Saturday, October 10, 2020

လူအခွင့်အရေးအဖွဲ့ HRW နဲ့ ဆက်သွယ်မေးမြန်းခြင်း

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
မိုးမြင့်
2020-10-10

 နယူးယောက် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က အောက်တိုဘာ ၉ ရက်နေ့က ထုတ် ပြန်တဲ့ စာမျက်နှာ ၁၆၉ မျက်နှာရှိတဲ့ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်း၂၄ ခုမှာ ရိုဟင်ဂျာ ၁၃၀၀၀၀ ကျော်ဟာ အကျယ်ချုပ်ကျခံရသလို ဖြစ်နေတာ ရှစ်နှစ်ကြာပြီလို့ ဖော်ပြထားပါတယ်။ ဒုက္ခသည်တွေ ရဲ့ နေထိုင်ဖို့ မသင့်လျော်တဲ့ စခန်းတွေရဲ့ အခြေအနေ၊ အစိုးရရဲ့ စီမံခန့်ခွဲပေးမှု၊ အကူအညီအပေးရေး အဖွဲ့တွေ ရင်ဆိုင်နေရပုံ၊ နေရပ်ရင်းမှာ ပြန်လည်နေထိုင်ခွင့် စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ နှစ်နှစ် အတွင်း ဒုက္ခသည် ၆၀ ကျော်ရဲ့ ပြောဆိုချက်အပေါ် အခြေခံ ပြုစုထားတဲ့ အစီရင်ခံစာလို့ ဆိုပါတယ်။

HRW အဖွဲ့ရဲ့ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson ကို ကိုမိုးမြင့်က ဆက်သွယ်မေးမြန်းထား ပါတယ်။

RFA - HRW ရဲ့ နောက်ဆုံးထုတ်အစီရင်ခံစာမှာ ရခိုင်ပြည်နယ် စစ်တွေက ရိုဟင်ဂျာတွေရဲ့အခြေအနေတွေက စနစ်တကျ အသားရောင်ခွဲခြားဆက်ဆံမှု၊ လူမျိုးသုဉ်းရှင်းလင်းမှု စသဖြင်သုံးထားတာတွေ့ရပါတယ်။ အဲဒီအ သုံးအနှုန်းတွေက မြေပြင်က တကယ့်အခြေအနေနဲ့ ဘယ်လောက်နီးစပ်မှုရှိပါလဲဗျ။

HRW - ရိုဟင်ဂျာတွေအတွက် တကယ့် အခြေခံအဆောက်အအုံတွေကို ဆောက်လုပ်ပေးထားတာကတစ်နှစ်၊ နှစ်နှစ်အတွက်ပဲ ဆောက်ထားတာဖြစ်ပါတယ်။ ရခိုင်မှာ အခု ဒီအဆောက်အအုံတွေက ရှစ်နှာကြာသွားခဲ့ပါပြီ။ သူတို့ရဲ့အသက်မွေးဝမ်းကျောင်းတွေ၊ အခြား အခြေခံဝန်ဆောင်မှုတွေဖြစ်တဲ့ ကျန်းမာရေးနဲ့ပညာရေးတွေ လည်း ကန့်သတ်ခံထားရတာပါ။ နိုင်ငံတကာအဖွဲ့စည်းကြီးတစ်ခုဖြစ်တဲ့ နိုင်ငံတကာကြက်ခြေနီ (ICRC) က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ တီဘီရောဂါကြောင့် ရိုဟင်ဂျဒုက္ခသည်စခန်းတွေထဲမှာ သေဆုံးတဲ့ဖြစ်ရပ်တွေ ဟာ သာမန်အရပ်သားရပ်ကွက်တွေမှာထက် ကိုးဆ မြင့်တက်နေတာတွေ့ရှိခဲ့ရပါတယ်။ အခု ကျနော်တို့ပြော နေ တာက ရိုဟင်ဂျာဖြစ်တည်မှုကြောင့် ဆုံးရှုံးရတဲ့ လူတွေရဲ့အသက်တွေ၊ အန္တရာယ်တွအကြောင်းဖြစ်ပါ တယ်။  သူတို့ကို အဲဒီဒုက္ခသည်စခန်းတွေထဲမှာ ပိတ်လှောင်ထားပြီးတော့၊ ခွဲခြားဆက်ဆံမှုတွေ၊ ဖိနှိပ်မှုတွေကို စနစ်တကျဆောင်ရွက်တဲ့ကိစ္စတွေဟာ နိုင်ငံတကာရာဇဝတ်မှုခင်း ဖြစ်လာပါတယ်။

RFA - အဲဒီတော့ ခင်များဆိုလိုတာက ဒုက္ခသည်စခန်းထဲက လူတွေဟာ တီဘီရောဂါအပြင် တခြားရောဂါတွေ လည်း ကူးစက်ခံရမယ့်အခြေအနေတွေဖြစ်နေတယ်လို့ ဆိုလိုတာပါလား။

HRW - စခန်းတွေမှာ တခြားရောဂါမျိုးစုံပြန့်နေတာတွေက အများကြီးပါ။ သူတို့က အဓိက အခြေခံကျန်းမာရေး ဝန်ဆောင် မှုတွေလည်း မရကြလို့ပါ။ အမျိုးသမီးတွေအများကြီး ကလေးမွေးဖွားဖို့ ဆေးရုံ၊ ဆေးခန်းတွေ မ ရောက် ကြပါ။ ကလေးမွေးရင်းနဲ့ မီးတွင်းထဲသေဆုံးကြရတဲ့ အမျိုးသမီးတွေလည်း အများကြီးရှိပါတယ်။ နောက်ပြီး မွေးကင်းစကလေးတွေလည်း ဖျားနာပြီး သေဆုံးကြရတာတွေလည်းရှိပါတယ်။ ဘာကြောင့်လဲဆို တော့ တစ်ကိုယ်ရေ သန့်ရှင်းမှုစံချိန်စံညွှန်းပြည့်မီတဲ့ ကျန်းမာရေးဝန်ဆောင်မှု အဲဒီဒုက္ခသည်စခန်းတွေမှာ မရ ရှိကြလို့ပါ။

RFA - ဒါပေမဲ့ အာဏာပိုင်တွေပြောတာကတော့ ရိုဟင်ဂျာတွေက ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကျန်းမာရေး ဝန် ဆောင်မှုတွေရကြတယ်လို့ ပြောတာရှိပါတယ်။ ဆိုတော့ သူတို့ပြောတာနဲ့ ခင်များမြေပြင်မှာ တွေ့ရတဲ့အ ချက်က လုံးဝမတူဘူးလို့ ဆိုလိုတာပါလား။

HRW - စခန်းထဲမှာရှိတဲ့ ရိုဟင်ဂျာတွေက စစ်တွေဆေးရုံကို သွားချင်တဲ့အခါမှာ သွားလာခွင့်ပါမစ် ဒေသအာ ဏာ ပိုင်တွေဆီကနေ တောင်းရပါတယ်။ ပုံမှန်အားဖြင့် ဒါက ပေးလေ့ မရှိပါဘူး။ ပြီးတော့ အဲဒီပါမစ်ရဖို့ ရဲနဲ့ တ ခြား လုံခြုံရေးတပ်ဖွဲ့တွေကို ငွေကြေးပမာဏတစ်ခုအထိ လာဘ်ထိုး ရပါသေးတယ်။ တကယ်လို့ ဆေးရုံကို ရောက်လာရင်တောင် သူတို့ကို သာမန် ရခိုင်အရပ်သားတွေကိုကုသတဲ့ ကုသဆောင်မှာ ပေးမကုပါဘူး။ ဝန် ဆောင်မှုကလည်း အများကြီးကွာတဲ့ အဆောင်မှာ ခွဲထားပါတယ်။ ဆေးကုသခွင့်ရတဲ့ လူအရေအတွက်က လည်း လက်ချိုးရေလို့ရပါတယ်။ ရိုဟင်ဂျာတွေအတွက် ကျန်းမာရေးဝန်ဆောင်မှုရှိတယ်လို့ မြန်မာအစိုးရက ပြောနေတာဟာ လိမ်နေတာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေနဲ့ပတ်သတ်ပြီး ဘယ်ကိစ္စမဆို မြန်မာအစိုးရလုပ်တာ မဖြစ်စလောက်ပဲ ရှိပါတယ်။ သူတို့ကို ကူညီနေတာဟာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂအဖွဲ့ အ စည်းတွေကပဲ လိုအပ်တဲ့ အစားသောက်နဲ့ ကျန်းမာရေးဝန်ဆောင်မှု အနည်းငယ်ပေးနေတာ ဖြစ်ပါတယ်။ အဲလိုကူညီနေတဲ့အဖွဲ့စည်းတွေကိုတောင် အစိုးရက လိုက်ပြီးပြဿနာ ရှာပါသေးတယ်။ ပြည်ထောင်စုအဆင့် မှာရှိတဲ့ အစိုးရအဖွဲ့နဲ့ ပြည်နယ်အစိုးရတွေက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ အသားရောင် ခွဲခြားတဲ့ ဖိနှိပ်ဆက်ဆံမှုတွေနဲ့ပတ်သက်ပြီး တာဝန်ရှိပါတယ်။ ပြီးတော့ ဒီအရာရှိတွေကို စုံစမ်းစစ်ဆေးပြီး တော့၊ တရားစွဲဆိုမှုတွေ ပြုလုပ်သင့်ပါတယ်။

RFA - စစ်တမ်းမှာ ဖြေဆိုထားတဲ့သူတွေကို ဘယ်လိုနည်းတွေနဲ့ အင်တာဗျူးခဲ့တာပါလဲ။ ပြီးတော့ တကယ်လို့ လူချင်းတွေ့တာမဟုတ်ဘဲ လုပ်ခဲ့တာဆိုရင် ဖြေဆိုတဲ့သူတွေက ဘယ်လောက်ထိယုံကြည်ရပါသလဲဗျ။

HRW - သေချာတာတစ်ခုကတော့ ဒုက္ခသည်စခန်းထဲမှာ ရှိနေတဲ့သူတွေနဲ့တော့ ကျနော်တို့ ဖုန်းနဲ့ပဲ လုပ်နိုင်ခဲ့ ပါတယ်။ တချို့လူတွေကျတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့သူတွေဖြစ်ပါတယ်။ အဲဒီလူတွေ ကို တော့ လူချင်း တွေ့ဆုံမေးမြန်းခဲ့တာပါ။ နောက်ပြီး နိုင်ငံတကာအဖွဲ့အစည်းက တာဝန်ရှိသူတွေကို ရန်ကုန်နဲ့ တခြားနေရာတွေမှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ကျနော်တို့ကို ရခိုင်က ဒုက္ခသည်စခန်းတွေကို သွားရောက်ခွင့် မပေးထားတော့ တခြားနည်းတွေကိုသုံးပြီးတော့ အဲဒီစခန်းတွေမှာ ဘာတွေဖြစ်နေလဲဆိုတာစုံစမ်းဖို့ စစ်တမ်း ကောက်ယူခဲ့ရပါတယ်။

RFA - တချို့တွေပြောကြတာက ရခိုင်နဲ့ ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းနှစ်ခု သဟဇာတဖြစ်လာဖို့ အချိန်ယူရဦး မယ်။ တချို့ကျပြန်တော့လည်း လုပ်ရမယ့်အချိန်တန်ပြီ။ အခုလုပ်ရမယ်ဆိုတာမျိုးပေါ့လေ။ ခင်များရဲ့အမြင်က ဒီအပေါ်ဘယ်လိုရှိပါသလဲဗျ။

HRW - တကယ်တမ်းပြောရမယ်ဆိုရင် အစိုးရက ဒီအသိုင်းအဝိုင်းနှစ်ခု ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးလုပ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ လူ့အခွင့်အရေးမြှင့်တင်ဖို့လည်း ပျက်ကွက်ပါတယ်။ အစိုးရရဲ့ ဒုက္ခသည်စခန်း ပိတ်သိမ်း ရေးအစီအစဉ်နဲ့ပတ်သတ်ပြီးတော့ ကျနော်တို့ လေ့လာကြည့်တဲ့အခါ စိတ်ဝင်စားစရာကောင်းတဲ့ ရမ်းဗြဲကိစ္စကို တွေ့ပါတယ်။ အဲဒါက မြန်မာနိုင်ငံက တရားဝင်အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာပါဝင်တဲ့ ကမန်တိုင်းရင်းသား မွတ်စလင်တွေဖြစ်ပါတယ်။ သူတို့က သူတို့မူလနေရပ်ကို ပြန်ချင်တယ်လို့ ပြောတယ်။ ဒါ ပေမဲ့ အစိုးရက ရခိုင်တွေကြောင့် သူတို့ပြန်လာခွင့်ပြုမယ်မထင်ဘူးဆိုပြီးတော့ အဲဒီလူတွေကို အကုန်လုံး ကား ပေါ်တင်ပြီး ရန်ကုန်ကို ပို့လိုက်တော့တာပါပဲ။ ဒါက ဘာကိုပြသလဲဆိုတော့ မြန်မာအစိုးရက ပေးထားတဲ့ ကတိ ကဝတ်ကို အကောင်အထည်ဖော်ဖို့ နိုင်ငံရေးစိတ်ဆန္ဒမရှိဘူးဆိုတာ ပေါ်လွင်တာပါပဲ။ အဲဒီတော့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းကို ပြောချင်တာကတော့ မြန်မာအစိုးရကို ဖိအားဆက်ပေးဖို့ပါ။ကမန် နဲ့ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ်ကျူးလွန်တဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှု၊ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာ ဇ ဝတ်မှုတွေမှာ ပါဝင်တဲ့သူတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး တရားစွဲဆိုသင့်ပါတယ်။

RFA - မြန်မာပြောတာကတော့ တကယ်လို့ စခန်းတွေပိတ်လိုက်ပြီးတော့ မူလနေရပ်တွေမှာ ရိုဟင်ဂျာတွေကို ပြန်ထားရင် မမျှော်လင့်တဲ့ ခိုက်ရန်ဖြစ်ပွားမှုပြသနာတွေ ကြုံလာမှာစိုးလို့ မထားတာလို့ဆိုပါတယ်။ ဒီအမြင်ကို သဘောတူပါသလား ခင်ဗျာ။

HRW - သဘောမတူပါဘူးဗျာ။ သူတို့လုပ်နေတာတွေက စခန်းကိုပိတ်တာလောက်ပါပဲ။ ပြီးတော့ ဘယ်မှသွား လာခွင့်တွေ မပေးဘူး။ အဲဒီတော့ စခန်းတွေ တကယ်တမ်းပိတ်တာလည်း မဟုတ်ပါဘူးဗျာ။ သူတို့လုပ်တာက အနီးတဝိုက်ကနေရာမှာ အိမ်တွေအသစ်ဆောက်ပြီး နေရာပြန်ချတာပါ။ အဲဒါကို စခန်းပိတ်တယ်လို့ သူတို့ဆို နေ တာပါ။ အဲဒါက တကယ့်ဟာသပါပဲ။ တကယ်ဖြစ်သင့်တာက ဒီလူတွေ မူလနေရပ်ကို ပြန်နိုင်တဲ့အခြေအေ န ဖန်တီးပေးဖို့ပါပဲဗျာ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */