" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, May 7, 2024

မြန်မာစစ်ခေါင်းဆောင်အချို့ အာဂျင်တီးနားတရားရုံးကနေ ဖမ်းဝရမ်းထုတ်ခံရဖွယ်ရှိ

RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.05.07

ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်မှုစွဲချက်နဲ့ အာဂျင်တီးနားနိုင်ငံ တရားရုံးမှာ စွဲဆိုထားတဲ့ အမှုမှာ မြန်မာစစ်ခေါင်းဆောင်အချို့နဲ့ သတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့သူတွေရဲ့ နာမည်စာရင်းကို တင်သွင်းထားပြီး၊ စွပ်စွဲခံရသူတွေကို အခုနှစ်အတွင်းမှာ နိုင်ငံတကာအဆင့် ဖမ်းဝရမ်းထုတ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဒီအမှုအတွက် တရားလို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စတာ တိုးမာ့စ် ကင်တားနားက ပြောပါတယ်။ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တွေ့ဆုံမေးမြန်းထားပါတယ်။


RFA - မစ္စတာ ကင်တားနား ခင်ဗျာ။ အခု မြန်မာစစ်ခေါင်းဆောင်တွေကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု စွဲချက်နဲ့ အာဂျင်တီးနား တရားရုံးမှာ စွဲဆိုထားတဲ့ အမှု ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ ခင်ဗျ။

မစ္စတာ ကင်တားနား - ဒီအမှုက ရှေ့ဆက်သွားနေပါတယ်။ အမှုအတွက် လိုအပ်တဲ့ သက်သေအထောက်အထားတွေကို အာဂျင်တီးနား ဥပဒေပညာရှင်တွေက စုဆောင်းနေပါတယ်။ ဒီအမှုတွဲမှာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ရိုဟင်ဂျာတွေရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို ထွက်ဆိုချက် လေးခုပါဝင်ပါတယ်။ ဒီရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇား ဒုက္ခသည် စခန်းကနေ အာဂျင်တီးနားနိုင်ငံအထိ ကမ္ဘာတစ်ပတ်နီးပါး ခရီးနှင်ပြီး လူကိုယ်တိုင် လာရောက်ထွက်ဆိုခဲ့ကြတာပါ။ ဒါက Universal Jurisdiction သဘောတရားအရ စွဲဆိုတဲ့အမှုတစ်ခုအတွက် အရေးကြီးတဲ့ ထွက်ဆိုချက်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ အာဂျင်တီးနား တရားရုံးဟာ မြန်မာနိုင်ငံဘက်မှာ ကျန်နေတဲ့ သက်သေအထောက်အထားတွေကိုလည်း ရယူနိုင်ဖို့ ကြိုးစားနေပါတယ်။ အခုအချိန်မှာ စုံစမ်းစစ်ဆေးနေတဲ့ အဆင့်မှာ ရှိနေပါတယ်။ မကြာခင်မှာ ဒီအမှုအတွက် စွပ်စွဲခံထားရတဲ့ သူတွေနဲ့ ပက် သက်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုခု ချနိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။

RFA - ဒီအမှုအတွက် ချမယ့် ဆုံးဖြတ်ချက်တွေနဲ့ ပက်သက်လို့ အချိန်ဇယား ရေးဆွဲ သတ်မှတ်ထားတာမျိုး ရှိပါသလား။

မစ္စတာ ကင်တားနား - ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဒီအမှုမှာ တရားလိုအဖြစ် စွဲဆိုခဲ့တဲ့ မြန်မာရိုဟင်ဂျာအသင်း ယူကေ (BROUK) ကနေ ဒီအမှုမှာ စွပ်စွဲခံထားရသူတွေကို နိုင်ငံတကာအဆင့် ဖမ်းဝရမ်းထုတ်ပေးဖို့ တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။ အခု အဲဒီလျှောက်ထားချက်ကို တရားရုံးက သုံးသပ်နေပါတယ်။ ဖမ်းဝရမ်းထုတ်ဖို့ လုံလောက်တဲ့ သက်သေအထောက်အထားတွေကို တရားရုံးက စုဆောင်း နေပါတယ်။ နိုင်ငံတကာအဆင့် ဖမ်းဝရမ်းထုတ်ပေးဖို့ လိုအပ်တဲ့အခြေအနေတွေ ပြည့်မီခြင်းရှိမရှိ ဆိုတာကို အခုနှစ်အတွင်းမှာ အာဂျင်တီးနားတရားရုံးကနေ ဆုံးဖြတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

RFA - ဒီအမှုမှာ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုအတွက် တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို နာမည်စာရင်း ထုတ်ထားတယ်လို့ သိရပါတယ်။ ဒီစာရင်းမှာ ပါတဲ့သူတွေနဲ့ ပက်သက်ပြီး ဘာများ ပြောပြနိုင်မလဲ။

မစ္စတာ ကင်တားနား - ဒါကတော့ လျှို့ဝှက်ချက်ပါ။ ကျွန်တော် ပြောပြနိုင်တာက တရားလို ဖြစ်တဲ့ မြန်မာရိုဟင်ဂျာအသင်း ယူကေ (BROUK) ကနေ ပြုစုထားတဲ့ စာရင်းမှာ ကျူးလွန်သူ ၇ ဦးရဲ့ နာမည်တွေ ပါဝင်ပါတယ်။ ဒီအထဲမှာ မြန်မာစစ်တပ်ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေကနေ၊ ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုတွေမှာ တိုက်ရိုက်ပါဝင်ခဲ့တဲ့သူတွေရဲ့ နာမည်တွေ ပါဝင်ပါတယ်။ ဒီလောက်ပဲ ပြောပြနိုင်ပါတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ အခုနှစ် တစ်ချိန်ချိန်မှာ အာဂျင်တီးနားတရားရုံးကနေ ဒီအမှုနဲ့ ပက်သက်လို့ အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အဲဒီဆုံးဖြတ်ချက်က ရိုဟင်ဂျာ အသိုက်အဝန်းတစ်ခုလုံးအတွက် တရားမျှတမှုရဖို့ မျှော်လင့်ချက် ဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် မြန်မာစစ်ခေါင်းဆောင်တွေအတွက်လည်း သူတို့ရဲ့ လုပ်ရပ်တွေအတွက် အပြစ်ပေးအရေးယူခံရတာကနေ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူးဆိုတဲ့ သတင်းစကား ဖြစ်ပါလိမ့်မယ်။ နိုင်ငံတကာ အသိုင်းအဝန်းတစ်ခုလုံးအတွက်လည်း ရိုဟင်ဂျာတွေ လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရတဲ့ နိုင်ငံတကာအဆင့် ရာဇဝတ်မှုကြီးနဲ့ ပက်သက်ပြီး လုပ်သင့်လုပ်ထိုက်တာ လုပ်ပေးဖို့ တွန်းအားဖြစ်လာပါလိမ့်မယ်။

RFA - အခုလိုမျိုး Universal Jurisdiction သဘောတရားနဲ့ အခြားတစ်နိုင်ငံမှာ စွဲဆိုပြီးတဲ့နောက်မှာ ကျူးလွန်သူတွေ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကျခံသွားရတဲ့အမှုမျိုးက အလွန်နည်းပါးတာ တွေ့ရပါတယ်။ အထင်ရှားဆုံး ဥပမာအနေနဲ့ ချီလီနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် သမ္မတဟောင်း သြဂတ်စတို ပီနိုရှေးဆိုရင် အလားတူ အခြားတစ်နိုင်ငံမှာ တရားစွဲဆိုခံရပြီး ဖမ်းဝရမ်းထုတ်ခံရခဲ့ပေမယ့် အပြစ်ပေးခံရတဲ့အဆင့်ကို မရောက်လိုက်ပဲ ကွယ်လွန်သွားတာ တွေ့ရပါတယ်။ အခု ဒီအမှုကနေရော ဘယ်လောက်အထိ မျှော်လင့်လို့ ရနိုင်လဲ။

မစ္စတာ ကင်တားနား - ချီလီ အာဏာရှင် ပီနိုရှေးရဲ့ အမှုက ကမ္ဘာအရပ်ရပ်က တရားမျှတမှု ရဖို့ ကြိုးပမ်းမှုတွေအတွက် အလွန်အရေးပါတဲ့အမှု ဖြစ်ပါတယ်။ သူ့ကို စပိန်နိုင်ငံမှာ Universal Jurisdiction သဘောတရားအရ အမှုဖွင့်ခဲ့ပြီး လန်ဒန်မှာ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ပီနိုရှေးကို ဖမ်းဝမ်းထုတ်နိုင်ခဲ့တာဟာ သူအာဏာရှင်အဖြစ် အုပ်ချုပ်စဉ်က ဖိနှိပ်ခံခဲ့ရတဲ့သူတွေအတွက် အရေးကြီးတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ အခု ကျွန်တော်တို့လည်း အာဆီယံ၊ ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တို့အပါအဝင် နိုင်ငံတကာ ရာဇဝတ်မှုတွေကို အရေးယူဆောင်ရွက်ဖို့ လိုလားတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆက်သွယ်နေပါတယ်။ ရိုဟင်ဂျာတွေအတွက် အမှုအားလုံးဟာ လူမျိုးတုန်း သတ်ဖြတ်မှုဆိုတာ ဘယ်မှာ ဖြစ်ခဲ့တာဖြစ်ဖြစ် လက်ခံအားပေးလို့ မဖြစ်ဘူးဆိုတဲ့ အားလုံးနဲ့ ဆိုင်တဲ့ အယူအဆကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အာဂျင်တီးနား တရားရုံးကနေ ဖမ်းဝရမ်းထုတ်နိုင်ခဲ့ရင် ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူအပြစ်ပေးဖို့ တရားရုံးက ဆင့်ခေါ်တာခံရပြီဆိုတာ သတင်းမီဒီယာတွေ အပါအဝင် အားလုံးကို အသိပေးသွားပါမယ်။

RFA - အခု အခြားနိုင်ငံတကာ အရေးကိစ္စတွေပေါ်လာတိုင်း ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုက မြန်မာနိုင်ငံအပေါ်မှာ မရှိတော့ဘဲ ဖြစ်နေပါတယ်။

မစ္စတာ ကင်တားနား - မြန်မာနိုင်ငံအတွက် နိုင်ငံတကာက အရေးယူဆောင်ရွက်ဖို့ လိုနေပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံအခြေအနေနဲ့ ပက်သက်လို့ လုပ်နေတာ ရှိပေမယ့် ဖြစ်ပြီးမှ တုံ့ပြန်တဲ့ သဘောဆောင်နေပါတယ်။ မြန်မာစစ်တပ်က ၂၁ ရာစုမှာ ပထမဆုံးသော လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တာ တကယ့်အမှန်တရား ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီအာဂျင်တီးနားတရားရုံးအမှုဟာ ကမ္ဘာ အရပ်ရပ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ဖို့ ဦးတည်နေတဲ့ အခြေအနေတွေ ထပ်မဖြစ်အောင် ကာကွယ်ကြဖို့ အသိတရားရစေလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

 

 Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */