Wednesday, January 15, 2020

ICJ မှာ မြန်မာ့အရေး ဆုံးဖြတ်ချက်ချမယ့်အပေါ် ဥပဒေအရ ပြင်ဆင်ထားပြီလို့ မြန်မာပြော

B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.15
 အပြည်ပြည်ဆိုင်ရာ တရားရုံးရောက် ဒေါ်အောင်ဆန်းစုကြည်
 
နယ်သလန်နိုင်ငံ သည်ဟိဂ်မြို့ အခြေစိုက် ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာ နိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂပဋိဉာဉ်ကို ချိုး ဖောက်မှု မြောက်မမြောက် ဆုံးဖြတ်ချက် ထွက်လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ မြန်မာဘက်ကကိုယ်စား လှယ်စေလွှတ်ဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ဘီဘီစီကို ပြောပါတယ်။

"၂၃ ရက်နေ့မှာ အိုင်စီဂျေက ထုတ်ပြန်ဖို့ ရှိတာပေါ့၊ အဲ့ဒီအတွက် ဥပဒေပိုင်းဆိုင်ရာ လိုအပ်တဲ့ အစီအမံတွေ လုပ်ထားပါတယ်၊ ကိုယ်စားလှယ် စေလွှတ်ဖို့လည်း ရှိပါတယ်" လို့ နိုင်ငံရေးရာဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ပြောပါတယ်။

ICJ ဘက်ကတော့ ရိုဟင်ဂျာတွေအပေါ်မှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို မြန်မာ က ချိုးဖောက်တယ်ဆိုပြီး ကြားဖြတ်အစီအမံတွေ ချမှတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက အစ္စလာမ်မစ်နိုင်ငံများ ပူး ပေါင်းဆောင် ရွက်ရေးအဖွဲ့ ICJ ကိုယ်စား အမှုဖွင့်ထားတာဖြစ်ပါတယ်။

ICJ အဆုံးအဖြတ် ထွက်လာမယ့်နေ့မှာ မြန်မာ ဘက်က ဘယ်သူ့ကို ကိုယ်စားလှယ်စေလွှတ်မယ်၊ဥပဒေပိုင်း ဆိုင်ရာ ဘယ်လို လျှောက်ထားမယ်ဆိုတဲ့ အ သေးစိတ်ကိုတော့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက တိတိ ပပ မပြောပါဘူး။

ဒီအမှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ICJ မှာ ကြားနာခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်းက ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကိုထွက်ပြေး ခိုလှုံခဲ့တဲ့ ရိုဟင်ဂျာ ၇ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

အစိုးရက ဖွဲ့ထားတဲ့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချ ထားရေး၊ ဖွံ့ဖြိုးရေး ကော်မတီ(UEHRD) ဥက္ကဋ္ဌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ ICJ အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့ကို UEHRD က ဆောင် ရွက်နေတဲ့ အချက်အလက်တွေ ပို့ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

၂၀၁၈ ခု ဧပြီတုန်းက ဘင်္ဂလားဒေ့ရှ်ဘက်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး

မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ရိုဟင်ဂျာတွေ တရားဝင်လမ်းကြောင်းကနေ ပြန်လာဖို့ ၂ ကြိမ်တိုင်တိုင် ဆောင်ရွက်ပြီးကာမှ ပြန်လာမယ့်နေ့မှာ မြန်မာဘက်က စခန်းကို တစ်ဦးတစ်ယောက်မှ ပြန်မလာခဲ့ကြ ပါဘူး။

ဒေါက်တာဝင်းမြတ်အေးကတော့ "သူတို့ဆီက ပို့လာတဲ့စာရင်းက တကယ်ပဲ ပြန်လာချင်လို့ဆိုတဲ့ အခြေအ နေ သဘော မပေါ်လွင်ဘူး၊ ၂ နိုင်ငံ သဘောတူညီချက်က ရိုးရိုးရှင်းရှင်းလေး၊ ဒီက ပေးတဲ့ ပုံစံတွေကို ဟို ဘက်က ပြန်လာမယ့်သူတွေက မျက်ဝါးထင်ထင် တွေ့ပြီးတော့ ဒါတွေကို သဘောပေါက်နားလည်ပြီးတော့ ဒါတွေကို ဖြည့်စွက်ပြီးတော့ တာဝန်ရှိတဲ့သူက ပြန်ပို့ရမှာ၊ ခုက အဲ့လို မဟုတ်ဘူး ဖြစ်နေတယ်" လို့ ပြောပါ တယ်။

"လတ်တလောမှာတော့ ပြန်လာချင်တဲ့ ဟိန္နူ ၄၀၀ ကျော် ရှိပြီးတော့ ဒီဘက်ကလည်း စစ်ဆေးပြီး စာရင်းတွေ လည်း ပြန်ပို့ထားပြီး ဖြစ်တယ်" လို့ ဒေါက်တာဝင်းမြတ်အေးက ဆက်ပြောပါတယ်။

လာမယ့်၂၃ ရက်နေ့မှာတော့ ဂမ်ဘီယာဘက်က ICJ ကို တင်ထားတဲ့အထဲက ကြားဖြတ် အရေးယူဆောင် ရွက်မှုတွေကို မြန်မာဘက်ကလိုက်နာဖို့ လိုမလို ဆိုတာကို အဓိက ဆုံးဖြတ်ကြမှာပါ။

  ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့
 
ဂမ်ဘီယာဘက်က တောင်းထားတာက ၂ မျိုးဖြစ်ပြီး အကြမ်းဖက်မှု သတ်ဖြတ်မှုတွေရှိရင် ဆက်မလုပ်ဖို့နဲ့ ဒုတိယ အချက်က သက်သေ အထောက်အထားတွေကို မဖျက်ဆီးဘဲ ထိန်းသိမ်းထားဖို့ ဖြစ်ပါတယ်။

ကြားနာလျှောက်လဲမှုတွေ ပြုလုပ်ရာမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး မြန်မာဘက်က ငှားရမ်းတဲ့ ရှေ့နေတွေနဲ့ တဖက်က စွပ်စွဲ ချက် တွေကို ပြန် လည်ချေပခဲ့ပါတယ်။

ချေပရာမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "ICJ တရားသူကြီးတွေအနေနဲ့ လူမျိုးတုံးသတ် ဖြတ် မှုဆိုတဲ့ စွပ်စွဲချက်ကို ပယ်ဖျက်ပေးဖို့နဲ့ မြန်မာ့တရားရေးစနစ်ကို တရားမျှတမှု ဖြစ်အောင်လုပ်ဖို့ အခွင့် ပေးသင့်ပါတယ်" လို့ လျှောက်လဲခဲ့ပါတယ်။

ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း လက်ရှိမှာ ရိုဟင်ဂျာတွေ နေရပ်ပြန်လာရေး UNDP (ကုလသ မဂ္ဂဖွံဖြိုးရေး အစီအစဉ်)၊ UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) တို့နဲ့ သဘောတူ ညီချက် လက် မှတ်တွေထိုးထားပြီး ဖြစ်ကြောင်းနဲ့ အဲဒီသဘောတူညီချက်တွေအတိုင်း ထိထိရောက်ရောက် အကောင်အထည်ဖော်ပေးဖို့ လိုနေပါတယ် လို့ ပြောပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */