Sunday, February 16, 2025

AA၏ စစ်ရေးအောင်မြင်မှုနှင့် ရိုဟင်ဂျာများအတွက် အကျိုးသက်ရောက်နိုင်ချေ

Myanmar Now
ဆုချေ
February 16, 2025
 


ရခိုင်ဒေသကို စစ်ကောင်စီ လက်လွှတ်လိုက်ရလုနီးပါး ဖြစ်နေပြီး ရိုဟင်ဂျာတို့၏ အနာဂတ်သည် AA, ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့များနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရတို့၏ လက်ထဲတွင် ရှိလာတော့မည် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတို့ပါလောင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်များကို ၂၀၂၄ ခုနှစ် စက်တင်ဘာလက တွေ့ရစဉ်။ ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်၌ အရှိန်အမြင့်ဆုံး ဖြစ်လာခဲ့သော အကြမ်းဖက်မှုများကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြသည့် မူဆလင်များမှာ ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်လျက်ရှိကြသည်။ မြန်မာစစ်တပ် ဦးဆောင်ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်မှာလည်း လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး၏ အကြောင်းအရာ ဖြစ်လာခဲ့သည်။ (ဓာတ်ပုံ - Munir Uz Zaman/AFP)


သေနတ်သံနှင့် ဗုံးပေါက်ကွဲသံများကို အဝေးမှ ကြားနေရဆဲဖြစ်ကာ၊ မိုဟာမက် (အမည်လွှဲ)တွင် အခြားရွေးချယ်စရာမရှိဘဲ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော မောင်တောမြို့နယ်ရှိ ကျေး ရွာတစ်ရွာတွင် သြဂုတ်လမှစ၍ နေထိုင်နေရသည်။ သူသည် AA နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများကြောင့် နေအိမ်မှ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။

မြို့နှင့် ၆ မိုင်ခန့်အကွာရှိ ထိုကျေးရွာတွင် ရိုဟင်ဂျာဒေသခံ ၁,၅၀၀ ခန့် နဂိုကတည်းက ရှိနေခဲ့သည့် အပြင် စစ်ဘေးရှောင် ၁,၀၀၀ ခန့်ကို လက်ခံထားရသည်။ ထို့ပြင် မောင်တောနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ရိုဟင်ဂျာအများအပြားသည်လည်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြရသည်။

မိုဟာမက်နှင့် သူ၏မိသားစုဝင် ရှစ်ဦးသည် ပြီးခဲ့သည့်နှစ်အတွင်း ရခိုင်ပြည်နယ်တဝှမ်း စစ်ပျံ့နှံ့လာချိန်မှစ၍ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် နေ့စဉ်ရုန်းကန်နေရသော စစ်ဘေးရှောင်များထဲတွင် ပါ ဝင်သည်။ ၂၀၂၃ နိုဝင်ဘာလတွင် AA က စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်မှု ပြန်လည်စတင်ခဲ့ရာမှ ရခိုင်တွင် စစ်မီးပျံနှံ့လာခဲ့ခြင်း ဖြစ်သည်။

“အခု ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာက စားဝတ်နေရေးပါ” ဟု မိုဟာမက်က ပြောပြသည်။ ဒေသခံ အများစုအတွက် အစားအစာ ရရှိရေး အဓိက အရင်းအမြစ် နည်းပါးနေချိန်တွင် AA က လည်း အနီးရှိ နတ်မြစ်တွင် ငါးဖမ်းခွင့်ကို ပိတ်ပင်ထားသည်။

ဒီဇင်ဘာလအတွင်း မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ နောက်ဆုံးကျန်ရှိသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းကို AA က သိမ်းပိုက်အပြီး မကြာမီတွင်၊ နတ်မြစ်အတွင်း ခရီးသွားလာခြင်း သို့မဟုတ် ငါးဖမ်းခြင်းကို လုံခြုံရေးကြောင့် “အချိန်အကန့်အသတ်မရှိ ပိတ်ပင်” ကြောင်း AA က ကြေညာထားသည်။

“ဒီမှာက တံငါသည်တွေ ရှိပါတယ်။ ပြီးတော့ တစ်နေ့ရှာပြီး တစ်နေ့စားတဲ့လူတွေ အများကြီးပါ အလုပ် အကိုင်တွေ မရှိတော့ အင်မတန် ခက်ခဲနေပါတယ်” ဟု မိုဟာမက်က Myanmar Nowကို ပြောသည်။

AA က ထိုဒေသရှိ ရိုဟင်ဂျာ စစ်ဘေးရှောင်များအတွက် အစားအစာနှင့် ငွေကြေးအကူအညီ အနည်း ငယ်ပေးခဲ့သည်ဟု မိုဟာမက်က ပြောသည်။ “အခုရက်ပိုင်းမှာ AAတွေက နွားတစ်ကောင်ပေးပြီး ကူညီပေးခဲ့တာ ရှိပါတယ်၊ ရွာတိုင်းကို ငွေတွေလည်း ပေးပါတယ်၊ ဒါပေမယ့် လောက်ငမှု မရှိပါ” ဟု သူက ပြောသည်။
မောင်တောတွင် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ ဖမ်းဆီးထားသော စစ်ကောင်စီတပ်သားများကို ၂၀၂၄ ခုနှစ် သြဂုတ်လက တွေ့ရစဉ်။ (ဓာတ်ပုံ – AA Info Desk)


ငတ်မွတ်ခေါင်းပါးမှု အန္တရာယ် နှင့် ရှင်သန်ရပ်တည်နိုင်ရေး အလားအလာများ

စစ်ကောင်စီသည် ရခိုင်ပြည် ရေကြောင်း၊ လေကြောင်းနှင့် ကုန်းလမ်းခရီးစဉ်များသာမက အင်တာနက်၊ ဖုန်းဆက်သွယ်ရေးများ အပါအဝင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးနည်းလမ်းများကို စနစ်တကျ ဖြတ်တောက်ထားခဲ့သဖြင့် ဒေသခံများက ကျန်းမာရေး ဝန်ဆောင်မှု၊ ပညာရေးနှင့် အစားအစာရရှိရေးတို့အတွက် ကိုယ့်အားကိုယ်ကိုးနေကြရသည်။

နိုဝင်ဘာလအတွင်း ကုလသမဂ္ဂ ထုတ်ပြန်ခဲ့သော အချက်အလက်များအရဆိုလျှင် ရခိုင်ပြည်နယ်တွင် အနည်းဆုံး လူနှစ်သန်းခန့် “ငတ်မွတ်ခေါင်းပါးမှု” အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

အမည်မဖော်လိုသော ဒေသခံ လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးက ရခိုင်ပြည်နယ်သည် အကြီးအကျယ် ထိခိုက်မှု နှစ်ကြိမ် ခံစားခဲ့ရသည်၊ ပထမအကြိမ်မှာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ယာယီ အပစ်အခတ်ရပ်စဲရေးဖြင့် ရပ်တန့်သွားသော တိုက်ပွဲများကြောင့်ဖြစ်ပြီး၊ ဒုတိယ အကြိမ်မှာ နောက် ထပ် တနှစ်နီးပါးကြာပြီးနောက် AA က စစ်ကောင်စီတပ်ကို ထိုးစစ်ပြန်ဆင်ရာမှ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် ဖြစ်သည်ဟု ပြောသည်။

သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကို စစ်ကောင်စီက ပိတ်ဆို့ကန့်သတ်ထားခြင်းကြောင့် ဆင်းရဲနွမ်းပါးသော လူထုအတွက် အခြေအနေများ ဆိုးရွားလာနေချိန်တွင် ပြည်တွင်းနှင့် နိုင်ငံတကာ အကူ အညီပေးရေး အဖွဲ့များက အကူအညီ အလိုအပ်ဆုံးသော ဒေသများသို့ ဝင်ရောက်ခွင့် ရှိမနေပေ။

စစ်ပွဲ ပြန်စတင်ခြင်းသည် ရခိုင်ပြည်နယ်၏ ဒုက္ခကို နှစ်ဆတိုးစေခဲ့ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူက ပြောသည်။ ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနှင့် ကုန်သွယ်ရေးတို့ ရပ်တန့်သွားခဲ့ပြီးနောက် ဒေသတွင်း ကျန်ရှိနေသူများသည် ယခင်က စုဆောင်းထားသောငွေ၊ နိုင်ငံရပ်ခြားရှိ မိသား စုဝင်တို့ ပို့ပေးသောငွေဖြင့်သာ အသက်ဆက်နေကြရကြောင်း သူက မှတ်ချက်ပြုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ကုလသမဂ္ဂ အေဂျင်စီများ ရခိုင်ပြည်နယ်တွင် လုပ်ငန်း လုပ်ဆောင်နိုင်ခြင်း မရှိတော့သလို AA ထိန်းချုပ်နယ်မြေများရှိ စစ်ဘေးရှောင်များထံ လိုအပ်သော အကူအညီ ပေးနိုင်ခြင်း မရှိကြောင်း သူက ထပ်လောင်း ပြောကြားခဲ့သည်။ ထို့အပြင် လက်ရှိလုပ် ဆောင်နေဆဲ အရပ်ဘက် အဖွဲ့အစည်းများသည်လည်း အချို့တဲ့ဆုံးသူများကိုသာ တစ်လတစ်ကြိမ် အကူအညီဖြန့်ဝေပေးနိုင်ပြီး၊ မကြာခဏ ရွှေ့ပြောင်းနေရသော စစ်ဘေးရှောင် များကို ခြေရာခံနိုင်ရန် ခက်ခဲနေကြကြောင်း သူက ပြောပြသည်။

အရပ်ဘက်အဖွဲ့အစည်းတို့မှာ ရန်ပုံငွေရှိခဲ့သောကာလများတွင်ပင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းရန်မှာ စစ်ကောင်စီ၏ ကန့်သတ်ချက်များကြောင့် ခက်ခဲလှကြောင်း သူက ထောက်ပြသည်။

ငတ်မွတ်ခေါင်းပါးမှု ဖြစ်လာလျှင်ပင် အရပ်ဘက်အဖွဲ့အစည်းများ အကူအညီပေးနိုင်ခွင့် အကန့်အ သတ်ရှိနေရာ၊ လက်လှမ်းမီသလောက်ကိုသာ ကူညီဖြန့်ဝေပေးရန် ကြိုးစားကြရကြောင်း သူက ပြောပြခဲ့သည်။

အခြားထောင်ပေါင်းများစွာသော စစ်ဘေးရှောင်များနည်းတူ မိုဟာမက်၏ ဘဝတွင် စားနပ်ရိက္ခာ မဖူလုံခြင်းသာမက၊ ဝင်ငွေမရှာဖွေနိုင်ခြင်း၏ အကျိုးဆက်ဖြစ်သော စဉ်ဆက်မပြတ် အခက်အခဲများနှင့် ရုန်းကန်နေရသည်။ “အလုပ်ရှာနေပါတယ်၊ ဒါပေမယ့် မရသေးပါဘူး။ အခု ကျွန်တော်တို့ ဘယ်လိုရှင်သန်ရမလဲဆိုတာ စိုးရိမ်နေရပါတယ်” ဟု သူက ပြောပြသည်။

ဒီဇင်ဘာလကုန်ပိုင်းက Myanmar Nowနှင့် အကြိမ်ကြိမ်ပြောဆိုရာတွင် မိုဟာမက် စိတ်ပျက်အားငယ်နေသည်၊ အခွင့်အလမ်းကောင်းများ ရှာဖွေရန် နေရာပြောင်းရွှေ့နိုင်ရေးအတွက် အတားအဆီးများ များလွန်းနေကြောင်း သူက ပြောပြခဲ့သည်။

“ဝမ်းနည်းလာတယ်။ ဘာကိုမှ အာရုံစိုက်ပြီး လုပ်ချင်စိတ်က ပျောက်သွားပြီ” ဟု သူက ပြောသည်။ လူများစွာ ကြောက်ရွံ့နေကြကြောင်းလည်း သူက ပြောခဲ့သည်။

မောင်တောနှင့် အိမ်နီးချင်း ဘူးသီးတောင်မြို့နယ်တို့သည် AA ထိန်းချုပ်မှုအောက်တွင် ရှိသည်ဟု ဆိုသော်လည်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး၊ တိုက်ပွဲအခြေအနေမှာ စစ်ဘေးရှောင်များနှင့် ဒေသတွင်းရှိ ရိုဟင်ဂျာများအတွက် မရှင်းလင်းသေးပေ။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း အမှတ် (၅) ကို AA က သိမ်းပိုက်ပြီးနောက်ပိုင်းတွင် အခြေအနေ ပိုတည်ငြိမ်သွားကြောင်းလည်း မိုဟာမက်က Myanmar Now ကို ပြောသည်။

စစ်ကောင်စီတပ်၏ ရုပ်သေးကဲ့သို့ အသုံးချခြင်း သို့မဟုတ် စစ်သားအဖြစ် အတင်းအကျပ် စုဆောင်းခြင်းခံရသော ရိုဟင်ဂျာများနှင့် ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့များနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း ဒေသတွင်း သတင်းများနှင့် AA ထုတ်ပြန်ချက်များအရ သိရသည်။

ထိုပြည်သူ့စစ်အဖွဲ့များသည် AA နှင့် တိုက်ခိုက်ရန် လူငယ်များကို ဖမ်းဆီး၍ စစ်သားအဖြစ် အတင်း အကျပ် စုဆောင်းနေကြောင်း၊ AA ကလည်း ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင် ရပ်ရွာလုံခြုံရေး တပ် ဖွဲ့များအတွက် အရပ်သားများကို အတင်းအကျပ်ဖိအားပေး တာဝန်ထမ်းဆောင်ခိုင်းခဲ့ကြောင်း စွပ်စွဲမှုများ ရှိခဲ့သည်။

“ညနေ ၆နာရီကနေ မနက် ၆ နာရီထိ ကင်းစောင့်ရပါတယ်။ တခြားလက်နက်ကိုင် အဖွဲ့တွေကို တွေ့ရင် သူတို့ကို ချက်ချင်း အသိပေးဖို့ ပြောတယ်” ဟု မိုဟာမက်က ဆိုသည်။

“အဲဒီနေရာမှာ လုံခြုံမှု မရှိဘူး။ ဒါပေမယ့် ရွေးချယ်စရာမရှိဘူး။ ကျွန်တော်တို့က သွားချင်တာ မဟုတ်ဘူး။ အတင်းအဓမ္မ ခေါ်လို့ သွားရတာ။ မသွားရင် သူတို့က ဖမ်းဆီးနှိပ်စက်မယ်။ အရေးယူမယ်” ဟု သူက AA ကို ရည်ညွှန်း၍ ပြောသည်။

“ကင်းစောင့်ရမယ်ဆိုရင် မသွားတဲ့သူ မရှိပါ။ ပုံမှန်သွားတယ်။ ဘာလို့လဲဆိုတော့ ကြောက်ကြလို့”

AA သည် ကိုယ်ပိုင် အုပ်ချုပ်ရေးယန္တရား တည်ထောင်ရန် ကြိုးပမ်းမှုအနေဖြင့် ကျေးရွာများရှိ ရိုဟင်ဂျာတို့ကို အုပ်ချုပ်ရေးတာဝန်များ ပေးအပ်ထားပြီး AA ကင်းလှည့်တပ်ဖွဲ့များက ၎င်းတို့ကို ရံဖန်ရံခါ လာရောက်စစ်ဆေးသည်။

မိုဟာမက်၏ ပြောပြချက်အရ သူ့ကဲ့သို့သော ရိုဟင်ဂျာလူငယ်များသည် ရိုဟင်ဂျာပြည်သူ့စစ်များ၏ ဖမ်းဆီးခြင်းကို စိုးရိမ်ရသလို၊ စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်ကြောင်း သံသယဖြင့် AA က ပစ်မှတ်ထား ဖမ်းဆီးမည့်အရေးကိုလည်း စိုးရိမ်နေကြရသည်။

AA သည်လည်း ကျေးရွာများကို မီးရှို့ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် ရိုဟင်ဂျာ အရပ်သားများအပေါ် ပစ်မှတ်ထား အကြမ်းဖက်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည်။ ၂၀၂၄ ခုနှစ် မေလတွင် ဘူးသီးတောင်မြို့နယ်နှင့် သြဂုတ်လတွင် မောင်တောမြို့ နယ်တို့၌ အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

AA က ဒေသအတွင်း ၎င်း၏ အုပ်ချုပ်ရေးယန္တရားကို တည်ထောင်နေစဉ်၊ ရိုဟင်ဂျာ အရပ်သားများအတွက် ရှိရင်းစွဲ စိုးရိမ်မှုများဖြစ်သည့် ဆင်းရဲနွမ်းပါးမှု၊ စားနပ်ရိက္ခာ မဖူလုံမှု၊ ရုပ်ပိုင်းဆိုင်ရာ အန္တ ရာယ်များ စသည်တို့ အပြင်၊ AA ဦးဆောင်သော အုပ်ချုပ်ရေးအောက်တွင် နေထိုင်ရမည့် ဘဝနှင့်ပတ်သက်သော စိုးရိမ်မှုများကလည်း ဆင့်ကဲနေသည်။ “ကျွန်တော်တို့ အဓိက စိုးရိမ်တာက အောက် ခြေထိန်း တပ်သားတွေ မတရားလုပ်တာတွေ ရှိပါတယ်။ မျက်မြင်ကျကျ လုပ်တာမရှိဘူး။ သွယ်ဝိုက်ပြီး လုပ်တာပါ” ဟု မိုဟာမက်က ပြောသည်။

“အဲလို အောက်ခြေထိန်းတပ်သားတွေ အဲလိုလုပ်ရင် ကျွန်တော်တို့ ဘယ်သူ့ကို သွားတိုင်ရမလဲဆိုတာ ကျွန်တော်တို့ စိုးရိမ်ပါတယ်”

တရားဝင် လူနည်းစု လူမျိုး သို့မဟုတ် နိုင်ငံသားအဖြစ်ပင် အသိအမှတ်ပြုခြင်း မခံရသော ရိုဟင်ဂျာများသည် မြန်မာနိုင်ငံသားများ အမည်ခံအားဖြင့် ရရှိထားသော လွတ်လပ်စွာ သွားလာခွင့်၊ ပညာသင်ကြားခွင့်နှင့် ကျန်းမာရေးဆိုင်ရာ အကျိုးခံစားခွင့်များကဲ့သို့သော အခြေခံအခွင့်အရေးများ ဆုံးရှုံးနေရသည်။

AA က စစ်ကောင်စီ စစ်တပ်ကို အောင်နိုင်ပြီး ရခိုင်မြောက်ပိုင်းကို ထိန်းချုပ်နိုင်ခဲ့ခြင်းသည် ချီးကျူး ထိုက်သော အောင်မြင်မှုဖြစ်ကြောင်း မိုဟာမက်က ဆိုခဲ့သော်လည်း၊ AA ၏ အုပ်ချုပ်မှုအောက်တွင် အခြားသူများကဲ့သို့ အရပ်ဘက် အခွင့်အရေးများနှင့်အတူ ရိုဟင်ဂျာများ လွတ်လပ်စွာ နေထိုင်နိုင်မည်လား ဆိုသည့် မေးခွန်း ကျန်ရှိနေသေးသည်။

“သူတို့ လက်အောက်မှာနေပြီး လွတ်လွတ်လပ်လပ် စာသင်နိုင်မလား၊ စီးပွားရေး လုပ်နိုင်မလား၊ နောက်ထပ် သွားလာခွင့်တွေ ရနိုင်မလား၊ ကျွန်တော် စိုးရိမ်ပါတယ်။ တခြားလူမျိုးစုတွေလိုပဲ ခွဲခြား မဆက်ဆံဘဲ၊ ကျွန်တော်တို့လည်း တန်းတူ အခွင့်အရေး လိုချင်ပါတယ်။ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် နေထိုင်ခွင့် ရချင်ပါတယ်” ဟု မိုဟာမက်က ပြောသည်။

“သူတို့လက်အောက်မှာ ကျွန်တော်တို့ သူတို့ကို အားကိုးပြီး နေထိုင်ပါတယ်၊ ဒါပေမယ့် သူတို့က မတ ရားလုပ်ပြီး ဖိနှိပ်ရင်တော့ ကျွန်တော်တို့မှာ မျှော်လင့်ချက် ပျောက်သွားပါလိမ့်မယ်” ဟုလည်း သူက ပြောသည်။

ပြည်ပရောက် ရိုဟင်ဂျာ အဖွဲ့အစည်းများက ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း တရားမျှတမှု၊ တန်းတူအခွင့်အရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အားလုံးပါဝင်သော အုပ်ချုပ်မှုစနစ်တို့ကို တောင်းဆိုခဲ့သည်။ ထို့အပြင် ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်သူများကို အရေးယူပေးရန်လည်း အဖွဲ့အစည်းများက AA ကို တောင်းဆိုထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ဆုတောင်းနေကြသော ရိုဟင်ဂျာများ။ (ဓာတ်ပုံ – Mohammed Zonaid)


တိုက်ခိုက်ရေး သက်သက်ဖြင့် တိုင်းပြည်ကို တည်ဆောက်၍ မရနိုင်


AA တပ်ထဲတွင် ရခိုင်ပြည်နယ်၏ လူများစုဖြစ်သော ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများ အဓိကပါဝင်ကြသော်လည်း၊ အင်အားကြီးမားသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် AA သည် ရခိုင်လူမျိုးများအတွက် သာမက ချင်း၊ ရိုဟင်ဂျာ မူဆလင်များနှင့် ကမန် မူဆလင်များ အပါအဝင် ရခိုင်ပြည်နယ်တွင် နေထိုင်သူအားလုံးအတွက် တိုက်ပွဲဝင်နေသည်ဟု ဆိုထားသည်။

AA သည် ထိုကတိကဝတ်ကို ကိုယ်စားပြုသည့်အနေဖြင့် ၂၀၂၄ ခုနှစ် ဧပြီလတွင် ၎င်းတို့၏ မူလ အမည် “ရက္ခိုင့်တပ်တော်” ကို “အာရက္ခတပ်တော်” ဟု အမည် ပြောင်းလဲခဲ့သည်။

လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူ ညီရေး ပြည်တွင်း အဖွဲ့အစည်း အများစုသည် စစ်အာဏာပိုင်တို့၏ ခြိမ်းခြောက်မှု ခံနေရသောကြောင့် ဒုက္ခသည်များကို အကူအညီပေးရာတွင် AA ထိန်းချုပ်နယ်မြေများတွင် လုပ်ကိုင်နေကြရသည်ဟု ပြောသည်။

သို့သော် AA နယ်မြေအတွင်း လုပ်ငန်းဆောင်ရွက်ရာ၌လည်း ကန့်သတ်ချက်များ ရှိနေသည်။ ဥပမာအားဖြင့် ၎င်းတို့၏ ရုံးများကို AA အရာရှိများထံ မှတ်ပုံတင်ရန် လိုအပ်သည်။ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ဖြန့်ဝေခွင့်ရသော်လည်း၊ အကူအညီလက်ခံမည့် သူတို့၏ လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ အကဲဖြတ်နိုင်ရန် စစ်တမ်းကောက်ယူခွင့် မရရှိကြပေ။

“သူတို့ရဲ့ (AA ရဲ့) အနေအထားက အစိုးရလိုဟာမျိုး မဟုတ်၊ စစ်တပ်လို လုပ်ထားတာ။ အဲဒါကြောင့် ဒေတာ ကောက်တာ သူတို့ သိပ်မကြိုက်ဘူး။ အင်ဖော်မေးရှင်း၊ ဒေတာ ပေါက်မှာ စိုးရိမ်လို့” ဟု သူက ပြောသည်။

ဤနယ်မြေများတွင် လုပ်ငန်းဆောင်ရွက်နေသော AA အရာရှိများသည်၊ ကျား/မ တန်းတူညီမျှရေး နှင့် လူ့အဖွဲ့အစည်း စည်းလုံးညီညွတ်ရေးဆိုင်ရာ ကိစ္စရပ်များ တင်ပြခြင်းကို လက်ခံ စဉ်းစားရန်အခြေ အနေ သိပ်မပေးပေ။

မတည်ငြိမ်မှုများကို ဦးတည်စေသော အရပ်ဘက်အဖွဲ့အစည်းများ၏ ချဥ်းကပ်မှုအပြောင်းအလဲကို သည်းခံနိုင်မှုနည်းပါး၊ လုံခြုံရေးပြဿနာ အနည်းဆုံးဖြစ်စေမည့် နည်းလမ်းများဖြင့် သူ့နယ်မြေကို သူတို့ကိုယ်တိုင် စီမံခန့်ခွဲလိုကြသည်ဟု သူက ပြောသည်။

မြေပြင်တွင် အခြေအနေများ ပိုမိုတင်းကျပ်သဖြင့် အထက်အရာရှိများမှ တစ်ဆင့်သာ လုပ်ငန်းများ လုပ်ဆောင်ရကြောင်းလည်း သူက ဆက်ပြောသည်။

ပညာတတ်များက ရန်ကုန် သို့မဟုတ် နိုင်ငံရပ်ခြားသို့ ထွက်ခွာသွားကြပြီး၊ ငွေကြေး မတတ်နိုင်သူများ၊ ပညာအရည်အချင်း အကန့်အသတ်ရှိသူများ၊ အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်လွန်းသူများသာ ရခိုင်တွင် ကျန်ရစ်ခဲ့ကြောင်း ပြောပြခဲ့သည်။

ကျန်ရစ်သူ အများစုမှာလည်း မြန်မာစစ်တပ်ကို မုန်းတီးပြီး AA ၏ ရည်မှန်းချက်ကို ထောက်ခံကြကြောင်း သူက ပြောသည်။

“သူတို့ စစ်တိုက်လို့ နိုင်သွားပြီ။ ဒါပေမယ့် ပြီးတာနဲ့ ဘာလုပ်မလဲဆိုတဲ့ မေးခွန်းက စမေးလာကြပြီ” ဟု လူ့အခွင့်အရေး လှုပ်ရှားသူက ဆိုသည်။

ကျောင်းများတွင် ရခိုင်ဘာသာစကား တစ်မျိုးတည်းဖြင့်သာ သင်ကြားမည်ဆိုပါက ချင်းနှင့် ရိုဟင်ဂျာများက ကန့်ကွက်ကြဖွယ်ရှိသဖြင့် ပညာရေးတွင် ဘာသာစကားနှင့် ပတ်သက်ပြီး အခက်အခဲတစ်ရပ် ဖြစ်လာနိုင်ကြောင်း သူက ပြောခဲ့သည်။

ထို့အပြင် လက်တွေ့ ပါဝင်လုပ်ကိုင်နေကြသော လူအများစုမှာ တိုက်ခိုက်ရေးအတွက်သာ လေ့ကျင့်ထားပြီး၊ အုပ်ချုပ်ရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတို့အတွက် လေ့ကျင့်ထားခြင်းမရှိကြောင်း သူက ထပ်လောင်းပြောကြားသည်။

AA နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့သည် စစ်အနိုင်ရပြီး စစ်ဘက်ဆိုင်ရာ ဖွဲ့စည်းပုံအတိုင်း အထက်မှအောက်သို့ စီမံခန့်ခွဲရသည့် အုပ်ချုပ်ရေးမှူးများ ခန့်အပ်ထားပြီးဖြစ်ကာ၊ လူနည်းစု လူမျိုးများသည် ဆုံးဖြတ်ချက်ချမှတ်ရေးကဏ္ဍတွင် အောက်ခြေအဆင့်မှသာ ပါဝင်နိုင်ကြောင်းလည်း သူက ဆက်ပြောသည်။

“ULA ရဲ့ unified (စုစည်းမှု)က military (စစ်တပ်) လို လုပ်ထားတာ။ အကုန်လုံးက top-down ပေါ့နော်” ဟု သူကပြောသည်။

“ကျွန်တော်က minority rights တွေ (လူနည်းစု အခွင့်အရေးတွေ) ကို ပြန်ကြည့်တော့၊ ULA နဲ့ ပတ်သက်ပြီး သူတို့အတွက် နည်းနည်းတော့ concerned ဖြစ်တယ် (စိုးရိမ်တယ်)” ဟု သူကဆိုသည်။

ULA နှင့် AA ၏ မူဝါဒများ အရဆိုလျှင် အတိအလင်း ခွဲခြားဆက်ဆံမှု မရှိသော်လည်း၊ ပွင့်လင်းမြင်သာရေး၊ နောက်ခံအခြေအနေ ကွာခြားသူတို့၏ မတူညီသော အမြင်များကို လက်ခံနိုင်ရေး၊ အစဉ်အလာ အုပ်ချုပ်ရေးမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ရေးတို့ လိုအပ်နေကြောင်း ပိုမိုထင်ရှားလာသည်ဟု သူက ထောက်ပြသည်။

“Fair ဖြစ်တဲ့ regulation၊ ပေါ်လစီတွေ သူတို့မှာ ရှိသင့်တယ်။ တိုက်ရေးခိုက်ရေး နိုင်တာ တစ်ခုတည်းနဲ့ တိုင်းပြည်က တည်ဆောက်လို့ ရတာ မဟုတ်ဘူးလေ။ လောလောဆယ်တော့ သူတို့ မသိသေးဘူး၊ တချိန်ကျရင်တော့ သူတို့ သိသွားမှာပေါ့လေ။ အဲအချိန်ကျရင် သူတို့တွေ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု သူက ပြောသည်။

အာရကန် အိပ်မက်


လက်ရှိ အခြေအနေနှင့်ပတ်သက်၍ ULA, AA တို့နှင့် ဆက်နွယ်မှုရှိသော ဝါရင့်နိုင်ငံရေးသမား နှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖြစ်သူ ဦးဖေသန်းက ရခိုင်ပြည်နယ်အတွက် အာရကန်အိပ်မက်မှာ ယခင်ကထက် ပိုမိုနီးကပ်လာကြောင်း ပြောသည်။

ယခု ရခိုင်ပြည်နယ်ဟု လူသိများသည့် အာရကန်ဒေသကို သီးခြား ဘုရင့်နိုင်ငံတော်အဖြစ် ရခိုင်တို့က ရာစုနှစ်များစွာ အုပ်ချုပ်ခဲ့သည်။ ၁၇၈၄ ခုနှစ်တွင် အိမ်နီးချင်း ဗမာ ဘုရင့်နိုင်ငံက အာရကန်ဒေသကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းတွင် ရခိုင်လူမျိုးများသည် အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်ခါမှ မရရှိတော့ဘဲ၊ ဗြိတိသျှ ကိုလိုနီခေတ်၊ ဂျပန်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည့်အချိန်နှင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ကာလပတ်လုံး မြန်မာ (သို့မဟုတ် ဗမာ) ၏ အစိတ်အပိုင်းအဖြစ် တည်ရှိခဲ့သည်။

ယခင်ကလည်း အာရကန်ဒေသကို လွတ်မြောက်စေကာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်မည့် ရည်မှန်းချက်အတွက် ရခိုင်ပါတီများနှင့် ရခိုင် လက်နက်ကိုင်အဖွဲ့ တချို့က ကြိုးပမ်းခဲ့ကြသော်လည်း၊ ULA/AA ၏ ယခုအောင်မြင်မှုလောက် ရည်မှန်းချက်နှင့် နီးစပ်ခဲ့ခြင်းမျိုး မရှိခဲ့ဟု ဦးဖေသန်းက ပြောသည်။

“ULA ပေါ်ပေါက်လာခဲ့တယ်။ ပြီးတော့ တနှစ်အတွင်းမှာ စစ်ရေးဟာ အံ့မခန်းလောက်အောင်ကို အောင်မြင်မှု ရခဲ့တယ်။ အဲဒါကြောင့်လည်းပဲ၊ အာရက္ခတပ်တော် AA ကို ပြည်သူတွေအများကြီးက အားပေးတယ်၊ ယုံကြည်တယ်၊ ထောက်ခံကြတယ်” ဟု သူက ပြောသည်။

“အဲဒါကြောင့် အာရကန်အိပ်မက် နီးပြီလား မေးရင် အရင်ကထက် အများကြီး နီးစပ်လာပြီလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆို အာရက္ခတပ်တော် အပေါ်မှာ ရခိုင်ပြည်သူတွေ အများကြီး အားကိုး ယုံကြည်မှု ရှိလို့”

ဆုံးရှုံးသွားခဲ့သော အရာများကို AA က ပြန်လည်ရယူနိုင်လိမ့်မည်ဟု ရခိုင်များက ယုံကြည်ကြကြောင်းလည်း သူက ထပ်လောင်းပြောကြားသည်။

သို့သော် ပြန်လည်ရယူနိုင်လိမ့်မည် ဆိုခြင်းမှာ အချုပ်အခြာအာဏာပိုင် နိုင်ငံသစ်တစ်ခု တည်ထောင်ခြင်းလား၊ သို့မဟုတ် မြန်မာမှ ကျန်ဒေသများနှင့် ကွန်ဖက်ဒရေးရှင်း ဖွဲ့စည်းခြင်းလား၊ သို့မဟုတ် နိုင်ငံအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိခြင်းလား သို့မဟုတ် အခြားစီစဉ်မှုတစ်ခုခုလား ဆိုသည်ကိုမူ သူက သီးခြား ရှင်းပြခြင်း မရှိပေ။

ပြည်နယ်အတွင်း လူနည်းစု လူ့အခွင့်အရေးကိစ္စများနှင့် ပတ်သက်၍ မေးမြန်းသောအခါ ဦးဖေသန်းက ရခိုင်နှင့် အခြားအုပ်စုများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ မူဆလင်များအကြား တင်းမာမှုနှင့် ပဋိပက္ခများကို ပြောပြသည်။

လွန်ခဲ့သောနှစ်အတွင်း မြန်မာစစ်တပ်၏ စစ်သားသစ် အတင်းအကြပ် စုဆောင်းရေးကို ကူညီကာ၊ စစ်တပ်ဘက်မှ ကူညီတိုက်ခိုက်ပေးသော ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့များ ပေါ်ထွက်လာခြင်းသည် လူမှုအသိုင်းအဝိုင်းအကြား ပဋိပက္ခကို ပိုမိုဆိုးရွားစေခဲ့သည်။

စစ်တပ်ဘက်မှနေ၍ တိုက်ခိုက်နေရသော ရိုဟင်ဂျာအများစုမှာ မူလက ဖမ်းဆီးခံရပြီး အတင်းအကျပ် တပ်သားသစ် စုဆောင်းခံရသူများဖြစ်သည်၊ စစ်ကောင်စီက ရခိုင်ပြည်နယ်တွင် လူမျိုးရေး တင်းမာမှုဖြစ်လာအောင် တမင်တကာ လှုံ့ဆော်ရန် ရိုဟင်ဂျာအမျိုးသားများကို အတင်းအကျပ် တပ်သားသစ် စုဆောင်းခဲ့ခြင်းဖြစ်သည်။

စစ်တပ်က ထိုသို့ လုပ်ဆောင်ခြင်းသည် ယခင်ကတည်းက ပျက်ပြားနေခဲ့သော ယုံကြည်မှု ပိုမိုနက်ရှိုင်းစွာ ပျက်စီးသွားစေကြောင်း ဦးဖေသန်းက စစ်တပ်နှင့်ပူးပေါင်းလျက်ရှိသော လက်နက်ကိုင်အဖွဲ့များကို ရည်ညွှန်း၍ ပြောသည်။

AA သည် တန်းတူအခွင့်အရေးနှင့် နိုင်ငံသားဖြစ်ခွင့်ကို အာမခံရန် ဦးစားပေးကြောင်း ဦးဖေသန်းက အခိုင်အမာ ပြောဆိုသော်လည်း၊ AA သည် ရခိုင်ပြည်နယ်ရှိ လူမျိုးရေး ပဋိပက္ခကို အလွန်အမင်း စိုး ရိမ်ဖွယ် ပုံရိပ်အဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းက ဘက်လိုက်ပြီး ပုံဖော်နေသည့် စိန်ခေါ်မှုကို ရင် ဆိုင်နေရသည်ဟု သူက ဆိုသည်။

“ရခိုင်နဲ့ မူဆလင်တွေကို ယှဉ်ပြီးတော့ ကိုင်တွယ်တဲ့အခါ၊ အာရက္ခတပ်တော်အနေနဲ့ မူဆလင်တွေကို ပိုပြီး ပျော့ပျော့ပြောင်းပြောင်းနဲ့ ဆက်ဆံတယ်၊ ဘာလို့လဲဆိုတော့ အဲဒီလို ပဋိပက္ခတွေ မဖြစ်စေချင်လို့” ဟု သူက ပြောသည်။

ULA/AA နှင့် ညှိနှိုင်းဆောင်ရွက်နေသော လူနည်းစု အဖွဲ့များသည် မှန်ကန်သောလမ်းကြောင်းပေါ်တွင် ရှိသော်လည်း၊ အချို့က စစ်ကောင်စီ ဘက်သို့ ပါသွားပြီး AA ကို တိုက်ခိုက်ရန် လက်နက်ကိုင်တိုက်ပွဲဝင်နေခြင်းမှာ စိုးရိမ်ဖွယ် ဖြစ်ကြောင်းလည်း ဦးဖေသန်းက ပြောသည်။

“သူတို့အနေနဲ့ AA ကို တိုက်ခိုက်ဖို့ စစ်တပ်ကို ရွေးချယ်ရင်တော့၊ သူတို့အနေနဲ့ AAကို ရန်သူအဖြစ်သတ်မှတ်လိုက်တာပဲ” ဟု သူက ပြောခဲ့သော်လည်း၊ နောက်ပိုင်းတွင် ရခိုင်ပြည်နယ် လုံးဝလွတ်မြောက်သောအခါတွင် မူဆလင်များသည်လည်း ရခိုင်လူမျိုးများကဲ့သို့ လွတ်မြောက်ကြမည်ဟု သူက ဖြည့်စွက် ပြောသည်။

“အာရက္ခတပ်တော် အနေနဲ့ အာရကန်အိပ်မက်ကို ဖော်ဆောင်နေတဲ့အခါမှာ ညီတူ ညီမျှ အကုန်လုံး ဝိုင်းဝန်းပြီး ဖော်ဆောင်ခြင်းအားဖြင့် ရခိုင်နဲ့ သူတို့ကြားမှာ ဆက်ဆံရေး ကောင်းမွန်လာမယ်။ ပြီးတော့ တကယ့်ကို အကျိုးရလဒ်ကောင်းတွေလည်း ပေါ်ထွက်လာလိမ့်မယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ ရခိုင်တွေကို စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်တာမျိုး မလုပ်ဘဲနဲ့၊ မူဆလင်ခေါင်းဆောင်တွေ အနေနဲ့ ရပိုင်ခွင့်တွေအတွက် ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် အကောင်းဆုံးလို့ ဆိုချင်ပါတယ်” ဟု သူက ပြောသည်။
၂၀၂၁ ခုနှစ် ဇူလိုင်လက ရိုက်ကူးထားသော ဓာတ်ပုံတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ Baw Du Pha ဒုက္ခသည် စခန်း၌ ၎င်းတို့၏ ယာယီတဲများအနီး စုဝေးနေကြသော ရိုဟင်ဂျာများကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ – AFP/STR)

ရှေ့ဆက်ရမည့် လမ်းနှင့် သတိထားရန် လိုအပ်ချက်များ

ဝါရင့် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ David Mathieson က နိုင်ငံ၏ သမိုင်းတွင် မကြုံစဖူးသော AA ၏ စစ်ရေးအောင်မြင်မှုများကြောင့် ရခိုင်ဒေသသည် ထူးခြားသော နိုင်ငံရေး အနေအထားသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ပြောသည်။

၂၀၂၃ နိုဝင်ဘာလ နှောင်းပိုင်းတွင် AA ၏ ထိုးစစ် ပြန်လည် စတင်ခဲ့ချိန်မှ စ၍ AA သည် မြို့နယ်အဆင့် အုပ်ချုပ်ရေး ဌာနများမှ အင်အားစုများကို သာမက ပြည်နယ်တဝန်း စစ်ကောင်စီ စစ်တပ်၏ စစ်ဆင်ရေးစခန်းအများစုကိုပါ ရှင်းလင်းနိုင်ခဲ့သည့် ကြီးကြီးမားမား အောင်မြင်မှုများ ရရှိခဲ့သည်။

AAသည် ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသော ၂၇၁ ကီလိုမီတာ ရှည်လျားသည့် နယ်စပ်ဒေသကိုအပြည့် အဝ ထိန်းချုပ်နိုင်ခဲ့ပြီး၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ ယခုအခါ ရခိုင်ပြည်နယ် မြို့တော် စစ်တွေ၊ ရေနက်ဆိပ်ကမ်းမြို့ ကျောက်ဖြူနှင့် ကျွန်းမြို့နယ် မာန်အောင်မှလွဲ၍ ရခိုင်ပြည်နယ်၏ ဒေသ အများစုကို AA က ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။

ဤအောင်မြင်မှုများကြောင့် ရခိုင်ဗုဒ္ဓဘာသာ အများစုက အောင်ပွဲခံ ဝမ်းမြောက် နေကြချိန်တွင် နိုင်ငံမဲ့ဖြစ်နေသော လူနည်းစု ရိုဟင်ဂျာများအတွက် မေးခွန်းမှာ AA က မည်သို့ အုပ်ချုပ်မည်နည်း ဆိုသောမေးခွန်းဖြစ်သည်။

ရိုဟင်ဂျာ တစ်သန်းနီးပါးသည် ၂၀၁၇ ခုနှစ်မှ စ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည် စခန်းများတွင် နေထိုင် နေကြရပြီး၊ ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်း မောင်တောမြို့နယ်၌ အကြမ်းဖက်မှု ထပ်မံ ဖြစ်ပွားခဲ့စဉ်က နောက်ထပ် ရိုဟင်ဂျာ ၆၀,၀၀၀ ခန့် ဒုက္ခသည် စခန်းများသို့ ထွက်ပြေးခဲ့ကြသည်။

ရိုဟင်ဂျာ တစ်သန်းကျော်ကို ရခိုင်ပြည်နယ်သို့ ပြန်လည်နေရာချထားရေး ကိစ္စကို ဆွေးနွေးရာတွင် Mathieson က ထိုရည်မှန်းချက်၏ အရေးပါမှုကို အသိအမှတ်ပြုသော်လည်း၊ ရှုပ်ထွေးမှုများစွာ ရှိနေကြောင်း ထောက်ပြခဲ့ပြီး၊ ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေသော ရိုဟင်ဂျာများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ လူ့အခွင့်အရေး၊ လွတ်လပ်စွာ သွားလာခွင့်၊ အကာအကွယ်ပေးရေးတို့ကို ဦးစားပေးသင့်ကြောင်း သူက ပြောခဲ့သည်။

ရိုဟင်ဂျာများအား ပြန်လည်နေရာချထားရေး ကြိုးပမ်းမှုများတွင် အကြီးမားဆုံး အခက်အခဲမှာ AA ကို ရန်လိုနေသော၊ မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နေသော ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ၏ အင်အား တိုးပွားလာခြင်းပင် ဖြစ်သည်။

ထို ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့များ – အထူးသဖြင့် ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO)၊ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) နှင့် အာရကန် ရိုဟင်ဂျာ တပ်မတော် (ARA) တို့သည် ဒုက္ခသည်စခန်းများတွင် အကြမ်းဖက်စစ်ပွဲများ ဆင်နွှဲခြင်း၊ ဒုက္ခသည်များကို နှောင့်ယှက် ခြိမ်းခြောက် ငွေညှစ်ခြင်း၊ လူငယ်များကို ဖမ်းဆီး၍ မြန်မာစစ်တပ်ဘက်မှ တိုက်ခိုက်ပေးရန် အတင်း အကျပ် စစ်သားစုဆောင်းခြင်းတို့ကြောင့် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်တွင် နာမည်ဆိုးများဖြင့် လူသိများလာခဲ့ကြသည်။

“AA က ရိုဟင်ဂျာတွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်တယ်လို့ ပြောနေကြပါတယ်၊ ဒါပေမယ့် အဲဒါက RSO, ARSA နဲ့ ARA တို့ မြန်မာစစ်တပ်ဘက် ရပ်တည်နေတဲ့ အရှိတရားကို ဖုံးကွယ်စေပါတယ်” ဟု Mathieson က ပြောသည်။

AA အဖွဲ့ဝင် တချို့သည် ရိုဟင်ဂျာနှင့် အခြား အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြောင်းနှင့် ဆက်လက်ကျူးလွန်နေကြောင်း ယုံကြည်ရလောက်သော အထောက်အထားများက ညွှန်ပြနေသည်။

သို့ရာတွင် ထိုအချက်ကို ထည့်သွင်းစဉ်းစားလျှင်ပင် ရိုဟင်ဂျာများ အပေါ် အကြီးမားဆုံး အန္တရာယ်ပေးနိုင်သူများမှာ ထိုရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့များ ဖြစ်သည်၊ ၎င်းတို့ကြောင့် ရိုဟင်ဂျာအသိုင်း အဝိုင်းမှာ လက်တုံ့ပြန်မှုများ ခံကြရပြီး၊ AA နှင့် မြန်မာ စစ်တပ်တို့၏ ရခိုင်ပြည်နယ် ထိန်းချုပ်နိုင်ရေး တိုက်ပွဲများကြားတွင် မြေစာပင်များ ဖြစ်ကြရသည်ဟု Mathieson က သုံးသပ်သည်။

“စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေက AA လောက်၊ ဒါမှမဟုတ် AA ထက်တောင် ပိုပြီး ရိုဟင်ဂျာတွေအပေါ် ခြိမ်းခြောက်မှု ဖြစ်စေတယ်ဆိုတာကို ထည့်သွင်းစဉ်းစားဖို့ အရေး ကြီးပါတယ်” ဟု သူက ပြောသည်။

ဒါကာရှိ ဘင်္ဂလားဒေ့ရှ်အစိုးရသည် ကော့ဘဇားစခန်းများမှ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးကို အလေးပေးခဲ့သည်။ သို့သော်လည်း မြန်မာစစ်တပ်နှင့် ပူးပေါင်းလျက်ရှိသော ရိုဟင်ဂျာအဖွဲ့များ လက်နက်တပ်ဆင်ရေး၊ ထိုအဖွဲ့များ ရပ်တည် လည်ပတ်နိုင်ရေးတို့အတွက် ဘင်္ဂလားဒေ့ရှ် လုံခြုံရေး တပ်ဖွဲ့များက ပံ့ပိုးပေးခဲ့သဖြင့် ၎င်းရိုဟင်ဂျာအဖွဲ့များ ပေါ်ထွက်လာခြင်း၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအတွက် ခြိမ်းခြောက်မှု ဖြစ်လာခြင်းတို့နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် လုံခြုံရေး တပ်ဖွဲ့များတွင်လည်း တာဝန်တစိတ်တပိုင်း ရှိနေသည်။

“ဒီ စစ်သွေးကြွ အဖွဲ့တွေက AA ကို ဆက်တိုက်ခိုက်နေပြီး ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံလို့ ရနေမယ်ဆိုရင် လာမယ့် နှစ်တွေမှာ (ရိုဟင်ဂျာတွေကို) ဘေးကင်းလုံခြုံပြီး လူ့ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ပို့ရေးကို ထိ ခိုက်စေနိုင်ပါတယ်” ဟု သူက ထပ်လောင်း ပြောကြားခဲ့သည်။

“ပြီးတော့ ဘင်္ဂလားဒေ့ရှ်နဲ့ AA အုပ်ချုပ်မှုပိုင်းဆိုင်ရာအကြား ကုန်သွယ်ရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီဆိုင်ရာ ဆက်သွယ်မှုတွေကိုလည်း ထိခိုက် စေနိုင်ပါတယ်”

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည်လည်း ကျောင်းသားများ ဦးဆောင်သော လူထု လှုပ်ရှားမှုကြောင့် ရှိတ်ဟာစီနာ၏ ဒုတိယအကြိမ်၊ ၁၅ နှစ်ကြာ ဝန်ကြီးချုပ်သက်တမ်း ၂၀၂၄ သြဂုတ်လတွင် အဆုံးသတ်သွားပြီးနောက် မကြုံစဖူး နိုင်ငံရေးအခြေအနေကို ရင်ဆိုင်နေရသည်။

နိုဘယ်ဆုရှင် ပါမောက္ခ မိုဟာမက်ယူနွတ်စ် ဦးဆောင်သော ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရသစ်က ရိုဟင်ဂျာ ဒုက္ခသည်များဘက်က ထောက်ခံရပ်တည်ကြောင်း၊ ၎င်းတို့အား ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ရေး ရည်မှန်းချက်ကိုလည်း ထောက်ခံကြောင်း အများပြည်သူရှေ့မှောက်တွင် ထုတ်ဖော်ပြော ဆို ထားသည်။

ဒီဇင်ဘာလအတွင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြုလုပ်ခဲ့သော အိမ်နီးချင်းနိုင်ငံများနှင့် ထိပ်သီး အစည်းအဝေးတစ်ခုတွင် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ၏ နိုင်ငံခြားရေး အကြံပေး Md. Touhid Hossain က ရိုဟင်ဂျာများကို နေရပ် ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် ပြည့်စုံသော လမ်းပြမြေပုံ ရေးဆွဲရန်၊ အရှေ့တောင်အာရှ နိုင်ငံများ အသင်း (ASEAN) ကဲ့သို့သော အဓိက သက်ဆိုင်သူများ အနေဖြင့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးတို့တွင် တက်ကြွစွာ ပါဝင်ပေးရန် တောင်းဆိုခဲ့သည်။

သို့ရာတွင် နေရပ်ပြန်ပို့နိုင်ရေးအတွက် ပိုမိုရှုပ်ထွေးစေသည့်အချက်မှာ ဘင်္ဂလားဒေ့ရှ်သည် AA ၏ လွှမ်းမိုးနိုင်စွမ်းကို အသိအမှတ်ပြုခဲ့သော်လည်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေဖြင့် နိုင်ငံတော်မဟုတ်သော အဖွဲ့အစည်းများနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံ၍ မရနိုင်ကြောင်း သူက ပြောခဲ့ခြင်းပင်။

လေ့လာသုံးသပ်သူ Mathieson ၏ အမြင်တွင်မူ ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို သံတမန်ရေး ဆွေးနွေးမှုတွင် ပါဝင်စေခြင်းအားဖြင့် ဘင်္ဂလားဒေ့ရှ်က ဦးဆောင်မှု ပြသနိုင်သည့် အနေအထားတွင် ရှိကြောင်း သူက ရှုမြင်သည်။

ဤအချက်သည် အထူးသဖြင့် မြန်မာစစ်တပ်က နယ်မြေစိုးမိုးမှု လုံးဝ ဆုံးရှုံးသွားသည့် ကိစ္စရပ်များအတွက် မှန်ကန်ပါသည်။ ထိုအခါမျိုးတွင် လက်တွေ့အာဏာသည် AA/ULA ကဲ့သို့သော အဖွဲ့များ သို့မဟုတ် ချင်းပြည်နယ်တွင် လှုပ်ရှားနေသော ချင်း မဟာမိတ်ညွန့်ပေါင်း အဖွဲ့တစ်ခုဖြစ်သည့် ချင်းညီနောင်ကဲ့သို့ အဖွဲ့များ လက်ထဲသို့ ရောက်ရှိသွားမည် ဖြစ်သည်။

“တရားမဝင် မြန်မာ စစ်တပ်နိုင်ငံတော်ဟာ သူ့ရဲ့ အချုပ်အခြာအာဏာကို ဆုံးရှုံးနေပြီဆိုတဲ့ အရှိ တ ရားကို ကမ္ဘာက အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်” ဟု သူက ပြောသည်။

AA သည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ကုန်သွယ်ရေး သဘောတူညီချက်များ ရယူရန် ရည်ရွယ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး၊ စစ်ပွဲဒဏ်ခံနေရသော ရခိုင်ပြည်နယ်မှ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးကြရန်လည်း နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုထားသည်။

AA က ဒီဇင်ဘာ ၂၉ ရက်နေ့ ရက်စွဲတပ် ကြေညာချက်တစ်စောင်တွင် “အာရကန် ဒေသအတွင်းရှိ လူမျိုးစု အားလုံး လွတ်မြောက်ရေး” အတွက် လုပ်ဆောင်သွားမည်ဟု ကတိပြုထားသည်။

Mathieson က “ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ဖို့နဲ့ အားလုံးပါဝင်နိုင်ဖို့ကို AA က တော်တော်လေး ထောက်ခံပြောဆိုလေ့ရှိပေမယ့်၊ အရှိတရားဟာ AA ရဲ့ ထုတ်ပြန်ကြေညာချက်တွေထဲမှာ မဟုတ်ဘဲ လက်တွေ့မြေပြင်မှာပဲ စမ်းသပ်စစ်ဆေးခံရမှာပါ ” ဟု ပြောသည်။

ရခိုင်နှင့် ရိုဟင်ဂျာ အသိုင်းအဝိုင်းများအကြား နှစ်ပေါင်းများစွာ ယုံကြည်မှုပျက်ယွင်းနေခဲ့ခြင်းသည်၊ AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည် အနာဂတ်အတွက် မသေချာ မရေရာမှုများ ဖြစ်ပေါ်စေကြောင်း Mathieson က ပြောသည်။ သို့သော်လည်း၊ AA သည် ရိုဟင်ဂျာများ၏ အခွင့်အရေးကို မနှစ်မြို့သည့်တိုင်အောင် ဒေသတည်ငြိမ်ရေးနှင့် အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အသိအမှတ်ပြုပေးနိုင်သေးသည်ဟု သူက ယူဆသည်။

တည်ငြိမ်သော ရခိုင်ပြည်တစ်ခု ပြန်လည်တည်ဆောက်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းသည် AA လိုအပ်သည့် အထောက်အပံ့မျိုးပေးရန် အာရုံစိုက်လာနိုင်ကြောင်း Mathieson က ပြောခဲ့ပြီး၊ ထိုအနေအထားမျိုးတွင် AA အနေဖြင့် ရိုဟင်ဂျာများအပေါ် တိုက်ခိုက်မည်ဆိုပါက နိုင်ငံတကာ အကူ အညီ ရရှိရေး ခက်ခဲသွားမည်ဖြစ်ကာ၊ ထိုသို့ဆိုလျှင် AA သည် တရုတ်လွှမ်းမိုးမှုကို ပို၍ လက်ခံလာရဖွယ် ဖြစ်သွားနိုင်ကာ ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေးလည်း ပိုမို ရှုပ်ထွေးသွားနိုင်သည်။

“ရခိုင်မှာ လူမှုအသိုင်းအဝိုင်း အားလုံးကို ကူညီဖို့အတွက် လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့လမ်းကြောင်းတွေ ထူထောင်နိုင်ဖို့အတွက် အနောက်နိုင်ငံတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်း ပိုမိုတက်ကြွစွာ ပူးပေါင်း ဆောင်ရွက်သင့်ပါတယ်” ဟု သူက ပြောသည်။

ခါးသီးဖွယ် လက်နက်ကိုင် ပဋိပက္ခကြီး ပြီးဆုံးသွားသည့်အခါ အပြုသဘောဆက်ဆံရေးများ ပြန်လည်တည်ဆောက်ရေးတွင်လည်း အခက်အခဲများ ရှိမည်မှာ သေချာသည်ဟု သူက ဆိုသည်။

“(ရခိုင်ဒေသ လူမှု)အသိုင်းအဝိုင်းတွေဟာ ပြန်လည်တည်ဆောက်ရေးနဲ့ စီးပွားရေး ပြန်လည် ထူ ထောင်နိုင်ဖို့ အတွက် တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် လိုအပ်နေကြတာပါ။ ပြီးတော့ အဲဒီလို ပူးပေါင်းဆောင်ရွက်မှုမျိုးက အခုကိုပဲ လိုအပ်နေပါတယ်” ဟု Mathieson က ပြောလိုက်သည်။  
 
Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */