Thursday, February 20, 2025

ရိုဟင်ဂျာအမှု ဖမ်းဝရမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်ပါဝင်လာတာဟာ ၂၀၀၈ ခြေဥကို နားမလည်တာကြောင့်လို့ NUG ပြော

ဖက်ဒရယ် FM
ဖေဖော်ဝါရီလ ၁၉ ရက်
 

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနဲ့ မြန်မာစစ်ခေါင်းဆောင်တွေအပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တာဟာ ၂၀၀၈ ခြေဥကို နားမလည်တာကြောင့်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဖက်ဒရယ် FM ကိုပြောပါတယ်။

“ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့၊ နိုင်ငံတော် သမ္မတတို့ကို ထည့်သွင်းတရားစွဲဆိုတဲ့ အဖွဲ့အစည်းရော၊ ဝရမ်းထုတ်ဖို့ကြိုးစားတဲ့ တရားရုံးရောပေါ့နော် ဒီစုအဖွဲ့နှစ်ခုလုံးဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ သဘောတရားကို မှန်မှန်ကန်ကန်နားလည်ဖို့ လိုအပ်တာပေါ့။ စစ်တပ်ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ သမ္မတတို့၊ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်တို့ကို တာဝန်ယူရမယ်၊ တာဝန်ခံရမယ်ဆိုတဲ့ ကိစ္စက ၂၀၀၈ အခြေခံဥပဒေကို သေချာနားမလည်လို့ ဒီလိုစဉ်းစားတယ်လို့ပဲ သုံးသပ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။ 

၂၀၀၈ ခြေဥရဲ့ အခန်း ၁၊ ပုဒ်မ (ခ)နဲ့ (ဂ)မှာ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို တပ်မတော်ကသာလျှင် စီမံခန့်ခွဲဆောင်ရွက်ရမယ်ဆိုတာရယ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးရဲ့ အကြီးအကဲဟာ စစ်ဦးစီးချုပ်ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပြီး အရပ်သားအစိုးရဟာ လွှမ်းမိုးခြယ်လှယ်လို့ မရဘူးလို့ သူကပြောပါတယ်။ 

အဆိုပါကိစ္စနဲ့ စပ်လျဉ်းပြီး မနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) က NUG က သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။ 

ထုတ်ပြန်ချက်ထဲမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်သတ်ဖြတ်ခဲ့သူတွေဟာ စစ်ခေါင်းဆောင်တွေရဲ့ လက်အောက်ခံတပ်ဖွဲ့တွေသာဖြစ်ပြီး သမ္မတဟောင်း ဦးထင်ကျော်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းတာဟာ မှားယွင်းစွပ်စွဲတာလို့ မှတ်ယူတဲ့အတွက် ဖယ်ရှာပေးဖို့ တောင်းဆိုထားပါတယ်။

ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ရိုဟင်ဂျာအရေးအတွက် ခိုင်မာကောင်းမွန်ပြီး ရေရှည်ငြိမ်းချမ်းပြေလည်မဲ့ အဖြေရရှိဖို့အတွက် “ကိုဖီအာနန်ကော်မရှင်” ဖွဲ့စည်းတာအပါအဝင် နည်းအမျိုးမျိုးကြိုးပမ်းဆောင်ရွက်ခဲ့ကာ NUG အနေနဲ့လည်း “ရိုဟင်ဂျာ” မူဝါဒတစ်ရပ်ပြဋ္ဌာန်းပြီး တရားမျှတမှုရဖို့ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အာဂျင်တီးနားဖက်ဒရယ်တရားရုံးက ၂၀၁၉ ခုနှစ်ကတည်းက တရားစွဲဆိုထားပြီး ၂၀၂၁ အာဏာ သိမ်းမှုကြောင့် အခြေအနေပြောင်းလဲသွားတဲ့အခါမှာ အစိုးရပိုင်းခေါင်းဆောင်တွေကို ဖယ်ရှားပေးဖို့ မြန်မာရိုဟင်ဂျာအဖွဲ့အစည်း - ယူကေ (BROUK) က လျှောက်ထားခဲ့တယ်လို့ ရိုဟင်ဂျာလွတ်မြောက်ရေး ညွှန်ပေါင်းအဖွဲ့ (FRC) ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က ဖက်ဒရယ် FM ကိုပြောပါတယ်။

“တရားရုံးဆိုတာက လွတ်လပ်စွာ ဆုံးဖြတ်တာဖြစ်ကြတာကြောင့် တရားရုံးအနေနဲ့ အစိုးရခေါင်း ဆောင်တွေရဲ့ တာဝန်ရှိမှုကို လေ့လာဆန်းစစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုမှာ အကြောင်းတစ်မျိုးမျိုးနဲ့ ပါဝင်ပတ်သက်တဲ့ အထောက်အထားကို တွေ့ရှိထားတာ ဖြစ်နိုင်တယ်။ အထောက်အထားတွေ တော် တော်များများကို IIMM (လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား) ကလည်း တင်သွင်းတာတွေရှိတယ်။ အဲဒီတော့ အခု ဖမ်းဝရမ်းကိစ္စက တရားရုံးရဲ့ လွတ်လပ်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ NUG အနေနဲ့ အခုကိစ္စကို တရားရုံးကို ဦးတိုက်လျှောက်ထားတာတွေ ဘာတွေ လုပ်လို့ရနိုင်တယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ ဥပဒေပညာရှင်တွေက ဒါကို ပိုနားလည်ပါလိမ့်မယ်။ NUG အနေနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တရားရုံးနဲ့ တိုက်ရိုက် ရင်ဆိုင်တာ ပိုကောင်းပါလိမ့်မယ်။” 

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းမှာ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာစစ်ခေါင်း ဆောင် မင်းအောင်လှိုင်နဲ့ စစ်အရာရှိ ကြီး၊ ငယ် စုစုပေါင်း ၂၅ ဦးပါဝင်တယ်လို့ သိရပါတယ်။၂၀၁၉  ခုနှစ်တုန်းက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေကြောင့် တရားစွဲဆိုတာခံခဲ့ရပြီး မြန်မာကိုယ်စားပြုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ဖြေရှင်းခဲ့ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတုန်းက ရှေ့နေချုပ် ကာရင်မ်အေအေခန်း (ကေစီ) ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) မှာ ရိုဟင်ဂျာတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်တာထင်ရှားတဲ့အတွက် ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့ပြီး လက်ရှိမှာတော့ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
မင်းမြတ် / FFM 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */