Thursday, December 12, 2019

ICJ အမှု ရှေ့နေဦးအောင်ထူး အမြင်

VOA
ဗွီအိုအေ (မြန်မာဌာန)
12 ဒီဇင်ဘာ၊ 2019
စုမြတ်မွန်
ICJ တရားရုံးမှာ တင်ပြသွားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေပညာရှင် ဦးအောင်ထူး နဲ့ မစုမြတ်မွန်တို့က တိုက်ရိုက် ဆွေးနွေးတင်ပြထားပါတယ်။

မေး။ ။ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ဒီ မြန်မာဘက်ကပြောသွားတဲ့အချက်ထဲမှာ အချက်ပေါ့နော် ဒီICJ မှာ အခု အမှုကို စီရင်ပိုင်ခွင့်မရှိဘူးဆိုတဲ့ အချက်နဲ့ အရေးပေါ်ဆောင်ရွက်မှုတွေ မချသင့်ဘူးဆိုတဲ့ အချက် ၃ ချက်ကို Gambia ဘက်က ဒီကနေ့ အဓိကပြောသွားပါတယ်။ ဆိုတော့ Gambia နိုင်ငံဘက်က ချေပသွားတဲ့ ဘယ်အချက်တွေက ထူုးခြားတယ်၊ မြန်မာဘက်ကနေ ပြန်ပြီးတော့ ချေပဖို့ ခက်တယ်လို့ ဦးအောင်ထူးမြင်ပါသလဲရှင့်။

ဦးအောင်ထူး။ ။ ဒီလိုဗျ ပထမဦးဆုံး အဓိကထားပြီး တင်ပြသွားတာက Gambia ဘက်က တင်ပြတဲ့ မြေပြင်ပေါ်မှာ ဖြစ်တဲ့ အချက်အလက်တွေ ၊ တနည်းအားဖြင့် မြန်မာစစ်ခေါင်းဆောင်တွေ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို ဆန့်ကျင်ကျူးလွန်ခဲ့တဲ့ အချက်အလက်တွေ အသေးစိတ်ပေါ့ဗျာ ကလေးတွေကို မီးပုံထဲ ပစ်ချတာတို့၊ မုဒိမ်းကျင့်တာ ၊ မီးရှို့ဖျက်ဆီးတာ အကုန်လုံးပေါ့ ။ ဒါတွေဟာ မဟုတ်ဘူးလို့ မြန်မာဘက် ငြင်းမသွားဘူး။ အဓိက အငြင်းပွားတာကတော့ Genocide intent ပေါ့ လူမျိုးတုံးသတ်ဖြတ်မှုကို ရည်ရွယ်ချက်နဲ့ ကျူးလွန်ပါတယ်ဆိုတဲ့ အချက်ကို ၊ ရည်ရွယ်ချက်ကို မြန်မာဘက်က ခုခံချေပသွားတယ်၊ ငြင်းဆိုသွားတယ်။ ဒါတွေကို ရည်ရွယ်ချက်နဲ့ ကျူးလွန်တာမဟုတ်ဘူး။ နောက် ဂမ်ဘီယာဘက်က ပြန်ချေပတာကတော့ ရည်ရွယ်ချက်ဆိုတာ ဘာကို ကြည့်ပြီးတော့ ပြောလို့ရသလဲဆိုတော့ မြေပြင်မှာ ဖြစ်တဲ့ချက်အလက်တွေ ငြင်းလို့မရတဲ့ အချက်အလက်တွေကို မြန်မာဘက်က ဘယ်သူမှ ငြင်းမသွားဘူး။ အဲဒီအချက်အလက်တွေက ရည်ရွယ်ချက်ကို ဖော်ဆောင်ရာရောက်တယ် ဆိုပြီးတော့ စုစုပေါင်း အချက် ၇ ချက်ကို တင်ပြသွားတယ်။

တချက်က ဘာလဲဆိုတော့ မြန်မာစစ်တပ်ဟာ အင်မတန် အင်အားကြီးမားတဲ့ တပ်ကို အသုံးပြုပြီးတော့ ရိုဟင်ဂျာတွေကို အပြတ်တိုက်ခိုက်ခဲ့တယ်။ ဒုတိယအချက်က Organize nature ပေါ့ အမှတ်တမဲ့ဖြစ်တာမဟုတ်ဘူး၊ စနစ်တကျ စုစည်းပြီးတော့ အင်အားသုံး တိုက်ခိုက်တာဖြစ်တယ်။ တတိယအချက်က ဘာလဲဆိုတော့ မြန်မာဘက်က ငြင်းမသွားဘူး အဲဒါဘာလဲဆိုတော့ Sexual Violence ပေါ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေပြုတယ်၊ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ clearing operation နယ်မြေရှင်းလင်းရေးတွေ လုပ်တဲ့အထဲမှာ ရက်ရက်စက်စက်ကျူးလွန်သွားတယ်။ ဒါက မငြင်းနိုင်တဲ့အချက်တွေဖြစ်တယ်၊ ဒါကလည်း ရည်ရွယ်ချက်ကို ပြတာ ဖြစ်တယ်။

နောက်တချက်က ရိုဟင်ဂျာတွေကို ဆန့်ကျင်ပြီးမှ သေးသိမ်စော်ကားတဲ့ ၊ လူမျိုးခွဲခြားတဲ့ ၊ လူ့အဖွဲ့အစည်းက အပြင်ကို ထုတ်တဲ့ အပြောအဆိုတွေကို တောက်လျောက်လုပ်ခဲ့တာဖြစ်တယ်။ ဒါက ရည်ရွယ်ချက်ကို ဖော်ပြတယ်။ နောက် နံပတ် ၅ အချက်က ဘာလဲဆိုတော့ ခွဲခြားတဲ့ စီမံချက်တွေ Discriminatory plan ပေါ့နော် ခွဲခြားစီမံချက်တွေ မူဝါဒတွေ ၊ ဥပမာ ပြောမယ်ဆိုရင် နိုင်ငံသား ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်မရှိဘူး။ ရိုဟင်ဂျာကလေးတွေက မွေးကတည်းက မွေးစာရင်းရဖို့တောင် အခက်အခဲရှိတယ်။ ဒါတွေက ရည်ရွယ်ချက်နဲ့ တမင်လုပ်နေတာဖြစ်တယ်။ နံပတ် ၆ အချက်က ဘာလဲဆိုတော့ အစိုးရဟာ လူထုကြားထဲမှာ ရိုဟင်ဂျာ ဆန့်ကျင် မုန်းတီးရေးတွေ လွှမ်းခြုံနေတယ်၊ ဒါတွေဖြစ်နေတာကို မသိချင်ယောင်ဆောင်နေတယ်။ နံပတ် ၇ အချက်က စစ်တပ်ရဲ့ ဘယ်အစိတ်အပိုင်းကိုမှ အရေးမယူခဲ့ဘူး။ စုံစမ်းစစ်ဆေးတာမရှိဘူး၊ အရေးယူတာမရှိဘူး။ ဒါတွေကို နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ ၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားတဲ့ ဥပဒေနဲ့အညီ အရေးယူလို့ ရနိုင်တာ မှန်သမျှလည်း ဘာမှ အရေးမယူခဲ့ဘူး အရေးယူဖို့ ပျက်ကွက်ခဲ့တယ်။

ဒီ ၇ ချက်ပေါင်းလိုက်ရင် ဒါ ရည်ရွယ်ချက်နဲ့ ကျူးလွန်တယ်ဆိုတာ ထင်ရှားတယ်လို့ အဓိကပြောသွားတယ်။ နောက် စီရင်ပိုင်ခွင့်နဲ့ ပတ်သက်လို့ dispute ဆိုတဲ့ အသုံးအနှုန်းကို ပေးသွားတယ်။ မြန်မာဘက်က ပြောတယ် ဂမ်ဘီယာနဲ့ မြန်မာကြားမှာ အငြင်းပွားမှု မရှိဘူး။ ဂမ်ဘီယာက ပြောတယ် အငြင်းပွားမှုတွေရှိတယ် ဘယ်အစည်းအဝေးမှာဘယ် လို တင်ပြထားတယ်။ သို့သော် မြန်မာဘက်က ဘာမှ မတုံ့ပြန်ဘူး။ မတုံ့ပြန်တာက အငြင်းပွားမှုကို ရင်မဆိုင်ရဲဘူးဖြစ်တယ် ဒါကြောင့် အငြင်းပွားမှုက တကယ်ကို ရှိတယ်။ ဒါကြောင့် Genocide convention ရဲ့ ပုဒ်မ ၉ အရ တရားရုံးမှာ စီမံမှု လာယူတယ်။ နောက်ဆုံးအချက်ကတော့ Provisional Measure ပေါ့ အဲဒါကတော့ ယာယီတားမြစ်တာထုတ်သင့်တယ်ဆိုတာက မြန်မာဘက်က လျှောက်လဲတဲ့ အမျိုးသမီးရှေ့နေကို ဝေဖန်တဲ့ပုံစံနဲ့ ချေပသွားတာပါ။

ဥပမာ၊ ညာဘက်က ရှေ့နေက ပြောသွားတယ်၊ နိုင်ငံတကာအကူအညီရနေပြီ၊ လက်ခံနေပြီ ၊ ဘင်္ဂလားဒေ့ရှ်အစိုးရတောင်မှ ပူးပေါင်းဆောင်ရွက်နေပြီ ။ အိန္ဒိယအစိုးရကလည်း အားပေးကူညီတယ်။ ကုလ Agency တွေကလည်း ပူးပေါင်းဆောင်ရွက်နေပြီလို့ ပြောသွားတယ်။ သို့သော် မှန်တယ် MOU ရှိတယ် အဲဒီ MOU က တိုးတက်မှု တခုမှ မရှိဘူး ၊ MOU ကို အခြေခံပြီးတော့မှ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို ပြန်နိုင်လောက်အောင် လုပ်ပေးတဲ့ အခြေအနေမရှိဘူး။ ပြောင်းပြန်တွေဖြစ်နေတယ် ဘာကြောင့်ဆိုတော့ ရိုဟင်ဂျာတွေနေခဲ့တဲ့ နေရာတွေကို ဘူဒိုဇာနဲ့ တိုက်ပစ်လိုက်တယ်။ သက်သေခံ ပစ္စည်းတွေ ဖျောက်လိုက်တယ်။ လုံခြုံရေးအရလည်း ဘာမှ မလုပ်ပေးနိုင်ဘူး။ ရိုဟင်ဂျာတွေက မပြန်ရဲကြဘူး။ ဒီလို ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ်။

ဆိုတော့ တကယ့်တကယ်ကျတော့ အဓိက အာမခံချက်ပေးရမှာက နိုင်ငံသားဖြစ်ခွင့်ပေ့ါနော် ၊ ဆိုတော့ ပြန်လာပါ ၊ လက်ခံမယ်လို့ပြောနေတယ် နိုင်ငံသား ဖြစ်ခွင့်နဲ့ ပတ်သက်ပြီး ဘာမှ လုပ်ပေးတာ မရှိဘူး ဆိုတော့ အဓိက ပြောရရင် ရိုဟင်ဂျာတွေ ပြန်လာပြီး သူ့ဒေသ ပြန်လာနေလို့ ရအောင်လို့ ဥပဒေဘောင်တွေ ဘာမှ ဖန်တီးပေးထားတာမရှိဘူး။ အစားအသောက်ပေးတာရှိမယ် နေရာထိုင်ခင်းစီစဉ်ပေးတာရှိမယ် သို့သော် ဥပဒေအရ လုံလုံခြုံခြုံပြန်နေလို့ရအောင် ပြင်ဆင်မှုက ဘာမှကို မရှိသေးဘူး။ အချက်အလက်က အတိအကျ ပြောနိုင်တာမရှိသေးဘူး ဒါကြောင့် ရှိနေတဲ့ ရိုဟင်ဂျာတွေဟာ နောက်ထပ်အလားတူဖြစ်မှာ စိုးရိမ်နေရတဲ့အတွက် Provisional Measure ပေါ့ ICJ ရဲ့ ပုဒ်မ နဲ့အညီ ထုတ်ပေးပါဆိုတာကို ထပ်ပြောတဲ့ သဘောပါပဲ။

မေး။ ။ ဆိုတော့ မြန်မာနိုင်ငံဘက်က နောက်နေမှ သူတို့ တင်ပြချက်ကို စပေးရမှာပါ ဆိုတော့ စောစောက ပြောသွားတဲ့အထဲမှာ ဂမ်ဘီယာဘက်က အချက် ၇ ချက်နဲ့ ထောက်ပြသွားတယ်။ အဲဒီအထဲမှာ ၆ ချက်လုံးကို မြန်မာဘက်က ငြင်းလည်းမငြင်းဘူး ၊ တချက်ပဲ အစိုးရက စုံစမ်းမှု ထိထိရောက်ရောက်မလုပ်ဘူး ဆိုတဲ့အချက်ကိုပဲ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ် အဲဒါကိုလည်း သူတို့ဘက်က ထိထိရောက်ရောက် မချေပနိုင်ဘူးဆိုတဲ့ အချက်ကိုရှေ့နေ က ပြောသွားပါတယ် အဲဒီတော့ ဒီကနေ့ မြန်မာဘက်က ပြန်ပြီးတော့ လျှောက်လဲချက်ပေးရင် ဒီအချက်တွေကို ဘယ်လိုမျိုး ချေပနိုင်အောင်လို့ တင်ပြလို့ ရမယ်လို့ရော ဦးအောင်ထူး အနေနဲ့ ထင်ပါသလဲ။

ဦးအောင်ထူး။ ။ အေးအဲ့ဒါတော့ ဖြေရတာ ကြပ်တယ်ဗျ။ ဘာကြောင့်လည်းဆိုတော့ Gambia ဘက်က ဒီကနေ့ ရှင်းသွားတဲ့ အထဲမှာ အဓိကသူပြောသွားတာက Genocide Convention ရဲ့ ပုဒ်မ ၁ မှာ အဓိက ဆိုသွားတာက ဒီစာချုပ်ဝင်နိုင်ငံက Genocide Convention ကို Genocide ကို မကျူးလွန်ရုံသာမက ကျူးလွန်တဲ့သူကို ပြစ်ဒဏ်ပေးရမယ်။ ပြီးရင် မကျူးလွန်အောင် ဒီလို ကျူးလွန်မှုတွေ မရှိအောင် ကြိုတင်ကာကွယ် တားဆီးရမယ်။

အဲ့တော့ ပုဒ်မ ၁ မှာ အဲ့လိုဆိုထားတယ်။ သို့သော်လည်းပဲ မြန်မာအစိုးရဘက်ကနေပြီးတော့ ကြိုတင် ကာကွယ်တားဆီးတယ်ဆိုတဲ့ အချက်ကို လုံးဝမပြောနိုင်ဘူး။ ရိုဟင်ဂျာဆိုတော့ စကားလုံးတောင်မှ သူတို့ မသုံးဘူး။ ဆိုတဲ့ အခါကျတော့ ရိုဟင်ဂျာတွေ Genocide မခံစားရအောင် ဘယ်လို ကာကွယ်တားဆီး သွားမယ်ဆိုတဲ့ အစီအစဉ် အစိုးရဘက်က လုံးဝမရှိဘူး။ သူတို့ ပြောသွားတဲ့ ပုံက မြန်မာအစိုးရဘက်က ကြိုးစားပန်းစား ခုခံထုချေချိန်မှာတော့ ဖြစ်မှာပါ။ သို့သော် ကျနော်သိသလောက်တော့ ပြောရတာတော့ တော်တော် ကြပ်သွားတယ်။ ဆိုလိုချင်တာတော့ ရှင်းရှင်းလင်းပဲ... ပထမအချက်က ပြစ်မှုကျူးလွန်တဲ့သူကို အပြစ်ပေးရမယ်။

ဒါက Genocide Convention ကို Article ၂ ခုကို reservation လုပ်သွားသော်ငြားလည်း ကျန်တဲ့ Article ၁ ကနေ ၅ အထိက အဲ့ဒါ ရှင်းရှင်းလင်းလင်းပေါ်နေတဲ့ အချက်တွေ။ ပြစ်မှုကျူးလွန်သူကို အပြစ်ပေးတယ်ဆိုတာလည်းပဲ စစ်ဘက်ဆိုင်ရာတရားဥပဒေနဲ့ ထောင် ၁၀ နှစ်ချတယ်။ ပြီးတော့ ၁၀ လအကြာမှာ ပြန်လွတ်တယ် ဆိုတော့ Not Reliable Information လေ။ အားကိုးလောက်တဲ့ သတင်းမဟုတ်ဘူး။ နောက်တဘက်က ဥပမာ Article ၅ အရ ပုဒ်မ ၂ မှာ ပြ ဋ္ဌာန်းထားတဲ့ Genocide ရဲ့ အဂါၤရပ်တွေကို ကျူးလွန်တဲ့သူကို အပြစ်ပေးနိုင်ဖို့အတွက်ကို ဥပဒေ ပြဋ္ဌာန်းထားတာ။ အဲ့ဒီအခါကျတော့ မြန်မာဘက်က ဥပဒေပြဋ္ဌာန်းထားတာလည်း မရှိဘူး။ Genocide Convention ကို လိုက်နာတဲ့ အနေနဲ့ အဲ့ဒီအခါကျတော့ ဒီအပိုင်းမှာ ခုခံထိုးချေရတာ အခက်အခဲ ရှိနိုင်သလားလို့ ကျနော်အဲ့လို စဉ်းစားတယ်လေ။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */