" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "

Friday, June 12, 2020

မြန်မာ့ဘာသာရေးလွတ်လပ်ခွင့် ကန်အစီရင်ခံစာပေါ် ပြည် တွင်းက ဘယ်လိုတုံ့ပြန်သလဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
11 ဇွန်၊ 2020
မေခ

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၉ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ ဘာသာ ရေးလွတ်လပ်ခွင့် အခြေအနေ စိုးရိမ်ရဆဲ နိုင်ငံစာရင်းထဲ မြန်မာကို ဆက်လက်ထည့်သွင်းထားတာနဲ့ ပတ် သတ်လို့ ပြည်တွင်းတုံ့ပြန်မှုတွေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက စုစည်းတင်ပြပေးပါမယ်။

ဇွန်လ ၁၀ ရက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်တဲ့ ဒီအစီရင်ခံစာမှာမြန်မာနဲ့ တရုတ် အပါအဝင်နိုင်ငံတချို့ကို ဘာသာရေး လွတ်လပ်ခွင့် အခြေအနေ စိုးရိမ်ရဆဲ နိုင်ငံစာရင်းထဲမှာ အမေရိကန်ပြည်ထောင်စုက ဆက် လက်ထည့်သွင်းထားတာပါ။ မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမွတ်ဆလင်တွေကို ပစ်မှတ် ထား တဲ့ အကြမ်းဖက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ အနှောက်အယှက်ပြုတာတွေဆက်ပြီး ရှိနေသလိုတခြား လူနည်းစု ဘာသာဝင်တွေဖြစ်တဲ့ ခရစ်ယာန်နဲ့ ဟိန္ဒူဘာသာဝင်တွေအပေါ်မှာလည်း အလားတူ ခွဲခြားဆက် ဆံမှုတွေနဲ့ အကြမ်းဖက်မှုတွေ ဆက်ပြီး ရှိနေတဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန ဖော်ပြချက်ဟာ မမှန်ကန်ဘူးလို့ မြန်မာအစိုးရ သာသာနာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဦးက VOA ကို တုံ့ပြန်ပြောခဲ့ပါတယ်။

"ကျနော်တို့က ဘာသာရေးလွတ်လပ်ခွင့် အပြည့်အ၀ပေးတာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့အတိုင်း ကျ နော်တို့က ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ဘယ်ဟာကို ကြည့်ပြီးရေးသလဲဆိုတာ ကျနော်တို့မသိ ဘူး လေနော်။"


SEE ALSO:
ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုစာရင်းထဲ မြန်မာပါနေဆဲ


ဘာသာပေါင်းစုံချစ်ကြည်ရေး အဖွဲ့ဝင်တဦးလည်းဖြစ် ရခိုင်အရေးကိုဖီအာနန်ကော်မရှင် မှာလည်းပါဝင်ခဲ့တဲ့ ဦးအေးလွင်ကတော့ လက်တွေ့အားဖြင့် ဘာသာရေးခွဲခြားမှုတွေရှိနေဆဲဖြစ်သလို၊ ဘာသာရေးလွတ် လပ် မှုအတွက် ဥပဒေအရ အပြည့်အဝအကာအကွယ်မပေးနိုင်ဘူးလို့ VOA ကို ပြောပါတယ်။

"ကျနော်ပြောချင်တာက ကျနော်တို့နိုင်ငံမှာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံက ကျနော်တို့နိုင်ငံစ တည်က တည်းက ရှိခဲ့တာပါ။ ပုဂံခေတ်မှာကတည်းက ရှိခဲ့တာ။ သို့သော်လည်းပဲ ဘာသာတရားကို နိုင်ငံရေးအလို့ငှာ အသုံးချချင်တဲ့လူတွေက အမှန်းတရားတွေနဲ့ အာဂါတတွေကို လွဲမှားတဲ့အချက်အလက်တွေနဲ့ သူတို့က လူ တွေကို သွေးထိုး လှုံဆော်မှုရှိလာတဲ့အပေါ်မှာ အထင်အမြင်လွဲမှားမှုတွေ ရှိလာတယ်။ ဖွဲ့စည်းပုံအားလုံးမှာ ကျန်တဲ့ဘာသာတွေရှိတယ်ဆိုတာကို အသိအမှတ်ပြုထားတယ်။ ဘာသာကို အကြောင်းပြုပြီး ခွဲခြားမှုမရှိရ ဘူးဆိုတာ ပြောတယ်။ သို့သော် လက်တွေ့မြေပြင်မှာ အဲအခွင့်အရေးတွေက အပြည့်အဝ မရသေးပါဘူး။ နိုင်ငံသားတို့ကို ကာကွယ်ရမယ့် ဥပဒေတွေက နိုင်ငံသားတွေကို အကာအကွယ် ခုထက်ထိ အပြည့်အဝ မရ သေးပါဘူးလို့။"

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာတွေကို လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားတာတွေ လုပ်ခဲ့ပြီး တဲ့နောက် ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရသလို ရိုဟင်ဂျာ တွေဟာ ဖိနှိပ်မှုတွေဆက်ပြီး ကြုံနေရဆဲပဲလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာဘက်က အခုလို စွပ်စွဲနေမှုတွေနဲ့ပတ်သတ်လို့ တုံ့ပြန်မှု တစုံတရာလုပ်ဆောင် ဖို့လိုအပ် သလို ပြုပြင် ပြောင်းလဲမှု မရှိမတုံ့ပြန်ဘဲ ထားရင် နိုင်ငံတကာရဲ့ ဖိအားတွေ ထပ်ရှိလာနိုင်မှာကို စိုးရိမ်မိတယ်လို့မြန် မာ နိုင်ငံရေးသူံးသပ်သူဒေါက်တာ ခင်ဇော်ဝင်းက ပြောပါတယ်။

"ဆက်ပြီး မျက်စိစုံမှိတ်ပြီး နေနေကြတာလေ။ ဘာသာရေးလွတ်လပ်ခွင့်က ဒီ case တစ်ခုထဲမဟုတ်ဘူး။ အချိန်တွေဆွဲလာတာ ကြာလှပြီလေ။ နှစ်ရှည်လများ အစလမ်းတွေမက ခရစ်ယာန်တွေအပေါ်မှာလည်း ပိတ်ပင်တားဆီးဖိနှိပ်တာတွေ ရှိနေတယ်။ တန်ရှင်တွေများနေချိန်မှာ ဘာသာရေးကိုပါ ဆက်ဖိထားရင် တချိန်ပေါက်ကွဲလာလိမ့်မယ်။ ရွေးကောက်ပွဲကလည်းနီးပြီ ကမ္ဘာ့အမြင်လည်းကောင်းအောင် နည်းနည်း လေးပြုပြင်ပြောင်းလဲပေးစေချင်တယ်။"

အမေရိကန်နဲ့ နိုင်ငံတကာဘက်က ထောက်ပြမှုတွေနဲ့ပတ်သတ်လို့ ဦးအေးလွင်ကတော့ အခုလိုတုံ့ပြန် သွား ပါတယ်။

"အမေရိကန်နိုင်ငံဘက်က နိုင်ငံကောင်းတခုအနေနဲ့ အကြံပြုတာကိုကြိုဆိုပေမဲ့ စွက်ဖက်လို့တော့မရ၊ ဘာ လုပ်ပါ၊ ဘာတော့မလုပ်နဲ့ဆိုတာမျိုးတော့ မရဘူး။ ကိုယ့်နိုင်ငံကလူတွေပဲ ပြင်ရမှာဖြစ်တယ်။ အရင်ကရှိခဲ့တဲ့ စိတ်တွေကို ပြန်ဖော်ထုတ်ရမယ်။ မနေ့တနေ့က မဟုတ်ပဲ ပုဂံခေတ်ကြည့်မလား ဘယ်ဘာသာကိုမှ ဖိနှိပ်ခဲ့ တယ်ဆိုတာ မရှိခဲ့ဘူး။ ရည်ရွယ်ချက်နဲ့ ဖိနှိပ်တာတွေ မရှိခဲ့ဘူး။ နောက်ပိုင်းမှာ ဘာသာရေးကိုနိုင်ငံရေးအရ အသုံးချချင်သူတွေက လုပ်လာတာ။ ဒါကိုပြည်သူတွေကသိပြီး ကိုယ့်ဘာသာက ဒီလို အလွဲသုံးချခံ မဖြစ်ဖို့ ကိုယ်တိုင်ကာကွယ်ပြုပြင်ဖို့ပဲ လိုအပ်ပါတယ်။"

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို၊ အမေရိကန် အပါအဝင် နိုင်ငံတကာ က စွပ်စွဲပြောဆိုတဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားတာတွေလုပ်ခဲ့တယ် ဆိုတာကို လည်း ငြင်းဆန်ထားပါတယ်။ 
 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */