Thursday, November 21, 2019

ရခိုင်စစ်ဒုက္ခသည်တွေအတွက် တပ်မတော်က သိန်း- ၅ ထောင် လှုဒါန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်
21 နိုဝင်ဘာ၊ 2019
 
 သတင်းဓါတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအတွက် မြန်မာ့တပ် မတော်ကနေ အလှုငွေ ကျပ်သိန်း ၅,၀၀၀ လှုဒါန်းပြီး ဒါဟာ ဒုက္ခတွေ့နေတဲ့ ပြည်သူတွေအတွက် အကူအညီ ပေးတာဖြစ်တယ်လို ပြည်နယ်စစ်ဘက် တာဝန်ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီလို အကူအညီပေး တာ ကို ဒေသခံရခိုင်အဖွဲ့အစည်းတွေက ကြိုဆိုကြပေမယ့်လို့ အခု လတ်တလောဖြစ်လာတဲ့ နိုင်ငံတကာ ဖိအားတွေကြောင့် အခုလို ဆောင်ရွက်လာတာလို့ ယူဆမှုတွေလည်း ရှိပါတယ်။ ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်က စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေအတွက် တပ်မတော်ရဲ့ လှူဒါန်းငွေတွေကို မနေ့က လက်ခံရ ရှိပြီး ပြည်နယ်အစိုးရက စစ်ရှောင်နေရာတွေကို စီစဉ်ပို့ပေးမယ်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုတွေကနေပြီးတော့ ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင် ပြည် သူတွေအတွက်ပေါ့။ အဲဒီအတွက်ကို သိန်း ၅,၀၀၀ လှူပါတယ်။ အလှူငွေပေးအပ်တဲ့သူက ဒုတိယ ဗိုလ်ချုပ် ကြီး ဝင်းဗိုလ်ရှိန်ပေါ့။ လက်ခံတဲ့သူကတော့ ရခိုင်ပြည်နယ်အစိုးရကနေ လက်ခံပေးတယ်။ ပြည်နယ်အစိုးရ ကနေ သက်ဆိုင်ရာ တိုက်ပွဲရှောင် နေရာတွေကို စီစဉ် ပို့ပေးမယ်ပေါ့လေ။”

အလှူငွေပေးအပ်ပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့က စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးမှာ ကျင်းပပြီး တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒု ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က အလှူငွေပေးအပ်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့တာဝန် ရှိသူတွေက လက်ခံခဲ့ပါတယ်။

တပ်မတော်ကနေ ရခိုင်စစ်ရှောင်တွေကို ကူညီထောက်ပံ့တဲ့ အကြောင်းရင်းကိုတော့ ဗိုလ်မှူးကြီးမင်းသန်းက အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ တိုက်ပွဲရှောင်ဆိုတာတော့ဗျာ ကျနော်တို့ရဲ့ ပြည်သူတွေပါပဲ။ တိုက်ပွဲကြောင့် ဖြစ်နေတဲ့ ကြားလူ တွေ။ အဲဒီတော့ ကိုယ့်ပြည်သူတွေ ဒုက္ခရောက်နေတာကို တပ်မတော်က တတ်နိုင်တဲ့ဘက်ကပေါ့နော်၊ စဉ်း စားပြီးတော့ ကူညီတာပေါ့။ ကာကွယ်ပေးတာရှိသလို၊ နောက်ခံပေးတာ၊ ကူညီပေးတာပေါ့ အခုကတော့။”

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ် ပွါးလာတာ တနှစ်နီးပါး ရှိနေပြီးဖြစ်သလို တိုက်ပွဲကြောင့် နေရပ်ကနေ တိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေ ၇၀,၀၀၀ ကျော်ရှိနေပြီး ဖြစ်ပါတယ်။

ဒီစစ်ရှောင်တွေ အကူညီပေးဆောင်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကို အစိုးရအာဏာပိုင်တွေက တားဆီး၊ ပိတ်ပင်မှုတွေ ပြုလုပ်နေရာကနေ အခုလို တပ်မတော်ဘက်က အကူညီပေးလာ တဲ့အပေါ်သဘော ထားအမြင် အမျိုးမျိုး ထွက်ပေါ်နေတာပါ။

ရခိုင်အမျိုးသားပါတီက ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီအဖွဲ့ဝင်ဖြစ်တဲ့ ဒေါ်အေးနုစိန်ကတော့--

“အခုဒီ ICC ၊ ICJ ၊ ဒီအာဂျင်တီးနားမှာ တရားစွဲဆိုခံရတဲ့ ကိစ္စတွေ ပေါ်ပေါက်လာတဲ့အခါမှ ဒီကိစ္စတွေ တိုင်းရင်း သားတွေ စည်းလုံးညီညွတ်ကြပါ၊ စသည်ဖြင့် ပြောတဲ့အသံလည်း ထွက်လာပြီး၊ အဲဒါမှာ စစ်ရှောင်တွေ အတွက်လည်း တကြိမ်တခါမှ မပြုလုပ်သေးတဲ့ အနေအထားမျိုးနဲ့ လုပ်လာပြီဆိုတော့ ဒါ သွေးရိုးသားရိုး တိုက်ဆိုင်မှုဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ ဘာလို့လဲဆိုတော့ လူသေပြီဟေ့ဆိုရင် မသိဘူး၊ အဲဒီရွာ မရှိ ဘူး။ AA သေတာပဲဖြစ်လိမ့်မယ် စသည်ဖြင့် အရှိတရားနဲ့ ပကတိတရားကို မျက်လုံး စုံမှိတ်ပြီးတော့ တာ ဝန်ရှိတဲ့ ပြောရေးဆိုခွင့် ရှိသူတွေက ငြင်းနေတဲ့အနေအထားကို အများပြည်သူ ပြည်တွင်း၊ ပြည်ပအကုန် လုံး သိပြီးသားဖြစ်တယ်။ ဆိုတော့ အခုကျတော့ ICC ၊ ICJ ကိစ္စကလည်း ကမ္ဘာနဲ့ချီပြီးတော့ ဟိုးလေးတကျော် ဖြစ်သွားတဲ့ အနေအထားမှာမှ ဒီလိုလာပြီးတော့ ထောက်ပံ့တယ်ဆိုတာတော့ ရခိုင်စစ်ဘေးရှောင်တွေကို တပ်မတော်က ငွေကျပ်သိန်း ၅,၀၀၀ ပေါ့နော်၊ ကူညီတယ်ဆိုတဲ့ အချက်ဟာ ကူညီတာကိုတော့ ကျမတို့ကြို ဆိုပါတယ်။ ဒါပေမဲ့ သွေးရိုးသားရိုး တိုက်တိုက်ဆိုင်ဆိုင်၊ စေတနာ သန့်သန့် ဟုတ်ချင်မှ ဟုတ်လိမ့်မယ် လို့ တော့ ဝေဖန်သုံးသပ်စရာတွေတော့ ပြောရမယ်။”

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေနဲ့ တိုင်းရင်းသားတွေအပေါ်မြန်မာအစိုးရ တပ်မတော်ကနေ လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ the Hague မြို့ အခြေစိုက် ကုလသမဂ္ဂအမြင့်ဆုံး တရားရုံးဖြစ်တဲ့ ICJ နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုခံထားရတဲ့ အချိန်နဲ့ တိုက် တိုက် ဆိုင် ဆိုင် ရခိုင်ဒုက္ခသည်အရေးအတွက် ကူညီလာတာဖြစ်တယ်လို့ သူကမြင်ပါတယ်။

တပ်မတော်ကနေ စစ်ရှောင်တွေကို ကူညီတဲ့လုပ်ရပ်အပေါ်ကြိုဆိုကြောင်း စစ်ရှောင်တွေကိုအကူ ညီပေးနေ တဲ့ ဝံလက် ဖောင်ဒေးရှင်း ဒါရိုက်တာ ခိုင်ကောင်းစံက ဆိုပါတယ်။

“ဘယ်လိုကြောင့်ပဲ ကူညီပေါ့ဗျာ။ ဥပမာ နိုင်ငံတကာဖိအားကြောင့်ပဲ ဖြစ်တယ်ပြောပြော၊ ပြည်သူတွေရဲ့ တောင်းဆိုမှု ကြောင့်ဖြစ်တယ်လို့ ပြောပြော၊ ဒါက ကောင်းမွန်တဲ့ အလုပ်တခုဖြစ်တယ်။ ကျနော်တို့ လိုအပ် တဲ့နေရာမှာရောက် အောင်လှူဒါန်းဖို့ လိုတာပေါ့နော်။”

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့ နယ်တွေမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲတွေကလည်း တနေ့ထက် တနေ့ ပိုမိုကျယ်ပြန့်လာနေသလို စစ်ရှောင်အရေအတွက်ဟာလည်း ပိုမို တိုးပွားလာနေပါတယ်။

လက်ရှိ ရခိုင်စစ်ရှောင်ဒုက္ခသည်တွေကို အစိုးရကနေ ကူညီပေးနေတယ်လို့ ဆိုပေမဲ့လည်း လုံလောက်မှု မရှိတဲ့အတွက် ဒေသတွင်း လူမှုကူညီရေးအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ အကူအညီ ပေး ဆောင်နေရတယ်လို့ ဒေသခံ အကူညီပေးအဖွဲ့ဝင်တွေက ပြောပါတယ်။  

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */