BBC
၇ သြဂုတ် ၂၀၂၄
ဘင်္ဂလားဒေ့ရှ်နဲ့ဆက်နေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့က တိုက်ပွဲတွေကြောင့် နတ်မြစ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို ကူးပြေးဖို့ ကြိုးစားတဲ့ရိုဟင်ဂျာတွေရဲ့ ရုပ်သံဖိုင်တွေ ထွက်ပေါ်လာပါတယ်။
အာရက္ခတပ်တော်( အေအေ) ရဲ့ မောင်တော မြို့သိမ်းတိုက်ပွဲတွေဟာ ၂၀၂၄ ဧပြီလကတည်းကစတင်နေတာပါ။ ဇွန်လနဲ့ ဇူလိုင်လကစပြီး ပြင်းပြင်းထန်ထန်ဖြစ်ရာကနေ တိုက်ပွဲကာလ ၅ လမြောက် သြဂုတ်လမှာ အပြင်းထန်ဆုံးဖြစ်နေပါတယ်။
အေအေတပ်တွေက မောင်တောမြို့ရဲ့ မြောက်ပိုင်း ရွှေဇားရွာနဲ့ တောင်ပိုင်းက ပန်းတောပြင်၊ မြို့ရဲ့ အရှေ့မြောက် သီဟိုဠ်ကျွန်းဆိုတဲ့ရွာတွေမှာ တပ်စွဲနေရာယူထားပါတယ်။ ဒီရွာတွေက ရိုဟင်ဂျာတွေ အများဆုံးနေထိုင်တဲ့ရွာတွေလည်း ဖြစ်ပါတယ်။
မောင်တောမြို့ရဲ့ ပတ်ပတ်လည်ကို အေအေက ဝိုင်းထားပြီး မြို့ရဲ့ အရှေ့ဘက် နှစ်မိုင်ခန့် မှာတော့ မြို့သူကြီးတပ်လို့ ခေါ်တဲ့ စစ်ကောင်စီရဲ့ (နခခ-၅) တပ်ရင်းတစ်ခုပဲ ကျန်နေပါတယ်။ စစ်ကောင်စီရဲ့ ရေတပ်လည်း အဲဒီနားမှာကျန်နေသေးတယ်လို့ ဆိုပါတယ်။
တစ်ခုတည်းတဲ့ကျန်တဲ့ စစ်တပ်ရဲ့ မြေပြင်တပ်ရင်းကိုဖြိုပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ကိုသိမ်းနိုင်ဖို့ အေအေက အပြင်း အထန်ထိုးစစ်ဆင်နေတာလို့ မြို့ခံရိုဟင်ဂျာ အများစုက ပြောပါတယ်။
အပြန်အလှန်စွပ်စွဲမှုတွေကြားက ရိုဟင်ဂျာတွေသေဆုံးမှု
၂၀၂၄ ဇွန်လကနေ ဩဂုတ်လ ပထမပတ်အထိ မောင်တောမြို့ထဲကို လက်နက်ကြီးကျရောက်တာကြောင့် မောင်တောမြို့မှာ နေ့စဉ်နဲ့အမျှ ထိခိုက်သေဆုံးနေကြတယ်လို့ မြို့ခံအနည်းဆုံး ၃ ဦးက ဘီဘီစီကိုပြောပါတယ်။
သြဂုတ် ၃ ရက် တိုက်ပွဲက အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုကြားမှာ မောင်တောမြို့လယ်ခေါင် မွတ်ဆလင်အများစုနေထိုင်တဲ့ရပ်ကွက်က နေအိမ်တစ်အိမ်ပေါ်ကို လက်နက်ကြီးကျရောက်ခဲ့ပါတယ်။
မိသားစု ၃ ဦးရဲ့ နေအိမ်ပေါ် လက်နက်ကြီးကျည် ကျပေါက်ကွဲခဲ့တာကြောင့် ဆရာဝန်ဖြစ်တဲ့ ဖခင်ဖြစ်သူသေဆုံးခဲ့ပြီး မိခင်နဲ့ သားကတော့ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
“ဆရာဝန်ကတော့ ဆုံးသွားတယ်။ သူမရှိတော့ ကျန်တဲ့ ဒဏ်ရာရသူတွေရဲ့ ကျန်းမာရေးပြဿနာတွေပါ ကြီးလာတယ်” လို့ မြို့ခံကပြောပါတယ်။
ဆရာဝန်သေဆုံးခဲ့တဲ့ ဖြစ်စဥ်မှာ ဘယ်ဘက်ကလက်နက်ကြီးကြောင့်ဆိုတာ တိတိကျကျ မသိရဘူးလို့ မြို့ခံ ၂ ဦးထက်မနည်းက ဖြေပါတယ်။
ဩဂုတ် ၅ ရက်နဲ့ ၆ ရက်မှာတော့ လက်နက်ကြီးနဲ့ပစ်ခတ်တာက အပြင်းထန်ဆုံးဖြစ်ပြီး ဒေသခံတော်တော်များများသေဆုံးခဲ့တယ်လို့ ပြောကြပါတယ်။
ရိုဟင်ဂျာရပ်ကွက်တွေဖြစ်တဲ့ ကညင်တန်းရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်၊ ဗိုလ်မှူးရပ်ကွက်၊ မောင်နီရပ်ကွက်တွေကို ပစ်ခတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
မြို့တွင်းဘက်ကို လက်နက်ကြီးပစ်ခတ်မှုတွေအပြင် ဒရုန်းတွေနဲ့ပါ အဆက်မပြတ်ဗုံးကြဲတာကြောင့် ရိုဟင်ဂျာ အများစုက မြို့ထဲမှာမနေတော့ဘဲ မြို့အနောက်ဘက်ခြမ်းကမ်းခြေမှာလူစုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတယ်လို့ ပြောပါတယ်။
ကမ်းခြေဘက်မှာလူစုလူဝေးနဲ့ တိမ်းရှောင်နေကြချိန် ဩဂုတ်လ ၅ ရက် နေ့ခင်းပိုင်းက ကမ်းခြေကို လက်နက်ကြီးကျည်ကျရောက်တာနဲ့ ဒရုန်းတိုက်ခိုက်မှုတွေရှိလို့ လူသေဆုံးမှုအများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။
''လူစုလူဝေးထဲကို လက်နက်ကြီးရော၊ ဒရုန်းနဲ့ ကြဲတဲ့ ဗုံးတွေရော ကျရောက်ပေါက်ကွဲတာဆိုတော့ ဒေသခံအများကြီး ဆုံးသွားတယ်။”
မောင်တောမြို့ခံ ကိုလှထွန်း အပါအဝင် ဒေသခံနောက်ထပ် ၂ ဦး ရဲ့ အပြောအရ ကမ်းခြေနဲ့ မဝေးတဲ့ ရွှေဇားရွာဘက်နဲ့ ပန်းတောပြင်ဘက်မှာ တပ်စွဲထားတဲ့ အာရက္ခတပ်တော် (အေအေ) ဘက်ကနေ ဒရုန်းနဲ့ ပစ်ခတ်တာလို့ ကောက်ချက်ချပြောပါတယ်။
''အလောင်းတွေကို ကျွန်တော်တို့ ကိုယ်တိုင်ကောက်ရပါတယ်။ အဲဒီကမ်းခြေနဲ့နီးတဲ့ဘက်မှာရော ကမ်းခြေမှာရော စကစတပ် (စစ်ကောင်စီတပ်) တွေမရှိပါဘူး”လို့ ကမ်းခြေအခြေအနေကို မျက်မြင်ကြုံတွေ့ခဲ့ရသူ ကိုလှထွန်းက ပြောပါတယ်။
သြဂုတ် ၆ ရက်ကလည်း မောင်တောကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လှေတစ်စီးနဲ့ထွက်ပြေးတဲ့ ရိုဟင်ဂျာတွေပါတဲ့ လှေဟာ ဒရုန်းနဲ့ ပစ်ခတ်ခံရမှုကြောင့် လှေမှောက်ပြီးသေဆုံးတာတွေရှိခဲ့တယ်လို့ မောင်တောဒေသခံ ကိုလှထွန်းနဲ့ နောက်ထပ် မေးမြန်းခွင့်ရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီပစ်ခတ်မှုတွေကို အေအေဘက်ကလုပ်တာလို့ ကိုလှထွန်း အပါအဝင် မောင်တောဒေသခံအချို့က အခိုင်အမာဖြေကြားပါတယ်။
''ဘင်္ဂလားဒေ့ရှ်ကို ကူးဖို့ စက်လှေပေါ်တက်အပြီး ခဏအကြာမှာ အေအေပစ်တဲ့ လက်နက်ကြီးနဲ့ဒရုန်း ထိလို့ ကျွန်တော့် ဦးလေးတော်စပ်တဲ့ မိသားစုတစ်စု၊ မိတ်ဆွေ မိသားစုနှစ်စု အကုန် သေသွားတယ်။ လူငယ်နှစ်ယောက်ပဲ ရှင်ပါတယ်'' လို့ ကိုလှထွန်းကပြောပါတယ်။
အေအေ ပြောခွင့်ရ ဦးခိုင်သုခကတော့ ပြည်သူကိုဦးတည်တိုက်ခိုက်တာ လုံးဝမလုပ်ခဲ့ဘူးလို့ ဘီဘီစီကို ဖြေပါတယ်။ မောင်တောမြို့ဟာ လက်နက်ကိုင်မျိုးစုံ လှုပ်ရှားတဲ့နေရာဖြစ်ပြီး အေအေဘက်ကလုပ်သယောင် ဝါဒဖြန့်နေတာလို့ အေအေ ပြောခွင့်ရသူ ဦးခိုင်သုခ က တုံ့ပြန်ပါတယ်။
ဘီဘီစီကမြို့ခံတချို့နဲ့ ကိုလှထွန်းကို ဘာကြောင့် အေအေဘက်ကပစ်တာလို့ ပြောနိုင်သလဲဆိုတာနဲ့ သက်သေရှိပါသလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။
''အေအေက မြို့ရဲ့ တစ်မိုင်ခန့်အကွာ ပန်းတောပြင်မှာ ခြေကုပ်ယူတဲ့နေ့ကစပြီး မြို့ထဲကိုလက်နက်ကြီး ခပ်စိပ်စိပ်ကျကွဲတာပါ။ ပန်းတောပြင်က ဘယ်သူ့အိမ်မှာ လက်နက်ကြီး ရှော့တိုက်ဒုံးပစ်ဖို့ နေရာယူထားသလဲဆိုတာကအစ မြို့ခံရိုဟင်ဂျာတွေက သိပါတယ်။''
''လက်နက်ကြီးကျလာတဲ့ ဦးတည်ရာကလည်း မြို့ရဲ့တောင်ပိုင်းကဆိုတာ အားလုံးမျက်မြင်ရှိပါတယ်။ အေအေက ငြင်းမယ်ဆိုရင် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့ကို ပန်းတောပြင်မှာ စစ်ခွင့်ပြုရဲလားလို့ပဲ မေးခွန်းထုတ်ချင်ပါတယ်'' လို့ ကိုလှထွန်းက ဘီဘီစီကို တုံ့ပြန်ပါတယ်။
သြဂုတ် ၇ ရက်မှာတော့ နတ်မြစ်မြန်မာဘက်ကမ်းခြေမှာ ရိုဟင်ဂျာအလောင်း အချို့ ကမ်းတင်ပေါ်လာတဲ့ ရုပ်သံဖိုင်တွေလည်း ထွက်ပေါ်လာပါတယ်။
ဘီဘီစီက မောင်တောမြို့မှာ ကျန်နေတဲ့ မြို့ခံ အနည်းဆုံး ၃ ဦးထက်မနည်းကို မေးမြန်းချက်အရ အေအေ ရဲ့ ပစ်ခတ်မှုတွေရှိသလို တဖက်မှာလည်း မောင်တောမြို့ထဲက စစ်ကောင်စီလက်ကျန်တပ်နဲ့ အာရကန်ရိုဟင်ဂျာတပ် (ARSA) နဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တွေပေါင်းပြီးပစ်ခတ်နေတာကြောင့်လက်နက်ကြီးကျည်တွေ ကျရောက်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဘူးသီးတောင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ခြေကုပ်ယူလှုပ်ရှားနေတဲ့ အာဆာအဖွဲ့အပါအဝင် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရောက်နေတဲ့ အာရကန်ရိုဟင်ဂျာတပ် (ARA)နဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တပ်တွေကို စစ်တပ်ဘက်က တပ်ကူခေါ်ထားတယ်လို့ မြို့ခံတချို့ကပြောပါတယ်။
''(ARSA) နဲ့ (RSO) က သူတို့အချင်းချင်းမတည့်ဘူး။ ဒါပေမဲ့ စစ်တပ်ကလည်း သူတို့ နှစ်ဖွဲ့ကိုပြန်မွေးပြီး အင်အားစုထားတယ်။ တိုက်ခိုင်းတယ်'' လို့ မောင်တောမြို့ခံ ကိုအေးမောင်က မောင်တော အခြေအနေကို ရှင်းပြပါတယ်။
မောင်တောမြို့ပေါ် ဒေသခံတွေဟာ အာဆာ (ARSA) အပါအဝင် စစ်ကောင်စီက စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ ခြိမ်းခြောက်တာ၊ သတ်ဖြတ်တာ၊ ဓားပြတိုက်ပြီးဖမ်းဆီးတာအပြင် ငွေကြေးတောင်းခံတာတွေအထိ ကြုံနေရတယ်လို့ ဆိုပါတယ်။
ဇူလိုင်နောက်ဆုံးပတ်က ရခိုင်တိုင်းရင်းသား ၅ ဦးနဲ့ ဟိန္ဒူ ဘာသာဝင် အနည်းဆုံး ၅ ဦး ဟာ အာဆာ (ARSA) အဖွဲ့ရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ မောင်တောမှာတော့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် မြေပြင်အခြေအနေ ရှုပ်ထွေးနေပြီး နှစ်ဖက်လုံးရဲ့ မဆင်မခြင်ပစ်ခတ်မှုတွေကြောင့် ဒါဇင်နဲ့ချီတဲ့ လက်သည်မဲ့ အရပ်သားသေဆုံးမှုတွေ နေ့စဥ် ဖြစ်နေတယ်လို့ မောင်တောမြို့ခံ ကိုအေးမောင်က ရှင်းပြပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးတဲ့နောက် ဘူးသီးတောင်နဲ့မောင်တောမြို့တို့မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း (IDP) က ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးခဲ့တဲ့အကြောင်း ဘီဘီစီရဲ့ အစောပိုင်းရရှိထားတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
မောင်တောမှာ စစ်ကောင်စီတပ်တွေနဲ့ ရိုဟင်ဂျာတပ်တွေပူးပေါင်းပြီး ဖမ်းဆီးတာတွေရှိနေတယ်ဆိုတာနဲ့ ရိုဟင်ဂျာတပ်တွေကို စစ်ကောင်စီက ခိုင်းစေထားတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူကို ဘီဘီစီကဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
ဘင်္ဂလားဒေ့ရှ်ဘက် ကူးနေကြတဲ့ ရိုဟင်ဂျာတွေ
အစုလိုက် သေဆုံးမှုတွေ စိပ်လာတာကြောင့် မောင်တောမှာ ဆက်မနေရဲတော့တဲ့ ရိုဟင်ဂျာတွေဟာ နတ်မြစ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စက်လှေနဲ့ကူးဖို့ ကြိုးစားနေကြပါတယ်။
စက်လှေခက လူတစ်ယောက်အတွက် ကျပ်ဆယ်သိန်းနီးပါးအထိ ပေးရတယ်လို့ သိရပါတယ်။
မှောင်ခိုလမ်းကြောင်းကနေ ကူးရင်း မြစ်ထဲမျောပါသေဆုံးသွားသူတွေလည်းရှိသလို မြစ်လယ်ကျွန်းမှာ သောင်တင်နေတဲ့ ဒေသခံ ထောင်နဲ့ချီရှိတယ်လို့ ကိုလှထွန်းက ပြောပါတယ်။
“ရေထဲမျောသွားတာ အယောက် ၂၀ လောက်ရှိတယ်။ မိုးတွင်းဆိုတော့ လှေငယ်နဲ့ မြစ်ကြီးထဲကူးရတာ အရမ်းအန္တရာယ်များတယ်” လို့ သူက ဆက်ပြောပြပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း မောင်တောမှာ တိုက်ပွဲတွေစဖြစ်တဲ့ ဇွန်လကတည်းက အသစ်ထွက်ပြေးလာမယ့် ရိုဟင်ဂျာတွေကို လုံးဝလက်မခံတော့ဘူးလို့ ပြောထားပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးကော်မရှင် အကြီးအကဲ မစ္စတာ မီဇနာ ရှာရ်မန် ကတော့ ဘူးသီးတောင်ဘက်ကတိုက်ပွဲတွေတုန်းကလို တိုက်ပွဲကြား ဘေးလွတ်ရာ ရှောင်တိမ်းဖို့အတွက် ဘင်္ဂလားဒေ့ရှ်ထဲအစုလိုက်ဝင်ရောက်လာတာမျိုး ထပ်ဖြစ်မှာ စိုးရိမ်ချက်ရှိနေတာပါ။
“နယ်စပ်ရဲ့အခြားတဖက် မြန်မာဘက်ခြမ်းမှာ တိုက်ပွဲကပြင်းထန်နေတယ်။ လူတွေလည်း နေ့စဉ်သေနေတယ်၊ ရိုဟင်ဂျာအများစုရှိတဲ့ မောင်တောမြို့နယ်မှာဆို သိသိသာသာတွေ့ရတယ်” လို့ မစ္စတာ ရှာရ်မန် က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက စစ်တပ်နဲ့ ARSA လက်နက်ကိုင်တွေအကြားက တိုက်ပွဲကြောင့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးလာကြပြီး ကော့ဆက်ဘဇားခရိုင်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းဟာ ကမ္ဘာ့အကြီး ဆုံးဒုက္ခသည်စခန်းဖြစ်လာပြီး လူဦးရေ တစ်သန်းအထိရှိလာပါတယ်။
ဒီများပြားလှတဲ့အရေအတွက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လုံခြုံရေးကိုပါခြိမ်းခြောက်နိုင်တဲ့အခြေအနေဖြစ်လာတဲ့အကြောင်း အခုနှစ်ဆန်းပိုင်းကတည်းက အာဏာပိုင်တွေက ထုတ်ပြောထားပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ရဲ့ စာရင်းအရ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ၉၅ ရာခိုင်နှုန်းကျော် ဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေနဲ့ ရပ်တည်နေရပြီး ၂၀၂၀ ခုနှစ် နောက်ပိုင်း ကူညီထောက်ပံ့တာတွေ တဖြည်းဖြည်းလျော့ကျနေပါတယ်။
ဓားပြတိုက်ဖမ်းဆီးခံနေရတဲ့ ဒေသခံတွေ
အာဆာတပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)
ဩဂုတ်လ ၅ ရက်က မောင်တောမြို့ ရပ်ကွက် (၁) ထဲက ဒက်ရွာမှာရှိတဲ့ နေအိမ် ၃ အိမ် ကို မျက်နှာဖုံးစွပ်ထားတဲ့ လူတစ်စုက ဓားပြတိုက်သွားတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။မောင်တောမြို့ကို ဘယ်သူထိန်းချုပ်ထားလဲ
မောင်တောမြို့မှာ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ် နခခ (၅) တပ်ရင်း ကျန်ရှိနေပြီး အေအေက မောင်တောတစ်မြို့လုံးကိုသိမ်းနိုင်ဖို့ ဩဂုတ် ၃ ရက်ကတည်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
မောင်တောမြို့ပြင် ကျေးရွာအများစုက ဒေသခံတချို့လည်း မောင်တောမြို့ပေါ်အထိ စစ်ရှောင်လာပြီး မြို့ပေါ်ရပ်ကွက်က နေအိမ်တွေမှာ စုပြီးနေနေရတဲ့အခြေအနေလို့ သိရပါတယ်။
“တစ်အိမ်မှာ အယောက် ၂၀၊ ၃၀ လောက်အထိ ဆံ့သလောက်နေနေရတယ်” လို့ ဒေသခံတစ်ယောက်က ဘီီဘီစီကို ပြောပါတယ်။
မြို့လယ်ခေါင်အထိပါ လက်နက်ကြီးပစ်ခတ်သံတွေ၊ တိုက်ပွဲသံတွေ ဆူညံလာတာကြောင့် ဒေသခံတွေပိတ်မိနေပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
အာရက္ခတပ်တော် ( အေအေ) က ရခိုင်-ချင်းနယ်စပ် ပလက်ဝမြို့အပြင် ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ဘူးသီးတောင် အစရှိတဲ့ မြို့ ၁၀ မြို့ကို ထိန်းချုပ်ထားပါတယ်။
No comments:
Post a Comment