Friday, June 5, 2020

မောင်တောနယ်စပ်မှာ နယ်ခြားစောင့်တပ်နဲ့ ARSA တိုက်ပွဲ ဖြစ်

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်
05 ဇွန်၊ 2020 
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ဘက်နယ်စပ်မှာ မြန်မာနယ်ခြားစောင့်တပ်နဲ့ ARSA ရိုဟင်ဂျာလက် နက် ကိုင် အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်း အိန် က တင်ဆက်ပေးမှာပါ။
မောင်တောမြို့နယ် နယ်ခြားမှတ်တိုင် BP 34/35 ကြား ကင်းပုန်းဝပ်နေတဲ့ နယ်ခြားစောင့်တပ်ရင်းနဲ့ ARSA အဖွဲ့ဝင်တို့နဲ့ ဇွန်လ ၄ ရက်ညနေပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်မတော် သတင်းမှန်ထုတ် ပြန် ရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ နယ်ခြားစောင့်တပ်နဲ့ ARSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ နေရာ (ဓာတ်ပုံ - MOI) 

“မနေ့က ကျနော်တို့ ညနေ ၄ နာရီကျော်ကျော်လောက်မှာ နယ်ခြားမှတ်တိုင် BP 34 နဲ့ 35 ကြားမှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်နေတဲ့အဖွဲ့နဲ့ ARSA ၂၀ ကျော် ၃၀ နီးပါးလောက်။ အဲဒီအဖွဲ့နဲ့ ကျနော်တို့ ထိတွေ့မှု ဖြစ်ပွားခဲ့တယ်။ ပထမဦးဆုံး နယ်ခြားစောင့်တပ်ဖွဲ့က စတင်ပြီးတွေ့တာဖြစ်တယ်။ ထိတွေ့တိုက် ပွဲဖြစ်ပွားခဲ့ပြီးတော့က ဒီ ARSA ဆီကနေအလောင်း နှစ် လောင်းရယ်။ လက်နက် နှစ် လက် ရလိုက်တာရှိတယ်။ ရဲတပ်ဖွဲ့ဝင်တဦးလည်း ဒဏ်ရာအနည်းငယ် ရလိုက်တာရှိတယ်။”

မနေ့ညနေ ၅ နာရီအချိန်အထိ နှစ်ဘက် အပြန်အလှန်ပစ်ခတ်ပြီး ARSA အဖွဲ့ရဲ့ အလောင်းနှစ်လောင်းနှင့် အတူ M-16 တစ်လက် BA-94 တစ်လက် သိမ်းပိုက်ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

မီးတိုက်ကျေးရွာဘက်ကနေလာတဲ့ ARSA အဖွဲ့ဝင်တွေကို ကင်းပုန်းဝပ်နေတဲ့ နယ်ခြားစောင့်တပ်ဘက်က လက်ဦးမှုရယူ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး မောင်တောမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းကျော်က အခုလိုပြောပါတယ်။

“ARSA အဖွဲ့က ဝင်ပြီးတော့ ကျူးကျော်လာတယ်ဆိုတာ ကြိုတင်သတင်းသိရလို့ သွားပြီးကင်းပုန်းချ တာ ပေါ့ဗျာ။ အင်အားတော့ သိပ်မများဘူး ၁၀ ယောက်လောက်ပဲပါတယ်။ ဟိုဘက်ကတော့ ၂၀ ကျော်လောက် ပါ တယ်လို့သိရတယ်။ ဒီဘက်က လက်ဦးမှု ရလိုက်လို့ ARSA အလောင်းနှစ်လောင်းနဲ့ လက်နက် နှစ်လက် ရ လိုက်တယ်လို့ သိရတယ်။”

မောင်တောမြို့နယ်က မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ARSA လို့ခေါ်တဲ့ အရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ဟာ နယ်စပ်ဒေသအတွင်းလှုပ်ရှားနေတာ ရှိသလို နယ် ခြားစောင့်တပ်ဖွဲ့တွေအနေနဲ့ ဒေသတွင်းကို ထိန်းချုပ်ဖို့ ခက်ခဲနေတယ်လို့ မောင်တောမြို့နယ်ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်ကပြောပါတယ်။

“အခုဖြစ်နေတဲ့ နယ်စပ်တလျှောက်က အကုန်လုံးတောတန်းပေါ့ဗျာ။ တောကနေပြီးတော့ အရှေ့နဲ့အ နောက် ကို ၇ မိုင်၊ ၈ မိုင်လောက်ကို ထူတယ်။ တောင်နဲ့ မြောက်ကကျတော့ မိုင် ၄၀ လောက်ကိုရှိတယ်။ အဲဒီမှာ လူကလည်း မရှိဘူးဆိုတော့ သူတို့ကတော့ အမြဲတန်းဝင်ပြီးတော့ နဂိုလ်ကတည်းက သူတို့နေခဲ့ တဲ့ နေရာဆိုတော့ သူတို့ နည်းနည်းစိမ့်ဝင်နေတဲ့ နေရာဖြစ်နေတော့ ရဲက နယ်ခြားစောင့်က ထိန်းချုပ်နိုင်ဖို့က တော့ နည်းနည်းအခက်ခဲရှိတယ်ဗျ။ ARSA ကတော့ အမြဲတမ်းရှိတယ် အဲဒီ နယ်စပ်တလျှောက်မှာ။”

 
မေလဆန်းမှာလည်း မောင်တောမြို့နယ် နယ်ခြားမှတ်တိုင် BP ၄၁ ရဲကင်းစခန်း နယ်ခြားစောင့် ရဲတပ်ဖွဲ့က နယ်ခြားခြံ စည်းရိုးတ လျှောက်မှာ ကင်းလှည့်ပြီး ဆောင်ရွက်နေစဉ် ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့လို့ ဒုရဲအုပ်တယောက်နဲ့ စစ် တပ်ကတဦး ဒဏ်ရာရခဲ့ပါတယ်။ တပ်မတော်ဘက်က အခုလို ARSA တိုက်ပွဲဖြစ်စဉ် ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ ဗွီအိုအေက တဘက်ကို သီးခြားအတည်ပြုမေးမြန်းလို့တော့ မရပါဘူး။

၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့တုန်းကနယ်ခြားစောင့်စခန်း ၃၀ ဝန်းကျင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ ARSA အမည်ခံ ရိုဟင်ဂျာတွေက အုပ်စုဖွဲ့ တိုက်ခိုက်ခဲ့တဲ့နောက် ရခိုင်မြောက်ပိုင်းဒေသမှာ ပဋိပက္ခတွေ ကြီးမားခဲ့ပါတယ်။ အစိုးရတပ်ရဲ့ နှိမ်နင်းရေးစစ်ဆင်ရေးကြောင့် ဒေသခံ ရိုဟင်ဂျာမွတ်လင် သိန်းဂဏန်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှထဲ ထွက်ပြေးသွားခဲ့ကြပါတယ်။ မြန်မာအစိုးရဘက်က ရိုဟင်ဂျာဆိုတဲ့အ သုံး အနှုန်းကို လက်မခံပေမဲ့လို့ ဒီ ဒုက္ခသည်တွေကို စိစစ်လက်ခံမယ်လို့ ဂတိပေးထားပါတယ်။ တဘက်မှာတော့ ဘင်္ဂလားဒေ့ရ်ှက ဒုက္ခသည်စခန်းတွေအတွင်း ARSA အဖွဲ့ လှုပ်ရှားမှုတွေရှိတယ်လို့ မြန်မာအစိုးရဘက်က စွပ်စွဲထားပါတယ်။ 
 

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */