" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, May 2, 2024

စစ်ကောင်စီ၏ ပယောဂကြောင့် ရိုဟင်ဂျာနှင့် ရခိုင်တို့၏ တဒင်္ဂချစ်ကြည်ရေး ပြိုလဲပြီလော

Myanmar Now
ရောင်နီ
May 1, 2024

စစ်ကောင်စီသည် ခေတ်အဆက်ဆက်က ၎င်းတို့ဖိနှိပ်ခဲ့သော ရိုဟင်ဂျာမွတ်စလင်များကို လက်နက်တပ်ဆင်ပေး၍ တစ်ဖုံ၊ ဆန္ဒပြခိုင်း၍ တစ်နည်း အသုံးချကာ ဒေသခံများ၏ အားပေးထောက်ခံမှုရနေသော AA ကို တိုက်ခိုက်ရန်၊ ဒေသတွင်းပဋိပက္ခဖန်တီးရန် အပြင်းအထန် ကြိုးပမ်းနေသည်။

ရိုဟင်ဂျာနှင့် ရခိုင်တို့ကြား ပဋိပက္ခဖြစ်ပွားပြီးနောက် ဆယ်စုနှစ်တစ်ခုကြာ ဆက်ဆံရေး ပြတ်တောက်နေမှုသည် အာရက္ခတပ်တော် (AA) အင်အား အတော်အတန်ကြီးထွားလာသည့် ၂၀၂၁ နောက်ပိုင်းတွင် အဆုံးသတ်နိုင်ခဲ့သည်။

ကြားကာလများတွင် လူအုပ်စုနှစ်စုကြား ခါးသီးသော အမုန်းတရားများဖြင့် သံသယစိတ်များ ဝင်ခဲ့ကြသည်။

သို့သော် ၂၀၂၁ နောက်ပိုင်းကာလများတွင် ရိုဟင်ဂျာနှင့် ရခိုင်တို့ကြား ကူးလူးဆက်ဆံခြင်း၊ ကျောင်းသား လူငယ်အချင်းချင်း မဟာမိတ်သဖွယ်ရင်းနှီးဆက်ဆံမှုများ၊ ရိုဟင်ဂျာများ ရခိုင်ရပ်ကွက်၊ ကျေးရွာများသို့ အလွယ်တကူဝင်ရောက်ထွက်ခွာနိုင်သည့် အခြေအနေတစ်ခုထိ ဆက်ဆံရေးတိုးမြင့်လာခဲ့သည်။

သို့သော် ၂၀၂၃၊ နိုဝင်ဘာ ၁၃ ရက်မှစတင်သော AA ၏ ပြောင်မြောက်သော ထိုးစစ်အောက်တွင် စစ်ကောင်စီ ထိန်းချုပ်သော မြို့များ တစ်မြို့ပြီးတစ်မြို့ လက်လွတ်ဆုံးရှုံးနေရချိန်တွင် အဖုအထစ်ရှိခဲ့ဖူးသည့် ရိုဟင်ဂျာနှင့် ရခိုင်တို့အကြား ပဋိပက္ခ ပြန်လည်ဖြစ်ပွားလာအောင် စစ်ကောင်စီက ဖန်တီးလာပြီလောဟု မေးခွန်းများထွက်ပေါ်လာသည်။

ရခိုင်လူမျိုးတို့ အားကိုးယုံကြည်ရသည့် အာရက္ခတပ်တော် (AA) ကို စစ်တွေ၊ ဘူးသီးတောင်ရှိ ရိုဟင်ဂျာများက “AA အလိုမရှိ” ဟု ဆန္ဒပြ အော်ဟစ်ခဲ့သည်။

ယခင် ၂၀၁၂၊ ၂၀၁၇ အရေးအခင်းတို့တွင် ၎င်းတို့၏ ဆန္ဒကို မြန်မာအစိုးရပိုင်နက်၌ တစ်ကြိမ်တစ်ခါမျှ ပြသခွင့်မရရှိခဲ့သည့် ရိုဟင်ဂျာတို့သည် လက်ရှိတွင် မြို့ပေါ်ရပ်ကွက်တို့၌ ထိုသို့ ဆန္ဒပြနိုင်ခြင်းမှာ စစ်ကောင်စီ၏ စေခိုင်းမှုကြောင့်ပင်ဖြစ်သည်ဟု စစ်တွေမြို့က အသက် ၄၀ အရွယ် ရိုဟင်ဂျာအမျိုးသားတစ်ဦးက ပြောသည်။

“ခင်ဗျားလည်း စဉ်းစားကြည့်လေ။ အရင် ၂၀၁၂ ပြဿနာဖြစ်တုန်းက ကျွန်တော်တို့ လူမျိုးတွေ ဆန္ဒပြမှာ ထားလိုက်တော့၊ ရှေ့ကိုထွက်ပြီး စကားပြောလို့ရတာ ရှိသလား။ အခု တရားဝင် အားလုံးရှေ့မှာ ဆန္ဒပြလို့ရတယ်ဆိုတာ ဘယ်သူက လုပ်ခိုင်းလို့ရတယ်ဆိုတာ စဉ်းစားလို့ရပါတယ်” ဟု ၎င်းက ဆိုသည်။

ဧပြီ ၁၈ ရက်တွင် စစ်တွေမြို့ရှိ ရိုဟင်ဂျာလူထုများထံ ရာဇသံတစ်ခု ဝင်လာသည်။ AA အလိုမရှိဟု ဆန္ဒပြရမည်ဖြစ်ပြီး ဆန္ဒပြရာတွင် မပါဝင်သည့် ရွာများကို အပြင်ကို ထွက်လာခွင့်မပြုဘဲ ပိတ်လှောင်ထားမည်ဟု စစ်ကောင် စီ က ၎င်း၏ လက်ကိုင်တုတ် ရိုဟင်ဂျာများမှတစ်ဆင့် ခြိမ်းခြောက်ခဲ့သည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ဘူးသီးတောင်မြို့၌ AA အလိုမရှိကြောင်း ဆန္ဒပြပွဲကို မတ် ၂၀ ရက်က တွေ့ရစဉ်။

“ရွာတိုင်းရွာတိုင်းမှာ ဂိတ်ရှိပါတယ်။ ရဲစောင့်ပါတယ်။ ဘယ်အချိန်ထွက်ရမယ်။ ဘယ်အချိန်ဝင်ရမယ် သတ်မှတ်ပြီးတော့။ ဆန္ဒပြဖို့ မသွားရင် ဂိတ်ပိတ်ထားမယ်။ တစ်ယောက်မှ ရွာက ထွက်လို့ရမှာ မဟုတ်ဘူးလို့၊ အပြင်ထွက်ပြီး အလုပ်လုပ်လို့ရမှာမဟုတ်ဘူးလို့ ခြိမ်းခြောက်ပါတယ်” ဟု လုံခြုံရေးအရ အမည်နှင့် နေရပ်ကို မဖော်ပြလိုသည့် ၎င်းက ဆိုသည်။

ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် စားဝတ်နေရေးအဆင်မပြေသည့်ကာလ ဖြစ်နေသလို ကလေးများလည်း ဝမ်းလျှောဝမ်းပျက်ရောဂါဖြစ်ပွားနေမှုကြောင့် ငွေကြေးလိုအပ်သဖြင့် ရွာပြင်ထွက်၍ ကြုံရာကျပန်းလုပ်ကိုင်ရသည်ဟု ပြောသည်။

ထို့ကြောင့် ရွာပြင်ထွက်ခွင့်ပိတ်ပင်မည်ကို စိုးရိမ်၍ ဧပြီ ၁၉ ရက်တွင် ပြုလုပ်သည့် AA ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ၎င်းတို့ရွာမှ ရိုဟင်ဂျာများပါဝင်ခဲ့ရသည်ဟု ထိုအမျိုးသားက ဆက်ပြောသည်။

“ပြီးတော့ ကုန်ပစ္စည်းတွေလည်း သွင်းခွင့်မပေး။ ရှိတာလေးနဲ့ စားရမှာပေါ့။ ဆန္ဒပြဖို့မသွားသူရဲ့ စာရင်းပေးရမယ် အဲလိုဟာမျိုးတွေ ခြိမ်းခြောက်တော့ အားလုံးသူက ပင်ပန်းခံပြီး စားနေရတဲ့အချိန်မှာ သူတို့ရဲ့ ခြိမ်းခြောက်မှုကို ကြောက်ပြီးသွားရပါတယ်” 

ထိုသို့ဆန္ဒပြရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားက လုံခြုံရေးယူပေးထားပြီး ဆန္ဒပြလုပ်အားခအဖြစ် ငွေတစ်ပြားတစ်ချပ်မျှ မရခဲ့ဟု ဆိုသည်။ ဆန္ဒပြ၍ ပြန်လာရာ လမ်းတွင် ရခိုင်လူမျိုးများက “မင်းတို့ AA ကို ဘာကြောင့်ဆန္ဒပြကြလဲ” ဟု မေးခွန်းထုတ်မှုကို ခံခဲ့ရသည်ဟု ၎င်းက ဆန္ဒပြသူများပြောစကားကို ပြန်ပြောပြသည်။

“မြို့ထဲသွားသွား၊ ဘယ်သွားသွား တွေ့တဲ့ရခိုင်သားတွေက မေးတယ်။ မင်းတို့ဆန္ဒပြတယ်။ ကျွန်တော်တို့က ကိုယ့် သဘောနဲ့ကိုယ် ဘယ်သူပြချင်မလဲ။ ဒီလောက် အလုပ်မရှိရင် ထမင်းငတ်တဲ့အချိန်မှာ အဲလိုပြောလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် စစ်တွေရှိ ရိုဟင်ဂျာများသည် မတ်လ ၂၁ ရက်နေ့က AA ဆန့်ကျင်ရေး ပထမအကြိမ် ဆန္ဒပြခဲ့ပြီး ဘူးသီးတောင်က ရိုဟင်ဂျာများသည် မတ် ၁၉ က တစ်ကြိမ် ဆန္ဒပြထားသည်။

ဘူးသီးတောင်ပဋိပက္ခ

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ယခင်က ဖြစ်ပွားထားပြီး ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာနေအိမ် ထောင်ချီ မီးရှို့ခံခဲ့ရသလို လူသိန်းချီ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ရပြီး အများစုမှာ ယနေ့အထိ နေရပ်မပြန်နိုင်သေးဘဲ ဒုက္ခ သည်စခန်းများတွင် ခိုလှုံနေထိုင်နေကြရသည်။

ထို့ကြောင့် အဆိုပါပဋိပက္ခမျိုး ထပ်မံဖြစ်ပွားလာမည်ကို နှစ်ဖက်ဒေသခံများက စိုးရိမ်ကြသလို စစ်ကောင်စီက လည်း အလားတူလုပ်ရပ်မျိုး ပြန်ကြိုးပမ်းလာသည်ဟု ဆိုကြသည်။ ယခုနှစ် ဧပြီ ဒုတိယပတ်က ဘူးသီးတောင်မြို့တွင် အိမ်မီးရှို့မှုများ၊ သတ်ဖြတ်ခံရမှုများ ဖြစ်ပွားလာခဲ့သည်။

ဘူးသီးတောင်မြို့နေအိမ်များ မီးလောင်ပျက်စီးနေမှုများကို ဧပြီ ၂၅ ရက်တွင် AA က ရုပ်သံဗီဒီယိုဖိုင် ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက

“(ဘူးသီးတောင်) အခြေအနေကတော့ တော်တော်ဆိုးရွားတယ်။ ထောင်ချီတဲ့ရိုဟင်ဂျာတွေကို အတင်းအဓမ္မ လုပ်ခိုင်းတာတွေ သွေးထိုးလှုံ့ဆော်ပေးနေတာတွေက စစ်ကောင်စီက အကျပ်ကိုင် လုပ်နေတာတွေ ရှိသလို သွေး ထိုးအောင် လုပ်ပေးနေတာတွေလည်းရှိတယ်” ဟု ပြောသည်။

ယမန်နှစ်က ၁၀ တန်းအောင်မြင်ထားသော ဘူးသီးတောင်မြို့မှ အသက် ၂၁ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသားတစ်ဦးက စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှုကြောင့် ထွက်ပြေးလာရသည်ဟု ဆိုသည်။

“စိတ်ဆန္ဒကြောင့်တော့ မဟုတ်ဘူး၊ ကျွန်တော်တို့ရွာကို လာလို့။ ညအချိန် ၁၁ နာရီခွဲမှာ (စစ်တပ်က) လာဖမ်းလို့ အဲဒီ (စစ်သင်တန်း) ကို ရောက်တာ။ (ဘူးသီးတောင်မှာ) သင်တန်း ၁၀ ရက်ပေးပါတယ်” ဟု ၎င်းက ပြောသည်။
ဘူးသီးတောင်မြို့ မြို့တွင်းတစ်နေရာကို ၂၀၂၁ စက်တင်ဘာ ဒုတိယပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

စစ်ကောင်စီ၏အသုံးချမှုဒဏ်မှ ရှောင်လွှဲနိုင်ခြင်း ရှိမရှိ

စစ်ကောင်စီသည် ရိုဟင်ဂျာများကို ဆန္ဒပြခိုင်းရုံသာမက ရိုဟင်ဂျာလူငယ်များကို အတင်းအားဓမ္မ စစ်သားစု ဆောင်းခြင်း၊ ရှိနှင့်ပြီးသား ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အစည်း ARSA နှင့် ARA တို့ကို စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းများလည်း ရှိနေသည်ဟု သိရသည်။

ရိုဟင်ဂျာများ ယခုကဲ့သို့ AA ဆန့်ကျင်ရေးဆန္ဒပြပွဲများ၊ ရိုဟင်ဂျာလက်နက်ကိုင်များ အုံကြွမှုများ ပေါ်ပေါက်လျှင် လူမျိုးရေးပြဿနာ ဖြစ်ပေါ်လာနိုင်ခြေရှိသည်ဟု အထက်ပါ အသက် ၄၀ အရွယ် ရိုဟင်ဂျာအမျိုးသားက ပြော သည်။

“ဆက်လက်ပြီး ဒီအတိုင်းသွားရင် (ပဋိပက္ခ) ဖြစ်လာနိုင်ခြေများတယ်။ ဘာလို့လဲဆိုတော့ လူတိုင်းလူတိုင်းဟာ နားလည်မှုဆိုတာရှိတာမဟုတ်ဘူး။ တချို့ ကျွန်တော်တို့လူမျိုးတွေမှာလည်း အဲလိုပါပဲ။ ရခိုင်မှာလည်း အဲလိုပါပဲ”

“သူတို့ကို လုပ်ခိုင်းတာလားဆိုပြီး နားလည်သူတစ်ချို့လည်း ရှိပါတယ်။ နောက်တစ်မျိုးကျတော့ မဟုတ်ဘူး။ သူ့ဟာသူ ဆန္ဒပြကြတာလို့ သဘောထားသူတွေလည်း ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားစဉ်ကာလကပင် စစ်ကောင်စီက ပြည်နယ်မြို့တော် စစ်တွေ အပါအဝင် တစ်မြို့နှင့်တစ်မြို့ ကုန်းလမ်း၊ ရေလမ်း ခရီးသွားလာခွင့် ကန့်သတ်လိုက်သည်။

ထို့ကြောင့် ရခိုင်လူမျိုးများသာမက မှတ်ပုံတင်မရှိသော ရိုဟင်ဂျာများသည်လည်း တစ်နေရာမှ တစ်နေရာ သွားလာခွင့် ခက်ခဲနေကြသည်။

စစ်တွေမြို့ရှိ ဒေသခံများအနေဖြင့် မကြာမီအချိန်အတွင်းတွင် လွတ်မြောက်နယ်မြေများသို့ ထွက်ခွာရန် ဧပြီ ၁၁ က ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တိုက်တွန်းလိုက်ပြီးနောက် စစ်ကောင်စီက သွားလာခွင့် ပိုမို တင်းကျပ်လိုက်သည်။

လက်ရှိတွင် စစ်ကောင်စီရန်ကြားမှ အသက်စွန့်၍ ထွက်ခွာမှုတို့ကြောင့် စစ်တွေတွင် ရိုဟင်ဂျာအများစုနှင့် ရခိုင်အနည်းစုသာ ကျန်ရှိလိုက်တော့သည်။ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားရှိသည့် ရိုဟင်ဂျာတချို့ ရန်ကုန်သို့ ထွက်ခွာကြသော်လည်း အများစုတွင် မှတ်ပုံတင်မရှိပေ။
 
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့ သင်္ဘောဆိပ်ကို ၂၀၂၁ ဇွန်လအတွင်းက တွေ့ရစဉ်။​ (ဓာတ်ပုံ – Myanmar Now)

အလားတူ ရခိုင်ကျေးလက်ဒေသများသို့ ထွက်ပြေးမည်ဆိုပါက စစ်ကောင်စီရန်ကို ကြောက်ရသည်က တစ်ဖုံ၊ မိသားစုဆွေမျိုး မရှိ၍ တစ်မျိုးကြောင့် စစ်တွေကို စွန့်ခွာရန် မလွယ်ကူနိုင်ပေဟု အထက်ပါ ရိုဟင်ဂျာအမျိုးသားက ပြောသည်။

“ကျွန်တော်တို့ တခြားနေရာကို သွားလိုက်ရင် အိမ်ခြံမြေကိုလည်း လက်လွှတ်ရမယ်။ အသက်ရှင်ဖို့ သွားမဲ့ဟာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီမှာ စားဝတ်နေရေးအခက်အခဲဖြစ်သွားနိုင်တယ်။ အဲဒါကိုလည်း နည်းနည်းပါးပါး စဉ်း စားနေပါသေးတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်တွေတွင် ရိုဟင်ဂျာများ ဆန္ဒပြမှုများပေါ်ပေါက်ခဲ့ခြင်း၊ ရိုဟင်ဂျာများကို လက်နက်တပ်ဆင်ပေးမှုများရှိနေသော်လည်း စစ်ကောင်စီ စုဆောင်းထားသည့် ရိုဟင်ဂျာများကို မြို့ပေါ် ကင်းလှည့်ရာတွင် မမြင်တွေ့ရသေးကြောင်း ဆိုသည်။

သို့သော် စစ်တွေမြို့အနီးပတ်ဝန်းကျင်တွင် တာဝန်ကျနေသည့် AA တပ်ဖွဲ့ဝင်တစ်ဦးကမူ ၎င်းတို့နှင့် မျက်နှာချင်းဆိုင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့တွင် ယူနီဖောင်းဝတ်ရိုဟင်ဂျာစစ်သားများကို တွေ့မြင်ရသည်ဟု ဆို သည်။

ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းကမူ ရိုဟင်ဂျာများအနေဖြင့် စစ်ကောင်စီ၏ အသုံးချမှုကို မခံလိုပါက လွတ် မြောက်နယ်မြေများသို့ ထွက်ပြေးရန် အကြံပြုထားပြီး စစ်ကောင်စီခြိမ်းခြောက်တိုင်း လုပ်နေခြင်းမှာလည်း ရိုး သားမှုရှိသလားဟု မေးခွန်းပေါ်ပေါ်လာသည်ဟု ဆိုသည်။

“မလုပ်ချင်ရင် ULA/AA ထိန်းချုပ်နယ်မြေကို ခြေတစ်လှမ်း လှမ်းလိုက်ရင်ရတယ်။ ဘာဖြစ်လို့ ဒီလိုအသုံးချခံလဲပေါ့။ ကြောက်လို့ အသုံးချခံတာလား၊ ဒါမှမဟုတ် ကိုယ်တိုင်က အခွင့်အရေးတွေကို လိုချင်တာလား။ လက်နက် ကိုင်ချင်တယ်။ စစ်သင်တန်းတက်ပစ်ချင်တယ်။ လိုအပ်ရင် ရခိုင်တွေနဲ့လည်း ပြဿနာတွေဖြစ်လာရင် ဖြေရှင်းနိုင်တယ်ဆိုတဲ့အခွင့်အရေးတွေအတွက် ကျိတ်ပြီး သဘောကျနေတာလား။ အဲဒါတွေကတော့ မေးခွန်းဖြစ်စရာရှိတယ်။ အဲဒါတွေကြောင့်လည်း ပိုပြီး တင်းမာလာနိုင်တယ်”

ယခုကဲ့သို့ ဆက်တိုက်ဖြစ်ပေါ်နေပါက ရိုဟင်ဂျာနှင့် ရခိုင်အကြား ဆက်ဆံရေးတင်းမာလာနိုင်ပြီး ရိုဟင်ဂျာနိုင်ငံရေးခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင်တို့က ကြားဝင်ထိန်းပေးသင့်ကြောင်း ပြောသည်။

“ဒါကြောင့် ဒီဟာကို သိတတ်တယ်၊ နားလည်တဲ့ပုဂ္ဂိုလ်တွေက ဝင်ထိန်းဖို့လိုတယ်။ ULA/AA ရဲ့ သွားနေတဲ့ နိုင်ငံ ရေးလမ်းစဉ်အတိုင်း သွားရာမှာ ကိုယ့်လူမျိုးစုနှစ်ခုကြားထဲမှာ ပြဿနာဖြစ်ပြီးတော့ တစ်ဖက်က အသုံးချပြီး နှစ်ဖက်စလုံးကို ကောက်စားသွားဖို့ ဖန်တီးနေတဲ့အတွက် ဒီဟာတွေကို သြဇာအာဏာရှိတဲ့ ပြောနိုင်ဆိုနိုင်သူတွေက ထိန်းပေးဖို့လိုတယ်လို့ ယူဆပါတယ်” ဟု ဦးဖေသန်းက ဆက်ပြောသည်။ 
၂၀၂၃ နိုဝင်ဘာအတွင်း ရခိုင်ဒေသတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-ပေးပို့)
နယ်မြေတစ်ခုချင်း လက်လွှတ်နေရသည့် စစ်ကောင်စီသည် ရခိုင်ဒေသတွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖန်တီးထားခဲ့ရန် ကောက်ကျစ်စွာလုပ်ဆောင်နေသည်ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

ဘူးသီးတောင်၊ မောင်တောဒေသတွင် ARSA, ARA နှင့် အခြားအစွန်းရောက် မွတ်စလင်များကို သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးနေသည်။ စစ်ကောင်စီနှင့် ထိုရိုဟင်ဂျာများပူးပေါင်းကာ ရခိုင်လူမျိုးများ၏ အိမ်၊ အခြားဘာသာဝင်များ၏ အိမ်များကို ဖောက်ထွင်းခိုးယူ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

ထိုလုပ်ရပ်သည် မွတ်စလင်နှင့် အခြားဘာသာဝင်တို့ကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် ရည်ရွယ် ချက်ရှိရှိဖြင့် ဖန်တီးနေခြင်းဟု ၎င်းက ဧပြီ ၁၉ ရက်တွင် ထုတ်ပြောသည်။

“ကျွန်တော်တို့ ULA/AA အနေနဲ့ကတော့ အကြမ်းဖက်စစ်ကောင်စီနဲ့ အပေါင်းပါ အကြမ်းဖက်အဖွဲ့တွေရဲ့ အာရ က္ခပြည်သူတွေအပေါ်မှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအားလုံးကို သေသေချာချာမှတ်တမ်းတင်ထားပါတယ်”

“ပြစ်မှုကျူးလွန်သူ ရာဇဝတ်ကောင်တွေအားလုံးကိုလည်း အရေးယူအပြစ်ပေးနိုင်ရေးအတွက် ဆက်လက် ကြိုး စားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူတွေကိုတော့ ဘာသာလူမျိုး မခွဲခြားဘဲ တတ်နိုင်သမျှ ကူညီကာကွယ်ပေးသွားမှာဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

AA သည် ရခိုင်တစ်ပြည်နယ်လုံးကို သိမ်းပိုက်ရန် ရည်ရွယ်နေပြီး လက်ရှိတွင် ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင် ပြည်နယ်ရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲတို့ကို သိမ်းပိုက်ထားပြီး ဘူးသီးတောင်၊ မောင်တော၊ အမ်းတို့ကို ရရှိရေး ထိုးစစ်ဆင် တိုက်ခိုက်နေကာ သံတွဲ၊ ကျောက်ဖြူတို့တွင် ရံဖန်ရံခါတိုက်ပွဲဖြစ်လာနေသည်။

မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ ခြေမြန်နှင့် ခြေလျင် ၁၁ ရင်း အခြေစိုက်ထားပြီး အမြောက်တပ် ၃၇၈ နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အမှတ် (၃) နှင့် (၈) တို့ ရှိသည်။

စကခ (၁၅) လက်အောက်ခံ တပ်ရင်း ၁၁ ရင်းအနက် ခမရ ၅၅၂ ၊ ခမရ ၅၆၄ တပ်ရင်း ၂ ခုကိုမူ AA က မတ်လ ကုန်နှင့် ဧပြီလဆန်းအတွင်း သိမ်းယူထားပြီးဖြစ်ပြီး ဘူးသီးတောင်နှင့် မောင်တောဒေသတို့တွင် ဧပြီ ၂၆ ရက်မှ စတင်၍ ညမထွက်ရအမိန့် AA က ထုတ်ပြန်ထားသည်။

စစ်တွေမြို့တွင် နေထိုင်သည့် အသက် ၄၀ အရွယ် အထက်ပါ ရိုဟင်ဂျာက ပြည်သူလူထုကို မျက်နှာမူပြီး တရားမျှတသည့် အစိုးရတစ်ရပ်ကို လိုလားသည်ဟု ဆိုသည်။ စစ်ကောင်စီလော၊ AA လော ခွဲခြား၍ မပြောပေ။

“ဘယ်သူအုပ်ချုပ်ချုပ် တစ်ဦးတည်းဖြစ်သွားရင် ကောင်းတယ်။ ဆိုလိုတာက တိုင်းပြည်မှာ ဘုရင်နှစ်ပါး ဖြစ်နေပါတယ်။ ပြည်သူလူထုအဆင်ပြေအောင်၊ စာနာတတ်တဲ့ အုပ်ချုပ်သူတစ်ပါးတည်းကို လိုလားတယ်” 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */