Sunday, December 22, 2024

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် ( အခန်းဆက် ပေါင်းချုပ် )

ဧရာဝတီ
ဉာဏ်သစ်
17 November 2024

တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး (ကကလှမ်း) အကြောင်း သတင်းများစွာ ထွက်လာသော်လည်း တခုကမျှ ဗမာ့ လူ့ဘောင်၏ ကဏ္ဍ အသီးသီးသို့ ဤ အဖွဲ့အစည်း၏ သြဇာ ပျံ့နှံ့ပုံကို သရုပ်မဖော်နိုင်ပေ။

မည်သည့် နိုင်ငံခြားသားကမျှ ကကလှမ်း၏ ဖွဲ့စည်းပုံ အပြည့်အစုံကို မသိကြပေ။ အကြောင်းမှာ ယင်း၏ သဘာဝအရ ယင်း၏ လှုပ်ရှားမှု အများစုကို လျှို့ဝှက်ထားခြင်းကြောင့် ဖြစ်သည်။

 

“တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး (ကကလှမ်း) ၏ဗမာပြည်တွင် သြဇာ သက်ရောက်မှု”
အမေရိကန် ကြည်းတပ် ထောက်လှမ်းရေး နှင့်လုံခြုံရေး ကောင်စီ (INSCOM)

၁၉၇၃၊ ဇန်နဝါရီလ ၁၂ ရက်


လက်နက်ကိုင် တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့၊ နယ်ဘက် ဌာနများ အတွင်းရှိ ဌာနခွဲ အမျိုးမျိုးနှင့် စုံစမ်း စစ်ဆေးရေးတပ် အမျိုးမျိုးတို့ ပါဝင်သည့် ကြီးမားထွေပြားသည့် အလွှာအဆင့်ဆင့် ရှိသည့် စနစ်ကြီးကို ဖြစ်ထွန်းစေနိုင်သောကြောင့်သာ ဤအဆင့်မြင့် အနေအထားသို့ ရောက်ရှိကာ ဤသို့ လှုပ်ရှားနိုင်လာရပေသည်။

ယင်းတို့ အားလုံးကို လွှမ်းမိုးထားသည်မှာ စစ်ထောက်လှမ်းရေး အဖွဲ့အစည်း ဖြစ်သည်။

စစ်ထောက်လှမ်းရေး အဖွဲ့အစည်း

၁၉၈၃ ခုနှစ်တွင် (ဦး) ခင်ညွန့်ကို စီအိုင် (ထောက်လှမ်းရေးမှူးချုပ်) အဖြစ် ခန့်အပ်စဉ်က ဦးဆောင် အဖွဲ့မှာ စစ်ထောက်လှမ်းရေး (MIS) ဟု လူသိများသည့် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး (ကကလှမ်း) ဖြစ်သည်။

ယင်းသည် စစ်ထောက်လှမ်းရေး အဖွဲ့အစည်းများ၏ သမားရိုးကျ တာဝန် အားလုံးကိုသာ ထမ်းဆောင်နေခဲ့သော်လည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လိုလားသည့် ပုန်ကန်မှု နောက်ပိုင်းတွင် ယင်း၏ အရွယ် အ စား၊ လျှို့ဝှက် နက်နဲမှု၊ ပိုင်နက် နယ်ပယ် တို့မှာ ဗြုန်းခနဲ တိုးတက်လာခဲ့သည်။

စစ်အစိုးရကို ကာကွယ်သည့် တာဝန်ကိုလည်း ပို၍ယူလာသည်။

ခင်ညွန့်၏ သစ္စာတော်ခံ အလယ်အလတ်တန်း အရာရှိ ၂၃ ဦးက ရန်ကုန် ကကလှမ်း ဌာနချုပ်ကို စီမံခန့်ခွဲနေကြသည်။

ယင်းကို တိုက်ပွဲဝင် ထောက်လှမ်းရေး၊ တန်ပြန် ထောက်လှမ်းရေး၊ နိုင်ငံခြား ထောက်လှမ်းရေး၊ မူးယစ်နှိမ်နင်းရေး၊ ရေတပ်၊ လေတပ် စသဖြင့် ဌာန ၉ ခုဖြင့် ဖွဲ့စည်းထားသည်။

မြန်မာနိုင်ငံမှ စာရင်းအင်း ဟူသမျှကို သတိထား ကိုင်တွယ်ရမည် ဖြစ်သော်လည်း အထွတ်အထိပ်၌ ရောက်နေသည့် အချိန်က ကကလှမ်း၏ အင်အားမှာ ၂၀၀၀ ခန့် ရှိကြောင်း ပေါ်လွင်သည်။

ထိုစဉ်က (၁၉၈၈ ခုနှစ်) တိုင်းစစ်ဌာနချုပ် ၁၂ ခုသို့ တွဲဖက်ထားသည့် တပ်ခွဲများ ရှိသည့်ပြင်စစ်ထောက် လှမ်းရေး တပ်စိတ် ၂၇ ခုကလည်း နိုင်ငံ အနှံ့တွင် ရှိနေခဲ့သည်။

ယင်းအဆင့်ရှိ တပ်များကို အမ်အိုင် (MI) – ၁၊ အမ်အိုင် – ၂၊ အမ်အိုင် – ၃ စသဖြင့် အမှတ်စဉ် ထိုးထားသော်လည်း ကံမကောင်း ဟု ယူဆကြသည့် ၁၃ ဂဏန်းကိုမူ မသုံးခဲ့ပေ။

ရန်ကုန်ကဲ့သို့ လူနေထူထပ်သော နေရာများတွင် မြို့နယ်အဆင့် ရုံးငယ်များ ရှိတတ်သည်။

တပ်မတော်၏ တပ်ဖွဲ့ ၃ ခုအတွင်းရှိ ထောက်လှမ်းရေး အရာရှိများ၏ အဆင့်အတန်းမှာ မရှင်းလင်းချေ။

တပ်မတော် (ကြည်း) အတွက် ဆိုလျှင် ထောက်လှမ်းရေး စစ်သည်များမှာ ကကလှမ်းကို တိုးချဲ့ထားခြင်းသာ ဖြစ်သည်။ ကြည်းတပ်ရင်းများမှ သင့်တော်သည့် စစ်သားများကို ဖော်ထုတ်ကာ ရွှေ့ပြောင်းလိုက်သည်။

ရန်ကုန်ရှိ ကကလှမ်း၏ ပင်မ လေ့ကျင့်ရေး ဌာနတွင် သင်တန်းတခု သို့မဟုတ် ပို၍ တက်ပြီးနောက် ထောက်လှမ်းရေး တပ်ရင်း၊ တပ်ခွဲများသို့ ပို့ကာ “နိုင်ငံရေး” နှင့် တန်ပြန် ထောက်လှမ်းရေး တာဝန်များကို ထမ်းဆောင်စေသည်။

တပ်မတော် လေ့ကျင့်ရေးနှင့် ဦးစီးဆိုင်ရာ လက်စွဲဆိုင်ရာ စာအုပ်များအရ ထိုအချိန်ပိုင်း အတွင်းက စစ်တိုင်းများသို့ တွဲဖက်ထားသည့် (ဗိုလ်မှူး ဦးစီး) ထောက်လှမ်းရေး တပ်များ ရှိခဲ့သည်။

ကွပ်ကဲမှု အဆင်ပြေစေရေး အတွက် ၁၉၉၂ ခုနှစ်မှ စတင် ဖွဲ့စည်းခဲ့သည့် ဒကစ (ဒေသ ကွပ်ကဲမှု စစ် ဌာနချုပ်) များတွင် ထောက်လှမ်းရေး တပ်စိတ်များ တွဲဖက်ထားသည်။

ပင်မ တိုက်ခိုက်ရေး တပ်ဖွဲ့များ ဖြစ်သည့် ၁၉၉၅ ခုနှစ်မှ စတင် ဖွဲ့စည်းခဲ့သည့် စကခ (စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်) များနှင့် တမခ (တပ်မ ဌာနချုပ်) ၁၀ ခု တို့တွင် ထောက်လှမ်းရေး တပ်များ ရှိကာ ဗိုလ်ကြီး သို့မဟုတ် ဗိုလ် က ကွပ်ကဲ ကြသည်။

ခြေလျင်၊ ခြေမြန် တပ်ရင်းများတွင် အင်အားပြည့်ပါက ၁၀ ဦးအထိ ရှိသည့် ထောက်လှမ်းရေး တပ်စိတ်များ ရှိကြသည်။ စစ်သည်များတွင် အနိမ့်ဆုံး အဆင့်မှာ တပ်ကြပ် ဖြစ်သည်။

မြန်မာ့ တပ်မတော် (ရေ) နှင့် မြန်မာ့ တပ်မတော် (လေ) တို့တွင်လည်း ထောက်လှမ်းရေး တပ် အနည်း ငယ် ရှိသည်။

ရေတပ်၏ ပင်မ ထောက်လှမ်းရေး ဌာနမှာ ရေတပ် ဌာနချုပ် တည်ရာ ရန်ကုန်တွင် ရှိသော်လည်း နယ် မြေအလိုက် ရေတပ် စခန်း ဌာနချုပ် ၅ ခုသို့ စစ်သည်များကို စေလွှတ်ထားသည်။

ထိုအချိန်ပိုင်း အတွင်းကမူ ယင်းတို့သည် မြန်မာနိုင်ငံ၏ ရှည်လျားလှသည့် ဘင်္ဂလား ပင်လယ်အော် နှင့် ကပ္ပလီ ပင်လယ်ပြင် ကမ်းရိုးတန်းကို စောင့်ကြည့် စစ်ဆေးရသည့် ရေတပ်နှင့် သက်ဆိုင်သည့် နည်း ဗျူ ဟာနှင့် စစ်ဆင်ရေး အဆင့် ထောက်လှမ်းရေး တို့ကိုသာ အဓိက ဆောင်ရွက်ခဲ့ရသည်။

လေတပ် ထောက်လှမ်းရေး အရာရှိများမှာ မင်္ဂလာဒုံ လေဆိပ်နှင့် မိတ္ထီလာ၊ ရှမ်းတဲ စသော အဓိက လေတပ်စခန်း ဌာနချုပ် များတွင်သာ တာဝန် ချထားခံရတတ်သည်။ ယင်းတို့ကို ရေတို တာဝန်များကိုသာ ပေးအပ်မည် ဖြစ်၏။

ယင်းတာဝန်တို့မှာ လူမျိုးစု လက်နက်ကိုင် တပ်များ၊ မူးယစ်စစ်ဘုရင် တပ်များကို တိုက်ခိုက်သည့် မြေပြင် စစ်ဆင်ရေး များတွင် လေကြောင်း အကူပေးရန် ဆိုသော ထိုအချိန်က လေတပ်၏ ပင်မ တာဝန်နှင့်သာ သက်ဆိုင်လိမ့်မည်။

လေတပ် ထောက်လှမ်းရေး အရာရှိများသည် ကောင်းကင် ဓာတ်ပုံများကို အနက်ဖွင့်ရာတွင်လည်း ထောက်ကူရသည်ဟု ယူဆသည်။

ကြည်းတပ် နည်းတူ ရေတပ် နှင့် လေတပ် တို့မှ ထောက်လှမ်းရေး တပ်များသည်လည်း ယင်းတို့၏ ဦးစီး ချုပ်များ အစား ကကလှမ်း ကို တာဝန်ခံရသည်။

ထို့ပြင် ၁၉၈၃ ခုနှစ် မတိုင်မီ နှင့် ၁၉၉၂ ခုနှစ် နောက်ပိုင်း တို့တွင် ရှေ့တန်း ထောက်လှမ်းရေး စစ်သည်များသည် စစ်တပ်၏ သာမန် ကွပ်ကဲမှု အဆင့်ဆင့်ကို ရှောင်လွှဲကာ ကကလှမ်း ဌာနချုပ် သို့သာ တိုက်ရိုက် တင်ပြကြရသည်။

ကကလှမ်း၏ အမြင့်ဆုံး ဦးစားပေးမှာ ၁၉၈၈ ခုနှစ်တွင် စတင် ဖွဲ့စည်းချိန်မှ စ၍ နိုဘယ်ဆုရှင် (ဒေါ်) အောင်ဆန်းစုကြည် က ထိရောက်စွာ ဦးဆောင်နေသည့် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို စောင့်ကြည့်ရေးပင် ဖြစ်၏။

ကျန် လူထုကြီး တရပ်လုံးကိုလည်း ကျွမ်းကျင်သည့် ထောက်လှမ်းရေး အရာရှိများနှင့် အခပေး၊ အခမဲ့ သတင်းပေး ကွန်ရက်ကြီးက အနီးကပ် စောင့်ကြည့်နေသည်။အချိန်ကို လိုက်ကာ အတက်အကျ ရှိမည် ဖြစ်သော်လည်း ၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထားသည်။

လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး ရှိသည်ဟု ဆို၏။

လူထု အများစုမှာ အစိုးရအကြောင်း မကောင်းပြောသည်ကို ကြားသွားမည်ကို၊ အစိုးရ၏ ဖိနှိပ်လှသည့် ဥပဒေများကို အသေးအဖွဲ ဖောက်ဖျက်မိသဖြင့် သတင်း အပို့ခံရမည်ကို ကြောက်နေကြသည်။

နိုင်ငံတော်က ဖန်တီးထားသည့် သံသယမှာ ကြီးမားလှသဖြင့် မြန်မာ အများစုသည် စောင့်မကြည့်ဘဲ၊ အသံ မဖမ်းယူဘဲ နေသည့်တိုင် ထိုသို့ ပြုနေသည်ဟု မှတ်ယူကြကာ လိုက်လျော ညီထွေ ပြုမူ နေထိုင်ကြသည်။

မော်တင် ပက်ဒါဆင် (Morten B. Pedersen) အောက်တွင် ရေးထားသလို ဖြစ်ပေ၏။

“စောင့်ကြည့်မှုမှာ ကျယ်ပြန့်သလောက် မနက်ရှိုင်းနိုင်သော်လည်း အမ်မိုင် အကုန်သိသည် ဟု ဗမာ အများစုက မှတ်ယူထားကြ သဖြင့် စိတ်မချနိုင်တော့ဘဲ မိမိတို့ကိုယ် မိမိတို့ ပြန်၍ စောင့်ကြည့်နေကြသည်”

နယ်စွန် နယ်စပ်တွင်သာ စုပြုံနေထိုင်ကြသည့် လူမျိုးစုများမှာ အလယ်ပိုင်းနှင့် တောင်ပိုင်းတွင် နေထိုင်ကြသည့် လူများစု ဗမာ တို့ထက် ပို၍ ကြောက်ကြပေလိမ့်မည်။ကရင် လူမျိုးများနှင့် ရင်းနှီးသည့် အကဲခတ် တဦးက ဤသို့ ဆိုသည်။

“နေရာတကာမှာ သူလျှိုတွေကို မြင်နေရတယ်။ ရန်ကုန်ကို သတင်းပို့မယ့် သူလျှိုတွေနဲ့ ခေါင်းဆောင်တွေကို လုပ်ကြံမယ့် သူလျှိုတွေနဲ့…” ။ ။

ဆက်လက်ဖော်ပြပါမည်။

(ဤဆောင်းပါး စာစုကို လွင်ဦးစာပေ (လှည်းတန်း) က ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ထုတ်ဝေသောဉာဏ် သစ် မြန်မာပြန် “လျှို့ဝှက်ချက်များနှင့် အာဏာ (ထောက်လှမ်းရေးနှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း)” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းစာအုပ်မှာ Andrew Selth ရေးသားသည့် Secrets and Power in Myanmar : Intelligence and The Fall of General Khin Nyunt ဖြစ်ပါသည်။)

<><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၂)

နိုင်ငံခြားသားများလည်း ပစ်မှတ် ဖြစ်ကြရသည်။

အတိုက်အခံ အုပ်စုများ၊ အစိုးရကို ဝေဖန်သူများနှင့် အဆက်အသွယ် ရှိနေသည့် သံတမန်များမှာ နောက်ယောင် အလိုက်ခံရသည်။ အသွားအလာကို မှတ်တမ်း အတင်ခံရသည်။

သူတို့ ပြောသည့် စကားများကို အသံ အဖမ်းခံရတတ်သည်။ နိုင်ငံခြား ဘာသာသင် ကျောင်းသားများပင်လျှင် အနီးကပ် စောင့်အကြည့် ခံရတတ်သည်။

ရန်ကုန်၊ မန္တလေး စစ်တွေ စသည့် နေရာများရှိ သံရုံးများက ငှားရမ်းထားသည့် ဒေသခံ ရုံးဝန်ထမ်းများက အလုပ်ရှင် အကြောင်းကို ပြန်သတင်းပေးရသည်။

သို့မဟုတ်ပါက ယင်းတို့၏ မိသားစုများအား လက်တုံ့ပြန်မည်ကို ကြောက်ရသည်။

အိမ်အကူ များသည်လည်း တခုခု ထူးပါက ကကလှမ်း သို့မဟုတ် အက်စ်ဘီ (SB) သို့ တင်ပြရန် တာဝန်ရှိသည်။

မြန်မာနိုင်ငံသို့ ဗြောင်ဖြစ်စေ၊ ကမ္ဘာလှည့် ဟန်ဆောင်ကာ ဖြစ်စေ ရောက်လာသည့် သတင်းသမားများမှာ နောက်ယောင် အလိုက်ခံရသည်။

ယင်းတို့၏ အဆက်အသွယ်များလည်း အခြိမ်းအခြောက် ခံရတတ်သည်။

အစိုးရ၏ “သူလျှိုများ” (တကယ် သို့မဟုတ် စိတ်ကူး) ကို မည်သို့ ရှောင်တိမ်းခဲ့သည်ဟု ဖော်ပြလျှင် ထိုသတင်းမှာ ဖတ်၍ ကောင်းသည်။

စာပေပညာရှင်များ၊ ကမ္ဘာလှည့်များလည်း သူတို့ ပြောသလောက် မဟုတ်သည့်တိုင် စောင့်ကြည့်ခံရတတ်သည်။

ထိုအချိန်ပိုင်း အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် နိုင်ငံခြားသား တိုင်းပင် ထောက်လှမ်းရေးသမားများ နောက်ယောင် အလိုက်ခံရသည်။

ဟိုတယ် ခန်းများထဲရှိ သူတို့၏ အိတ်များကို ရှောင်မလွတ်သည့် “အမ်အိုင်” များက ရှာကြသည် ဆိုသည့် ပုံပြင်များကို အိမ်ပြန် လက်ဆောင် ယူသွားကြသည်မှာ ထုံးစံလိုလို ဖြစ်နေ၏။

အမည်နက် စာရင်း (နာမည်ပျက် စာရင်း) အသွင်းခံရသည်မှာ အချို့သူများ အဖို့ ကြွားစရာ ရလိုက်သလို ဖြစ်နေသည်။

တခါတရံ နိုင်ငံခြား အကဲခတ်များသည် စစ်အစိုးရ စောင့်ကြည့်ရေး စနစ်၏ သဘာဝနှင့် ပမာဏနှင့် ဆိုင်သည့် အတွင်းရေးများကို မြင်လိုက်ရတတ်သည်။

၈၈ အရေးအခင်း နောက်ပိုင်းတွင် လက်နက်ကိုင် တပ်ဖွဲ့များက မြန်မာနိုင်ငံအား “သစ္စာဖောက် ပုဆိန်ရိုးများ” နှင့် “ပြည်ပမှ အားပေးသူများ” ၏ ဘေးမှ ကယ်တင်လိုက်ကြောင်း ကမ္ဘာကို ပြသလိုသဖြင့် စာအုပ်များကို ထုတ်ဝေခဲ့သည်။

ထိုစာအုပ်များက တနည်းနည်းဖြင့် အတော်ပင် “ဖော်” ခဲ့ကြသည်။

၁၉၉၇ ခုနှစ်တွင်လည်း သတင်းစာ ရှင်းလင်းပွဲ တခုတွင် (ဦး) ခင်ညွန့်က အချို့ ပုဂ္ဂိုလ်များနှင့် အမည်မဖော်လိုသည့် အင်အားကြီး အနောက်နိုင်ငံများက မြန်မာနိုင်ငံတွင် “အကြမ်းဖက်မှုကို အားပေး အားမြှောက် ပြုနေကြောင်း” အသေးစိတ် ဖော်ပြခဲ့သည်။

ယင်းတွင် ထောက်လှမ်းရေး ရင်းမြစ်များနှင့် နည်းနာများကိုလည်း အရိပ်အမြွက် မြင်လိုက်ရသည်။

၂၀၀၂ ခုနှစ်တွင် ရန်ကုန် အမေရိကန် သံရုံးအား မြန်မာ့ ထောက်လှမ်းရေးက နိုင်ငံတကာ အစ္စလမ် အကြမ်းဖက် အုပ်စုများနှင့် ရိုဟင်ဂျာများ၏ ဆက်သွယ်မှုနှင့် သက်ဆိုင်သည့် သတင်း တခုကို ပေးခဲ့ရာ ပေးရသည့် နိုင်ငံရေး ရည်ရွယ်ချက်မှာ သိသာသော်လည်း ယင်းတို့၏ တာဝန်များ၊ စွမ်းဆောင်ရည်များကိုလည်း ရှင်းလင်း ပြသရာ ရောက်သွားသည်။

၂၀၀၃ ခုနှစ်တွင် အင်းစိန် ထောင်၌ နိုင်ငံရေး အကျဉ်းသားများကို သီးသန့် လာတွေ့သည့် ကုလသမဂ္ဂ အရာရှိ တဦး ထိုင်သည့် စားပွဲ အောက်တွင် မိုက်ကရိုဖုန်း တလုံးကို တွေ့ရသည်။

၂၀၀၄ ခုနှစ်တွင် ရန်ကုန်ရှိ သံရုံးနှင့် စစ်သံရုံးတို့၏ တယ်လီဖုန်း ကြိုးများကို ကြားဖြတ် နားထောင် သည်ဟု အင်ဒိုနီးရှား အစိုးရက ထိုစဉ်က အုပ်ချုပ် နေသည့် နအဖ (နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် အေးချမ်းသာယာရေး ကောင်စီ) သို့ စွပ်စွဲခဲ့သည်။

စစ်ထောက်လှမ်းရေးက နိုင်ငံရေး လှုပ်ရှားသူများကို ဖမ်းဆီး ထောင်ချခဲ့သည့် အင်းစိန် အကျဉ်းထောင် / ဧရာဝတီ
 
ဂန္ထဝင် သူလျှို ဝတ္ထု ကင်မ် တွင် “အမဲကောင်မှာ ကြီးလှသဖြင့် တကြိမ်လျှင် နည်းနည်းချင်းသာ မြင်ရ၏” ဟု ရုဒ်ယာ့ဒ် ကစ်ပလင်း (Rudyard Kipling) ရေးသားသလို ဖြစ်သည်။

ဤသို့လျှင် သဘောထား ကွဲလွဲသူများ၊ သောင်းကျန်းသူများ၊ သံတမန်များ၊ နိုင်ငံခြားသား လှုပ်ရှားသူများ၊ သတင်းသမား များနှင့် ယင်းတို့၏ ဒေသခံ အဆက်အသွယ်များတို့၏ သတင်းတို့ကို စုဆောင်းကာ အမှုတွဲများ ဖွင့်ထားရန် ကြိုးပမ်း ထားသည့် ဧရာမ အားထုတ်မှုကြီးကို အကဲခတ်များက အထွေထွေသော နည်းများဖြင့် ဖြိုးခနဲ ဖျပ်ခနဲ မြင်ခွင့် ရလိုက် ကြသည်။

ဤသို့ အားထုတ်တိုင်း ကကလှမ်း၏ စွမ်းဆောင်ရည်ကို တိုးတက်စေသည်ကား မဟုတ်ပေ။

ဥပမာ – ဂုစတပ်ဖ် ဟောက်တ်မင် (Gustaaf Houtman) က အောက်ပါ အတိုင်း ပြောခဲ့၏။

“ဤအကြောင်းကို လူသိများပါသည်။ အထူးသဖြင့် ၉၀ ပြည့်လွန် နှစ်များက အတွေ့အကြုံ မရှိသည့် ထောက်လှမ်းရေး ဝန်ထမ်းများက မိသားစု တော်စပ်ပုံကို ဖော်ထုတ်ရာတွင် အမှားကြီးမှားခဲ့ကြသည်။

သဘောထား ကွဲလွဲသူများနှင့် အရင်းအခြာ သို့မဟုတ် အဖျားအနား တော်စပ်သည့် မိသားစုဝင်များကို ဖိနှိပ်ရန် မူဝါဒ ချမှတ်ထားသောကြောင့် အမည်များကို ကြည့်ကာ မင်္သကာခြင်း၊ မှားယွင်း ဖမ်းဆီးခြင်း များစွာ ရှိခဲ့သည်။”

မြန်မာ့ ထောက်လှမ်းရေး စနစ်၏ အရွယ်အစား ကြီးမားရခြင်းမှာ မျိုးရိုးအမည်များကို မသုံးသည့် အပြင် အမည်များ ကိုလည်း အလွယ်တကူ ပြောင်းနိုင်သည့်၊ အမည်ဝှက်များ၊ အမည်ပြောင်များကိုလည်း သုံးနိုင်သည့် မြန်မာ လူထု တရပ်လုံးကို နောက်ယောင်ခံ လိုက်ရန် ခက်ခဲသည့် အတွက် ဖြစ်မည်ဟု ဟောက်တ်မင် က ခန့်မှန်းခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ဘန်ကောက်ရှိ မြန်မာ့ ထောက်လှမ်းရေး သမားများက ပြုစုခဲ့သည့် နာမည်ပျက် စာရင်းဝင် ထိုင်း သတင်း သမား ၁၅ ဦးတွင် အမှားများ ပါရှိနေရာ အများစုမှာ အမည်နှင့် သက်ဆိုင်နေသဖြင့် စိတ်ဝင်စားဖွယ်ပင် ဖြစ်၏။

ဥပဒေ သဘောအရ ဆိုပါမူ ထောက်လှမ်းရေး အရာရှိများသည် ဖမ်းဆီးနိုင်ခွင့် မရှိပေ။ မသင်္ကာသည့် အမှုများကိုသာ စုံစမ်း စစ်ဆေးရန် ဖြစ်၏။

အစိုးရကလည်း စစ်ထောက်လှမ်းရေး အရာရှိများက လူထုကို ဖမ်းခြင်း၊ ထိန်းသိမ်းထားခြင်းမှာ စုံစမ်း စစ်ဆေးရေး လုပ်ထုံး လုပ်နည်း အရသာ ဖြစ်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ လွှဲပေးခဲ့ပြီး ယင်းတို့ကသာ တရားဝင် ဖမ်းဆီးသည် ဟူသော လုပ်ဇာတ်ကို အမြဲပြောနေခဲ့သည်။

သို့သော်လည်း နိုင်ငံရေးနှင့် ဆိုင်သည့် ဖမ်းဆီးမှု အများစုကို စစ်ထောက်လှမ်းရေး (MI) ကသာ လုပ်ခဲ့သည်ဟု နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ (AI) က ဆိုသည်။

တိုက်ရိုက် ဖမ်းဆီးနိုင်ရန် ကကလှမ်းကို ဥပဒေအရ ခွင့်ပြုထားသည်မှာ ၁၉၈၃ အမျိုးသား ထောက်လှမ်းရေး အဖွဲ့ ဥပဒေ ဖြစ်၏။

ထိုဥပဒေအရ ထောက်လှမ်းရေး မူဝါဒ ချမှတ်ရန်၊ လုပ်ငန်း ညှိနှိုင်းရန် ပင်မ အဖွဲ့အစည်းတခုကို ဖန်တီးခဲ့သည်။

နိုင်ငံရေးနှင့် ဆိုင်သည့် ဖမ်းဆီးမှုများကို အများဆုံး လုပ်ခဲ့သည့် နောက်တဖွဲ့မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အက်စ်ဘီ (SB) ဖြစ်သည်။

(ဦး) ခင်ညွန့် စီအိုင် ဖြစ်နေသည့် ၁၉၈၈ မှ ၂၀၀၄ ခုနှစ် ကြားတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေး ဆိုင်ရာ စွဲ ချက် အမျိုးမျိုးဖြင့် ဖမ်းဆီး ခံခဲ့ရသူ ၁၀၀၀၀ ခန့် ရှိခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့် ရှောက်ရေး အသင်း (AAPP) က ဆိုသည်။

ကုလသမဂ္ဂ၊ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ (AI) စသည့် နိုင်ငံတကာ အဖွဲ့အစည်းများက မှတ် တမ်း တင်ထားသလို အဖမ်းခံရသူ အများအပြားမှာ ညှဉ်းဆဲ ခံရပြီး ဟန်ပြ တရားရုံးများတွင် စစ်ဆေး စီရင်ခံရကာ နှစ်ရှည် ထောင်ဒဏ်ကို ဆိုးရွားလှသော အခြေအနေဖြင့် ကျခံရမြဲ ဖြစ်သည်။

အချို့မှာ ထောင်ထဲမှာပင် သေဆုံး သွားကြ၏။

ထောက်လှမ်းရေး အဖွဲ့များက သုံးသည့်၊ ရက်စက်သည့် နည်းလမ်းများ၊ အချို့ သဘောထား ကွဲလွဲသူများ “ပျောက်ဆုံးသွားခြင်း” ၊ ထင်ရှားသည့် အရေးအရာ လှုပ်ရှားသူများနှင့် လူမျိုးစု ခေါင်းဆောင်များ အကြောင်းရင်း မပေါ်ဘဲ သေဆုံးခြင်းများကြောင့် ကကလှမ်းသည် နိုင်ငံတော်၏ ရန်သူ ဆိုသူများကို သုတ်သင်နေသည်ဟု ပိုမို ယုံကြည် လာကြသည်။

သက်သေပြရန် ခဲယဉ်းသော်လည်း “ပစ်မှတ်ထားကာ သတ်ဖြတ်ခြင်း” များ ရှိခဲ့ကြောင်း အညွှန်းများလည်း ရှိခဲ့သည်။

ဥပမာ အားဖြင့် ၂၀၁၁ ခုနှစ်တွင် ယခင် ထောက်လှမ်းရေး အရာရှိတဦးက သူနှင့် ထိုစဉ်က သြစတြေးလျားတွင် နေထိုင် ခဲ့သည့် လုပ်ဖော်ကိုင်ဖက် များသည် ကကလှမ်း၏ “လက်မရွံ့ တပ်စိတ်” ဝင်များ ဖြစ်ခဲ့သည်ဟု ပြောသည်။

၁၉၈၈ ဒီမိုကရေစီ လိုလားသည့် ပုံကန်မှု နောက်ပိုင်းတွင် အစိုးရ ဆန့်ကျင်သူ အနည်းဆုံး ၂၄ ဦးကို သူကိုယ်တိုင် သတ်ခဲ့ပြီး အခြား ၁၅၀ သေရသည်မှာလည်း သူ့လက်ချက် မကင်းခဲ့ဟု သတင်းထောက်များကို ပြောပြသည်။
မြန်မာ သူလျှိုများသည် “ရန်ကုန် – ဆန့်ကျင်ရေး လှုပ်ရှားသူများ” ကို ထိုင်းနိုင်ငံ မဲဆောက် စသည့် နယ်စပ် မြို့များတွင် သတ်ကြသည်ဟု ထိုင်း ရဲတပ်ဖွဲ့က ၂၀၀၁ ခုနှစ်တွင် ပြောပြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ထင်ရှားသည့် အဖွဲ့ဝင် ၂ ဦး တရုတ်နှင့် ထိုင်းတွင် လက် သည် မပေါ်ဘဲ သေဆုံးသွားသဖြင့်၊ အစိုးရသည် ဆန့်ကျင်သူများကို ရှင်းပစ်ပေးမည့် လုပ်ကြံသူများကို နိုင်ငံခြားသို့ ခရီးထွက်စဉ် ငှားခဲ့သည်ဟု ပြည်ပြေး အုပ်စုများက စွပ်စွဲခဲ့ကြသည်။

ထိုသတင်းမျိုးကို သေသေချာချာ စဉ်းစားဆင်ခြင်ရန် လိုမည်။ အချို့ ကိစ္စများမှာ အနက်ကောက် လွဲခြင်းလည်း ဖြစ်နိုင်၏။

ဥပမာ အားဖြင့် ၂၀၀၈ ခုနှစ်က မဲဆောက်တွင် ကရင် အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ဖဒို မန်းရှာ အသတ် ခံရသည်မှာ ကကလှမ်း၏ လက်ချက်ထက် ကရင် အုပ်စုချင်း အားပြိုင်မှုကြောင့်လည်း ဖြစ်နိုင်သည်။

ထို့ပြင် ဝေဖန်သူများကို ရှင်းပစ်ရန် နယ်စပ်နှင့် အလွန်ဝေးသည့် နေရာများသို့ လုပ်ကြံသူများကို စေလွှတ်ရန် စစ်အစိုးရတွင် ရင်းမြစ် သို့မဟုတ် ဆန္ဒ ရှိပုံမရပေ။

၁၉၉၄ ခုနှစ်တွင် ထိုစဉ်က အုပ်ချုပ်နေသည့် နဝတ သည် (ဦး) ခင်ညွန့်ကို အရာရှိချုပ် အဖြစ် ထားကာ မဟာဗျူဟာ လေ့လာရေးရုံး (OSS) ကို ဖန်တီးပေးလိုက်သည်။

တပ်မတော်၏ တရားဝင် ဖွဲ့စည်းပုံတွင် ပါသည့် “ညွှန်ကြားရေးမှူးရုံး” ၏ အထက်တွင် ဤရုံး ကို ဖန်တီးခြင်းသည် ၁၉၉၃ ခုနှစ်တွင် (ဦး) ခင်ညွန့် ဒု ဗိုလ်ချုပ်ကြီး (ကြယ်သုံးပွင့် အဆင့်) အဖြစ် ရာထူး တိုးခဲ့ခြင်းကို တရားဝင်အောင် လုပ်ခြင်းပင် ဖြစ်မည်။

၁၉၉၆ ခုနှစ်တွင် ဤရုံးမှ အထက်တန်း အရာရှိ တဦးက ဤရုံးကို ဖန်တီးရခြင်းမှာ ပြင်ပ ကမ္ဘာနှင့် အထိအတွေ့ များလာသည်ကို ကိုင်တွယ်နိုင်ရန် ဖြစ်ကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် လွှတ် မ ထားနိုင်ကြောင်း ပြောပြသည်။

တိကျသော ကြားနေ ဝါဒကို ကျင့်သုံးခဲ့သဖြင့် နိုင်ငံတကာ ဆက်ဆံရေးကို အလွန်အမင်း ကန့်သတ်ခဲ့သည့် (ဦး) နေဝင်း ၏ လက်အောင်တွင် ယင်းဝန်ကြီးဌာနသည် သြဇာအာဏာ အတော်ပင် ဆုံးရှုံးခဲ့၏။

သို့သော် ၁၉၈၈ ခုနှစ်တွင် အာဏာ ယူလိုက်ပြီးနောက် နဝတ သည် ပြင်ပ လောကနှင့် ပို၍ ထိတွေ့ချင်လာသည်။ မကြာမတင်မှာပင် OSS က နိုင်ငံခြားရေး မူဝါဒကို ချမှတ်လာလေ၏။

ဥပမာ – ၁၉၉၄ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည့် အာဆီယံသို့ မြန်မာ နိုင်ငံ ဝင်ရောက်ရေး လှုပ်ရှားမှုမှာ OSS ၏ အစီအမံ ဟု လူအများက ယုံကြည်ကြသည်။

၂၀၀၁ ခုနှစ်တွင် ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့်လေ့ လာရေး အဖွဲ့ (ICG) က “မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေး အတွက် OSS တွင် တိုက်ရိုက် တာဝန် ရှိသည်”ဟု စကားကျွံခဲ့သည်။ ။

ဆက်လက်ဖော်ပြပါမည်။

(ဤဆောင်းပါး စာစုကို လွင်ဦးစာပေ (လှည်းတန်း) က ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ထုတ်ဝေသော ဉာဏ်သစ် မြန်မာပြန် “လျှို့ဝှက်ချက်များနှင့် အာဏာ (ထောက်လှမ်းရေးနှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း)” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းစာအုပ်မှာ Andrew Selth ရေးသားသည့် Secrets and Power in Myanmar : Intelligence and The Fall of General Khin Nyunt ဖြစ်ပါသည်။)
<><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၃)

မကြာမီတွင် OSS (မဟာဗျူဟာ လေ့လာရေး ရုံး) သည် နိုင်ငံခြား ရေးရာထက် ပို၍ စိတ်ဝင်စားစရာများကို တွေ့ရှိ လာလေ၏။

OSS ၏ အဖွဲ့ဝင်များသည် လက်ရွေးစင်များ ဖြစ်ကြကာ အချို့ အကဲခတ်များ၏ အဆိုအရ “မျိုးဆက်သစ်” တပ်မတော် အရာရှိများ ဖြစ်ကြသည်။

“သူတို့၏ စီနီယာများထက် သိသိသာသာ ပို၍ ပါးရည်နပ်ရည်ရှိကာ ပို၍ ကျွမ်းကျင်ကြသည်”။

အချို့မှာ နိုင်ငံခြား အတွေ့အကြုံ ရှိကြသည်။ အများစုက ဘာသာစကား နောက်တမျိုးကို ပြောနိုင်ကြသည်။ OSS တွင် အလုပ်လုပ်နေကြသော်လည်း ကကလှမ်းမှ ရာထူးများကို ဆက်ယူထားသူလည်း အများပင် ရှိသည်။

ထိုင်း သတင်းစာ တစောင်က ယင်းတို့ကို “ဗမာပြည်၏ အကောင်းဆုံး အထက်မြက်ဆုံး” ဟု ဖော်ပြသည်။

၂၀၀၁ ခုနှစ် လောက်တွင် OSS ၌ အင်အား ၅၀ ခန့် ရှိနေပြီး ပြည်တွင်း လုံခြုံရေး၊ လူမျိုးစု ရေးရာ၊ မူးယစ်ဆေးဝါး၊ နိုင်ငံတကာ ရေးရာ၊ သတင်း အချက်အလက် နည်းပညာ (အိုင်တီ) ဟူသော ဌာန ၅ ခုတွင် အလုပ်လုပ်နေကြသည်။

နောက်ဆုံး ဌာနသည် သိပ္ပံ နှင့် ပတ်ဝန်းကျင် ရေးရာကိုလည်း ကိုင်တွယ်သည်။

OSS သည် တီထွင် ဆန်းသစ်သည့် အတွေးအခေါ် ရှိခြင်းနှင့် အလုပ် ဖြစ်ခြင်းတို့ အတွက် ထင်ရှားလာလေသည်။

ဥပမာ အားဖြင့် လုပ်ငန်းစဉ်က ရှုပ်ထွေးသည့်ပြင် အခြားအဖွဲ့များလည်း ပါဝင် ပတ်သက်ခဲ့ကြသည့်တိုင် ကကလှမ်း၊ OSS တို့၏ အကူအညီကြောင့် လူမျိုးစု လက်နက်ကိုင် ၁၇ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေးကို ၁၉၉၀ ပြည့်နှစ်တွင် ခင်ညွန့် ရယူနိုင်ခဲ့သည်။

၁၉၉၅ ခုနှစ် အတွင်းက စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် (စစ်ယူနီဖောင်းနှင့် လက်ဆွဲ နှုတ်ဆက်နေသူ) နှင့် KNU ခေါင်းဆောင်များကို တွေ့ရစဉ် / ဧရာဝတီ
 
လုံခြုံရေး ခြိမ်းခြောက်မှုကြီး တခုကို ဖယ်လိုက်ကာ ပြင်ပမှ ဖိအား အတန်အသင့် များနေသည့် အချိန်တွင် နဝတ ၏ ပခုံးပေါ်မှ ဝန်ထုပ်ကို ဖယ်လိုက်နိုင်ခြင်းပင် ဖြစ်၏။

ယခင်က လက်ရှောင်ခဲ့ကြသည့် မြန်မာနိုင်ငံတွင် အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ် ရောဂါ ကပ်ဘေး အသွင်ဖြင့် ကျရောက်နေသည့် ကိစ္စကို သူက ဝန်ခံသည့်ပြင် တိုက်ဖျက်မည့် စီမံချက် တခုကို စတင်ရန် ကူညီခဲ့သည်။

တစတစနှင့် နိုင်ငံခြား သံတမန်များသည်လည်း နယ်ဘက် ဝန်ကြီးဌာနကို ရှောင်ကွင်းကာ OSS ထံသို့ အကူအညီ လာတောင်းကြသည်။

ယင်းတို့ကလည်း တနေ့လျှင် ၂၄ နာရီ အလုပ်လုပ်ကြသည်။

နာမည်ဆိုးနှင့် ထင်ရှားသည့် မြန်မာနိုင်ငံ၏ ကြိုးနီစနစ် ကိုလည်း ဖြတ်ပစ်နိုင်စွမ်း ရှိသည်။ ခက်ခဲသည့် ကိစ္စများတွင်ပင် ခိုင်မာစွာ ဆုံးဖြတ်နိုင်သည်၊ ရလဒ်ကောင်းများ ထွက်လာစေနိုင်သည်။

OSS ပေါ်ပေါက်လာမှု၊ ယင်း၏ အောင်မြင်မှုများက ထိုစဉ်က စစ်အစိုးရ၏ အားနည်းချက်ကြီး အများအပြားကို ဖော်ထုတ် နိုင်ခဲ့သည်၊ ကိုင်တွယ်နိုင်ခဲ့သည်။

၁၉၉၉ ခုနှစ်က မယ်ရီ (Mary P. Callahan) ကယ်လာဟန် ပြောခဲ့သကဲ့သို့ ဖြစ်သည်။

“OSS ရဲ့ ဌာနတွေက မူးယစ်ဆေးဝါး ရောင်းချမှု၊ စီးပွားရေး၊ လူမျိုးစု ရေးရာ၊ နိုင်ငံခြားရေးရာလို နယ်ပယ်တွေမှာ ပေါင်းစပ် ညှိနှိုင်းတာတင် မကဘူး၊ မူဝါဒ ချဖို့တောင်မှ တာဝန်ယူထားတာ ပေါ်လွင်နေတယ်။

လက်တန်းလုပ်တတ်တဲ့ နဝတ ရဲ့ စောစောပိုင်း မူဝါဒတွေက ဒီလောက်တောင် အကောင်အထည် ဖော်လို့ မရအောင် အခြေအနေ မဆိုးခဲ့ရင် OSS က ကျောက်ဖြစ် ရုပ်ကြွင်းကနေ နိုင်ငံခြားရေးထိ အရာရာကို ပေါင်းစပ် ညှိနှိုင်းခွင့် ဆိုတာ ရှိလာမှာ မဟုတ်ဘူး။

၁၉၉၅ ခုနှစ်လောက် ရောက်တော့ နဝတ အုပ်ချုပ်တာက အလုပ်မဖြစ်သေးဘူး၊ ဒါနဲ့ပဲ စစ်အစိုးရ အဖွဲ့ဝင်တွေကလည်း ကမန်းကတန်းနဲ့ အဖြေတွေ လိုက်ရှာကြတာနဲ့ OSS လည်း ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်အောက်မှာ အကောင်အထည် ပေါ်လာတာပဲ”။

နောက် ၁ နှစ်၊ ၂ နှစ် လောက်မှာ ခရစ္စတီးနား ဖင့် (Christina Fink) က OSS နှင့် ပတ်သက်၍ ယခုကဲ့သို့ ရေးခဲ့၏။

“သူတို့၏ အာဏာကို အဖွဲ့အစည်း အသွင် ပြောင်းရန် ဒု ဗိုလ်ချုပ်ကြီး ခင်ညွန့် နှင့် ထောက်လှမ်းရေး လုပ်ဖော် ကိုင်ဖက် များက သူတို့၏ အာဏာစက်ကို ပထဝီ အနေအထား အရရော ထောင်လိုက် အနေနှင့်ပါ တိုးချဲ့ခဲ့ပြီး ယဉ်ကျေးမှု နှင့် နိုင်ငံရေး အဝန်းအဝိုင်းတိုင်းကို မွှေနှောက်ခဲ့သည်”။

ထောက်လှမ်းရေး အဝန်းအဝိုင်း ပြင်ပမှ စိတ်သဘောချင်း တူသည့် အရာရှိ အချို့တို့နှင့် အတူ ခင်ညွန့်နှင့် OSS တို့သည် –

“စစ်တပ် ကွပ်ကဲမှု အဆင့်ဆင့် အတွင်းမှ သီးခြား ထွက်ပေါ်နေသည့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်သည့် အသံ”

တခုကို တည်ဆောက်ကာ အစိုးရ အရေးအရာများတွင် ထင်ရှားသည့် ကဏ္ဍကို ရရှိလာသည်။

မော်တင် ပက်ဒါဆင် (Morten B. Pedersen) ၏ အဆိုအရမူ ယင်းတို့သည် –

“အစိုးရ အသွင်၊ စစ်တပ်နှင့် အဖွဲ့အစည်း အသွင် စစ်တပ်တို့ ကွဲထွက်လာကာ အနည်းဆုံး ပိုမိုကောင်းမွန်သည့် အုပ်ချုပ်မှု ဖြစ်စေမည် ဟူသော ကတိကို ကမ်းလှမ်းထားသည်” ကို ပြသနေသည်။

OSS ကို တပ်မတော် အတွင်းမှရော အပြင်မှပါ ဝေဖန်သူ မရှိသည်ကား မဟုတ်၊ သို့သော် သြဇာ အလွန့်အလွန် ကြီးလာလေ၏။

“ဗမာပြည်၏ နိုင်ငံရေး လောကတွင် အနန္တ တန်ခိုးတော်ရှင် နီးပါး ဖြစ်သည်ဟု ညွှန်းရသည့် အဖွဲ့အစည်း ဖြစ်လာသည်” မှာ အမှန် ဖြစ်သည်။

၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့်လေ့လာရေး အဖွဲ့ (ICG) က ယင်းကို စစ်အစိုးရ၏ “ဦးနှောက်သစ်” ဟု ခေါ်သည်။

ဘာတေးလ် လစ်တ်နာ (Bertil Lintner) ကမူ “တကယ်တော့ သူကမှ အစိုးရ” ဟု ပြောခဲ့၏။

OSS သြဇာ တက်လာသည်နှင့် အမျှ ကကလှမ်း၏ အခြား ဌာနများသည်လည်း တိုးချဲ့လာကာ အခြားသော နယ်ပယ် သစ်များသို့ ဝင်ရောက်လာကြသည်။ စွမ်းဆောင်ရည် အသစ်များ ရရှိလာကြသည်။

၁၉၉၄ ခုနှစ် စက်တင်ဘာလ အတွင်းက စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် (ညာစွန်) နဲ့ အတူ ဒေါ်အောင်ဆန်းစုကြည် (ဘယ်စွန်)၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (အလယ်) တို့ကို တွေ့ရစဉ် / Reuters

မြန်မာ့ တပ်မတော်၏ ဆက်သွယ်ရေး တပ်ဖွဲ့ (ကကဆက်) ၏ အကူအညီဖြင့် ကကလှမ်းသည် မြန်မာ နိုင်ငံ အတွင်းနှင့် ပတ်လည်တွင် ဆက်သွယ်မှုများကို စောင့်ကြည့် စစ်ဆေးလာလေသည်။

သောင်းကျန်းသူတို့၏ ဆက်သွယ်မှုများ၊ စီးပွားရေး ရေဒီယို ထုတ်လွှင့်မှုများကို ပိတ်ဆို့ရာတွင် အောင် မြင်မှု အရ နည်းသော်လည်း ရေဒီယို ဆက်သွယ်မှုများကို စောင့်ကြည့် ဖမ်းယူနိုင်ကြောင်း၊ ၈၈ ပုကန်မှု ဖြစ်ပြီးနောက် မကြာမီတွင် ထုတ်ဝေလိုက်သည့် မိုးလုံးပြည့် မုသာဝါဒ များကဲ့သို့သော စာစောင်များက ဖော်ပြနေသည်။

ထို့ပြင် အိုင်တီကြောင့် ဖြစ်ပေါ်လာသည့် အလျင်အမြန် တိုးတက်မှုကိုလည်း ၁၉၉၄ ခုနှစ်မှ စကာအ မြတ် ထုတ်လာနိုင် ခဲ့သည်။

အစိုးရ ဆန့်ကျင်သူ လှုပ်ရှားသူတို့၏ အင်တာနက် သုံးစွဲမှုကို တန်ပြန်နိုင်ရန် အတွက် စခဲ့ခြင်း ဖြစ်သော်လည်း မကြာမတင် မှာပင် ခင်ညွန့်သည် အခြား ရလဒ်များ အတွက်ပါ အိုင်တီ၏ စွမ်းဆောင်ရည်ကို သုံးစွဲလာနိုင်ခဲ့သည်။

ကကလှမ်း အရာရှိ အချို့ကို အမေရိကန်သို့ စေလွှတ်ကာ အိုင်တီကို သီးသန့် သင်တန်း တက်စေသည်။

၁၉၉၅ ခုနှစ်သို့ အရောက်တွင် “ဗမာပြည်တွင် အကြီးဆုံး ကွန်ပျူတာ ဌာန” ရှိနေပြီဟု ကကလှမ်းက ကြွားလေ၏။ ယင်းကို “ဆိုင်ဘာ စစ်ဆင်ရေး ဌာန” ဟု လူသိများသည်။ဤဌာနသည် ဂြိုဟ်တုမှ တဆင့် အပါအဝင် ထုတ်လွှင့်မှု အမျိုးမျိုးကို စောင့်ကြည့် ဖမ်းယူထားသည်ဟု ဆို၏။

ယင်းသည် စစ်ဘက်၊ နယ်ဘက် ကြားဖြတ် ဖမ်းယူမှုများကို ကြီးကြပ်ကြောင်း၊ ကွန်ပျူတာ နှင့် ဖက်စ် စက်များ ပျံ့နှံ့ပုံ၊ အသုံးပြုပုံ တို့ကို စောင့်ကြည့် စစ်ဆေးနေကြောင်း ပေါ်လွင်သည်။

အင်တာနက် ကဖေးများက လာရောက် သုံးစွဲသူများကို စောင့်ကြည့်ရသည်။

ကကလှမ်း နှင့် OSS တို့၏ အကူအညီဖြင့် ရေးဆွဲခဲ့သည့် ၁၉၉၆ ကွန်ပျူတာ သိပ္ပံပညာ ဖွံ့ဖြိုးရေး ဥပဒေတွင် ကွန်ပျူတာ ကွန်ရက်များ နှင့် အိုင်တီတို့ကို –

“နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အမျိုးသား စည်းလုံးရေး၊ အမျိုးသား စီးပွားရေး၊ အမျိုးသား ယဉ်ကျေးမှု တို့ကို ထိခိုက် ပျက်စီးအောင်” အသုံးမပြုရန် တားမြစ်ထားသည်။

သို့သော် မြန်မာနိုင်ငံ ကွန်ပျူတာ နည်းပညာ ဖွံ့ဖြိုးရေး ကောင်စီတွင် ခင်ညွန့် ဥက္ကဌ ဖြစ်နေခြင်းကိုမူ မထိခိုက်ပေ။

၂၀၀၀ ပြည့်နှစ်တွင် ကကလှမ်းသည် အင်တာနက် ဝန်ဆောင်သူ ဖြစ်သည့ ပုဂံ ဆိုင်ဘာတက် ကို ထူ ထောင်လိုက်သည်။

ယင်းသည် နောက်ပိုင်းတွင် ထိုင်းဝန်ကြီးချုပ်ဟောင် သက်ဆင် ရှင်နာဝပ်ထရာ ၏ ရှင်း ကော်ပိုရေးရှင်း နှင့် နီးကပ်စွာ အလုပ်လုပ်ခဲ့ရာ ခေတ်မီ နည်းပညာ အမျိုးမျိုးကို လက်လှမ်းမီလာလေ၏။

ကြားဖြတ် ဖမ်းယူနိုင်စွမ်းများလည်း ရရှိလာသဖြင့် ကကလှမ်း၏ “ဖိနှိပ်နိုင်စွမ်း” လည်း အကြီးအကျယ် တိုးတက် လာလေသည်။

၂၀၀၄ ခုနှစ် လောက်တွင် မြန်မာနိုင်ငံ၏ “ပြည်တွင်း နိုင်ငံရေးသမားများကို အဓိက ထားသည့် နည်းပညာ စောင့်ကြည့်မှု စွမ်းရည်မှာ အတော်ကြီးကို တိုးတက်လာသည်” ဟု အမေရိကန်က ဆိုသည်။

ဤနေရာတွင်လည်း လူထု၏ စိတ်ထဲ၌ ထိုစွမ်းဆောင်ရည် တို့ကို အလွန်အမင်း ပုံကြီးချဲ့၍ မြင်နေသည်ဟု ဆိုနိုင်သည်။

သို့သော် အန်ကြီအို တဖွဲ့က ပြောသကဲ့သို့ “စစ်အစိုးရ၏ တင်းကျပ် စိစစ်သည့် အုပ်စိုးမှုသည် အကြောက် နှင့် ကိုယ့်ကိုယ်ကိုယ် ဆင်ဆာ စနစ်ကို ဖြစ်ပေါ်စေသည်”။

ထို့ပြင် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ လော နိုင်ငံတို့ရှိ မြန်မာ သံရုံးများတွင် အချက်ပြ ဆက်သွယ်ရေး သတင်း (SIGINT) စုဆောင်းသည့် စခန်းများကို အစ္စရေး၊ တရုတ်၊ စင်္ကာပူ တို့က ထောက်ပံ့ထားသည့် ကိရိယာများကို သုံးကာ ကကလှမ်း က ဆောင်ရွက်နေသည် ဟုလည်း မသင်္ကာစရာ ရှိ၏။

ထို့ပြင် ကပ္ပလီ ပင်လယ်တွင်း မြန်မာပိုင် ကိုကိုးကျွန်းတွင် တရုတ်နှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သည့် အချက်ပြ ဆက်သွယ်ရေး သတင်း စုဆောင်းသည့် စခန်းကြီးတခု ရှိသည်ဟု ကောလာဟလများလည်း ရှိနေ၏။

ဤ မသင်္ကာစရာ များကို အယုံလွယ်သည့် သတင်းသမားများ၊ ပညာရှင်များကလည်း အားပေးနေကြ၏။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးကပင် ထိုဇာတ်လမ်းများကို ယုံကြည်စွာဖြင့် ပရိသတ် ရှေ့တွင် ထုတ်ပြောခဲ့သည် အထိ ဖြစ်၏။

သို့သော် သေချာစွာ စုံစမ်းသောအခါ အခြေအမြစ် မရှိကြောင်း တွေ့ရသဖြင့် နောက်ပိုင်းတွင် အိန္ဒိယ စစ်ဦးချုပ်ကပင် ဝန်ခံခဲ့ရလေသည်။

ကကလှမ်း (OSS) သည် သတင်း အချက်အလက် စစ်ပွဲတွင် အပြင်းအထန် ပါဝင်ခဲ့သည်။

၁၉၈၉ ခုနှစ်က နဝတ စစ်အစိုးရခေတ်မှာ ငြိမ်းချမ်းရေး ယူခဲ့သည့် UWSA “ဝ” တပ်ဖွဲ့ ခေါင်းဆောင် ပေါက်ယူချန်း နှင့် အတူတွေ့ရသည့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် / Getty Images

ဒေသခံ မီဒီယာ အချို့တွင် စိတ်ဝင်စားခဲ့ရာ ၁၉၉၉ ခုနှစ် နောက်ပိုင်းတွင် အင်္ဂလိပ် သတင်းစာ မြန်မာတိုင်းမ် လည်း အပါအဝင် ဖြစ်သည်၊ ယင်းသည် OSS ၏ အမြင်များကိုသာ ထင်ဟပ်ပြရန် ဖြစ်သည်ဟု ပြောကြ၏။

ဒေသခံ မီဒီယာ အချို့တွင် စိတ်ဝင်စားခဲ့ရာ ၁၉၉၉ ခုနှစ် နောက်ပိုင်းတွင် အင်္ဂလိပ် သတင်း စာ မြန်မာတိုင်းမ် လည်း အပါအဝင် ဖြစ်သည်၊ ယင်းသည် OSS ၏ အမြင်များကိုသာ ထင် ဟပ်ပြရန် ဖြစ်သည်ဟု ပြောကြ၏။
ကကလှမ်း (OSS) သည် ကျန် သတင်းစာများတွင်လည်း ဝါဒဖြန့် ဆောင်းပါးများကို ပုံမှန် ထည့်သွင်းနေရာ နိုင်ငံပိုင် အင်္ဂလိပ် သတင်းစာ လုပ်သားပြည်သူ့ နေ့စဉ် ကို ၁၉၉၃ ခုနှစ်တွင် အမည် ပြောင်းလိုက်သည့် ကမ္ဘာလုံး ဆိုင်ရာ မြန်မာ့ အလင်း (Global New Light Of Myanmar) လည်း ပါဝင်သည်။

OSS သည် ပညာရပ် နှီးနှောဖလှယ် ပွဲများကိုလည်း ကျင်းပခဲ့ရာ လက်သင့်ရာ နိုင်ငံခြားသားများကို ဖိတ်ခဲ့သည်။

ကိုယ်ပိုင် စာအုပ်များကို ထုတ်ဝေခြင်း၊ အထူး သတင်းစဉ်များကို ဖြန့်ခြင်း စသည့် နည်းများကို သုံးကာ အစိုးရ၏ ပြရုပ်ကို ကောင်းစေခဲ့သည်။

ဥပမာ အားဖြင့် ၁၉၉၇ ခုနှစ်တွင် မြန်မာ့ နိုင်ငံရေး အခြေအနေနှင့် ဒေသတွင်း အခန်းကဏ္ဍ ဟူသော စာအုပ်ငယ်ကို ထုတ်ဝေခဲ့ရာ ၂၅ ကြိမ် ကျော်မျှ ထပ်မံ ရိုက်နှိပ်ခဲ့ရသည်။

ယင်း စာအုပ်တွင် စစ်အစိုးရကို တိုက်ခိုက်သော ဝေဖန်ချက် အများအပြားကို ဖြေရှင်းရန် အားထုတ်ထားသည်။

၁၉၉၀ ပြည့်လွန် နှောင်းပိုင်း နှင့် ၂၀၀၀ ပြည့်လွန် အစောပိုင်းတို့တွင် OSS သည် အမှန်တရား ဆိုသော အင်္ဂလိပ် ဘာသာ သတင်းစဉ်များကိုလည်း ထုတ်ဝေခဲ့သည်။

ယင်းတို့တွင် NLD ၊ အရေးအရာ လှုပ်ရှားသည့် မီဒီယာ အုပ်စုများ၊ နိုင်တကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI)၊ ကရင် လူ့အခွင့်အရေး အုပ်စု စသည့် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ၊ အခြား စာရွက် စာတမ်းများကို သုံးသပ်ပြကာ မှားယွင်းကြောင်း ချေပထားသည်။

သတင်း အချက်အလက် စစ်ပွဲ၏ နောက်တိုက်ကွက် တခု အဖြစ် အောင်ဆန်းစုကြည် ၏ အတ္ထုပ္ပတ္တိကို ရေးနေသည့် အမေရိကန် စာရေးဆရာမ တဦး မြန်မာနိုင်ငံသို့ လာရန် OSS က ကမကထ ပြုခဲ့သည်။

စစ်အစိုးရ အကြောင်း သက်သက် ညှာညှာ ရေးသားအောင် သွေးဆောင်ရန် မျှော်လင့်နေကြောင်း သိသာလှ၏။ ။ 


(ဤဆောင်းပါး စာစုကို လွင်ဦးစာပေ (လှည်းတန်း) က ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ထုတ်ဝေသော ဉာဏ်သစ် မြန်မာပြန် “လျှို့ဝှက်ချက်များ နှင့် အာဏာ (ထောက်လှမ်းရေး နှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း)” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းစာအုပ်မှာ Andrew Selth ရေးသားသည့် Secrets and Power in Myanmar : Intelligence and The Fall of General Khin Nyunt ဖြစ်ပါသည်။)

You may also like these stories:
<><><><><><><><><><><><><><><><><><><><><><><><><.><><><><><><><><><><><><>

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၄)

ကကလှမ်း OSS သည် စစ်တပ်ယောင်ယောင် စစ်ဆင်ရေးများကိုလည်း လုပ်ခဲ့ဟန်တူ၏။

၁၉၉၈ ခုနှစ် တဝိုက်တွင် မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ ကရင် လူမျိုးများကို ပစ်မှတ်ထားကာ သတ်ဖြတ်ရန် အတွက် အထူးတပ် တခုကို ဖန်တီးခဲ့သည်။

ယင်းသည် ၁၉၆၅ ခုနှစ် နှင့် ၁၉၇၂ ခုနှစ် အတွင်းက တောင်ဗီယက်နမ်တွင် စီအိုင်အေ (CIA) က ဦးစီး လုပ်ဆောင်ခဲ့သည့် ဖီးနစ် အစီအစဉ် ကဲ့သို့ ဆောင်ရွက်ရမည်ဟု ထင်ရ၏။

ဤ “လက်မရွံ့ တပ်စိတ်” ကို တန်ပြန် ပြောက်ကျား နှင့် အထူး အာဏာရ အဖွဲ့ စသော အမည်အမျိုးမျိုးဖြင့် သိကြသည်။ ထို့ပြင် သုံးလုံးတပ် ဟုလည်း ခေါ်ကြသေးသည်။

ယင်းသည် ပြည်ထဲရေး ဝန်ကြီးဌာန အောက်ရှိ အမည်တူ စ သုံးလုံး (အထူး စုံစမ်း စစ်ဆေးရေး ဦးစီး ဌာန) ၏ အစိတ် အပိုင်းဟု ယူဆကြသောကြောင့် ဖြစ်သည်။

ကကလှမ်း OSS က ထူထောင်ထားသည့် ခင်ညွန့်ကို တိုက်ရိုက် တာဝန်ခံရသည့် အဖွဲ့သာ ဖြစ်ရန် ရှိသည်။ စစ်တိုင်းများ၏ အထောက်အပံ့ကို ယူသော်လည်း လွတ်လပ်စွာ ဆောင်ရွက်သည်။

အင်အား ၂၀၀ ခန့် ရှိမည့် တန်ပြန် ပြောက်ကျားကို တပ်ခွဲ ၄ ခွဲ၊ ၅ ခွဲ အဖြစ် ခွဲထားသည်။ တပ်ခွဲများတွင် အင်အား ၅ ဦးမှ ၁၀ ဦးထိ ပါသည့် တပ်စိတ်များ ပါရှိသည်။

သူတို့၏ ဆောင်ရွက်ချက်များမှာ KNU နှင့် ဖြစ်စေ၊ ယင်း၏ စစ်တပ် KNLP နှင့် ဖြစ်စေ ဆက်သွယ်သည် ဟု မသင်ကာသူကို သတ်ကာ ဒေသခံ လူထုက ယင်းအဖွဲ့များကို ဆက်လက် မထောက်ခံရဲအောင် ခြောက်လှန့်ရန် ဖြစ်သည်။

၂၀၀၄ ခုနှစ်တွင် ခင်ညွန့်ကို ဖမ်းပြီးသည့်နောက် ယင်းတပ်ဖွဲ့ကို ပုံမှန် စစ်တပ်ကဲ့သို့ ပြန်ထည့်လိုက်ရာ ယင်းတပ်ဖွဲ့မှာ ခင်ညွန့်၏ လက်ရာ ဖြစ်သည် ဆိုသော ယုံကြည်မှုမှာ ပိုမို ခိုင်မာ သွားလေ၏။

ဤအချိန်ပိုင်း အတွင်း စစ်ထောက်လှမ်းရေး အဖွဲ့အစည်းများတွင် အထောက်အကူ ဌာန အများအပြား ရှိလာသည်။

ဥပမာ အားဖြင့် ရန်ကုန် မြောက်ဘက် မင်္ဂလာဒုံတွင် တပ်မတော် ထောက်လှမ်းရေး ဗဟိုဌာန (ယခင် ဗဟို ထောက်လှမ်းရေး တပ်၊ ထို့အလျင်က စစ်ထောက်လှမ်းရေး သင်တန်းကျောင်း) ဟူ၍ ရှိခဲ့သည်။

၁၉၉၄ ခုနှစ်တွင် OSS ကို ဖန်တီးသော အခါ ယင်း တပ်မတော် သတင်း စုဆောင်းရေး သင်တန်းကျောင်းဟု အမည် ပြောင်းလိုက်ကာ တပ်မှူးကိုလည်း ဗိုလ်မှူးကြီး အဆင့်သို့ မြှင့်တင်လိုက်သည်။

ကကလှမ်း၏ မင်္ဂလာဒုံရှိ သုတေသန နှင့် သတင်းတပ်ကိုလည်း ၁၉၆၃ ခုနှစ်တွင် ထောက်လှမ်းရေး အကူတပ် အဖြစ် အဆင့် မြှင့်ခဲ့သည်။

ယင်းတွင် အုပ်ချုပ်၊ စစ်ဆင်ရေး၊ စစ်ကြောရေး၊ ထောက်ပံ့ရေး ဟူသည့် ဌာန ၄ ခု ရှိသည်။

ဤတပ်မျိုး နောက်တခုကို ၁၉၉၀ ပြည့်လွန် နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သည်။ ထို့အတူ လူဦးရေ များသည့် နေရာများတွင် အုပ်ချုပ်မှု ရုံးများ၊ စစ်ကြောရေး ဌာနများ၊ ထိန်းသိမ်းရေး စခန်းများ အဖြစ် အသုံးချသည့် တပ်များ ရှိလာသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဝဲ)၊ ဗိုလ်ချုပ်ကြီး မောင်အေး (အလယ်)နှင့် ဗိုလ်ချုပ် ခင်ညွန့် (ယာ) တို့အား ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ် / AFP

ယင်းတို့ အနက် အမည်ဆိုးနှင့် ထင်ရှားသည်မှာ မင်္ဂလာဒုံရှိ ရေကြည်အိုင် ထိန်းသိမ်းရေး စခန်းဖြစ်ပြီး ၁၉၆၂ ခုနှစ် အာဏာ သိမ်းမှု အပြီးတွင် ဝန်ကြီးချုပ် ဦးနု ကို ယင်းစခန်းတွင် ထိန်းသိမ်းခဲ့သည်။

ယင်းစခန်းကို နိုင်ငံရေး အကျဉ်းသားများ စစ်ကြောရန်၊ ထိန်းသိမ်းရန် အတွက် ထိုအချိန်မှစ၍တောက် လျှောက် အသုံးပြု ခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ဆိုသည်။

၂၀၀၁ ခုနှစ်တွင် ကကလှမ်း နှင့် OSS တို့ကို ပူးပေါင်းလိုက်ကာ တပ်မတော် ထောက်လှမ်းရေး အရာရှိချုပ်ရုံး (DSIB) ကို ဖန်တီးလိုက်သည်။

ယင်းသည် နိုင်ငံ၏ ထောက်လှမ်းရေး စနစ်ကို တိုးချဲ့လိုက်ကာ မြန်မာ့်စစ်ထောက်လှမ်းရေးအဖွဲ့အစည်း ကို နောက်ထပ် တဆင့် မြှင့်လိုက်ခြင်း ဖြစ်သည်။

တပ်မတော်၏ တရားဝင် ဖွဲ့စည်းပုံအရ “အရာရှိချုပ်ရုံး” သည် “ညွှန်ကြားရေးမှူးရုံး” ထက် အဆင့်မြင့်ပြီး စစ်ဆင်ရေး အထူး အဖွဲ့မှူးရုံးများ၊ လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်ရုံး စသည်တို့နှင့် အဆင့်တူ ဖြစ်လာ၏။

ယင်းတို့ အားလုံးကို ဒု ဗိုလ်ချုပ်ကြီးများက ကွပ်ကဲသည်။

ထောက်လှမ်းရေးသည် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့နှင့် တန်းတူ စတုတ္ထ စစ်လက်ရုံး ဖြစ်လာနိုင်မည့် အခြေသို့ပင် ရောက်ခဲ့သည်ဟု ထင်မြင်ရသည်။

သို့သော်လည်း ရည်ရွယ်ချက်ကြီးသည့် ခင်ညွှန့် အပါအဝင် DSIB အဖွဲ့ဝင် အချို့၏ ကိုယ်လိုရာ ဆွဲ၍ တွေးခြင်း ဖြစ်ကြောင်း ပေါ်လာလေသည်။

ထိုမျှမက DSIB တွင် စစ်မှုထမ်းများ တာဝန် ထမ်းဆောင်နေသော်လည်း တပ်မတော်မှ ခွဲထွက်ထားသည့် “နယ်ဘက်” အဖွဲ့အစည်း ဖြစ်လာမည် ဟုလည်း ထိုအချိန်က ထင်ကြေးပေးခဲ့ကြသည်။

မည်သည့် အပြောင်းအလဲမျှ မဖြစ်ခဲ့ပါ။ တပ်မတော် ခေါင်းဆောင်များထဲက ကန့်ကွက်မှုများ ရှိခဲ့ဟန် တူသည်။ သို့သော် ကွပ်ကဲမှု ဆိုင်ရာ စိုးရိမ်မှုများလည်း ရှိခဲ့နိုင်သည်။

DSIB ကို တပ်မတော် စစ်ထောက်လှမ်းရေး အရာရှိချုပ် ရုံး (OCMI) ဟုသာ လူထုရှေ့တွင် ပိုမို ခေါ်ဝေါ်သည်မှာ မည်သည့် အကြောင်းကြောင့်ဟု မရှင်းလင်းသော်လည်း ထိုကဲ့သို့သော ကောလာဟလ များကြောင့်လည်း ဖြစ်နိုင်သည်။

ယင်းသည် ခင်ညွန့်၏ အဆင့်မြင့်လာခြင်းကို မီးထိုးပြနေသည်။

၂၀၀၁ ခုနှစ်တွင် ပူးပေါင်းလိုက်သည့် နောက်တွင် တပ်မတော် စစ်ထောက်လှမ်းရေး အရာရှိချုပ် ရုံး (OCMI) တွင် ဗိုလ်မှူးချုပ် အဆင့် ဦးစီးသည့် ဌာနကြီး ၇ ခု ရှိလာသည်။

ရင်းမြစ် အလိုက် သတင်းများ ကွဲလွဲနေသော်လည်း ဌာနကြီး ၅ ခုမှာ ပြည်တွင်းရေး၊ နယ်စပ် ဒေသ လုံခြုံရေး၊ တန်ပြန် ထောက်လှမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ အိုင်တီ ဟူသော စစ်ဆင်ရေး ကိစ္စများကို ကိုင်တွယ်သည်ဟု ထင်မြင်ရသည်။

သိပ္ပံနှင့် နည်းပညာ ဌာန ဟုလည်း ခေါ်သည့် အိုင်တီ ဌာနသည် “ဆိုင်ဘာ စစ်ဆင်ရေး ဌာန” ကိုလည်း စီမံ ခန့်ခွဲရသည်။ ကျန်ဌာနကြီး ၂ ခုမှာ အုပ်ချုပ်မှု၊ လုံခြုံရေး နှင့် လေ့ကျင့်ရေးကို ကိုင်တွယ်သည်။

အင်အား အပြည့်နှင့် ဆိုပါက ဌာန တခုလျှင် အရာရှိ အင်အား ၅၀၊ ၆၀ ခန့် ရှိမည်။ ဤနေရာတွင်လည်း ကွဲလွဲမှုများ ရှိနေပြန်၏။

သို့သော် ဂျိမ်းစ် မက်အင်ဒရူး (James McAndrew) က စစ်မြေပြင် ထောက်လှမ်းတပ် ၃၇ တပ် ရှိနေသည်၊ ကြည်းတပ် အတွက် ၃၁ တပ်၊ ရေတပ် အတွက် ၃ တပ်၊ လေတပ် အတွက် ၃ တပ် ဟု ဆို၏။

ကြည်းတပ် အတွက် တိုင်းအဆင့်တွင် ဒု ဗိုလ်မှူးကြီး ဦးစီးသည့် “တပ်ရင်း” ၁၂ ရင်း ဖွဲ့စည်းထားသည်။ ဗိုလ်မှူး အဆင့် ဦးစီးသည့် တပ်ခွဲများကို နယ်မြေအလိုက် တာဝန်ချထားသည်။

ရှေ့တွင် ပြောခဲ့သလိုပင် ရန်ကုန်ကဲ့သို့ လူဦးရေ ထူထပ်သည့် နေရာတို့တွင် ရုံးအငယ်စားများ၊ တပ်ဆွယ်များကို တာဝန် ချထားသည်။

OCMI ၏ အရွယ်အစားကို ခန့်မှန်းရန် အလွန် ခက်သည်။ အချို့ အကဲခတ်များက ၁၀၀၀၀ မှ ၃၀၀၀၀ ဟု၊ အချို့ကမူ ၃၀၀၀ မှ ၄၀၀၀ ထိဟု ခန့်မှန်းကြသည်။

ဤကိန်းဂဏန်းများကို မည်သို့ တွက်ချက် ယူသည်မှာလည်း မရှင်းလင်းပေ။

သို့သော် ဂျိမ်းစ် မက်အင်ဒရူး နှင့် မီကီအေဘရာ (Miki Ebara) တို့က အဓိက အယူအဆ နှစ်ရပ်ကို တင်ပြကြသည်။

ဂျိမ်းစ် မက်အင်ဒရူး က စစ်မြေပြင်တပ် ၃၇ တပ် ဟူသော သူ့အဆိုကို မူတည်ကာ ၁ တပ်လျှင် အင်အား ၂၀၀ မှ ၂၅၀ ထိ ထားလိုက်ပြီး စစ်မြေပြင် အင်အား ၇၄၀၀ မှ ၉၂၅၀ ထိ ရှိမည်ဟု တွက်သည်။

ဌာနချုပ်မှ အင်အား ၃၅၀ မှ ၄၀၀ ထိကိုပါ ပေါင်းလိုက်ပါက ၁၀၀၀၀ ခန့်ရှိမည်၊ ယင်းတွင် OCMI ၏ စာရင်းပေါက် သောင်းနှင့် ချီသည့် အခပေး၊ အခမဲ့ သတင်းပေးများ မပါသေးပေ။

စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်

အေဘရာ ကမူ များစွာ လျှော့၍ ခန့်မှန်း၏။ အင်အား ၁၀၀ စီသာ ရှိမည့် စစ်မြေပြင်တပ် ၂၉ တပ်သာ ရှိမည်ဟု သူယုံကြည်သည်။

ရေတပ် အတွက် ၃ တပ်၊ လေတပ် အတွက် ၄ တပ်နှင့် ဌာနချုပ်မှ အင်အားကိုပါ ထည့်ပေါင်းလျှင် စုစုပေါင်း ၄၀၀၀ ခန့်သာ ရှိမည်။

ဤအရေအတွက်မှာ ၂၀၀၄ ခုနှစ်တွင် ဖြုတ်ထုတ်သတ် အလုပ်ခံရသည့် ထောက်လှမ်းရေး အရာရှိ ဦးရေနှင့် ကိုက်ညီသည်။ သို့သော် ထိုဦးရေကိုလည်း ငြင်းစရာများ ရှိနေသေးသည်။

ဤခန့်မှန်းချက် နှစ်ခု အကြီးအကျယ် ကွာခြားရခြင်းမှာ တွက်နည်း ကွာခြားသဖြင့် သို့မဟုတ် ထည့်သွင်း တွက်ချက်သည့် စစ်သည် အင်အား ကွာခြားသဖြင့် ဖြစ်နိုင်သည်။ အတိအကျ ဦးရေကိုမူ မသိရပေ။

OCMI သည် တပ်မတော်၏ အခရာကျသော အစိတ်အပိုင်း ဖြစ်သည်။ ဖွဲ့စည်းပုံ ဇယားများတွင် မြန်မာ့ ကြည်းတပ်၏ စစ်ဦးစီးဌာန အောက်တွင် ဖော်ပြထားသည်။

သို့သော် လက်တွေ့တွင်မူ စစ်ထောက်လှမ်းရေး အဖွဲ့အစည်းသည် လွတ်လပ်သည့် သီးခြားအဖွဲ့ အနေမျိုးဖြင့် တာဝန် ထမ်းဆောင်နေသည်။

၂၀၀၂ ခုနှစ်တွင် (ဦး) နေဝင်းကို အကျယ်ချုပ် ချထားသဖြင့် အဆင့်မြင့် အဆုံးအဖြတ်များတွင် ယင်း၏ သြဇာ မသက်ရောက် တော့သည့် အချိန်အထိ ခင်ညွန့်သည် ထို အာဏာရှင် အိုကြီးကို သြဇညောင်း ခဲ့ပြီး အခွင့်အရေးလည်း အကြီးအကျယ် ယူခဲ့သည်။

ဥပမာ အားဖြင့် ၁၉၉၂ ခုနှစ်မှ စ၍ စစ်မြေပြင် ထောက်လှမ်းရေး အရာရှိများသည် သာမန်ကွပ်ကဲမှု အဆင့်ဆင့်ကို ရှောင်ကာ ရန်ကုန် ဌာနချုပ်သို့ တိုက်ရိုက် သတင်း ပို့နိုင်ကြပြန်သည်။

မြန်မာ့ လူ့ဘောင်နှင့် စီးပွားရေး တို့ကို သြဇာ သက်ရောက်နိုင်မှုကို အမြတ်ထုတ်ကာ ကကလှမ်း OSS သာမက နောင်တွင် OCMI ကပါ တရားဝင်သော၊ တရားမဝင်သော စီးပွားရေး လုပ်ငန်းများကို လုပ် ကိုင်လာကြရာ တရားဝင် ကာကွယ်ရေး ဘတ်ဂျက်အပြင် လုပ်ငန်း ရန်ပုံငွေများ အတွက် ငွေရလမ်း တခု ဖြစ်လာလေသည်။

ထို့ပြင် အဓိက အစိုးရ လုပ်ငန်းစဉ်များကို ထိန်းချုပ်ထားနိုင်ခြင်း၊ အရာရှိ အချင်းချင်းနှင့် ပတ်သက်သည့် အချက် အလက်များ အပါအဝင် အကဲဆတ်သော သတင်းများကို အခွင့်ထူးဖြင့် လက်လှမ်းမီခြင်း တို့ကြောင့် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များသည် သူတို့ထက် အဆင့်မြင့်သော အရာရှိများကိုပင် စိန်ခေါ်လာနိုင်ကြသည်။

အဂတိ လိုက်စားသည်၊ မောက်မာသည်၊ အနိုင်ကျင့်သည် ဟုလည်း ကျော်စောလာလေသည်။

ဤ အချက်များကြောင့် ကကလှမ်း (OSS) / OCMI တို့သည် အထက်တန်း အရာရှိကြီးများ အပါအ ဝင် ကျန် တပ်မတော် တရပ်လုံးနှင့် အချင်းများလာတတ်၏။

ကိုယ်ပိုင် တိုက်ခိုက်ရေး စွမ်းအား (တန်ပြန် ပြောက်ကျား မှအပ) မရှိသဖြင့် ယင်းတို့၏ သြဇာသည် သတင်းများကို အခွင့်ထူးဖြင့် လက်လှမ်းမီမှုကိုသာ မှီတည်နေကြောင်း ကကလှမ်း (OSS) / OCMI တို့ သိကြသည်။

ထို့ကြောင့် စုဆောင်း ရရှိသည့် သတင်းများကို မနာလိုစိတ်ဖြင့် စောင့်ရှောက်ထားတတ်သည်။

ခင်ညွန့်က ထောက်လှမ်းရေး သတင်းများ၊ သတင်း ဖြန့်ဖြူးမှုများကို ထိန်းချုပ် ထားလွန်းသဖြင့် အဓိက ပြိုင်ဘက်ဟု အများက ဆိုကြသည့် နဝတ ဒု ဥက္ကဌ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် လွတ်လပ်သည့် သတင်းရင်းမြစ်များကို လက်လှမ်း မီအောင် လုပ်ဆောင်ထားရသည်ဟု သတင်း ထွက်လာ၏။

ကိုယ်ပိုင် ထောက်လှမ်းရေး အဖွဲ့ကို ဖွဲ့သည်၊ “အစွမ်းထက်သည့် ရေဒီယို ကြားဖြတ် ဖမ်းယူစက် တလုံးကိုပင် အနောက် နိုင်ငံ တခုမှ ဝယ်သည်” ဆိုသော သတင်းများပင် ထွက်လာလေသည်။

အကဲခတ် အများစုက ယင်း “လျှို့ဝှက်” မှောင်ရိပ်ခို အဖွဲ့အစည်းသည် ခင်ညွန့်နှင့် သူ့ အပေါင်းအပါ ကကလှမ်း (OSS) / OCMI များကို စောင့်ကြည့်ရန် ဖြစ်ကြောင်း ထင်မြင်ချက် ပေးကြ၏။

အချို့ကမူ မောင်အေးနှင့် မိသားစု အလုပ်ကြံ မခံရရန် ကာကွယ်ဖို့ဟု ဆိုကြသော်လည်း သူ့ရန်သူကိုမူ ဖော်မပြောကြပေ။

အကယ်၍ မောင်အေးက ထောက်လှမ်းရေး နောက်တဖွဲ့ကို အကြောင်း တခုခုကြောင့် တကယ်ပင် ဖွဲ့ထားစေဦး၊ တရားဝင် အဆင့်အတန်းကိုမူ ပေးမထားပေ။

တရားဝင် ထောက်လှမ်းရေး လမ်းကြောင်းများကို အားမကိုးရဘဲ ဖြစ်ပျက်နေသည်များကို သိနေရ အောင် သူ့အား သတင်း ပေးနေမည့် ထောက်ခံသူများကို လက်နက်ကိုင် တပ်များထဲမှရော ပြင်ပ စီးပွားရေး လောကထဲမှပါ စုစည်းကာ တရားမဝင် ကွန်ရက် တခု ဖွဲ့စည်းထားခြင်းကသာ ပို၍ ဖြစ်နိုင်လိမ့်မည်။
၂၀၀၃ ခုနှစ် သြဂုတ်လတွင် ခင်ညွန့်ကို မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်လိုက်ပြီး ဗိုလ်ချုပ်ကြီး အဆင့် (ကြယ်လေးပွင့်) သို့ ရာထူး တိုးပေးလိုက်သည်။

 ထောက်လှမ်းရေး အရာရှိ ဗိုလ်မှူးကြီး ကျော်သိန်း (ဝဲ)၊ ဗိုလ်မှူးကြီး သိန်းဆွေ (အလယ်)၊ ဗိုလ်မှူးကြီး ကျော်ဝင်း (ယာ) တို့ကို ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အစိုးရ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် / AFP

ထို့ကြောင့် စစ်တပ်၏ ဆင့်ကဲ ဆင့်ကဲ ကွပ်ကဲမှုတွင် ယင်း၏ နေရာ တိုးတက်သွားသော်လည်း နဝတ ၏ နေရာကို ဝင်ယူလာသည့် နအဖ ကမူ စုပေါင်း ခေါင်းဆောင်မှုကိုသာ အလေးထားသည်၊ ပြိုင်ဘက် ပုဂ္ဂိုလ်များ၊ အဖွဲ့များကို မဲတင်းထားလိုသည်။

အမှန်စင်စစ် ဝန်ကြီးချုပ် ရာထူးသည် အစဉ်အလာ အားဖြင့် အခမ်းအနား ဆိုင်ရာသာ ဖြစ်တတ်သောကြောင့် ဤရာထူး ခန့်အပ်မှုသည် စီအိုင် ၏ သြဇာကို လျှော့ချခြင်းဟု အချို့က ရှုမြင်ကြသည်။

သို့သော်လည်း ခင်ညွန့်ကမူ သူ၏ ပြောင်းလဲမှု အစီအစဉ်ကိုရော သူ့ဘဝ တက်လမ်းကိုပါ ဖြစ်ထွန်းစေမည်ဟု သန္နိဌာန် ချထားလိုက်ကာ တာဝန်သစ်များကို သူ့ဟန်မူ အတိုင်း ပုံအော၍ ထမ်းဆောင်လေသည်။

ထောက်လှမ်း ဆိုင်ရာ တာဝန်များကို စွန့်လွှတ်ရန် သူ့ကို ပြောသည်ဟု ကောလာဟလများ ရှိနေသော်လည်း စီအိုင် အဖြစ် ဆက်၍ လုပ်နေသည်။

နေ့စဉ် လုပ်ငန်း ဆောင်တာများကိုမူ သူ့ လက်ထောက် ဗိုလ်ချုပ် ကျော်ဝင်း ကို လွှဲထားလိုက်ပုံ ရသည်။

သို့တစေ တက်မကိုမူ ခင်ညွန့်က မြဲမြဲ ကိုင်ထားဆဲ ဖြစ်သည်။ အတွင်းသိများက သူ့ကို “တကယ့် အလုပ်ရူး” ဟု ပြောကြသည်။

တနှစ် ပတ်လုံး နေ့စဉ် နံနက် ၇ း ၃၀ တွင် အထက်တန်း အကြံပေးများက သူ့ကို အခြေအနေ ဖွင့်ပြရသည်ဟု ဆိုသည်။

အခြား လက်တွေ့ တာဝန်များ၊ အခမ်းအနား ဆိုင်ရာ တာဝန်များ ရှိနေသော်လည်း နိုင်ငံ ထောက်လှမ်းရေး စနစ် လုပ်ဆောင် ချက်များကို သူ့သြဇာ အသက်ရောက်ဆုံး ဖြစ်နေဆဲ၊ ကိစ္စအများစုတွင် အခရာ ကျသည့် ဆုံးဖြတ်ချက်များကို သူက ချမှတ်နေဆဲ ဖြစ်သည်။ ။

ဆက်လက်ဖော်ပြပါမည်။

(ဤဆောင်းပါး စာစုကို လွင်ဦးစာပေ (လှည်းတန်း) က ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ထုတ်ဝေသော ဉာဏ်သစ် မြန်မာပြန် “လျှို့ဝှက်ချက်များ နှင့် အာဏာ (ထောက်လှမ်းရေး နှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း)” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းစာအုပ်မှာ Andrew Selth ရေးသားသည့် Secrets and Power in Myanmar : Intelligence and The Fall of General Khin Nyunt ဖြစ်ပါသည်။)

You may also like these stories:
<><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><
၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၅)

 
 
အခြား ထောက်လှမ်းရေး အဖွဲ့များ

စစ်ထောက်လှမ်းရေး အဖွဲ့အစည်းသည် မြန်မာ့ ထောက်လှမ်းရေး စနစ်တွင် အမြဲ လွှမ်းမိုးနေသည် မှန်သော်လည်း တဦးတည်း လုပ်ငန်း ဆောင်ရွက်သည်ကား မဟုတ်ပေ။

အခြား အဖွဲ့များနှင့် အတူ ယင်းတို့၏ အထောက်အကူဖြင့် အလုပ်လုပ်နေသည့် အရပ်ဘက် ၃ ဖွဲ့မှာ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်တွင် ရှိနေသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် အထူး သတင်းဌာန ဟူ၍ ရှိသည်။

ယင်းကို အချို့ နိုင်ငံခြား သတင်း ရင်းမြစ်များက အထူး စုံစမ်း စစ်ဆေးရေး ဌာန (SID) ဟု ဖော်ပြတတ်ကြသည်။ သို့သော် အထူး ဌာနခွဲ (SB) ဟုသာ အသိများကြသည်။

ယင်း၏ မူလကို နောက်ကြောင်း လိုက်ကြည့်သော အခါ ကိုလိုနီခေတ် ၁၈၈၇ ခုနှစ်တွင် မှုခင်း စုံစမ်းစစ် ဆေးရေး ဌာန (CID) ကို ဖန်တီးခဲ့ပြီး မကြာမီတွင် ယင်းအတွင်း၌ သတင်း ဌာနခွဲ (IB) ဟု ဖွဲ့စည်းခဲ့သည်။

၁၉၆၄ ခုနှစ်တွင် (ဦး) နေဝင်းက မြန်မာ့ လုံခြုံရေး တပ်များကို ပြန်စုဖွဲ့သော အခါ ဗြိတိသျှ ဟန် ဗမာပြည် ရဲတပ်ဖွဲ့ကို ပြည်သူ့ ရဲတပ်ဖွဲ့ အဖြစ် ပြောင်းလဲခဲ့သည်။

သတင်း ဌာနခွဲ (IB) သည်လည်း အသစ်ဖွဲ့စည်းသည့် SID ထဲတွင် ပါဝင်ခဲ့ရသည်။

မကြာမီတွင် ယင်း၏ အမည်ဟောင်း အတိုင်း အထူးဌာနခွဲ (SB) ဟုသာ ခေါ်လာကြသည်။ တခါတရံ အထူးဌာနခွဲ (၂) (SB2) ဟု ခေါ်ခဲ့သည်။

၁၉၈၈ ပုန်ကုန်မှု နောက်ပိုင်းတွင် နဝတ SID ကို တာဝန် အများအပြားကို ပေးအပ်ခဲ့ရာ အထူး အရေး ကြီးသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလည်း ပါဝင်သည်။

သို့ရာတွင် “နိုင်ငံရေးရဲ” အလုပ်ကသာ ပင်မတာဝန် ဖြစ်ခဲ့သည်။ သူလျှိုများ၊ လက်ရှိ အစိုးရကို ရန်ပြု ဆန့်ကျင်သူများကို ဖယ်ရှားပေးရန် တာဝန် ပေးထားသည်။ ၂၀၀၀ ပြည့်နှစ်တွင် ရဲမှူးချုပ် တဦး ဦးစီးသည့် ခွင့်ပြု အင်အား ၁၂၁၃ ဦးဖြင့် တကြိမ် ပြန်လည် ဖွဲ့စည်းခဲ့သည်။

နေပြည်တော်ရှိ အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စစစ) စသုံးလုံး ရုံး / bsi.gov.mm
 

ပြည်တွင်းရေး၊ ပြည်ပရေး၊ တရားစွဲဆိုရေး၊ စုံစမ်း စစ်ဆေးရေး၊ စစ်ဆင်ရေး၊ နိုင်ငံကူး လက်မှတ်၊ လုံခြုံ ရေး၊ အုပ်ချုပ်မှု ဟူသော ဌာနခွဲ ၈ ခုဖြင့် လုပ်ငန်း ဆောင်ရွက်နေသည်။

ခင်ညွန့် စီအိုင် (CI) လုပ်နေစဉ်က SB သည်လည်း အမျိုးသား ထောက်လှမ်းရေး စနစ်၏ အရေးကြီးသော လက်ရုံး တဖက် ဖြစ်ခဲ့ကာ ကကလှမ်း (OSS) / OCMI တို့နှင့် နီးကပ်စွာ အလုပ်လုပ်ခဲ့သည်။

မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့၏ မှုခင်း စုံစမ်း စစ်ဆေးရေး ဌာန (CID) သည်လည်း ခင်ညွန့်၏ ထောက်လှမ်ရေး အင်ပါယာ ထဲတွင် တခန်းတကဏ္ဍမှ ပါဝင်ခဲ့သည်။

CID သည် သူ့ချည်း သက်သက်သာ ဆိုလျှင် ထောက်လှမ်းရေး အဖွဲ့ မဟုတ်သော်လည်း အခြေအနေက တောင်းဆိုလျှင် အစိုးရကို ဆန့်ကျင်နေသူများကို အမျိုးသား ထောက်လှမ်းရေး အဖွဲ့ (မထဖ) နှင့် ရဲ တပ်ဖွဲ့ ဌာနချုပ်က ညွှန်ကြားသည့် အတိုင်း စုံစမ်း စစ်ဆေးရ၊ ဖမ်းဆီးရ၊ စစ်ကြောရသည်။

၁၉၆၄ ခုနှစ်တွင် ပြန်ပုံနှိပ်ကာ ရဲ စစ်ဆေးရေး အရာရှိချုပ်က ပြန်ဖြန့်ဝေထားသည့် ကိုလိုနီခေတ် ရဲ လက်စွဲ စာစောင်တွင် “နိုင်ငံရေး သဘော ဆောင်သည့် အမှု” များသည် CID ၏ တာဝန်ဖြစ်သည်ဟု ဖော်ပြထားသည်။

၁၉၉၀ ပြည့်လွန် နှစ်များတွင် SB ကို တိုးချဲ့ပြီးသည့် နောက်တွင်လည်း အလားတူပင် ဖြစ်သည်။ ထိုအချိန်က ယင်း၏ အရွယ်အစားကို မသိရသော်လည်း ၂၀၀၀ ပြည့်တွင် နအဖ က ရဲမှူးချုပ် တဦး၏ လက်အောက်တွင် အင်အား ကျား၊ မ ၈၀၃ ဦးဖြင့် ခွင့်ပြုခဲ့သည်။

ထိုနှစ်တွင် ပြန်ဖွဲ့စည်းပြီးသည့် နောက်၌ အသစ်ဖွင့်လိုက်သည့် အောက်မြန်မာ နိုင်ငံ နှင့် အထက် မြန် မာ နိုင်ငံ ဌာနခွဲများ အတွက် ရန်ကုန် နှင့် မန္တလေး တို့တွင် ရှိခဲ့သည့် CID ရုံးများက တာဝန် ယူရ၏။

ပြည်နယ်နှင့် တိုင်းဒေသကြီးများ တို့၏ မြို့တော်များတွင် CID ရုံးများ ရှိကြသည်။

အခြားထောက်လှမ်းရေး အဖွဲ့များနည်းတူ CID ကလည်း နိုင်ငံ၏ လုံခြုံရေးနှင့် ပတ်သက်လာလျှင် ဥပဒေသည် ပြောင်းလွယ် ပြင်လွယ် ရှိနိုင်သည်ဟု မြင်သော်လည်း SB နှင့် ကကလှမ်း၊ DSIB ၊ OCMI တို့ကဲ့သို့ ထင်တိုင်း မကြဲကြချေ။

စောင့်ကြည့် မှတ်တမ်းများ ထားရှိရာတွင် SB ထက်သာသည်ဟု ကျော်စောသည်။

ထိုသို့ ဖြစ်ရသည်မှာ တရား ရုံးတော်တွင် တင်ပြနိုင်လောက်မည့် သက်သေ အထောက်အထားများကို စုဆောင်းရန် ယင်း၏ အဖွဲ့ဝင်များကို ပိုမိုလေ့ကျင့် စမ်းသပ်ထားသောကြောင့် ဖြစ်နိုင်သည်။

မြန်မာ ထောက်လှမ်း စနစ်၏ နောက်အစိတ်အပိုင်း တခုမှာ အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန – စသုံးလုံး (BSI) ဖြစ်သည်။

ယင်းကို အစိုးရ ဗျူရိုကရေစီမှ “ခြများကို ရှင်းလင်းရန်” ၁၉၅၁ ခုနှစ်တွင် ဝန်ကြီးချုပ် ဦးနု က ဖန်တီးခဲ့သည်။

“ပြည်သူ့ ပစ္စည်း ကာကွယ်ရေး ရဲ” (People’s Property Protection Police) “ပီလေးလုံး” ကို အခြေခံသည်။ စဖွဲ့စဉ်က အင်အား ၃၁၅ ဦးရှိခဲ့သည်။

ပညာရှင် တယောက်က “မြန်မာပြည်၏ FBI” ဟု ခေါ်ခဲ့သည်။ စသုံးလုံးကို အာဏာ အများအပြား ပေးထားသည်။ ယင်း၏ ပင်မ တာဝန်မှာ လဘ်စားမှု နှင့် ငွေကြေးဆိုင်ရာ ပြစ်မှုများကို စုံစမ်း စစ်ဆေးရန် ဖြစ်သည်။

သို့သော် ခေတ်ပြိုင် အကဲခတ် တဦးကမူ “လုပ်ချင်ဇော နှင့် မသင်္ကာစိတ်က အလျှံအပယ် ဖြစ်နေသ လောက် သက်ဆိုင်သူ၏ ပုဂ္ဂိုလ်ရေး လုံခြုံမှု နှင့် စေ့ဆော်မှုတို့ကို ညှာတာသည့် စိတ်ကမူ မလောက်င သဖြင့် စသုံးလုံးသည် အကူအညီမရဘဲ အနှောင့်အယှက် ဖြစ်လာသည်” ဟု ဖော်ပြသည်။

ပထမတွင် စသုံးလုံးသည် ဝန်ကြီးချုပ်ကို တိုက်ရိုက် တာဝန်ခံရသော်လည်း နောင်သော် ပြည်ထဲရေး ဝန်ကြီးဌာန အောက်သို့ ပြောင်းရွှေ့လိုက်သည်။

ယင်းတွင် မူရင်း တာဝန်ထက် “အစိုးရကို ဆန့်ကျင် ဖျက်ဆီးမည့် သဘောရှိသည့် မသင်္ကာဖွယ်လှုပ်ရှား မှုကို ရပ်တံ့ရန်” တာဝန်ကို ဦးစားပေးရသည်။

၂၀၀၄ ခုနှစ် မတိုင်မီက စသုံးလုံးတွင် ဌာနခွဲ ၆ ခုသာ ရှိခဲ့သည်။

“ဘေးမဲ့ ပေးထားသဖြင့် အကြမ်းဖက်မှုကို ကျူးလွန်နေကြသည်” ဟု သတင်း ထွက်နေသည်။

ဆိုခဲ့သည့် အတိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနသည် မြန်မာ့ အစိုးရ ဌာနများတွင် အဆင့် မကောင်းလှချေ။ သို့သော် ထောက်လှမ်းရေး တာဝန်များကိုမူ ကျေပွန်ခဲ့သည်။

ပွင့်လင်း ရင်းမြစ် သတင်း (OSINT) စုဆောင်းခြင်း၊ သုံးသပ်ခြင်း၊ စသည့် သာမန် သံတမန် တာဝန်များကို သာမက ပြည်ပ တာဝန်ကျ ထောက်လှမ်းရေး အရာရှိများကို သံတမန် အကာအကွယ် ပေးခြင်း၊ အုပ်ချုပ်မှု ထောက်ပံ့ပေးခြင်း တို့ကိုလည်း ဆောင်ရွက်သည်။

ဥပမာ အားဖြင့် မြန်မာ့ စစ်သံမှူးရုံးသည် တာဝန်ကျသည့် နိုင်ငံ၏ စစ်ရေး ဆိုင်ရာ အဖြစ်အပျက်များ၊ မဟာဗျူဟာ ဆိုင်ရာ အပြောင်းအလဲများကို စောင့်ကြည့် စစ်ဆေးရသည်။

မိမိနိုင်ငံမှ လာနေသူများကိုလည်း စောင့်ကြည့်ကာ သူတို့၏ လှုပ်ရှားမှုများကို ကကလှမ်း / DSIB / OCMI သို့ သတင်း ပို့ရသည်။ မြန်မာ သံအမတ်ကြီးများသည်လည်း စစ်အရာရှိ ဟောင်းများ ဖြစ်တတ်၏။

အချို့မှာ ထောက်လှမ်းရေး ကျောထောက် နောက်ခံ ရှိကြပြီး အနည်းစုမှာ ခင်ညွန့်ထံသို့ တိုက်ရိုက် သတင်း ပို့ကြရ၏။

ယင်းတို့ကို ဟောင်ကောင်၊ ဇင်းမယ် စသည့် စစ်သံများ မရှိသည့်၊ အရေးကြီးသည့် နေရာများသို့ စေလွှတ်မြဲ ဖြစ်သည်။ 

စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်

နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဝှက်စာ၊ တိုင်စာ ရေးများမှာလည်း ထောက်လှမ်းရေး တပ်ဖွဲ့က လေ့ကျင့်ပေးထားသည့် စစ်တပ်မှ အခြား အဆင့်များသာ ဖြစ်သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနသည် မဟာဗျူဟာ ဆိုင်ရာ သတင်း သုံးသပ်ချက်များကိုလည်း ကကလှမ်း / DSIB / OCMI နှင့် နဝတ၊ နအဖ တို့သို့ ပေးပို့ရသည်။

ကကလှမ်း / DSIB / OCMI ဌာနချုပ်သို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အထက်တန်း အရာရှိ တဦးကို အမြဲတမ်း တွဲဖက် ပေးထားရသည်။

နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည်များ၊ ဥပမာ နိုင်ငံခြားသား တဦးဦး၊ တဖွဲ့ဖွဲ့ အလည်အပတ် မလာမီ ယင်းတို့နှင့် ပတ်သက်၍ ခင်ညွန့်အား ရှင်းပြရန် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဤပင်မ အဖွဲ့များ အပြင် အခြား စုံစမ်း စစ်ဆေးရေး အဖွဲ့ငယ်များလည်း ရှိသေးသည်။

အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန လက်အောက်ခံ အကောက်ခွန် ဦးစီးခဌာန၏ ထောက်လှမ်းရေး နှင့် သုတေသန ဌာနခွဲ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးခဌာန၏ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၏ ထောက်လှမ်းရေး အဖွဲ့ငယ်များ စသည်တို့ ဖြစ်သည်။

တခါတရံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စုံထောက် ဌာနသည်လည်း ယင်းတို့ထဲတွင် ပါဝင်တတ်သည်။

၂၀၁၃ ခုနှစ်အထိ ဤနိုင်ငံ၏ အီလက်ထရွန်နစ် ဆက်သွယ်ရေးကို လက်ဝါးကြီးအုပ်ထားသည့် ဆက်သွယ်ရေး ဝန်ကြီးဌာနသည် ကကလှမ်း / OCMI တို့၏ စောင့်ကြည့် စစ်ဆေးနိုင်စွမ်း တိုးချဲ့ရာတွင်တယ်လီဖုန်း ကြားဖြတ် နားထောင်ခြင်း စသည့် လုပ်ဆောင်ချက်များဖြင့် ကူညီခဲ့သည်။

ဤအဖွဲ့အစည်းများကို မြန်မာ့ ထောက်လှမ်းရေး စနစ်အကြောင်း ရေးသား ထုတ်ဝေရာတွင် ဖော်ပြခဲသည်။

ယင်းတို့၏ အရွယ်အစား သေးငယ်ခြင်း၊ အမျိုးသား လုံခြုံရေးနှင့် မသက်ဆိုင်သည့် သီးခြား နယ်ပယ်များတွင်သာ တာဝန် ထမ်းဆောင်ရခြင်း တို့ကြောင့် ဖြစ်မည်။

ဗိုလ်ချုပ်ကြီးများ၏ အုပ်ချုပ်မှုအောက်တွင် ယင်းတို့၏ အမိန့်အရ မည်သည့် အစိုးရ ဌာနမဆို ထောက်လှမ်းရေး လုပ်ငန်းတွင် ပါဝင်နိုင်ပေသည်။

ဤအဖွဲ့များ၊ တပ်များ၊ ဝန်ကြီးဌာနများ စုပေါင်းထားသည့်၊ ကြီးမားသည့်၊ ထွေပြားသည့်၊ အလွှာ အထပ်ထပ် ပါဝင်သည့် ကွန်ရက်ကြီးသည် လိုလားချက် ဖော်ထုတ်ခြင်း၊ စုဆောင်းခြင်း၊ ရေးသားခြင်း နှင့် အမြတ် ထုတ်ခြင်း၊ သုံးသပ်ခြင်း နှင့် သတင်း ထုတ်လုပ်ခြင်း၊ ဖြန့်ဝေခြင်း ဆိုသည့် ထောက်လှမ်းရေး စက်ဝန်း၏ အဆင့် ၅ ဆင့်စလုံးကို လွှမ်းခြုံထားလေသည်။

ဤနိုင်ငံ၏ ထောက်လှမ်းရေး စနစ် ကြီးမားလာပြီး တာဝန်များ ပိုမို ကျယ်ပြန့်လာသော အခါ လမ်းညွှန်မှု၊ ပေါင်းစပ် ညှိနှိုင်းမှု၊ ဖြန့်ဖြူးမှု ဆိုင်ရာ ကိစ္စများသည် ပိုမို အရေးပါလာသည်။

၁၉၆၂ ခုနှစ် စစ်အာဏာ သိမ်းမှု နောက်ပိုင်းတွင် နေဝင်း၏ တော်လှန်ရေး ကောင်စီသည် ဤနိုင်ငံ၏ လုံခြုံရေး စနစ်ကို ပိုမို ထိရောက်စေရန်၊ ယင်း၏ လုပ်ငန်းများကို ပိုမို ထိန်းချုပ်ရန် အရေးယူ ဆောင် ရွက်ခဲ့သည်။

၁၉၆၄ ခုနှစ်တွင် အမျိုးသား ထောက်လှမ်းရေး အဖွဲ့ (မထဖ) ကို ဖန်တီးခဲ့သည်။

ယင်းသည် ထောက်လှမ်းရေး နှင့် လုံခြုံရေး အဖွဲ့ အသီးသီး၏ လှုပ်ရှားမှုများကို အမြင့်ဆုံး အဆင့်၌ ပေါင်းစပ် ညှိနှိုင်းပေးသည့် မူဝါဒ ချမှတ်သည့် အဖွဲ့ငယ် ဖြစ်သည်။

၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်အရ အရပ်သား (ဟုဆိုသော) ပါလီမန် တခုပေါ်ပေါက် လာသော အခါ အမျိုးသား ထောက်လှမ်းရေး အဖွဲ့ ဥပဒေကို အတည်ပြုခဲ့ပြီး မထဖ ကို တရားဝင် အဆင့်အတန်း ပေးလိုက်သည်။

MI ၊ SB ၊ CID စသုံးလုံး (BSI) တို့ကိုသာမက သက်ဆိုင်လျှင် နိုင်ငံခြားရေး၊ ဆက်သွယ်ရေး စသည့် ဝန်ကြီးဌာန တို့၏ လှုပ်ရှားမှုများကိုပါ လမ်းညွှန်ခဲ့သည်။
ရန်ကုန်မြို့ရှိ စသုံးလုံး ရုံး / bsi.gov.mm

ထိုအချိန်က မထဖ ကို ယင်း၏ ကွပ်ကဲရေး အဖွဲ့ ဥက္ကဌ ဖြစ်သည့် ဝန်ကြီးချုပ်၏ ရုံးတွင် တွဲဖက်ထားသော်လည်း အမှန် တကယ်တွင်မူ ကကလှမ်း ညွှန်ကြားရေးမှူးက ထိန်းချုပ်ထားသည်။

ထိုသို့သော ရာထူးနေရာကြောင့် စီအိုင်သည် “မိမိ တဦးတည်း သဘောဖြင့် ဆုံးဖြတ်နိုင်သည့် အာဏာကို ရရှိထားပြီး သီးခြား လွတ်လပ်သည့် အသွင် ရှိနေုခြင်းကြောင့် တာဝန်ခံမှု နှင့် အာဏာ အလွဲသုံးမှု ဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ် စေနိုင်သည်” ဟု တင်မောင်မောင်သန်းက ဆိုသည်။

ကကလှမ်းက မထဖ သို့ ရုံးဝန်ထမ်းများကို တွဲဖက်ပေးထားရာ နှစ်ဖွဲ့စလုံးမှ ရာထူးများကို ရယူထားကြသူလည်း အများပင် ရှိသည်။

၁၉၈၃ ခုနှစ်တွင် မြန်မာ့ ထောက်လှမ်းရေး စနစ်ကို ပြည့်စုံစွာ ပြန်လည် သုံးသပ်သည့် အနေဖြင့် မထဖ ကို အားသစ် လောင်ပေးခဲ့ပြီး မထဖ ဥပဒေကိုလည်း ပြင်ဆင်ခဲ့သည်။

ထိုနှစ် စောစောပိုင်းက ထောက်လှမ်းရေး အမှုထမ်း အများအပြားကို အလျှင်အမြန် သန့်စင်ခဲ့ရစေသည့် စီအိုင်၏ ပုဂ္ဂိုလ်ရေး အာဏာကို ကြောင့်ကြ စိုးရိမ်၍ မထဖ ၏ အကြီးဆုံး ရာထူးနေရာကို ဌာန အကြီးအကဲများက အလှည့်ကျ တာဝန်ယူစေရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း လက်တွေ့တွင် ဤအဖွဲ့ကို ကကလှမ်း၏ အကြီးအကဲ ကသာ လွှမ်းမိုးနေသည်။

၁၉၈၈ ပုန်ကန်မှု နောက်ပိုင်းတွင် ယင်းကိစ္စသည် တရားဝင်လာပြီး တကယ့် ရာထူးလည်း ဖြစ်လာသည်။ မထဖ ၏ ညွှန်ကြားရေးမှူး (အချို့ အနောက်တိုင်း ရင်းမြစ်များက မထဖ ၏ ဥက္ကဌ ဟု ဆိုသည်) က နဝတ ကို လည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် နအဖ ကိုလည်းကောင်း တာဝန်ခံရသည်။

မထဖ သည် သေးငယ်သည့် အပြင် ဌာနအနေဖြင့် စစ်ဆင်ရေး ဆောင်ရွက်နိုင်စွမ်း မရှိသော်လည်း ကျယ်ပြန့်သည့် မူဝါဒများကို ဆုံးဖြတ်ရန်၊ ဦးစားပေးများကို ချမှတ်ရန်၊ စစ်ဆင်ရေးကြီးများ အတွက် ပေါင်းစပ် ညှိနှိုင်းပေးရန် တာဝန်ရှိသည့် မြန်မာနိုင်ငံ၏ အမြင့်ဆုံး ထောက်လှမ်းရေး အဖွဲ့ ဟူ၍ တရားဝင် မှတ်ယူထားကြသည်။

မကြာမီမှာပင် ယင်းအဖွဲ့သည် ကျယ်ပြန့်လာသည့် သူ့ထောက်လှမ်းရေး အင်ပါယာကို စီမံ ခန့်ခွဲရာတွင်၊ အခြား အဖွဲ့များ၏ အလုပ်၌ ဝင်ရောက် စွက်ဖက်ရာတွင်၊ စီအိုင်၏ အာဏာကို ကျင့်သုံးရာတွင် ခင်ညွန့် အသုံးပြုသည့် အရေး ကြီးသည့် လက်စွဲ ကိရိယာ ဖြစ်လာလေသည်။ ။

ဆက်လက်ဖော်ပြပါမည်။

(ဤဆောင်းပါး စာစုကို လွင်ဦးစာပေ (လှည်းတန်း) က ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ထုတ်ဝေသော ဉာဏ်သစ် မြန်မာပြန် “လျှို့ဝှက်ချက်များ နှင့် အာဏာ (ထောက်လှမ်းရေး နှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း)” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းစာအုပ်မှာ Andrew Selth ရေးသားသည့် Secrets and Power in Myanmar : Intelligence and The Fall of General Khin Nyunt ဖြစ်ပါသည်။)

You may also like these stories:

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */