Thursday, March 27, 2025

ကူညီငွေ နည်းသွားလျှင် ရိုဟင်ဂျာများအတွက် ကြောက်မက်ဖွယ်အကျိုးဆက် ဖြစ်

မဇျ္စိမ
March 26, 2025
Bangkok Post 

ပုံအညွှန်း – ကော့ဘဇားရှိ ဒုက္ခသည်စခန်း၌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်နှင့် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြံပေးချုပ် မူဟာမတ်ယူနက်စ်တို့နှင့်အတူ အိဖ်တာ (မွတ်စလင်ဥပုသ်ထွက်ညစာ) စားသုံးခြင်း ရာမာဇန်ဥပုသ် သွေးစည်းညီညွတ်သော အိဖ်တာပွဲသို့ ဆိုင်းဘုတ် ကိုင်ဆောင်ထားကြရင်း တက်ရောက်လာကြသော ရိုဟင်ဂျာဒုက္ခသည်များ။ ဓာတ်ပုံ – ရိုက်တာ 

ကမ္ဘာ့အလှူရှင်များထံမှ ရန်ပုံငွေက မည်သို့ဖြစ်ဖြစ် လျော့နည်းမှုသည် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကြောက်မက်ဖွယ်ရာ အကျိုးဆက် ဖြစ်လာမည်ဟု ကုလသမဂ္ဂ အေဂျင်စီနှစ်ရပ်က တနင်္လာနေ့တွင် ပြောသည်။

လွန်ခဲ့သည့် ရှစ်နှစ်က အိမ်နီးချင်း မြန်မာနိုင်ငံက ကြမ်းဖက်မှုများမှ ထွက်ပြေးခဲ့ကြသည့် ရိုဟင်ဂျာများအတွက် စားနပ်ရိက္ခာနှင့် ပညာရေး အကူအညီများ ရန်ပုံငွေ တောင်းခံခြင်းကို ဒုက္ခသည်အေဂျင်စီ UNHCR နှင့် ရွှေ့ပြောင်းဝင်ရောက်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတို့က ပထမဆုံး ပူးတွဲထုတ်ပြန်ရာ၌ သတိပေးထားခြင်း ဖြစ်သည်။

“စားနပ်ရိက္ခာ အကူအညီ၊ ဟင်းချက်ဆီနဲ့ အခြေခံ ခိုလှုံရာနေရာတွေ လျော့နည်းသွားတာ အပါအဝင် အရေးပါတဲ့ ဧရိယာတွေမှာ ဘယ်လို ရန်ပုံငွေ လျော့နည်းတာမျိုးမဆိုဟာ အရမ်းကို ခုခံအားနည်းတဲ့ လူဦးရေအတွက် ကြောက်မက်ဖွယ် အကျိုးဆက် ဖြစ်လာလိမ့်မယ်၊ ဘေးကင်းစိတ်ချရတဲ့ နေရာရှာရင်း အန္တရာယ်ပြွန်းတဲ့ လှေစီးပင်လယ်ခရီး ထွက်ခွာတာအပါအဝင် ကြံမိကြံရာ စွတ်လုပ်တာတွေ ဖြစ်လာနိုင်တယ်”ဟု ထုတ်ပြန်ချက်၌ အဆိုပါ အေဂျင်စီနှစ်ရပ်က ဆိုသည်။

ရိုဟင်ဂျာဒုက္ခသည်များနှင့် အိမ်ရှင်အသိုက်အဝန်းတို့အပါအဝင် ဘင်္ဂလားဒေ့ရှ်ရှိ လူဦးရေ ၁ ဒသမ ၄၈ သန်းခန့်အား အကူအညီ ပေးနိုင်ရေးအတွက် မိတ်ဖက် ၁၁၃ ဦးနှင့်အတူ အဆိုပါ အေဂျင်စီတို့က ၎င်းတို့၏ ပထမဆုံး ၂၀၂၅-၂၀၂၆ မေတ္တာရပ်ခံချက်၌ အမေရိကန်ဒေါ်လာ ၉၃၄ ဒသမ ၅ သန်း တောင်းခံထားသည်။

USAID လုပ်ငန်းများ ပိတ်လိုက်သည့်နောက် ရိုဟင်ဂျာဒုက္ခသည်များအတွက် စားနပ်ရိက္ခာ နှုန်းထား ဖြတ်တောက်မှု ဖြစ်လာနိုင်သည်ဟု ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မတ်လ အစောပိုင်းတွင် ကြေညာရာ လူပြည့်သိပ်သည့် ဒုက္ခသည်စခန်းများ၌ ငတ်မွတ်မှု ပြဿနာများ မြင့်မားလာတော့မည်ကို အကူအညီပေးရေး ဝန်ထမ်းများကြား စိုးရိမ်ပူပန်မှုများ ကြီးထွားစေသည်။

USAID အပါအဝင် အမေရိကန်က ကမ္ဘာတလွှား နိုင်ငံခြား အကူအညီများကို ဖြတ်တောက်သည့် ထရမ့်အစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် မဟုတ်ဘဲ ပြင်ပမှ အလှူငွေများ တော်တော်များများ လျော့နည်းလာခြင်းကြောင့် ကူညီပေးနိုင်မှု လျော့နည်းသွားခြင်းဖြစ်သည်ဟု WFP က ယခုလတွင် ပြောသည်။ သို့ရာတွင် ရိုဟင်ဂျာဒုက္ခသည်များအတွက် ထိပ်တန်းအလှူရှင်သည် အမေရိကန် ဖြစ်၍ အမေရိကန်၏ ထိုဆုံးဖြတ်ချက်က အဓိက ကျနေဖွယ်ရှိသည်ဟု ဘင်္ဂလားဒေ့ရှ် အဆင့်မြင့်အရာရှိတဦးက ရိုက်တာသို့ ပြောသည်။

၂၀၁၆ နှင့် ၂၀၁၇ ၌ အိမ်နီးချင်း မြန်မနိုင်ငံတွင် ဖြစ်ပွားသော အကြမ်းဖက်မှုများ ထွက်ပြေးလာကြသော ဖိနှိပ်ခံ မွတ်စလင်လူနည်းစု အဖွဲ့ဝင်မျာဖြစ်သည့် ရိုဟင်ဂျာ တသန်းကျော်ကို ဘင်္ဂလားဒေ့ရှ်က ကော့ဘဇားခရိုင်က တဲစခန်းများတွင် ခိုလှုံခွင့် နေရာပေးထားပြီး ယင်းတွင် အလုပ်အကိုင်နှင့် ပညာ ရေးတို့ကို အကန့်အသတ်ဖြင့်သာ ရရှိသည်။

မွေးရပ် ရခိုင်ဒေသတွင် ကြီးထွားလာသော ငတ်မွတ်ခေါင်းပါးမှုကြောင့် ပြီးခဲ့သည့်နှစ်၌ ရိုဟင်ဂျာ ၇၀,၀၀၀ ဝန်းကျင် ဘင်္ဂလားဒေ့ရှ်ဆီ ထွက်ပြေးလာကြကြောင်း ရိုက်တာက ဖော်ပြထားသည်။

(Bangkok Post တွင် ဖော်ပြသော Rohingya in Bangladesh face dire consequences if aid money drops: UN agencies သတင်းအား ဘာသာပြန်ပါသည်)

(မိုးသဲ ဘာသာပြန်သည်)
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */