VOA
ဗွီအိုအေ (မြန်မာဌာန)
22 သြဂုတ်၊ 2019
မဆုမွန်
22 သြဂုတ်၊ 2019
မဆုမွန်
ဘင်္ဂလားဒေ့ရှ်ဘက်က တင်ပြထားတဲ့ ဒုက္ခသည် နှစ်သောင်းနှစ်ထောင်ထဲက ပထမဆုံး အသုတ်အဖြစ် သုံးထောင်ကျော်ကို မြန်မာအစိုးရဘက်က စီစစ်ပြီး ပြန်လက်ခံဖို့သဘောတူထားပေမယ့်၊ အခုအချိန်အထိ ပြန်လာမယ့်သူ မရှိသေးပါဘူး။ ဘင်္ဂလားဒေ့ရ်ှ ဒုက္ခသည်တွေစခန်းတွေထဲ ရိုဟင်ဂျာဒုက္ခသည်တွေ တဦး တယောက်မှ ပြန်မလာတာ ဘာကြောင့်ပါလဲ မဆုမွန် ဆက်ပြောပြပါမယ်။
ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် သြဂုတ်လမှာဖြစ်ပွားခဲ့တဲ့ ARSA အကြမ်းဖက်အဖွဲ့က မြန်မာစစ်စခန်းတွေနဲ့ နယ်စပ်အခြေစိုက် စခန်းတွေကို အင်အားသုံး တိုက်ခိုက်မှုတွေရဲ့နောက်ပိုင်း အစိုးရတပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ထွက် ပြေးတိမ်းရှောင်သွားခဲ့ကြရတာပါ။ အခုအဲ့ဒီ့ဒုက္ခသည်တွေထဲကမှ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က စိစစ်တင်ပြ ထားတဲ့ ဒုက္ခသည် နှစ်သောင်းနှစ်ထောင်ကျော်ထဲကနေ သုံးထောင်ကျော်ကို ပြန်ပို့ဖို့ နှစ်နိုင်ငံ စီစဉ်နေတာ ဖြစ် ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ် နိုဝင်ဘာလတုန်းကလည်း ဌာနေပြန်နိုင်ရေးစီစဉ်ခဲ့ကြပေမဲ့ အထမေ မြောက်ခဲ့ပါဘူး။
သြဂုတ်လ ၂၂ရက်နေ့ ဒီကနေ့မှာလည်း ဘင်္ဂလားဒေ့ရှ်ဘက်က တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေထဲက သုံးထောင်ကျော်ကို ပြန်လက်ခံဖို့ မြန်မာအစိုးရဘက်က စောင့်ဆိုင်းနေကြပေမဲ့လို့ အခုအချိန်အထိတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်တဦးတယောက်မှ မပြန်လာကြသေးပါဘူး။ ရိုဟင်ဂျာဒုက္ခသည်တွေ ဘာ ကြောင့် မြန်မာနိုင်ငံဘက် ပြန်လာဖို့အရေး ငြင်းဆန်နေရတာပါလဲ သူတို့ ဘာကြောင့် အိမ်မပြန်ချင်ကြရ တာ လဲ ဆိုတာကိုတော့ ဂျန်သူလေ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ဦးမောင်ကျော်မင်းက အခုလိုပြော ပါတယ်။
“အဓိက မပြန်ရတာကတော့ သူတို့က နိုင်ငံသားအခွင့်အရေး မပေးလို့ရှိရင် ဘယ်လိုသွားမှာလဲ။ အခုရခိုင် မှာ AA နဲ့ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပေါ်နေတာ ကျနော်တို့ဘယ်လိုသွားမှာလဲ ကျနော်တို့အတွက် Guarantee မရှိဘူးခင်ဗျ။
မေး ။ ။ အဲဒီတော့ မပြန်ဘူးဆိုရင် ဘယ်လိုလုပ်ပေးမှ ပြန်မှာလဲ။
ဖြေ။ ။ အဓိက ကျနော်တို့ ရိုဟင်ဂျာတွေက နိုင်ငံသားအခွင့်အရေးဆိုပြီးတော့ တောင်းဆိုနေတာ မြန်မာ အစိုးရက ဘာတခုမှ မလုပ်ပဲနဲ့ ကျနော်တို့ ဘယ်လိုပြန်မှာလဲ။ နောက်တခုက ဦးမြင့်သူ တို့ ဒီမှာလာတဲ့ အခါ မှာ ကျနော်တို့ ဆွေးနွေးကြတာ ရှိပါတယ်။ ကျနော်တို့ အဓိက Dialogue လုပ်ဖို့အတွက် ၂ ဦး နှစ်ဘက် သေ ဘာတူညီခဲ့ပါတယ်ခင်ဗျ။ သူတို့က ဗြုန်းခနဲ Repatriation လုပ်ဖို့ဆိုပြီး လုပ်တော့ ကျနော်တို့ စိတ်တိုနေ တာ ပေါ့။ ဒီပြဿနာကို ဖြေရှင်းပြီးရင် ပြန်မှာပေါ့။ သူတို့က မြန်မာနိုင်ငံ အစိုးရက ဒီပြဿနာကို ဖြေရှင်းဖို့အတွက် လုပ်မပေးပါဘူး။ သူတို့က Repatriation ဆိုပြီးတော့ မီဒီယာ propaganda လုပ်ဖို့အတွက် စီစဉ်ထားတာရှိပါ တယ်။ ဘာတခုမှ ပြင်ဆင်ထားတာမရှိဘူးခင်ဗျ။”
မြန်မာအစိုးရကို ရိုဟင်ဂျာဒုက္ခသည်တွေ တောင်းဆိုထားတဲ့ လုံခြုံရေးအာမခံချက်ပေးဖို့ နိုင်ငံသားဖြစ်ခွင့် အပါအဝင် နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးရေး၊ မူလနေရပ်ရင်းတွေမှာ ပြန်လည်အခြေချ နေထိုင်နိုင် ရေး၊ လွတ်လပ်စွာခရီးသွားလာခွင့်နဲ့ အခြေခံလူအခွင့်အရေးတွေ မရမချင်း မပြန်လိုကြဘူးလို့ ရိုဟင်ဂျာဒုက္ခ သည်တွေကပြောပါတယ်။ ပြန်ပို့ဖို့စီစဉ်ထားတဲ့ စခန်းသုံးခုထဲက ရိုဟင်ဂျာဒုက္ခသည် သုံးထောင်ကျော်ထဲက တဦးတယောက်မှ မပြန်ကြသေးဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ဘာလုခါလေဒုက္ခ သည် စ ခန်း နေ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံက အခုလိုပြောပြပါတယ်။
“ဒီကနေ့ကတော့ နေရပ်ပြန်မယ့်အစီအစဉ်မှာ တဦးတယောက်မှ ပြန်ဖို့ စိတ်ဆန္တမရှိဘူးဆိုတာကို တွေ့ရှိရ ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ ဘဝအာမခံချက် တစုံတခု မရှိပဲနဲ့ မွေးရာပါ နိုင်ငံသားအခွင့်အရေး မရရှိပဲနဲ့ နောက် ကျနော်တို့ မူလကျေးရွာမှာ ပြန်လည်နေထိုင်ခွင့်မရရှိပဲနဲ့ ကျနော်တို့ ပိုင်ဆိုင်ခဲ့တဲ့ ပိုင်ဆိုင် မှုတွေ မရရှိပဲနဲ့ အာမခံချက် တစုံတခု မရှိပဲနဲ့ တဦးတယောက်မှ သွားဖို့ ဆန္ဒမရှိပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇-၂၈ မှာ မြန်မာနိုင်ငံခြားရေးအတွင်းဝန် ဦးမြင့်သူ ခရီးစဉ်မှာ ဦးမြင့်သူနဲ့ ကျနော်တို့ ရိုဟင်ဂျာ ကိုယ်စား လှယ်တွေ သဘောတူခဲ့တာ တခုရှိတယ်။ သဘာတူညီချက်အတိုင်း ဆောင်ရွက်မယ်ဆိုရင် ဒါ ရလဒ်ကောင်း တခု ပါလာမယ်ဆိုရင် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကတော့ အောင်မြင်နိုင်တယ်။ အဲလိုမဟုတ်ပဲနဲ့ အခုလို လုပ်ဆောင်မယ်ဆိုရင် ဘယ်လိုမှ ကျနော်တို့ ပြန်ဖို့ အစီအစဉ်မရှိပါဘူးခင်ဗျ။”
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ပြန်လာမယ့် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် မြန်မာအစိုးရဘက်ကနေ ပြန်လည်လက်ခံရေးစခန်းတွေ ကြားစခန်းတွေ ဒုက္ခသည်တွေ ယာယီခိုလှုံနေထိုင်ရေးစခန်းတွေကို တည် ဆောက်ပြီး အသင့်စောင့်ဆိုင်းနေကြပေမဲ့လို့ အခုချိန်အထိ ဘင်္ဂလားဒေ့ရှ်ဘက်နေ တဦးတယောက်မှ ပြန်မ လာကြသေးဘူးလို့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြို့သူကြီးကျေးရွာသား ဦးလှထွန်းကလည်း ပြောပြ ပါတယ်။ အဓိကကတော့ သူတို့နေထိုင်ဖို့စီစဉ်ပေးထားတာပေမဲ့ သူတို့တောင်းဆိုတဲ့ ဘဝအာမခံချက် နိုင်ငံ သားအခွင့်အရေးမပေးသေးသရွေ့တော့ ပြန်လာနိုင်ရေး အလှမ်းဝေးနေဦးမှာပဲလို့ ရိုဟင်ဂျာမူဆလင် တဦး ဖြစ်တဲ့ ဦးလှထွန်းကပြောပါတယ်။
“ကျနော်မေးကြည့်တယ် တယောက်မှ မပြန်လာဘူး။ ဒါပေမယ့် သူတို့က စောင့်နေတယ်လို့ ပြောတယ်။ အားလုံးပြင်ထားတယ်လို့ ပြောတာက စခန်းတွေပဲ ဆောက်ထားတာရှိတယ်။ နောက်ထပ် ဘာမှ မပြင်ထား ဘူး ကျနော်တို့ လူတွေက အဓိက တောင်းဆိုနေတာက သူတို့ရဲ့ မူလနေရာတွေမှာ နေခွင့်ရဖို့လိုတယ်။ ပြီးတော့ ဒီလူတွေ ဆုံးရှုံးခံနေရတဲ့ နိုင်ငံသားအခွင့်အရေးတွေရဖို့လိုတယ်။ အဲဒါတွေကို အစိုးရက ဘာမှ မပြောပဲနဲ့ ဒီကို ပြန်လာမယ်ဆိုရင် NVC လက်ခံရမယ်ဆိုပြီး ပြောတာက တယောက်မှ မလာနဲ့လို့ ပြောတာ နဲ့ အတူတူပဲ။ သူတို့ရဲ့ ဘဝတွေက အရင်လိုပေါ့ နှစ် ၂၀ -၃၀ နေရမှာကို ကြောက်တယ် အဲဒါကြောင့်မို့လို့ တယောက်မှ ပြန်မလာတာ”
ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲပေမဲ့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံမ ထားတဲ့ မြန်မာအစိုးရဘက်ကတော့ သူတို့အနေနဲ့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်လာရေး အစစအရာရာ စီစဉ်ဆောင်ရွက်ပြီးဖြစ်သလို မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ နိုင်ငံခြားရေးအတွင်းဝန်ကိုယ်တိုင် ရိုဟင်ဂျာ စခန်းတွေထဲအထိသွားရောက်တွေ့ဆုံညှိနှိုင်းမှုတွေ ဆောင်ရွက်ပြီးမှ ဒီပြန်လည်လက်ခံရေး အစီအစဉ်ကို နှစ်နိုင်ငံပူးပေါင်းစီစဉ်ထားတာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ကလည်း မနေ့တုန်းက ဗွီအိုအေမြန်မာပိုင်းကို ပြောဆိုထားပါတယ်။
No comments:
Post a Comment