ဝတ်လုံတော်ရ ဦးခေါလီလုရ် ရာဟာမာန်သည် ထင်ရှားသော ရိုဟင်ဂျာသမိုင်းသုတေသီ တစ်ဦးဖြစ် သည်။ နိုင်ငံတကာသမိုင်းပညာရှင်များက ယနေ့အထိ သူ၏ သမိုင်းစာအုပ်ကို အလွန်တန်ဖိုးရှိတဲ့ မှီငြမ်းကျမ်းအဖြစ် အသုံးပြုကြသည်။
ခေါ်လီလုရ်ရာဟမာန်သည် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ခြိတ်တောင်ရွာ ဇာတိဖြစ်ပြီး ပထမကမ္ဘာစစ်ကြီးမတိုင်မီ ၁၈၉၈ ခန့်တွင် ဖွားမြင်ခဲ့သည်။ ဖခင် မှာ ကာဇီဦးမိုဟာမတ်အစ်မိုင်လ် (အာတီယား) ဖြစ်သည်။ ဖခင်မျိုးရိုးမှာ ထိုခေတ်က စာတတ်ပေတတ် ဂုဏ်ဩဇာကြီးသည့် မျိုးရိုးဖြစ်သည်။ ခါလိလ် သည် အခြေခံပညာကို မိမိ၏ ဇာတိမြို့ မင်းပြားနှင့် စစ်တွေမြို့တို့တွင် ဆည်းပူးခဲ့သည်။ မဇ္ဈိမဒေသ ကလက္ကတားမှ ပညာတော်သင်သွားရောက်ကာဝတ်လုံတော်ဘွဲ့ ဘီအလ်ကို ရရှိခဲ့သည်။
ခလီလုရ်ရာဟမာန်သည် အမိပြည်သို့ ပြန်လာကာ စစ်တွေမြို့မှ ဦးမိုဟာမတ်လုခ်မာန်ဟာဖီဇ်၏ သမီးကြီး၊ ဝတ်လုံတော်ရ ဦးဆူဘဟာန်၏ အစ်မနှင့် အိမ်ထောင်ပြုခဲ့သည်။ စစ်တွေမြို့၌ အင်္ဂလိပ်အစိုးရ တရားရုံးတွင် ဝတ်လုံတော်အတတ်နှင့် အသက်မွေးဝမ်းကျောင်းစတင်ခဲ့လေသည်။ မင်းပြားမှ ပြောင်းရွေ့ကာ စစ်တွေမြို့ မင်းဘာကြီးလမ်း အောင်မင်္ဂလာရပ်ကွက် မြို့မ စာပုံနှိပ်တိုက်အရှေ့ တစ်ထပ်အိမ်၌ ပြောင်းရွေ့နေထိုင်ခဲ့လေသည်။ ဝတ်လုံတော်ကြီးသည် အက္ကယာပ် မြူနီစပယ်မှာလဲ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။ အက္ကယာပ်မြို့(စစ်တွေ) Mohamadan Elementary Training Class Governmental School ၏ ကျောင်းအုပ်ကြီးလည်း ဖြစ်သည်။
စာရေးခြင်းဝါသနာရင့်သူ ဖြစ်သည်။ ရခိုင်ပြည်အနံ့အပြားသို့ လေ့လာရေးခရီးထွက်ကာ ရိုဟင်ဂျာသမိုင်း၊ စာပေ၊ ယဉ်ကျေးမှုတို့ကို ဖော်ထုတ်ခဲ့သည်။ အာရကာန်ရာဇဝင်ကျမ်းကို ထိုခေတ်က ခေတ် စားခဲ့သည့် အူရ်ဒူဘာသာဖြင့် ပထမဆုံး ရေးသားထုတ်ဝေခဲ့သည်။ အင်္ဂလိပ်သတင်းဂျာနယ်တွင် ဆောင်းပါးများရေးသားခဲ့သည်။ အူရ်ဒူသတင်းစာများတွင်လည်း ဆောင်းပါးများ ရေးသားခဲ့သည်။
ဝတ်လုံတော်ကြီးရေးသားထုတ်ဝေခဲ့သည့် စာအုပ်များအနက် Taarik e Arakan, Burma (အာရကန် ရာဇဝင်ကျမ်း)၊ Tarik-e-lslam Arakan & Burma (အာရ်ကာန်ပြည် အစ္စလာမ်ဘာသာရာဇဝင်) နှင့် Karballa e Arakan (အာရကန် လူသတ်ပွဲ) ဟူသည့် ရာဇဝင်စာအုပ်များမှာ ယနေ့တိုင် အမြူတေရတနာအဖြစ် ထင်ရှားနေဆဲဖြစ်သည်။ ကရ်ဘလာ အေ အာရကန် ရာဇဝင်တွင် ရခိုင်ပြည် ဗုဒ္ဓဘာ သာဝင်နှင့်မွတ်စလင်အဓိကရုဏ်းကို ၁၉၄၂ ခု တိုင်းပြည်မင်းမဲ့နေသည့်ကာလမှာ ဖြစ်ပွားခဲ့သော လူမျိုးရေး အရေးအခင်းများကို စဆုံး ကိုယ်တွေ့ဖြစ်ရပ်များနှင့် ဂဃနဏ ရေးသားတင်ပြခဲ့သည်။
ဝတ်လုံးတော်ကြီးသည် ၁၉၄၂ အဓိကရုဏ်းကို ကိုယ်တွေ့ကြုံခဲ့သူူဖြစ်သည်။ အာရကန်ရာဇဝင်ကျမ်းကို ၁၉၄၆ ခု ကာရာချီမြို့မှ ပံုံနှိပ်ခဲ့သည်။ ထိုရာဇဝင်ကျမ်းတွင် အာရကန်ပြည်၏ ရာဇဝင်သမိုင်းအဆက်ဆက်ကို ရေးခြယ်မှတ်တမ်းတင်ထားသည်။ အာရကန်ရာဇဝင်ကျမ်းကို World Muslim Congress မှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ခဲ့သည်။ အာရကန်ပြည် အစ္စလာမ်ဘာသာ ရာဇဝင် ကျမ်း တွင် အစ္စလာမ်ဘာသာ အာရကန်သို့ ရောက်ရှိလာပုံ၊ တိုင်းရင်းသားရိုဟင်ဂျာသမိုင်း၊ ရှေးခေတ်အာရကန်နှင့် ရိုဟင်ဂျာတို့၏ အခန်းကဏ္ဍ၊ သမိုင်းဝင်အဆောက်အဦနှင့်် ကျောက်စာများ စသည်တို့ကို ခိုင်လုံသော အကိုးအကား အမှီအငြမ်းများနှင့် ရေးသားပြုစုခဲ့သည်။ အာရကန်ပြည် အစ္စလာမ်ဘာသာ ရာဇဝင်ကျမ်းကို ၁၉၄၇ ခုဝန်းကျင်လောက်က ရေးသားခဲ့သည်။ နှစ်အုပ်စလုံးကို အူရ်ဒူဘာ သာစကားဖြင့် ရေးသားခဲ့ကာ ကလက္ကတားမြို့မှ ပုံနှိပ်ခဲ့သည်။
ဝတ်လုံတော်ကြီး ခလီလုရ်မာန်သားကြီး ဟာဘီဘူရာဟမာန် (ခ) ဦးကျော်မြင့်သည် မဆလခေတ်တွင် အစိုးရ သံတမန်ကောင်စစ်ဝန် တစ်ဦးဖြစ်သည်။ ဦးကျော်မြင့်သည် အိန္ဒိယနိုင်ငံ ကလကတ္တား အခြေ စိုက် Council General of Burmar တွင် မြန်မာအစိုးရ သံတမန်တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဒေလီမြို့တွင် သံအမတ်ကြီး ဒေါ်ခင်ကြည် (ဒေါ်အောင်ဆန်းစုကြည်၏ မိခင်)နှင့်အတူ ၁၉၆၅ မှ ၁၉၆၈ ခုနှစ်ထိ နိုင်ငံတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ နောက်ပိုင်း နိုင်ငံခြားရေးဌာနတွင် ညွန်ကြားရေးမူးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။
ဝတ်လုံတော်ကြီးသည် အသက် ၈၀ ကျော်တွင် စစ်တွေမြို့ မိမိနေအိမ် ၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ခဲ့သည့် ခုနှစ်သက္ကရာဇ်ကို အတိအကျ မသိရချေ။ ၁၉၇၇ ဟု ခန့်မှန်းရသည်။
— လူထုဝဏ္ဏ
ကိုးကား
— ကျော်လှ FB post
— Mg Gyi Akyab
— Khin May (Tahera)
— Bo Min Naing
— Fazal Ahmad
No comments:
Post a Comment