရန် ဆုံးဖြတ်ခဲ့မှု တို့ကို တော့ ချေဖျက်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ အမေရိကန်သည် မိမိတို့ တွင် ရှိ စွမ်းဆောင်နိုင်မှု အရည်အသွေး နှင့် သမိုင်းအစဉ်အဆက် ထိန်း သိမ်း လာခဲ့သည့် စံတန်ဖိုး များ ကြောင့် နိုင်ငံတကာ ဖွဲ့စည်း ဖြစ်တည်နေမှု များတွင် အဓိက အစိတ် အပိုင်း အဖြစ် ရပ်တည်နေမှုမှ ရုန်း ထွက် နိုင်စွမ်း ရှိမည် မဟုတ်ပေ။ တပ်များ ရုပ်သိမ်းပေးခြင်း ဖြင့် လည်း ရှောင်လွှဲနိုင်မည် မဟုတ်ပေ။

မိမိကိုယ် မိမိ ပုံကြီးချဲ့ ကြည့်တတ်သော နိုင်ငံများ၏ ထောက်ခံမှုများနှင့် အတူ တိုးတက်လာနေသည့်နည်းပညာ များ ကြောင့် ကြီးထွားလာနေသော အကြမ်းဖက်မှုများကို မည်သို့ တိုက်ဖျက်မည်၊ ကန့်သတ်မည် နှင့် ကျော်လွှား နိုင်မည် ဆိုသည်က တကမ္ဘာလုံး အတိုင်းအတာဖြင့် ရင်ဆိုင်နေရ သည့် စိန်ခေါ် မှုများပင် ဖြစ်သည်။ ဤသည်ကို လက်ရှိ နိုင်ငံတကာ ဖြစ်တည်နေမှု ပုံစံနှင့် လျှော်ညီ စွာ ဖန်တီး ယူထားသည့် သံခင်းတမန်ခင်း နည်းလမ်းများ နှင့် ပေါင်းစပ်ပြီး နိုင်ငံ၏ မဟာဗျုဟာ အကျိုးစီးပွား အညီ ခုခံတွန်းလှန်သွားရမည် ဖြစ်သည်။

လက်ရှိ မိမိတို့ ဖာသာ ဖန်တီးခဲ့မှုကြောင့် ဖြစ်ပေါ်လာသည့် ယုတ်လျော့သွားမှုမျိုးကို ထေမိစေရန် အခြားဒေသ များ တွင် တာဝန်ခံမှု အသစ်များ နှင့် အစားထိုးပြီး သိသာထင်ရှားအောင် ဖန်တီးပေးမှုမျိုး လတ်တလောတွင် မလုပ်မိအောင် သတိမူရမည် ဖြစ်သည်။ ထိုသို့ အမေရိကန်တို့ဖက်မှ ဂမူးရှုးထိုး လုပ်မိပါက မဟာမိတ်များ အ ကြား စိတ်ပျက်လက်ပျက် ဖြစ်သွားကာ ရန်သူများ ကို အားပေးအား မြှောက် ပြုရာ ရောက်ပြီး စောင့်ကြည့် လေ့ လာနေသူများ အကြား ဇဝေဇဝါ ဖြစ်ကုန်အောင် မျိုးစေ့ချပေးသလို မျိုး ဖြစ်သွားနိုင်ပေသည်။

ဘိုင်ဒင် အစိုးရ အဖွဲ့သည် ယခုမှ စလုံးရေး စ အဆင့်တွင်ပင် ရှိပေသေးသည်။ ပြည်တွင်း နှင့် နိုင်ငံတကာတွင် တကယ်တမ်း လိုအပ်နေသည်များ နှင့် လိုက်လျောညီထွေမှု ရှိပြီး ရေရှည်တည် တံ့နိုင်သည့် မဟာဗျုဟာမျိုး ချမှတ်နိုင်ရန် အချိန်များစွာ ရှိနေပေသေးသည်။

ဒီမိုကရေစီသည် အယူအဆမတူညီသည့် အုပ်စုများကြား ပဋိပက္ခမှ တဆင့်ပြီး တဆင့် တိုးတက်ဖွံ့ဖြိုး ရင့်သန် လာချင်းမျိုးသာ ဖြစ်သည်။ ထိုမှတဆင့် ရင်ကြားစေ့ချင်းမျိုးဖြင့်သာ အထွတ်အထိပ်သို့ တက်လှ မ်းနိုင်မည်လည်း ဖြစ်သည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */