Sunday, December 22, 2024

ဧရာဝတီတိုင်း၌ တလအတွင်း ရိုဟင်ဂျာ ၇၀ ကျော် ဖမ်းဆီးခံခဲ့ရ

DVB
December 22, 2024

Photo: NN

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ တလအတွင်း အကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့ ကလေးငယ်တွေ အပါ အဝင် ရိုဟင်ဂျာ အယောက် ၇၀ ကျော်အထိ စစ်ကောင်စီတပ်နဲ့ ရဲတွေရဲ့ အဖမ်းခံခဲ့ရတယ်လို့ ရိုဟင်ဂျာတွေနဲ့နီးစပ်သူဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ တလအတွင်း ကုန်းလမ်း၊ ရေလမ်းတွေကနေ တဆင့် ဧရာဝ တီတိုင်းထဲကို ဝင်လာတဲ့ ရိုဟင်ဂျာ အမျိုးသား ၃၃ ယောက်၊ အမျိုးသမီး ၂၉ ယောက် ကလေးငယ် ၉ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ရိုဟင်ဂျာများအရေး ဆောင်ရွက်ပေးသူ တယောက်က “ဖမ်းမိတဲ့ ရိုဟင်ဂျာတွေက ရန်ကုန်ကနေတ ဆင့် တဖက် မလေးရှားနိုင်ငံဘက်ကို သွားဖို့ ထွက်လာကြသူတွေလို့ ပြောတယ်။ ရိုဟင်ဂျာတွေက ရခိုင်ပြည်နယ်က လာတဲ့သူတွေပါ။ ရခိုင်မှာက ဒေသမတည်ငြိမ်ဖြစ်နေတာနဲ့ အလုပ်အကိုင်အခွင့် အလမ်း မကောင်းတာ၊ အစာရေစာ ပြတ်လပ်နေတာ၊ ခွဲခြားဆက်ဆံခံရတာတွေကြောင့် ထွက်လာတဲ့သူတွေပါ။ လိုရာခရီးမရောက်ဘဲ အဖမ်းခံရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ရဲတွေက လက်ရှိ အဖမ်းခံထားရတဲ့ ရိုဟင်ဂျာတွေကို ဘယ်ပုဒ်မနဲ့မှ အရေးယူခြင်းမရှိသေးဘဲ အရင်ကတော့ ရိုဟင်ဂျာတွေကို လ.ဝ.က ဥပဒေနဲ့ အရေးယူထားတာ များတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တွေဆီကသိရပါတယ်။

“ရိုဟင်ဂျာတွေကို အခုအထိတော့ အမှုဖွင့် အရေးမယူရသေးဘူးလို့ သိရတယ်။ အရင်ကတော့ လဝကဥပဒေနဲ့ အမှုဖွင့် ထောင်ချတာ များတယ်လေ။ ကလေးတွေကိုတော့ တွံတေး ငှက်အော်စမ်း ထိန်းသိမ်းရေးစခန်းကို ပို့တာ များတယ်။ အခုတော့ ရဲစခန်းတွေမှာပဲ ချုပ်ထားတာ” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ တလအတွင်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ရိုဟင်ဂျာအယောက် ၇၀ ကျော်ဟာ ဟိုင်းကြီးကျွန်း၊ သာပေါင်း၊ ငရုတ်ကောင်း၊ ရေကြည်၊ ကြံခင်း စတဲ့ မြို့နယ်တွေကနေ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */