" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, June 6, 2020

ကိုဗစ်ကပ်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကနေ တရားမဝင် ပြန်ဝင်လာသူတွေဆက်ရှိနေ

B B C
ဘီဘီစီ မြန်မာပိုင်း
2020.06.06
နယ်စပ်စည်းရိုးက လုံခြုံရေးအားနည်းတဲ့နေရာတွေကတဆင့် ခိုးဝင်တာတွေရှိနေ

ဘူးသီးတောင်နဲ့မောင်တောမြို့နယ်မှာ ဇွန် ၄ရက်နဲ့ ၅ ရက် ၂ရက်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်က တရား မ ဝင်ပြန်ဝင်လာသူ ၁၂ ဦးရှိခဲ့တယ်လို့ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးဦးစိုးအောင်က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ မောင်တောမြို့ကို တရားမဝင် ပြန်ဝင် လာသူ အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ ပြီးတဲ့နောက်မှာလည်း ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူတွေဆက်ရှိနေတဲ့အပေါ် ဒေသခံတွေဘက်က စိုးရိမ်ပူပန်တာတွေ လည်းရှိလာပါတယ်။
' ' ၄ ရက်နေ့က ၂ယောက်၊ ၅ရက်နေ့က ၁၀ယောက် ပြန်ဝင်လာတယ်။ ဘူးသီးတောင်မှာကတော့ ၄ယောက် က စစ်ဆေးရေးဂိတ်မှာတွေ့တာ။ ကျန်တာတွေကတော့ ရွာမှာတွေ့တာ။ ရွာကလည်း အဝင် မခံဘူး။ သူတို့ မူဆလင်အချင်းချင်းဖြစ်ပေမယ့်လည်း ရွာကိုအဝင်မခံဘူး'' လို့ တရားမဝင်ပြန်လည်ဝင်ရောက်လာ သူတွေ နဲ့ပတ်သက်ပြီး မောင်တောခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပြပါတယ်။

ပြန်ဝင်လာသူ ၁၂ ဦးမှာ အစ္စလာမ် ဘာသာဝင် ၁၁ ဦးနဲ့ ဟိန္ဒူဘာသာဝင်က တစ်ဦးဖြစ်ပြီး ဘူးသီးတောင်မြို့ နယ်ကို ဝင်လာသူက ၈ဦးဖြစ်တယ်လို့ သိရပါတယ်။

"သူတို့ကို မြို့ပေါ်က အာရ်ဘီ စာသင်ကျောင်းတစ်ကျောင်းမှာ ကော်ရန်တင်းသွင်းထားတယ်။ မနေ့စပြီး သွင်းထားတာ စုစုပေါင်း ၈ ယောက်ရှိတယ်။ မိသားစုတစ်စုက ကျွန်တော်တို့ဆီကိုရောက်တယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက သတင်းပို့လို့ ခေါ်ပြီးတော့ ကော်ရန်တင်းသွင်းထားတာပေါ့။"လို့ ဘူးသီးတောင်မြို့ နယ်အုပ်ချုပ် ရေးမှူးဦးမောင်လှရွှေက ပြောပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခတွေအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေတရား ဝင်ပြန် လည်လက်ခံရေးကို မြန်မာဘက်က ဧပြီလကတည်းက ရပ်ဆိုင်းထားခဲ့ပြီး ပိတ်ထားခဲ့ပေမယ့် ကိုယ့်အစီ အ စဉ်နဲ့ ကိုယ် တရားမဝင်ပြန်လာသူတွေကဆက်တိုက်ဆိုသလိုရှိနေခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇွန် ၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ဖြစ်ပွားမှုပေါင်း ၆သောင်းကျော် ရှိနေ ပြီဖြစ်ပါတယ်။
မေ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူ အမျိုးသားမှာ ပိုးတွေ့

ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူတွေအတွက် ကျန်းမာရေးစစ်ဆေးမှုတွေကိုဘယ်လိုလုပ်နေလဲ
 ' ' တရားဝင်အပေါက် ၂ခုမှာတော့ ကျန်းမာရေးဝန်ထမ်းတွေကိုချထားပြီး စစ်ဆေးပေးတာတွေလုပ်တယ်။ တရားမဝင်တာတွေကိုတော့ ကျွန်တော်တို့မသိဘူး။ ဒါပေမယ့် တရားမဝင်ပြန်ဝင်လာပြီဆို ရပ်ရွာကသိ တယ်။ ကျွန်တော်တို့ကို အကြောင်းကြားရင် လှဖိုးခေါင်စခန်းမှာထားတယ်။ ပြီးရင် နှာခေါင်းတို့ဖတ်ယူပြီး စစ်ဆေးတယ်။''လို့ ပြန်ဝင်လာသူတွေကို ကျန်းမာရေးစစ်ဆေးတဲ့အပေါ် ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဘီဘီစီကိုပြောပါတယ်။

လှဖိုးခေါင်ကြားစခန်းကို ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူတွေကို ကွာရမ်တင်းစခန်းအဖြစ် သတ်မှတ် ဆောင် ရွက်နေပြီး လူဦးရေ ၁၀၀ခန့် စောင့်ကြည့်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

' ' ဆိုရှယ်ဒစ်စတန်းဆင်းအရ လူ ၁၀၀ ဆန့်တယ်။ လူ ၁၀၀ ပဲဆိုပေမယ့် မဆန့်ဘူးဆိုရင် နှာခေါင်းတို့ဖတ် ယူပြီးသူတွေကို ကွန်မြူနတီဘေ့စ်စခန်းတွေမှာ စောင့်ကြည့်ဖို့ထားသွားမယ်။အခုက လှဖိုးခေါင်စခန်းမှာ ၈ ယောက်ပဲရှိသေးတယ်''လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပြပါတယ်။

  ဘူးသီးတောင်နဲ့ မောင်တောမှာ ၂ရက်အတွင်း တရားမဝင် ပြန်ဝင်လာသူ ၁၂ ဦးရှိ
 
ဘင်္ဂလားဒေ့ရှ်ဘက်ကပြန်ဝင်လာသူတွေကို လှဖိုးခေါင်စခန်းမှာပဲ စောင့်ကြည့်ဖို့စီစဉ်ထားပေမယ့် ဒီရက်ပိုင်း အ တွင်း မောင်တောမြို့နယ်အပြင် ဘူးသီးတောင်မြို့နယ်တွေကိုပါ ပြန်ဝင်သူတွေရှိလာတဲ့အတွက် ဘူးသီး တောင်မြို့နုယ်မှာလည်း သီးသန့်ထားရှိပြီးစောင့်ကြည့်တဲ့နေရာတွေပြင်ဆင်ထားရတယ်လို့ မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပြပါတယ်။

' ' အခုက ပိုးတွေ့လူနာကလည်းရှိလာပြီဆိုတော့ ဘူးသီးတောင်မှာတွေ့တဲ့သူတွေကို လှဖိုးခေါင်စခန်းကို ပြန်ခေါ်ဖို့ကမဖြစ်ဘူး။ ဒါကြောင့် ဘူးသီးတောင်ဘက်မှာလည်း သီးသန့်နေရာ ထားထားတယ်လို့သိ ရ တယ်''လို့ ဦးစိုးအောင်ကပြောပြပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်- ၁၉ ပိုးတွေ့ရှိထားသူ ၃ ဦးရှိပြီး သံတွဲမြို့နယ်မှာ ၁ ဦး၊ တောင်ကုတ်မြို့နယ်မှာ ၁ ဦးနဲ့ မောင်တောမြို့နယ်မှာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ပြန်ဝင်လာသူတစ်ဦး တို့မှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။

မေလ တတိယပတ်အထိ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူ ၈၀ခန့်ကို လှဖိုးခေါင်စခန်းမှာစောင့်ကြည့်ခဲ့
ကိုဗစ်ကပ်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူဘယ်လောက်များသလဲ

တရားဝင်လက်ခံရေးကို ပိတ်ထားချိန် ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေချိန်ကာလ မေလတတိယအပတ်ထိ ဘင်္ဂ လားဒေ့ရှ်ဘက်က ကိုယ့်အစီအစဉ်နဲ့ကိုယ် တရားမဝင်ပြန်ဝင်လာသူဦးရေ ၈၀ ဝန်းကျင်ခန့်ကို လှဖိုးခေါင် ကြားစခန်းမှာ သီးခြားစောင့်ကြည့် ကွာရန်တင်းထားခဲ့တယ်လို့ မောင်တော ပြည်နယ်လွှတ်တော်အမတ် ဦးမောင်အုန်း က ဘီဘီစီကို ပြောထားပါတယ်။

' ' တချို့နေရာတွေက ခြံစည်းရိုးရှိတယ်။ တချို့နေရာတွေကတော့ ခြံစည်းရိုးမရှိဘူး။ ချောင်းပေါက်၀ တွေ ကနေ လှေနဲ့ခိုးဝင်တာလည်းရှိတယ်။ တချို့ကလည်း ရဲကင်းတွေနဲ့ဝေးတဲ့ နေရာကနေ ခြံစည်းရိုးကလည်း တစ်ထပ်ပဲရှိတော့ ကျော်တက်ပြီးဝင်လာတာတွေရှိတယ်''လို့ တရားမဝင်ပြန်ဝင်လာနေတဲ့အခြေ အနေတွေ ကို မောင်တောအုပ်ချုပ်ရေးမှူးဦးစိုးအောင်က ဘီဘီစီကို ပြောပြပါတယ်။

တစ်ဖက်ကပြန်ဝင်လာသူတွေထဲမှာ ရောဂါပိုးကူးစက်ခံရသူတွေ ထပ်ပြီးတော့ပါလာနိုင်ပြီး အခုလိုအချိန်မှာ နယ်စပ်ဒေသကို ကောင်းကောင်းမွန်မွန်မထိန်းချုပ် နိုင်လို့ရှိရင် မြန်မာနိုင်ငံ အတွက် မတွေးဝံ့စရာတွေ ဖြစ်သွားနိုင်တယ်လို့ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ဆိုပါ တယ်။

ပြန်လည်ဝင်ရောက်လာခဲ့သူတွေကို သူတို့ရောက်ရှိလာခဲ့တဲ့နေရာတွေမှာ ကော်ရန်တင်းထားသင့်ကြောင်းနဲ့ အခုလိုမျိုး ဘူးသီးတောင်မြို့ပေါ်ကနေရာတွေမှာ ကော်ရန်တင်းစင်တာတွေလုပ်ပြီး ထားနေရတဲ့အတွက် ဒေသခံတွေဘက်ကတော့ ရောဂါပိုးကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားလာမှာကိုစိုးရိမ်ပြီး ကန့်ကွက်နေကြသူတွေ လည်းရှိနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */