ဘိုဘို
ဘီဘီစီမြန်မာပိုင်း
ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်စွန်းက ရခိုင်ပြည်ဟာ တချိန်က ဘင်္ဂလား ၁၂ မြို့နဲ့ မြန်မာပြည်အောက်ပိုင်းထိ သြဇာလွှမ်းမိုးခဲ့တဲ့ ပဒေသရာဇ်နိုင်ငံတခု ဖြစ်ခဲ့ပါတယ်။ ၁၈ ရာစုနှောင်းမှာ မြန်မာလက်အောက် ကျရောက်ရာကနေ အနှစ် ၂၄ဝ ကျော်အတွင်း မြန်မာ၊ ဗြိတိသျှနဲ့ ဂျပန်လက်နက်နိုင်ငံတွေအောက်ကို ကျရောက်ခဲ့သလို ၁၉၄၈ လွတ်လပ်ရေးရပြီးနောက် မြန်မာပြည်ထောင်စုအဝင် ရခိုင်တိုင်းအဖြစ်ကနေ ၁၉၇၄ က စပြီး ပြည်နယ်တခုအဖြစ် ပြောင်းလဲရပ်တည်လာခဲ့ပါတယ်။
ရခိုင်မှာ အေဒီ လေးရာစုက စပြီး ထင်ရှားတဲ့ မင်းဆက်နဲ့ ယဉ်ကျေးတဲ့ တိုင်းနိုင်ငံတခု ရှိပြီးဖြစ်ကြောင်း မှတ်ယူရမယ်ဆိုပြီး သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းရဲ့ ရခိုင်ခေတ်ဦးစာတမ်းမှာ ပါရှိပါတယ်။ အစောပိုင်းရခိုင်သမိုင်းမှာ ထင်ရှားခဲ့တဲ့ စန္ဒြမင်းဆက်ဟာ ဝင်္ဂတိုင်းလို့ ပါဠိကျမ်းဂန်တွေမှာ ပါရှိတဲ့ ဘင်္ဂလားဒေသမှာ ကြီးစိုးခဲ့တဲ့ မင်းဆက်တခုဖြစ်ပြီး ရခိုင်ဖြစ်လာမယ့် ရှေ့ပြေး မြန်မာအစုတွေ ကိုးရာစုမှာ ဝင်လာချိန်ထိ ဒီမင်းဆက်တွေ ကြီးစိုးခဲ့ပါတယ်။ ဓညဝတီနဲ့ ဝေသာလီခေတ် အစောပိုင်း ရခိုင်မှာ ဘယ်လိုမျိုးနွယ်တွေ နေထိုင်ခဲ့ကြမှန်း မသိပေမယ့် သက်၊ မြို၊ ချင်းစတဲ့ တိဘက်အနွယ်ဝင်တွေလည်း ရှိနိုင်ကြောင်း ပမ္မလာဂွတ်မန်းရဲ့ ပျောက်ကွယ်သွားသော မြန်မာမင်းနိုင်ငံများ၊ ရခိုင်ပြည်ရဲ့ ခမ်းနားကြီးကျယ်မှု စာအုပ်မှာ ရေးပါတယ်။
အေဒီ တစ်ရာစုကတည်းက ရခိုင်ကို အိန္ဒိယတောင်ပိုင်းက ကုန်သည်တွေနဲ့ အဆက်အဆံရှိတဲ့ ငွေသတ္တုကြွယ်ဝတဲ့ ကျွန်း (Argyre) အဖြစ် ဂရိပထဝီဆရာ တော်လမီရဲ့ မှတ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။ အေဒီ လေးရာစုနဲ့ နောက်ပိုင်းခေတ် ရခိုင်မှာ ထုတ်တဲ့ ဂုပ္တအက္ခရာနဲ့ စန္ဒြမင်းဆက်တွေရဲ့ ဒင်္ဂါးပြားတွေကိုလည်း တွေ့ရပါတယ်။ ၂၀၁၈ မှာ အာရှပစိဖိတ် ယူနက်စကို အမွေအနှစ် စာရင်းဝင်ခဲ့တဲ့ ရှစ်ရာစုက ရေးထိုးတဲ့ အာနန္ဒာစန္ဒြကျောက်စာမှာလည်း စန္ဒြမင်းဆက်တွေရဲ့ အမည်ကို တွေ့ရပြီး ဟိန္ဒူနတ်ဘုရား သီဝက ဆင်းသက်တဲ့ မင်းဆက်တွေလို့ ဆိုပါတယ်။ ဒီမင်းဆက်ဟာ သီဟိုဠ်ကျွန်းခေါ် သီရိလင်္ကာ၊ ဘင်္ဂလားတို့နဲ့ အဆက်အဆံရှိတဲ့ မဟာယာန ဗုဒ္ဓဘာသာမင်းဆက်တွေ ဖြစ်ပါတယ်။ ဘိုးတော်ဘုရားခေတ် ရခိုင်အပျက်မှာ အမရပူရကို ပင့်ဆောင်သွားတဲ့ မဟာမုနိရုပ်ပွားတော်ကြီးကိုလည်း အစောဆုံး ဓညဝတီခေတ် အေဒီ ငါးရာစုမှာ သွန်းလုပ်တယ်လို့ ဒေါက်တာဂွတ်မန်းက ယူဆပါတယ်။
စမ္ပာဝက်၊ ပရိန်၊ ခြိတ်နဲ့ လောင်းကြက်ဆိုတဲ့ လေးမြို့မြစ်ဝှမ်းက နိုင်ငံလေးတွေ ခေတ်မှာတော့ အရှေ့တလွှားက ပုဂံသြဇာလွှမ်းမိုးလာပြီး ပုဂံမှာ ခိုလှုံနေတဲ့ လက်ယာမင်းနန်ကို အလောင်းစည်သူက နန်း တင်ပေးတဲ့အထိ ဖြစ်လာပါတယ်။ ၁၅ ရာစု မြောက်ဦးမှာ ရခိုင်ထီးနန်း ပြန်မစခင်ထိ ရခိုင်ကို အင်းဝနဲ့ ဟံသာဝတီက တင်တဲ့ ဘုရင်တွေ ကြီးစိုးခဲ့တာပါ။
မြောက်ဦးက ဗုဒ္ဓစူလတန်နိုင်ငံ
လောင်းကြက်မင်းဆက်မှာ အင်းဝ အိမ်ရှေ့စံ မင်းရဲကျော်စွာ လာတိုက်လို့ ဘုရင် မင်းစောမွန် ဘင်္ဂလားမှာ အနှစ် ၂၀ ကျော် ခိုလှုံခဲ့ရပါတယ်။ မင်းစောမွန်ဟာ ရခိုင်ထီးနန်းကို ဘင်္ဂလားအကူအညီနဲ့ ပြန်ထူ ထောင်သလို မြို့တော်ကိုလည်း မြောက်ဦးကို ရွှေ့ပါတယ်။ ဒီလိုကူညီခဲ့တဲ့ အကျိုးဆက် ချစ်ကြည်မှုအဖြစ် သူ့ညီတော် မင်းခရီလက်ထက်မှာ ရခိုင်အမည်အပြင် အလီခန်ဆိုတဲ့ မွတ်ဆလင်ဘွဲ့ကို ထပ်ယူ သလို သားမြေးများ လက်ထက်မှာလည်း ကလီမန်ရှား၊ မေနုရှား၊ မိုဟာမက်ရှား၊ အလီရှား၊ ဟူစိန်ရှား စတဲ့ မွတ်ဆလင်အမည်တွေကို ၁၇ ရာစုက မင်းခမောင်းလက်ထက်ထိ မင်း ၁၃ ဆက် ခံယူခဲ့ကြပါတယ်။ မင်းခရီလက်ထက် သံတွဲကို သိမ်းပိုက်သလို ရာမူးနဲ့ စစ်တကောင်းကို သိမ်းပြီး ဘင်္ဂလားမှာ နယ်ပယ်ချဲ့ထွင်ပါတယ်။ ၁၄၅၅ မှာတော့ မင်းခရီနဲ့ အင်းဝဘုရင် နရပတိကြီးတို့ ဖိုးခေါင်တောင်ရိုးမှာ တွေ့ဆုံပြီး နယ်နိမိတ် သတ်မှတ်ခဲ့ပါတယ်။
ရခိုင်စာပေမှာ အစောဆုံးပေါ်ထွန်းတဲ့အထဲက တင်ကျန်ရစ်ခဲ့တဲ့ ရခိုင်မင်းသမီးဧချင်းကိုလည်း မင်းခရီလက်ထက် ၁၄၅၉ မှာ အဒူမင်းညိုက ပြုစုခဲ့ပါတယ်။
မြို့တော် အကြိမ်ကြိမ် ရွှေ့တဲ့ မြန်မာထီးနန်းနဲ့မတူဘဲ အနှစ် ၃၅ဝ ကျော် မြောက်ဦးမှာ ထီးနန်းစိုက်တဲ့ခေတ်အတွင်း ရခိုင်ပြည်ရဲ့ ရွှေခေတ်ဆိုသလို ထွန်းကားခဲ့ပါတယ်။ အိန္ဒိယ၊ ပါးရှား (အီရန်)၊ ပေါ်တူဂီ၊ ဒတ်ချ်၊ မလေး၊ တရုတ်စတဲ့ နိုင်ငံစုံနဲ့ ကုန်စည်ကူးသန်းတဲ့ မြောက်ဦးမြို့ကြီးမှာ ဂျပန်ဆာမူရိုင်းစစ် သည်တွေ လာပြီး အမှုထမ်းတဲ့အထိ စုံလင်ခဲ့ပါတယ်။ အနောက်ဘက်တလွှားမှာ မောက်သူဇာ၊ ဒက္ကာ၊ ပဋိက္ကရား၊ ဂင်္ဂါသာရ၊ စစ်တကောင်းနဲ့ ဂေါတောပလ္လင် စတဲ့ ဘင်္ဂလား ၁၂ မြို့အပြင် အခု အိန္ဒိယထဲ ရောက်နေတဲ့ တြိပူရတောင်တန်းတွေအထိ ရခိုင်ဘုရင်တွေ ပိုင်စိုးခဲ့ပြီး မြန်မာပြည်အောက်ပိုင်းကိုလည်း သိမ်းပိုက်ခဲ့ဖူးပါတယ်။ ဒါကြောင့် ရခိုင်ဘုရင် မင်းရာဇာကြီးရဲ့ ၁၆၀၉ ခုနှစ်ထိုး ကျောက်စာမှာ မဇ္စျိမတရိုး၊ ပြည်ကြီးများအပေါင်းနှင့် ဟံသာ၀တီ၊ သရေခေတ္တရာပြည်ကြီးတို့ကို အနိုင်ရတော်မူသော၊ ရွှေနန်းသခင် ဘ၀သျှင် နရာဓိပတိ ဆိုပြီး ရေးထိုးခဲ့ပါတယ်။
ဘုရင့်နောင်ရဲ့သားတော် နန္ဒဘုရင် နန်းကျချိန်မှာတော့ မင်းရာဇာကြီးခေါ် ဆောလိမ်ရှားရဲ့ ရခိုင်တပ်တွေက တောင်ငူနဲ့ မိတ်ဖွဲ့ပြီး ပဲခူးဟံသာဝတီမြို့ကြီးကို လုယက်ခဲ့ကြသလို တောင်ငူကို လာတိုက်တဲ့ ယိုးဒယားခေါ် ထိုင်းတပ်တွေကိုလည်း တိုက်ထုတ်အနိုင်ယူခဲ့ပါတယ်။ ဟံသာဝတီက သိမ်းရတဲ့ ခမာကြေးရုပ်ကြီးတွေနဲ့ အမြောက် အလက်တရာကို ရခိုင်ပြန်သယ်သွားပြီး ဘိုးတော်ဘုရားခေတ် ရခိုင်ပျက်ချိန်မှ ဒီကြေးရုပ်တွေကို မြန်မာပြည်ဘက် ပြန်သယ်လာတာ ဖြစ်ပါတယ်။
သံလျင်မှာ မင်းရာဇာကြီး အစောင့်ထားခဲ့တဲ့ ငဇင်ကာခေါ် ဒီဗရစ်တိုရဲ့ ပေါ်တူဂီကြေးစားတပ်တွေက တော့ နောက်ပိုင်းမှာ ရခိုင်ကို ပုန်ကန်ပြီး တန်ခိုးထွားလာတာကြောင့် အင်းဝ အနောက်ဘက်လွန်မင်းက သိမ်းပိုက်နှိမ်နင်းပြီး မြန်မာပြည်အောက်ပိုင်းကို ပြန်စုစည်းခဲ့ပါတယ်။ ဒီလို အင်း၀နဲ့ ရခိုင် အပြန် အလှန် နယ်မြေချဲ့ စစ်ပွဲတွေ ဖြစ်ခဲ့ပေမယ့် နှစ်ပြည့်တပြည် ကူးသန်းရောင်း၀ယ်ရေးနဲ့ သံတမန်စေလွှတ်တာတွေ ရှိခဲ့ကြောင်း ရခိုင်သမိုင်းသုတေသီတွေက ရေးသားပါတယ်။ တရုတ်ပြည်အနောက်ပိုင်းကနေ မြန်မာကိုဖြတ်ပြီး ဘင်္ဂလားနဲ့ ပါးရှားခေါ် အီရန်ကို သွားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ရှိတဲ့ အနောက်ရိုးမဟိုဘက် ဒီဘက်က နှစ်နိုင်ငံ ဆက်ဆံရေး ဖြစ်ပါတယ်။
ဒီအချိန်မှာပဲ အိန္ဒိယတိုက်ငယ်က မဂိုထီးနန်းဆက်ခံရေး စစ်ပွဲမှာ သြရန်ဇစ်ကို စစ်ရှုံးပြီး ပြေးလာတဲ့ ဘင်္ဂလားရဲ့ မဂိုဘုရင်ခံ ရှာရှူဂျာလည်း ရခိုင်ကို ပြေးလာပြီး ခိုလှုံပါတယ်။ ရှာရှူဂျာရဲ့ သမီးတော်နဲ့ ကုလားအုတ် ခြောက်စီးအပြည့် သယ်လာတဲ့ ဥစ္စာရတနာတွေကို ရခိုင်ဘုရင် စန္ဒသုဓမ္မရာဇာက သိမ်းပိုက်ဖို့ ကြိုးစားရာကနေ မင်းသားနဲ့ မဂိုမင်းမျိုးတွေ အသတ်ခံရပြီး မင်းသားနောက်လိုက်တပ်တွေ၊ မွတ်ဆလင်တွေနဲ့ ရခိုင်ဘုရင့်တပ်တွေကြား သွေးချောင်းစီးကုန်တယ်လို့ ကိန်းဘရစ်တက္ကသိုလ်က ထုတ်တဲ့ အိန္ဒိယသမိုင်းမှာ ဆိုပါတယ်။ ဒီလို မဂိုမင်းမျိုးတွေ အသတ်ခံရတာကို အမျက်ထွက်တဲ့ သြရန်ဇစ်ရဲ့ တပ်တွေ စစ်ချီလာရာကနေပြီး စန္ဒသုဓမ္မရာဇာ လက်ထက် ၁၆၆၆ မှာ ဘင်္ဂလားက ရခိုင်ပိုင် နယ်မြေတွေကို လက်လွှတ်ရပါတယ်။
အဲဒီနောက်ပိုင်း ရခိုင်မင်းဆက် ယိမ်းယိုင်လာပြီး မင်းမျိုးတွေကြား မညီညွတ်မှုကြောင့် မြန်မာဘုရင် ဘိုးတော်ဘုရားဆီ လူလွှတ်ဖို့ အကူအညီတောင်းရာကနေ မြန်မာတပ်တွေ ဝင်လာပြီး ၁၇၈၅ မှာ ရခိုင်ထီးနန်းကို အပြီးတိုင် သိမ်းပိုက်ခဲ့ပါတယ်။ ဒီလို မြန်မာအောက် ကျရောက်ပြီးနောက် အနှစ် ရာချီနန်းစိုက်ခဲ့တဲ့ မြောက်ဦးမြို့ကြီး ပျက်စီးပြီး မြန်မာမင်း ခန့်တဲ့ မြို့ဝန်တွေရဲ့ ဖိနှိပ်မှုကြောင့် ရခိုင်မှာ သူပုန် အကြီးအကျယ် ထပါတယ်။ မြန်မာတပ်တွေက ဒီသူပုန်တွေကို လိုက်နှိမ်နင်းရာကနေ ဘင်္ဂလားကို သိမ်းပိုက်ထားတဲ့ အင်္ဂလိပ်တွေနဲ့ အချင်းများကြပါတယ်။ နောက်ဆုံး နတ်မြစ်ဝက ရှင်မဖြူကျွန်းမှာ အင်္ဂလိပ်အလံ လာစိုက်ရာကနေ ပထမ အင်္ဂလိပ်-မြန်မာစစ်ဖြစ်ပြီး ၁၈၂၆ မှာ ရခိုင်ဟာ အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီလက်ကို ကျရောက်ပါတယ်။
ဘင်္ဂလားအော်က မျက်ရွဲ ရခိုင်ပြည်
အင်္ဂလိပ်ခေတ် ရခိုင်ကို အိန္ဒိယနဲ့ အုပ်ချုပ်ရေး ပူးတွဲထားတဲ့အတွက် မြောက်ဦးခေတ်မှာလိုပဲ အိန္ဒိယသြဇာ ရခိုင်မှာ လွှမ်းမိုးခဲ့ပြန်ပါတယ်။ မြန်မာဘုရင်ခေတ်က ဖိနှိပ်မှုကြောင့် ဘင်္ဂလားကို ထွက်ပြေးသွားကြတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေ ရခိုင်ကို ပြန်လာကြသလို လယ်ယာစိုက်ပျိုးရေး တိုးချဲ့နေတဲ့ ရခိုင်ကို ဘင်္ဂလားကနေ လယ်လုပ်သားအဖြစ် ထပ်ဝင်လာသူတွေလည်း ရှိပါတယ်။
လူ၀င်လူထွက်ကိစ္စမှာ တင်းကျပ်မှုမရှိတဲ့အတွက် ၁၉၃၁ သန်းခေါင်စာရင်းအရ ရခိုင်မြောက်ပိုင်းက စစ်တွေခရိုင်မှာ ရခိုင်အနွယ် မြန်မာလူမျိုး သုံးသိန်းကျော်နဲ့ မွတ်ဆလင် နှစ်သိန်းခွဲကျော်ထိ ရှိခဲ့ပါတယ်။ ၁၉၃၇ မှာ မြန်မာပြည်ကို အိန္ဒိယက ခွဲထုတ်ပြီးနောက် ၁၉၄၁ မှာ ဦးစော-ရှန်ကာစာချုပ်ချုပ်ပြီးမှပဲ အိန္ဒိယ-မြန်မာ လူ၀င်လူထွက်ကိစ္စကို သတ်မှတ်နိုင်ခဲ့ပါတယ်။ မြန်မာပြည်အောက်ပိုင်း စပါးကျီနယ်ကြီးတွေနဲ့ ရန်ကုန်မြို့က အိန္ဒိယနွယ်ဖွားတွေနဲ့ မြန်မာတွေရဲ့ ဆက်ဆံရေးလိုပဲ ရခိုင်မှာလည်း ကုန်ထုတ်လုပ်ရေး၊ ရုံးကိစ္စနဲ့ စျေးရောင်းစျေး၀ယ်ကိစ္စတွေမှာပဲ နှစ်ဖက် ပတ်သက်မှုရှိတဲ့ လူမျိုးစုံ ပေါင်းမကူးတဲ့ လူ့အဖွဲ့အစည်းဖြစ်နေခဲ့ပါတယ်။
တခြားဘက်မှာတော့ အင်္ဂလိပ် အရင်းရှင်နယ်ချဲ့စနစ်ရဲ့ ကုန်ကြမ်းထုတ်နယ်မြေအဖြစ် ရခိုင်က ဆန်စပါးတွေကို ပြည်ပကို အများအပြား တင်ပို့ရောင်းချရာကနေ သင်္ဘောလမ်းကြောင်းတွေလည်း ပွင့်လာပါတယ်။ စီးပွားရေး ကောင်းလာတဲ့ ရခိုင်မှာ ပုံနှိပ်စက်တွေနဲ့ သတင်းစာတွေ ပေါ်လာပြီး မြန်မာလက်အောက် ကျရောက်ချိန်မှာ မီးရှို့ဖျက်ဆီးခံရတဲ့ ရာဇဝင်သမိုင်းတွေကို ရှာဖွေပြီး အသစ်ပြန်ရေးကြပါတယ်။
ဗြိတိသျှအောက် အနှစ် ၁၂၀ လောက် တည်ငြိမ်ခဲ့တဲ့ ရခိုင်ပြည်မှာ လယ်ယာစိုက်ပျိုးရေး ထွန်းကားခဲ့လို့ စစ်တွေအခြေစိုက် ရခိုင်မြေရှင်လူတန်းစားပေါ်ထွန်းလာပြီး သူတို့မျိုးဆက်တွေကို ကာလကတ္တားကနေ ကိုလံဘို၊ လန်ဒန်ထိ ပညာသင် စေလွှတ်ရာကနေ ဝတ်လုံရှေ့နေနဲ့ ဘဏ်သူဌေးတွေ ထွက်ပေါ်လာပါတယ်။ ဒီရခိုင်သူဌေးတွေထဲမှာ အချမ်းသာဆုံးအဖြစ် ထင်ရှားခဲ့တဲ့ ဦးရဲကျော်သူ မိသားစုကနေ ဝတ်လုံတော်ရ ဦးချန်ထွန်းနဲ့ ဦးရွှေသာ စတဲ့ မျိုးဆက်တွေ ပေါ်ထွန်းလာသလို ၁၉၈၀ ကျော်ထိ မြန်မာပြည်မှာ ထင်ရှားခဲ့တဲ့ ရခိုင်ပညာတတ်တွေဟာ ဦးရဲကျော်သူနဲ့ စစ်တွေအခြေပြု တခြား ရခိုင်မိသားစုတွေကြားက သားပေး သမီးယူ တော်စပ်မှုတွေနဲ့ ပေါ်ထွက်လာခဲ့တာပါ။
ဒီထဲမှာ ဗြိတိသျှခေတ် မြန်မာပြည်မှာ ဒုတိယကမ္ဘာစစ် မဖြစ်ခင်နဲ့ စစ်ကြီးပြီးစမှာ နန်းရင်းဝန်အဖြစ် တာဝန်ယူခဲ့တဲ့ ဆာပေါ်ထွန်း ပါပါတယ်။ ဆာပေါ်ထွန်းရဲ့ စစ်အတွင်း အိန္ဒိယရောက် စစ်ပြေးအစိုးရမှာ ဘဏ္ဍာရေး ဝန်ကြီးဖြစ်ခဲ့တဲ့ ဆာထွန်းအောင်ကျော်နဲ့ ညီတော်သူ အိုင်စီအက် ဦးကျော်မင်းတို့ဟာလည်း ဘိလပ်ပြန် ပညာတတ်တွေ ဖြစ်ကြပါတယ်။ မြန်မာပြည်မှာ ပထမဆုံး မဟာဝိဇ္ဇာဘွဲ့ရ အမျိုး သမီး ဒေါ်မြစိန်ဟာလည်း ဒုတိယမြောက် မြန်မာပြည်ထဲရေး ဝန်ကြီးချုပ် ဦးမေအောင်ရဲ့ သမီး မွန်-ရခိုင်အမျိုးသမီး ဖြစ်ပါတယ်။
- ဆာစောမောင်ကနေ ဆာဘဦး၊ ဗြိတိသျှမြန်မာပြည်က ဆာဘွဲ့ရသူများ
- ဒေါ်မြစိန်၊ မြသန္တာ ဟယ်လင် ပိုးနဲ့ ဒေါက်တာသန္တာဝေ
စစ်မုန်တိုင်းကြားက ရခိုင်ပြည်နယ်အိပ်မက်
ခေတ်မီပညာရေးကြောင့် အမျိုးသားရေး နိုးကြားလာတဲ့ ရခိုင်ပြည်သားတွေဟာ ၁၉၃၀ အိန္ဒိယက မြန်မာပြည် ခွဲရေးတွဲရေးအတွက် လန်ဒန် အစည်းအ၀ေးမှာ ရခိုင်ကို မြန်မာနဲ့ တွဲမထားဘဲ သီးသန့်ပြည်နယ်ပေးဖို့ တောင်းဆိုဖို့ထိ စဥ်းစားခဲ့ကြသလို ၁၉၄၁ မှာ ရခိုင်အမျိုးသားကွန်ဂရက်ညီလာခံကို ပေါက်တောမှာ ကျင်းပပါတယ်။ အရှေ့ပြည်နဲ့ အနောက်ပြည်၊ အောက်သားနဲ့ ရခိုင်သားဆိုပြီး မြန်မာနဲ့ ရခိုင်ကြား ခွဲခြား ခေါ်ဆိုမှုတွေကနေ မြန်မာပြည်မနဲ့ ရခိုင်ပြည်၊ မြန်မာလူမျိုးနဲ့ ရခိုင်လူမျိုးအဖြစ် ပိုင်းခြားသတ်မှတ်မှုတွေကလည်း ဒုတိယကမ္ဘာစစ်ပြီးခေတ်မှာ ပိုထင်ရှားလာခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ရခိုင်မြောက်ပိုင်းမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေကြား အဓိကရုဏ်းတွေဖြစ်ပြီး လူမျိုးရေးတင်းမာခဲ့တာကြောင့်လည်း စစ်ပြီးခေတ် မြန်မာလွတ်လပ်ရေး တောင်းဆိုမှုတွေ ပြင်းထန်လာချိန်မှာ ရခိုင်နဲ့ ရိုဟင်ဂျာအဖြစ် လူမျိုးစု အမျိုးသားရေးတွေ ပေါ်ထွန်းလာခဲ့ပါတယ်။ လွတ်လပ်ပြီးစ ဖဆပလအစိုးရကို ရခိုင်ကွန်မြူနစ်တွေနဲ့ မူဂျာဟစ် ခေါ် မွတ်ဆလင်လက်နက်ကိုင်တွေ တော်လှန်တိုက်ခိုက်ခဲ့ကြသလို မြေပေါ်က ရခိုင်နဲ့ မွတ်ဆလင်နိုင်ငံရေးသမားတွေကလည်း ရခိုင်ပြည်နယ်ရရှိရေး၊ မွတ်ဆလင်ပြည်နယ်ရရှိရေးနဲ့ ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုရေးတွေအတွက် သီးခြားစီ လှုပ်ရှားတောင်းဆိုလာကြပါတယ်။
လွတ်လပ်ရေးမယူခင်ကတည်းက ဘူးသီးတောင်၊ မောင်တောနဲ့ မေယုအနောက်ခြမ်း ရသေ့တောင်တို့ကို မွတ်ဆလင်နယ်မြေအဖြစ် ပင်လုံကွန်ဖရင့် ရလဒ်တွေကို ပူးပေါင်းခံစားခွင့်ပြုဖို့ ဂျမေတူအူလမာအဖွဲ့က တောင်းဆိုခဲ့သလို ပါကစ္စတန်ထဲ သွတ်သွင်းဖို့လည်း ကရာချိထိ သွားပြီး ပါကစ္စတန်ဖခင်ကြီး ဂျင်းနားနဲ့ တွေ့ဆုံခဲ့ကြောင်း မြင့်သိန်းရဲ့ မေယုပုံပြင်နှင့် လွတ်လပ်ပြီးခေတ်မေယု စာတမ်းမှာ ပါရှိပါတယ်။
ပြည်တွင်းစစ်အစမှာ ပြည်နယ်မရသေးတဲ့ ကရင်ပုန်ကန်မှု၊ ပြည်နယ်မရသေးတဲ့ ပအို၀်းနဲ့ မွန်ပုန်ကန်မှု၊ ရခိုင်ကွန်မြူနစ် ထကြွမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဖဆပလအစိုးရအဖို့ အစကတည်းက ပြည် နယ်မပေးချင်တဲ့ ရခိုင်တောင်းဆိုမှုတွေကို စုံစမ်းရေးကော်မရှင် အမျိုးမျိုးဖွဲ့ပြီး အချိန်ဆွဲနေခဲ့ပါတယ်။ ရခိုင်ဘက်မှာလည်း မြောက်ပိုင်းက ပြည်နယ်လိုချင်ပေမယ့် သံတွဲက သီးခြားပြည်နယ်တောင်းတာ၊ ရခိုင်ပြည်နယ်ကိစ္စ စုံစမ်းရေးလုပ်ချိန်မှာ ကျောက်ဖြူခရိုင်မှာ ကန့်ကွက်တာတွေ ရှိခဲ့သလို ရခိုင်က မွတ်ဆလင်အမတ်တွေ၊ ရိုဟင်ဂျာနဲ့ ရခိုင်မွတ်ဆလင်အဖွဲ့တွေဘက်ကလည်း ပြည်နယ်မပေးဖို့နဲ့ ပေးရင်လည်း သူတို့နယ်မြေတွေကို ချန်လှပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဖဆပလ နှစ်ခြမ်းကွဲပြီးနောက် ဦးနုရဲ့ သန့်ရှင်းဖဆပလ ခေါ် ပထစဘက်က ရခိုင်၊ မွန်နဲ့ ချင်းပြည်နယ်တွေ ပေးဖို့ သဘောထား ပျော့ပျောင်းလာတဲ့အတွက် ပထစအစိုးရတက်လာချိန်မှာ ရခိုင်ပြည်နယ်ပေးဖို့ အခြေခံဥပဒေကို ပြင်ခဲ့ပါတယ်။ ရိုဟင်ဂျာအများစုနေတဲ့ မေယုနယ်ခြားခရိုင်ကို ခေတ္တချန်လှပ်ပြီး ပြည်နယ်ပေးဖို့ စိုင်းပြင်းနေချိန်မှာပဲ ၁၉၆၂ အာဏာသိမ်းပွဲကြောင့် ရခိုင်တိုင်းကနေ ပြည်နယ်ဖြစ်ဖို့ ၁၂ နှစ် နှောင့်နှေးခဲ့ရပါတယ်။
စစ်အမှောင်ထဲက လူမျိုးရေး ပဋိပက္ခများ
၁၉၆၂ မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရခိုင်မှာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုက ပိုကြီးလာပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီလို လက်နက်ကိုင်လှုပ်ရှားမှုအသစ်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ ၁၉၆၇ မှာ ဖြစ်တဲ့ စစ်တွေ ဆန်အရေးအခင်းမှာလည်း ဆန်ပြတ်လို့ တောင်းဆိုသူလူအုပ်ကို စစ်တပ်က ပစ်ခတ်ဖြိုခွဲလို့ သွေးမြေကျခဲ့ပါတယ်။ ၁၉၇၄ မှာ ပေါ်ထွက်လာတဲ့ စစ်ဆိုရှယ်လစ်အစိုးရသစ်မှာ ရခိုင်စစ်ဗိုလ်တချို့နဲ့ ပညာတတ်တချို့ကို ဟန်ပြထည့်သွင်းတာ၊ သူရစောဖြူကို လေတပ်ဦးစီးချုပ် ခန့်တာတွေ ရှိပေမယ့် ရခိုင်မျိုးချစ်စိတ်က ဖွဲမီးလို တမြေ့မြေ့နဲ့ လှိုက်ပြီး လောင်နေခဲ့ပါတယ်။
တချိန်တည်းမှာပဲ လွတ်လပ်ရေးရစက အရှေ့ပါကစ္စတန်( ဘင်္ဂလားဒေ့ရှ်)နဲ့ ပူးပေါင်းချင်တဲ့ မူဂျာဟစ်လှုပ်ရှားမှု ၁၉၅၀ ပြည့်လွန်နှောင်းပိုင်းနှစ်တွေမှာ အဆုံးသတ်ပြီး မေယုနယ်ခြားခရိုင်အဖြစ် စစ်တပ်အုပ်ချုပ်ရေးအောက်မှာ နယ်မြေထူထောင်ရေးတွေလုပ်တာ၊ ရိုဟင်ဂျာအစီအစဥ်ကို မြန်မာ့အသံက ထုတ်လွှင့်တာတွေလည်း ၁၉၆၂ နောက်ပိုင်းမှာ ပျက်သုဥ်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရိုဟင်ဂျာလွတ် မြောက်ရေးပါတီ၊ ရိုဟင်ဂျာမျိုးချစ်တပ်ဦး၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ စတဲ့ ရိုဟင်ဂျာလက် နက်ကိုင်အဖွဲ့သစ်တွေ ပေါ်လာပါတယ်။ ၁၉၇၁ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးစစ်ပွဲကြီးကလည်း ရခိုင်မှာ ရိုက်ခတ်ခဲ့ပါတယ်။
၁၉၇၈ က နဂါးမင်းစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာအမြောက်အများ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ရပြီး ၁၉၉၁-၁၉၉၂၊ ၂၀၁၂၊ ၂၀၁၅ နဲ့ ၂၀၁၆-၂၀၁၈ ကာလတွေမှာလည်း အလားတူ လူအလုံးအရင်းနဲ့ ထွက်ပြေးတိမ်းရှောင်ရမှုတွေ ဖြစ်ခဲ့လို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ လူသိန်းချီ ပိတ်မိနေခဲ့ပါတယ်။ ၁၉၅၈ က မြန်မာပြည်မှာ ကျန်းမာရေး၀န်ကြီးအဖြစ် ရိုဟင်ဂျာအမတ် ဆူလတန်မာမွတ်ကို ခန့်အပ်ခဲ့တာကနေ နှစ် ၆၀ ကျော်အတွင်း လူမျိုးနာမည်ကို မသုံးရ၊ မှတ်ပုံတင်ရှိခွင့်၊ လွတ်လပ်စွာ နေထိုင်သွားလာခွင့်၊ စီးပွားရေးလုပ်ခွင့်၊ ကျောင်းတက်ခွင့်၊ ဆေးကုသခွင့် စတဲ့ အခြေခံလူ့အခွင့်အ ရေးတွေ ချုပ်ချယ်ခံရတဲ့အထိ ဆုတ်ယုတ်သွားခဲ့တာ ဖြစ်ပါတယ်။
- စွယ်စုံကျမ်းသစ် ရိုဟင်ဂျာကြောင်း ပါမလား
- မျိုးချစ်စိတ်အကြောင်း ပညာရေးနဲ့ ဘာသာရေး ပြုပြင်မှုတွေအကြောင်း
အာရက္ခအိပ်မက်နဲ့ စိန်ခေါ်သံ
၁၇၈၅ မှာ ရခိုင်မင်းဆက်ပျက်သုဥ်းပြီးနောက်ပိုင်း ရာစု နှစ်စုကျော်အတွင်း ရခိုင်နဲ့ ဘင်္ဂါနယ်မြေတွေမှာ နေကြတဲ့ ဗုဒ္ဓဘာသာ၀င်နဲ့ မွတ်ဆလင်မျိုးနွယ်စုတွေအကြား လူမျိုးရေးသရုပ်လက္ခဏာ ကွဲပြားမှုတွေ ပေါ်ပေါက်ခဲ့ပြီး ရခိုင်စကားပြော အုပ်စု၀င်တွေကို ရခိုင်ဘက်မှာ ရခိုင်၊ ဘင်္ဂလားဘက်မှာ မရမာလို့ ခေါ်ဆိုနေသလို စစ်တကောင်းစကားပြောတဲ့ အနွယ်၀င်တွေလည်း ဘင်္ဂါနဲ့ ပတ်သက်မှုတွေကို ဖြတ်ပြီး ရိုဟင်ဂျာအဖြစ် ရခိုင်ဘက်မှာ ပေါ်ထွန်းလာခဲ့ကြောင်း ဒေါက်တာကျော်မင်းထင်က ဆိုပါတယ်။
ရခိုင်ဆိုတဲ့ အသုံးအနှုန်းကိုယ်တိုင်ကလည်း မြောက်ဦးမင်းဆက်နိုင်ငံစတင်ရာ ရခိုင်မြောက်ပိုင်းကို ရည်ညွှန်းတဲ့ စကားအဖြစ်ကနေ ရမ်းဗြဲ၊ မာန်အောင်နဲ့ သံတွဲအပါအ၀င် ၀တီလေးရပ်လုံးကို ကိုယ် စားပြုလာခဲ့ပါတယ်။ ဘိုးတော်ဘုရားခေတ် အမရပူရရောက်ခဲ့တဲ့ အင်္ဂလိပ်ဆရာ၀န် ဖရန်ဆစ် ဗျူကန်နန် တွေ့ခဲ့တဲ့ ရခိုင်သိမ်းရာကနေ ပါလာတဲ့ မျိုးနွယ်စုတွေအမည်နဲ့ ဘာသာစကားတွေကိုလည်း သူ ၁၇၉၉ က ရေးတဲ့ မြန်မာလက်နက်နိုင်ငံထဲက ဘာသာစကားတချို့ရဲ့ စကားစုနှိုင်းယှဥ်ချက်များဆောင်း ပါးမှာ မှတ်တမ်းတင်ခဲ့ပြီး အဲဒီထဲမှာ ရခိုင်စကားအပြင် ရခိုင်တွေက ကုလားရခိုင်လို့ ခေါ် ၀ေါ်ကြတဲ့ ဟိန္ဒူဘာသာ၀င် ရိုဆာ၀မ် (Rossawn) နဲ့ အစ္စလာမ်ဘာသာ၀င် ရိုအင်ဂါ (Rooinga) တွေအကြောင်း ပါပါတယ်။ အီတာလျံ ပထ၀ီ၀င်ဆရာ အေဒရီယာနို ဘယ်လ်ဘီရဲ့ ၁၈၂၆ က ထုတ်တဲ့ ကမ္ဘာ့လူမျိုးစု မြေပုံစာအုပ်မှာလည်း ရိုအင်ဂါစကားကို ဟင်ဒီ၊ ရခိုင်-ဗမာနဲ့ အာရပ်စကားလုံးတွေ ရောယှက်နေတဲ့ ရခိုင်က မွတ်ဆလင်တွေ ပြောတဲ့စကားအဖြစ် ဖော်ပြပါတယ်။
ဒါကြောင့် ရိုအင်ဂါ (ရိုဟင်ဂျာ) ဆိုတဲ့ လူမျိုးနာမည်ဟာ တချိန်က ရခိုင်က မွတ်ဆလင်တွေကို ရည်ညွှန်းတဲ့ စကားဖြစ်ခဲ့ပြီး ၁၉ နဲ့ ၂၀ ရာစုတွေအတွင်း အရင်းရှင်နယ်ချဲ့နဲ့ ပဒေသရာဇ်အားပြိုင်မှု၊ နယ်ချဲ့ချင်း အားပြိုင်မှု စစ်ပွဲတွေ၊ ရခိုင်ကို အရင်းရှင်တွေရဲ့ ဆန်ဂိုဒေါင်အဖြစ် ပြောင်းလဲမှုတွေကြားက ရွှေ့ပြောင်းအခြေချမှု လှိုင်းလုံးတွေ အပြန်အလှန် ဖြာထွက်သွားချိန်မှာ ကွယ်ပျောက်နေခဲ့တဲ့ နာမည်ဖြစ်ပါတယ်။ အစပိုင်းမှာ ရူးဟင်ဂျာ၊ ရိုး၀န်းညှာ စတဲ့ စာလုံးပေါင်းအမျိုးမျိုးနဲ့ ရေးပေမယ့် ၁၉၆၄ နောက်ပိုင်း ရိုဟင်ဂျာဆိုပြီး သတ်သတ်မှတ်မှတ်ဖြစ်လာကြောင်း ဒေါက်တာကျော်မင်းထင်က ဆိုပါတယ်။
ဒီနာမည်ကို မြန်မာပြည်လွတ်လပ်ရေးရစမှာ ပြန်ဖော်ထုတ်ပြီး မဟာမေဒင်တွေအဖြစ် ဗြိတိသျှလက်အောက်မှာ နေခဲ့ရတဲ့ ရခိုင်က မွတ်ဆလင်တွေအတွက် သရုပ်လက္ခဏာ ဖြစ်လာခဲ့ပါတယ်။ ဒီမှာလည်း ရခိုင်တောင်ပိုင်းမှာ အများစုနေကြတဲ့ ကမန်မွတ်ဆလင်တွေက ရှိနေပြန်ပါတယ်။ ရိုဟင်ဂျာလူမျိုးအမည်ကို ဦးနုခေတ်မှာ လက်ခံခဲ့ပေမယ့် ၁၉၆၂ နောက်ပိုင်းမှာ ဘေးဖယ်ထားခဲ့ပြီး ၁၉၇၃ သန်းခေါင်စာရင်းကောက်ဖို့အတွက် ရခိုင်-စစ်တကောင်း၊ မြန်မာ-စစ်တကောင်း လူမျိုးတွေအဖြစ် တိုင်းရင်း သား ၁၄၃ မျိုးစာရင်းမှာ ထည့်သွင်းပြန်ပါတယ်။
တခါ မြန်မာပြည်လွတ်လပ်ရေးယူပြီးနောက် အရှေ့ပါကစ္စတန် ဘင်္ဂလားကနေ ရခိုင်ကို ပြန်လာတဲ့ ရခိုင်စကားပြောမျိုးနွယ်စုတွေဟာ ၁၉၄၈ မြန်မာနိုင်ငံသားဥပဒေအရ ရခိုင်တိုင်းရင်းသားတွေဖြစ်လို့ မြန်မာနိုင်ငံသား ရကြပြီး ရခိုင်ဘက်က စစ်တကောင်းစကားပြောမျိုးနွယ်စုတွေအတွက်တော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးမှာ နိုင်ငံသားရဖို့ ခက်ခဲကြောင်း ဒေါက်တာကျော်မင်းထင်က သုံးသပ်ပါတယ်။
အေအေရဲ့ အာရက္ခလမ်းစဥ်မှာ ရခိုင်ဒေသနေ လူမျိုးစုတွေကို စုစည်းပြီး အေအေ အလံအောက်မှာ ထားချင်တယ်လို့ ဆိုထားပေမယ့် ရိုဟင်ဂျာနဲ့ ရခိုင်ကြား ရန်မီးဟောင်းတွေ ပြန်တောက်လာသလို ချင်း ပြည်နယ်တောင်ပိုင်းက အေအေသိမ်းထားတဲ့ ပလက်၀မှာလည်း ချင်းနဲ့ အေအေကြားက တင်းမာမှုက ရှိနေပါတယ်။ ဒါကြောင့် ရခိုင်တပြည်လုံးကို အေအေ သိမ်းပိုက်နိုင်ရင်လည်း ဘင်္ဂလားဒေ့ရှ်ကို ထွက် ပြေးသွားတဲ့ ရိုဟင်ဂျာတွေအရေးနဲ့ ရခိုင်မှာ ကျန်နေတဲ့ ရိုဟင်ဂျာတွေကို အာရက္ခအိပ်မက်မှာ ရခိုင်နဲ့ တန်းတူထားမှာလား ဆိုတဲ့ အမေးပုစ္ဆာကြီးတွေက ရှိနေပါတယ်။ အိုင်စီဂျေနဲ့ အိုင်စီစီ စတဲ့ နိုင်ငံတ ကာတရားရုံးတွေမှာလည်း ရိုဟင်ဂျာကိစ္စကြောင့်ပဲ မြန်မာစစ်ဘက်၊ အရပ်ဘက်ခေါင်းဆောင်တွေ တရားစွဲခံရ၊ ဖမ်း၀ရမ်းထုတ်ခံရတာတွေ ဖြစ်နေလို့ ရခိုင်-ရိုဟင်ဂျာ သင့်မြတ်ရေးက နှစ်ဖက်စလုံးအတွက် အမြန်ဖြေရှင်းရမယ့် သမိုင်းကြွေးကြီး ဖြစ်နေပါတယ်။
- အေအေရဲ့ စိတ်ဓာတ်စစ်ဆင်ရေးလက်နက်
- ‘‘ရိုဟင်ဂျာ၊ ဘင်္ဂါလီ၊ ... ဘယ်လိုပဲခေါ်ခေါ် ရခိုင်ပြည်သားတစ်ယောက်ဆိုရင် နိုင်ငံသားအခွင့်အရေးက ရရမှာပဲ’’ – AA စစ်ဦးစီးချုပ်
No comments:
Post a Comment