Thursday, October 22, 2020

မြန်မာအပေါ် ဂျီနိုဆိုက် စွဲချက် ICJ မှာ ဂမ်ဘီယား အချက် အလက်အပြည့်အစုံတင်သွင်းတော့မည်

VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်
22 အောက်တိုဘာ၊ 2020
ICJ မှာ ဂမ်ဘီယာက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုအပေါ် ကြားနာနေမှုမြင်ကွင်း။ (ဒီဇင်ဘာ ၁၀ ၊ ၂၀၁၉)
 
ဂျီနိုဆိုက် လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်ရေးသဘောတူစာချုပ်ကို မြန်မာက ချိုးဖောက်တယ်လို့ စွပ်စွဲထား တဲ့ ဂမ်ဘီယာနိုင်ငံက သောကြာနေ့ အောက်တိုဘာလ ၂၃ ရက်မှာ Memorial လို့ ခေါ်တဲ့ စာမျက်နှာ ၅၀၀ ရှိ တဲ့ အချက်အလက်အပြည့်အစုံတင်ပြချက်ကို ICJ ကုလသမဂ္ဂအမြင့်ဆုံးတရားရုံး ကို တင်သွင်းတော့မှာ ဖြစ်ပါတယ်။ ဂမ်ဘီယာတင်သွင်းချက်ထဲ မှာဘာတွေပါမလဲ။ ICJ တရားသူကြီးတွေ ဆုံးဖြတ်ဖို့အရေးကိစ္စမှာ ဒီတင်သွင်းချက် ဘယ်လောက်ထိ အရေးပါသလဲ။

အပြည့်အစုံကို မအင်ကြင်းနိုင်ပြောပြမှာပါ။

ဂမ်ဘီယာက အခု တင်သွင်းမယ့် Memorial လို့ ခေါ်တဲ့ အချက်အလက်အပြည့်အစုံတင်ပြချက်ဟာ မြန်မာကို သူတို့ စွဲဆိုထားတဲ့ ဂျီနိုဆိုက် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ဘယ်လောက်ထိ ခိုင်မာမှုရှိလဲဆိုတာကို သက်သေအထောက်အထားတွေနဲ့ ICJနိုင်ငံတကာတရားရုံးကိုလျှောက်လှဲချက်တင်သွင်းရတာ ဖြစ်တယ်လို့ ဂမ်ဘီယာဘက်က လိုက်ပါဆောင်ရွက်နေတဲ့ Arakan Rohingya Union ဥက္ကဌ ဒေါက်တာ Wakar Uddin ကဗွီအိုအေကို ပြောပါတယ်။

“အဲဒီ Memorial က စာမျက်နှာ ၅၀၀ ကျော်ပါတယ်။ အဲဒီမှာ အထောက်အထားတွေလည်း ၁၀၀-၂၀၀ ကျော် ပါတယ်။ အဲဒီမှာ မြန်မာစစ်တပ်တွေက ဘာလုပ်ထားတယ်ဆိုတာ ၊ ဘာလုပ်ခဲ့တယ်ဆိုတာ Crime Against Humanity နဲ့ War Crimes တွေ ရခိုင်ပြည်မှာ လုပ်တာ အားလုံးတွေ ပါပါတယ်။ အထောက်အထားနဲ့ Witness တို့ ၊ UN ကတို့ ၊ တခြား စိတ်ချရတဲ့ မှန်ကန်တဲ့ Sources တွေကနေ ယူထားတာပါ။ မြန်မာအစိုးရ လည်း ကိုယ်တိုင်ပြောခဲ့ပါတယ်။ ရခိုင်ပြည်မှာ သူတို့ Crime လုပ်ခဲ့တယ်တို့လို့။ မြန်မာအစိုးရလည်း ပြောခဲ့ တယ် ဒါပေမယ့် ဘယ်လို Crime လုပ်တယ် ဘယ်လောက်လုပ်တယ်ဆိုတာ မပြောပါဘူး။ အသေးစိတ် ကျ နေ်ာ တို့ အဲဒီမှာ ရေးထားပါတယ်။”

သောကြာနေ့မှာ ICJ ကိုတင်သွင်းမယ့် ဂမ်ဘီယာရဲ့ Memorial အချက်အလက်အပြည့်အစုံတင်ပြချက်ဟာ တရားသူကြီးတွေဘက်က မြန်မာအနေနဲ့ ဂျီနိုဆိုက် ကျူးလွန်မှုရှိမရှိ အဆုံးအဖြတ်ပေးတဲ့နေရာမှာ ထည့်သွင်း စဉ်းစားမှာဖြစ်တဲ့အတွက် အလွန်အရေးကြီးပြီး မြန်မာဘက်က ပြန်လည်ခုခံချေပရမှာဖြစ်တယ်လို့လည်း ဒေါက်တာ Wakar Uddin ကဆိုပါတယ်။

“သိပ်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၅၀၀ ကျော်ရှိတာ။ ဘယ်လောက်အရေးကြီးသလဲဆိုတော့ စာ မျက်နှာ ၅၀၀ ကျော်မှာ ကျနော်တို့ ရေးထားတဲ့ တခုပြီးတခု Genocide crime ၊ Crime of Genocide တွေ အသေးစိတ်ရေးထားတော့ မြန်မာအစိုးရက အဲဒါကို Reject လုပ်လို့မရအောင် ကျနော်တို့ ဒီဘက်က သက် သေနဲ့ ရေးထားတယ်။ မြန်မာအစိုးရကလည်း ဘယ်လိုရေးမလဲဆိုတာ ကျနေ်ာတို့သိပါတယ်လေ။ ဘာဖြစ်လို့ လဲ ဆိုတော့ သူတို့ကိုယ်တိုင်လည်း ပြောခဲ့ပါတယ်။ ပြီးတော့သူတို့က နည်းနည်းပါးပါးပဲ လုပ်တာကို ရေးမှာပါ။ သူတို့ဘက်ကတော့ ချေပမှာပေါ့လေ ။ အဲဒါပြီးရင် နောက်တခါ ICJ က ကျနော်တို့ဘက်ကို ၃ လ၊မြန်မာ ဘက် ကို ၃ လ ချေပဖို့ ပြန်အချိန်ပေးပါမယ်။”

ICJ နိုင်ငံတကာ တရားရုံးက ဒီနှစ် ဇန်နဝါရီလ ၂၃ ရက်မှာ မြန်မာနဲ့ ဂမ်ဘီယာ အပေါ် ချမှတ်ခဲ့တဲ့ အမိန့်စီရင် ချက်တွေအရ ဂမ်ဘီယာဘက်က လျှောက်လှဲချက်ကို ဇူလိုင်လ ၂၃ ရက်မှာ တင်သွင်းရမှာဖြစ်ပေမယ့် ကိုဗစ် -၁၉ကပ်ရောဂါအခြေအနေကြောင့် အောက်တိုဘာလ ၂၃ ရက်နေ့ထိ ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။ မြန်မာ ဘက်ကလည်း ဂျီနိုဆိုက်မကျူးလွန်ပါဘူးဆိုတဲ့ ပြန်လည်ခုခံချေပချက်ကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၅ ရက်မှာ ICJ ကိုတင်သွင်းရမှာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ICJ က မြန်မာအပေါ်ချမှတ်ထားတဲ့ ကြားဖြတ်အရေးပေါ်စီမံဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရက လိုက်နာအကောင်အထည်ဖေါ်ခြင်းမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က စွပ်စွဲပြောဆိုခဲ့ပါတယ်။

အောက်တိုဘာလ ၂၀ရက် အင်္ဂါနေ့က ဗြိတိန်နိုင်ငံ လန်ဒန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ကနေဒါသံရုံးတို့က ပူး ပေါင်းပြုလုပ်တဲ့ ဗွီဒီယိုကွန်ဖရင့်အစည်းအဝေးမှာ မြန်မာအစိုးရဟာ ICJ တရားရုံးဆုံးဖြတ်ချက်ကို မလိုက်နာပဲ ရခိုင်ပြည်နယ်မှာ ဖိနှိပ်ညှင်းပမ်းမှုတွေကို ဆက်လက်ပြုလုပ်နေဆဲဖြစ်တယ်လို့ ဆွေးနွေးခဲ့ကြကြောင်း ဗွီအိုအေ ဘင်္ဂလားဒေ့ရှ်ှဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒီဗွီဒီယို ကွန်ဖရင့်အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ် နိုင် ငံခြားရေးဝန်ကြီးDr. A K Abdul Momen လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ICJ တရားရုံးမှာ မြန်မာကို ဂမ် ဘီယာက စွဲထားတဲ့အမှုမှာ ကနေဒါနဲ့ နယ်သာလန်နိုင်ငံတွေက အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မယ့်အပေါ် မှာ ဘင်္ဂလားဒေ့ရှ်က ကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးDr. A K Abdul Momen ကပြောကြားခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */