" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, April 5, 2024

နှစ်ပတ်သင်တန်းတက်ပြီး ပြည်တွင်းစစ်ထဲဝင်တိုက်ရတဲ့ရိုဟင်ဂျာတွေ

BBC
၄ ဧပြီ ၂၀၂၄ 

စစ်သင်တန်းတက်နေတဲ့ ရိုဟင်ဂျာတွေ
 
မြန်မာစစ်တပ်က ရိုဟင်ဂျာရာနဲ့ချီကို စစ်သင်တန်းပေးပြီး ပြည်တွင်းစစ်ရဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ စစ်တိုက်ခိုင်းတယ်လို့ ကိုယ်တိုင်စစ်မြေပြင်ရောက်ပြီးစစ်တိုက်ခဲ့ရတဲ့ အသက် ၃၁ နှစ်အရွယ် မိုဟာမက်က ပြောပါတယ်။

ဒီအကြောင်း မိုဟာမက်လို ကာယကံရှင်အပြင် မြေပြင်အခြေအနေကို တိတိကျကျ သိတဲ့ နောက်ထပ် ၆ ဦးနဲ့လည်း ဘီဘီစီက မေးမြန်းခွင့်ရခဲ့ပါတယ်။ 

ရခိုင်ပြည်နယ် မြို့တော် စစ်တွေရဲ့ အနောက်ဘက် ၅ မိုင်ကနေ မိုင် ၂၀ ကြားအကွာမှာ ရိုဟင်ဂျာဒုက္ခသည်စခန်းပေါင်း ဒါဇင်ကျော်နဲ့ ရိုဟင်ဂျာရွာတွေရှိပါတယ်။
 
ကုလသမဂ္ဂရဲ့ စာရင်းအရဆိုရင် စစ်တွေမြို့ ပြင်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေနဲ့ ရွာတွေမှာ လူဦးရေ ၁ သိန်းခွဲနီးပါးနေထိုင်ကြပါတယ်။
 
မြန်မာစစ်တပ်နဲ့ အစိုးရအဆက်ဆက်ကတော့ သူတို့ကို ဘင်္ဂါလီ တွေလို့ သုံးနှုန်းခေါ်ဆိုပြီး မြန်မာမှာ ရိုဟင်ဂျာဆိုတာမရှိကြောင်း ငြင်းဆိုထားပါတယ်။ တစ်ဖက်က ရိုဟင်ဂျာတွေကတော့ သူတို့ကို ရိုဟင်ဂျာလို့ ပဲ သုံးနှုန်းခေါ်ဆိုစေချင်ပါတယ်။
 
၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရခိုင်နဲ့ ရိုဟင်ဂျာတို့ ကြားမှာ လူမျိုးရေးပဋိပက္ခဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ နိုင်ငံသားအထောက်အထားမရှိတဲ့ 'ဘင်္ဂါလီ' တွေဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာအာဏာပိုင်အဆက်ဆက်က သူတို့ကို စစ်တွေမြို့ပြင်မှာ ဒုက္ခသည်စခန်းတွေဆောက်ပြီး နေထိုင်စေတာ ဖြစ်ပါတယ်။
 
သူတို့အားလုံးဟာ စခန်းဧရိယာထဲကနေ နယ်ကျော်ထွက်ခွာသွားလာခွင့်တွေလည်း ကန့်သတ်ခံထားရပါတယ်။
 
မိုဟာမက်က ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုက ကလေး ၃ ယောက်ဖခင်ဖြစ်ပြီး သူ့ဇနီးက သူ့ထက် ၅ နှစ်လောက်ငယ်ပါတယ်။ သူ့ကလေးတွေက အသက် ၅ နှစ်အောက်တွေ ဖြစ်ပါတယ်။
 
သူဘာကြောင့် စစ်သင်တန်းတက်ရတယ်ဆိုတာကို မိုဟာမက် သေချာမသိပါဘူး။ တစ်ညနေမှာ သူ့စခန်းခေါင်း ဆောင်က စစ်သင်တန်းတက်ရမယ့်အကြောင်း ခေါ်ပြောတယ်လို့ဆိုပါတယ်။
 
‘’ မင်းငြင်းမယ်ဆိုရင်သူတို့ (စစ်တပ်) မင်းမိသားစုကို ဒုက္ခပေးလိမ့်မယ်လို့ ကျွန်တော့်ကိုခြိမ်းခြောက်ပြီး ပြောပါတယ်။ ကျွန်တော်တို့က စစ်တပ်ဆိုတာနဲ့ကြောက်တာ။ ကြောက်တာနဲ့ မိသားစုမျက်နှာကိုငဲ့ပြီး ကျွန်တော် လိုက်သွားခဲ့ရတယ်’’ လို့ မိုဟာမက်က ပြန်ပြောပြပါတယ်။
 
ဒါပေမဲ့ ဒီလိုကြုံရတာ မိုဟာမက်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ရိုဟင်ဂျာ ရာနဲ့ချီ သင်တန်းတက်ခဲ့ရတာကို မိုဟာမက် ကိုယ်တိုင်မြင်တွေ့ခဲ့ရလို့ ဖြစ်ပါတယ်။
 
မိုဟာမက်လို စစ်သင်တန်းတက်ခဲ့ရတဲ့ နောက်တစ်ယောက်ကတော့ အုန်းတောကြီးစခန်းက ဟူစိန်ပါ။ ဒါပေမဲ့ ဟူစိန်ကတော့ စစ်သင်တန်းတက်ခဲ့ရပြီးနောက်မှာ အိမ်ကနေထွက်ပြေးတိမ်းရှောင်နေတယ်လို့ သူ့ရဲ့ အစ်ကိုဖြစ်သူက ဘီဘီစီကိုပြောပါတယ်။
 
ဟူစိန်နဲ့ တိုက်ရိုက်ပြောခွင့်ရဖို့ ဘီဘီစီကကြိုးစားပေမဲ့ တိမ်းရှောင်နေတာကြောင့် မိသားစုဝင်တွေက ပြောခွင့်မ ပေးပါဘူး။
 
'' ကျွန်တော့်ညီကို စစ်ကားနဲ့ လာခေါ်ပါတယ်။ နောက်ပြီး စစ်သင်တန်းတက်ရပါတယ်။ အိမ်ကိုပြန်ပို့တဲ့အချိန်မှာ သူက ရှေ့တန်းလိုက်ရမှာစိုးလို့ ထွက်ပြေးတိမ်းရှောင်နေတာပါ။ အခုစစ်တပ်ကအဲဒီလိုပြေးတဲ့သူတွေကိုရှာနေပါတယ်။ '' လို့ အစ်ကိုဖြစ်သူ မာမွတ် ‌က ပြောပါတယ်။
 
ဒါအပြင် သူ့တို့စခန်းထဲက ရှေ့တန်းလိုက်သွားရသူတွေရဲ့ မိသားစုဝင်တွေကတော့ သူတို့သား၊ ခင်ပွန်းတို့ ရဲ့နောက် ဆက်တွဲသတင်းတွေကို ဘာမှမကြားရလို့ စိုးရိမ်နေကြတယ်လို့ မာမွတ်ကထပ်ဖြည့်ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်ကားပေါ်က စစ်သင်တန်းတက်ရတဲ့ ရိုဟင်ဂျာတွေ


စစ်သင်တန်းတက်ဖို့ ဘယ်သူတွေလာခေါ်


၂၀၂၄ ဖေဖော်ဝါရီနောက်ဆုံးပတ်မှာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာနေထိုင်တဲ့ ရိုဟင်ဂျာ အမျိုးသားတွေ စစ်သင်တန်းတက်ရတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါတယ်။
 
ဒုက္ခသည်စခန်းတစ်ခုကို အနည်းဆုံး ၁၅ ဦးကနေ ၂၅ ဦးအထိ စာရင်းပေးခဲ့ရပြီး စာရင်းပါသူတွေ စစ်သင်တန်း တက်ခဲ့ရတယ်လို့ ဘီဘီစီက သီးခြားစီမေးမြန်းခွင့်ရခဲ့တဲ့ မတူညီတဲ့စခန်းတွေထဲမှာ လက်ရှိနေထိုင်နေတဲ့ ရိုဟင်ဂျာ ၇ ဦးထက်မနည်းက အတည်ပြုပါတယ်။
 
စစ်သင်တန်းတက်ရတယ်ဆိုတဲ့ သတင်းတွေမထွက်ခင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ဒုတိယပတ်က ရိုဟင်ဂျာဒုက္ခ သည်စခန်းတွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကဝန်ကြီးအချို့၊ မြန်မာစစ်တပ်အရာရှိတချို့နဲ့ အတူ အရပ်ဝတ် ဝတ်ထားတဲ့အရာရှိတချို့ လာရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။
 
စခန်းက တာဝန်ရှိတဲ့သူတွေ၊ ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး စခန်းမှာရှိတဲ့ အမျိုးသားတိုင်း စစ်သင်တန်းတက်ကြဖို့ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
 
‘’ကိုယ့်စခန်းကို ကိုယ်တိုင်ကာကွယ်စောင့်ရှောက်နိုင်ဖို့’’ ဆိုတဲ့အကြောင်းပြချက်နဲ့ စခန်းမှာရှိတဲ့ အမျိုးသားတိုင်းက စစ်သင်တန်းတက်ရမယ်လို့ လာပြောခဲ့တယ်လို့ ဘီဘီစီက သီးခြားစီမေးမြန်းခွင့်ရခဲ့တဲ့ မတူညီတဲ့ စခန်း၂ ခုက တာဝန်ခံအဖွဲ့ဝင် ၂ ဦးနဲ့ မျက်မြင် ၃ ဦးက ဘီဘီစီကို အတည်ပြုပါတယ်။
 
အဲဒီနောက်ရက်မှာတော့ ဒုက္ခသည်စခန်းတိုင်းမှာရှိတဲ့ အသက်မပြည့်သေးတဲ့ကလေးတွေနဲ့ အသက်အရွယ်ကြီးမြင့်သူတွေကလွဲလို့ စစ်သင်တန်းတက်နိုင်တဲ့ အရွယ်တိုင်း စာရင်းပေးရတာဖြစ်ပါတယ်။
 
အသက် ၂၀ ကျော်ကနေ အသက် ၅၀ နီးပါးအထိ အသက်အရွယ်အစုံ အမျိုးသားတွေက ပိုပြီးဦးစားပေး စာရင်းပေးရတယ်လို့ ဆိုကြပါတယ်။
 
စာရင်းကောက်ပြီး နှစ်ရက်လောက်မှာပဲ စစ်သားတွေက အဲဒီလူစာရင်းအတိုင်း စစ်ကားပေါ်တင်ပြီး လာခေါ်သွားတယ်လို့ ဘောဒူဘ၊ သက္ကယ်ပြင်၊ ခေါင်းဒုက္ကာ၊ အုန်းတောကြီးနဲ့ သဲ‌ချောင်းစခန်း တွေမှာနေထိုင်သူတွေ၊ စစ်သင်တန်းပါသွားသူတွေရဲ့ မိသားစုဝင်တွေနဲ့ စခန်းတာဝန်ခံအဖွဲ့ဝင်တွေက အတည်ပြုဖြေကြားကြပါတယ်။
 
စစ်တပ်အရာရှိတွေက သူတို့စခန်းကို စစ်သင်တန်းတက်ကြဖို့ ပထမဆုံးလာပြောတဲ့အခေါက်မှာ မက်လုံးပေးခဲ့တာတွေရှိတယ်လို့ ဘီဘီစီက သီးခြားစီမေးမြန်းခွင့်ရခဲ့တဲ့ စခန်းတာဝန်ခံ ၂ ဦးအပြင် နောက်ထပ်မျက်မြင်ရှိသူတွေအပါအဝင် ရိုဟင်ဂျာ ၇ ဦးထက်မနည်းက ဖြေထားပါတယ်။
 
သူတို့အားလုံးရဲ့ အဖြေက အတူတူပဲဖြစ်ပါတယ်။
 
‘’စစ်သင်တန်းတက်တဲ့သူတွေကို နိုင်ငံသားဖြစ်ခွင့်ပေးမယ်ဆိုပြီး သူတို့အိတ်ကပ်ထဲက ကတ်ပြားကို ထုတ်ပြပြီးပြော ပါတယ်။ ထောက်ပံ့ကြေးပေးမယ်၊ ဆန်ပေးမယ်ဆိုပြီးလည်းပြောပါတယ်’’ လို့ စစ်တပ်အရာရှိတွေက စခန်းတာဝန်ခံတွေကို စည်းရုံးပြောဆိုခဲ့တာကို မျက်မြင်ကြုံခဲ့ရတဲ့ စခန်းတာဝန်ခံအဖွဲ့ဝင်တစ်ဦးက ပြန်ပြောပြပါတယ်။
 
နိုင်ငံသားဖြစ်ခွင့်ရချင်သလို နယ်မြေမတည်ငြိမ်တာကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ ရိက္ခာတွေကို အချိန်မှန်မရတဲ့ အလုပ်အကိုင်မဲ့ ရိုဟင်ဂျာအမျိုးသားတွေအတွက် ဒီပြောဆိုမှုတွေက ထင်ယောင်မှားစရာဖြစ်ခဲ့တယ်လို့ အဲဒီအဖွဲ့ဝင်က ရင်ဖွင့်ပါတယ်။
 
ဒါပေမဲ့ စခန်းတာဝန်ခံအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သူ့အနေနဲ့ ဒီအကြောင်းတွေကိုဖြေကြားတာသိရင် စစ်တပ်က အန္တ ရာယ် ပေးနိုင်လို့ သူဘယ်သူဘယ်ဝါဆိုတာနဲ့ ဘယ်စခန်းကဆိုတာမဖော်ပြဖို့ ဘီဘီစီကို တောင်းဆိုပါတယ်။
 
ပထမအသုတ်စစ်သင်တန်းပြီးချိန်မှာ အများစုက တိုက်ပွဲကိုလိုက်ခဲ့ကြရပြီး ပြန်ရောက်တဲ့သူရောက်၊ သေတဲ့သူသေ၊ ဒဏ်ရာရတဲ့သူရ ရှိခဲ့ပေမဲ့ သူတို့အားလုံးတကယ်တမ်း ထောက်ပံ့ကြေးနဲ့ တခြားဘာမှ မရခဲ့ဘူးလို့ ဘီဘီစီက မေးခွင့်ရတဲ့ ရိုဟင်ဂျာတွေက ဖြေကြပါတယ်။ 
 
လက်ရှိ မတ်လနှောင်းပိုင်းအထိ ရိုဟင်ဂျာစခန်းတွေတင်မက ရိုဟင်ဂျာရွာတွေမှာပါ နောက်ထပ်လူစာရင်းတွေကိုကောက်ပြီး စစ်သင်တန်းတွေတက်နေရဆဲဖြစ်ပါတယ်။
 
မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းမရှိသလို နိုင်ငံသားဖြစ်ခွင့်မရတဲ့သူတို့ကို ဘာကြောင့် စစ်မှုထမ်းခိုင်းတာလဲဆိုပြီး ကော်မတီဝင်အချို့က စစ်တပ်အရာရှိတွေကို မေးခွန်းထုတ်ပါတယ်။
 
‘’ကျွန်တော်တို့ထဲက တချို့က အရဲစွန့်မေးကြတာပေါ့။ သူတို့ (စစ်တပ်အရာရှိ) က ဘာပြောလဲဆိုရင် မင်းတို့က ပြည်သူ့စစ်တွေဖြစ်တယ်။ ပြည်သူ့ စစ်မှုထမ်းမဟုတ်ဘူး။ နိုင်ငံထဲမှာနေရင် ကိုယ်နေတဲ့နေရာကို ကာကွယ်ရမှာပဲ။ နိုင်ငံသားဖြစ်ခွင့် ပေးမယ်ဆိုတာလည်း မင်းတို့နားလည်မှုလွဲတာ၊ စဥ်းစားပေးမယ်လို့ပြောတာလို့ သူတို့ ပြောင်းပြီးပြောတယ်’’ လို့ နောက်ထပ် စခန်းကော်မတီဝင်တစ်ဦးဖြစ်တဲ့ အာမက်က သူကြုံခဲ့ကြားခဲ့တာကို ပြန်ပြောပြပါတယ်။
 
ဒါပေမဲ့ ဘီဘီစီက အာမက် အပြင် စခန်း ၁၃ ခုထဲက အနည်းဆုံး စခန်း ၅ ခုထက်မနည်းနဲ့ဆက်သွယ်ခဲ့ပါတယ်။ မျက်မြင်တွေ့သူတွေ၊ စခန်းတာဝန်ရှိသူအဖွဲ့တွေထဲက အဖွဲ့ဝင်တချို့နဲ့ စခန်းထဲမှာ နေထိုင်သူတွေနဲ့လည်း ထပ်ပြီး မေးမြန်းအတည်ပြုခဲ့ပါတယ်။ သူတို့အချင်းချင်း ချိတ်ဆက်သိရှိမှုအရလည်း စခန်းအချို့မှာ စစ်သင်တန်းအတွက် လူစာရင်းနဲ့ လူအင်အားတွေ ထပ်ပေးခဲ့ရတယ်လို့ ပြောပါတယ်။
 
'' သူတို့ ( စစ်တပ်) စာရင်းထပ်တောင်းတော့ စခန်းထဲက အရမ်းဆင်းရဲတဲ့သူ အလုပ်မရှိတဲ့သူတွေကို ရှာထည့်ကြတယ်။ လိုက်မယ့်သူရဲ့ အိမ်ကို ပြန်ထောက်ပံ့ဖို့ကျတော့ စခန်းထဲက မလိုက်တဲ့အိမ်တွေက တတ်နိုင်သလောက်ငွေစုပြီး ထောက်ပံ့ကြေးပေးကြရတယ်။ မလိုက်ချင်တဲ့သူတွေလည်း အဆင်ပြေတယ်ဆိုပြီးလုပ်ကြပေမဲ့ အားလုံးက အသက်တွေနဲ့ချည်းပါပဲ'' လို့ အာမက်က စခန်းထဲက နောက်ဆုံးအခြေအနေတွေကို ရှင်းပြပါတယ်။
စစ်သင်တန်းမှာတွေ့ရတဲ့ ရိုဟင်ဂျာတွေ
 

ရိုဟင်ဂျာတွေတက်ခဲ့ရတဲ့ စစ်သင်တန်း

၂၀၂၄ မတ်လပထမပတ်မှာတော့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွေပေါ်မှာ ရိုဟင်ဂျာအမျိုးသားတွေ စစ်သင်တန်း တက်နေတဲ့ ရုပ်သံဖိုင်တွေ ထွက်ပေါ်လာပါတယ်။

ပထမဆုံးထွက်ပေါ်လာတဲ့ ဗီဒီယိုမှတ်တမ်းဖိုင်မှာ စစ်ယူနီဖောင်းဝတ်ထားတဲ့ရိုဟင်ဂျာတွေ ရာနဲ့ချီပြီး ဂိုဒေါင်ပုံစံ ခန်းမကျယ်ကြီးထဲက သံမံတလင်းပေါ်မှာ အတန်းလိုက်ပုံစံနဲ့ ငုပ်တုပ်ထိုင်နေကြပါတယ်။ 

စစ်ဝတ်စုံနဲ့ ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်အရာရှိကြီးတစ်ဦးက ကြည့်ရှုစစ်ဆေးပြီး ဂိုဒေါင်ထဲက ပြန်ထွက်လာတာတွေ့ရပါတယ်။ သူ့နောက်မှာ စစ်တပ်လုံခြုံရေးအဖွဲ့တချို့လည်း ပါပါတယ်။ 

စစ်တပ်အရာရှိကြီးက ရခိုင်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်မောင်းတံဆိပ်ပါတဲ့ ယူနီဖောင်းကို ဝတ်ဆင်ထားပြီး “ဝါးတီးသွားကြည့်ရအောင်” လို့ပြောဆိုတာကို ကြားရပါတယ်။ 

မြန်မာစစ်တပ်အရာရှိကြီး ထွက်သွားချိန်မှာ အနောက်ကနေ ထွက်လာတဲ့ မွတ်ဆလင်တစ်ဦးက ရိုဟင်ဂျာဘာသာစကားနဲ့ “သူကဘယ်သူလဲ” မေးခဲ့တာကို နောက်ထပ် မွတ်ဆလင်တစ်ဦးက “သူက နယ်လုံဝန်ကြီး” လို့ ပြန်ဖြေနေတာကို တွေ့ရပါတယ်။ 

ဒါအပြင် ဗီဒီယိုကို ကြည့်ခဲ့ရတဲ့ ရခိုင်ဒေသခံအချို့ကလည်း ဗီဒီယိုထဲမှာပါဝင်နေတဲ့မြန်မာစစ်တပ်အရာရှိဟာ ရခိုင် ပြည်နယ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ လို့ ဘီဘီစီကို ပြောပြကြပါတယ်။

 
နောက်ထပ် ဗီဒီယိုဖိုင်မှာတော့ စစ်ကားတစ်စီးပေါ်မှာ ရိုဟင်ဂျာအမျိုးသား ဆယ်နဲ့ချီပါလာပြီး တစ်ယောက်နဲ့တစ်ယောက် စကားပြောနေကြပါတယ်။
 
သူတို့အားလုံးရဲ့ လက်ထဲမှာ သေနတ်အသစ်တွေ ကိုင်ထားပါတယ်။ ဘီဘီစီရဲ့ သတင်းရင်းမြစ် စစ်လက်နက်ကျွမ်း ကျင်သူတစ်ဦးကတော့ ရိုဟင်ဂျာတွေကိုင်ထားတာက ဂျာမန်လုပ် G-3 ရိုင်ဖယ်ကိုပုံစံတူထုတ်ထားတဲ့ BA-63 သေနတ်အမျိုးအစားဖြစ်တယ်လို့ ပြောပါတယ်။
 
အဲဒီရုပ်သံမှတ်တမ်းကို စစ်ဝတ်စုံနဲ့ ရိုဟင်ဂျာလူငယ်အမျိုးသားတစ်ဦးက ဆယ်လ်ဖီပုံစံနဲ့ ဗီဒီယိုပြန်ရိုက်ထားတာပါ။
 
နောက်ဆုံးတစ်ဖိုင်ကတော့ ကွင်းပြင်ကျယ်ကြီးထဲမှာ စစ်ဝတ်စုံဝတ်ထားတဲ့ ရိုဟင်ဂျာအမျိုးသား ၁၀ ဦးက ဝမ်းလျားမှောက်ပုံစံနဲ့ သေနတ်တွေကိုင်ပြီး သေနတ်ပစ် သင်ကြားနေတဲ့ပုံ ဖြစ်ပါတယ်။ သေနတ်တွေရဲ့ မောင်းတင် မောင်းချသံကအစ အဲဒီဗီဒီယိုထဲမှာကြားရပါတယ်။ သူတို့ဘေးမှာ မြန်မာစစ်တပ်က တပ်ဖွဲ့ဝင် တစ်ဦးက သင်ကြားပေးနေပါတယ်။
 
အဲဒီဘေးမလှမ်းမကမ်းမှာ စစ်ဝတ်စုံနဲ့ ရိုဟင်ဂျာလူငယ် ၁၀ ယောက်စီ အစုအဖွဲ့လိုက် ထိုင်နေကြပြီး စစ်တပ်ရဲ့ စစ်သုံးယာဥ် ၅ စီးကိုလည်းတွေ့ရပါတယ်။ ဒီဖိုင်ထဲကအတိုင်းဆိုရင် သူတို့ကို တစ်နေရာကနေခေါ်လာပြီး ကွင်းပြင်ထဲမှာ သေနတ်ပစ် သင်ပေးနေတာလို့ နားလည်ရပါတယ်။
 
အင်တာနက်မသုံးတတ်သလို မိုဘိုင်းဖုန်းတောင်ပြောဖို့မရှိတဲ့ မိုဟာမက် ကို ဘီဘီစီက ဒီဗီဒီယိုဖိုင်တွေအကြောင်း မပြောခဲ့ဘဲ သူစစ်သင်တန်းတက်ခဲ့ရတဲ့ပုံစံတွေကို အရင်ဆုံးမေးခဲ့ပါတယ်။
 
ဆင်းရဲတဲ့ မိုဟာမက်မှာ ကိုယ်ပိုင် မိုဘိုင်းဖုန်းမရှိတာကြောင့် ဘီဘီစီက သူ့ကို ဆက်သွယ်ဖို့ ကြားခံလူတစ်ယောက်ရဲ့ မိုဘိုင်းဖုန်းကိုသုံးပြီး ပြောခဲ့ရတာပါ။ မိုဟာမက်ကသူကြုံခဲ့ရတဲ့ အကြောင်းကိုဖြေခဲ့ပေမဲ့ စစ်တပ်ကိုကြောက်တယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။
 
ဘီဘီစီက မိုဟာမက်နဲ့ ၄၅ မိနစ်လောက် ဖုန်းပြောခဲ့ပါတယ်။ သူပြောပြတာတွေထဲက အများစုက လူမှုကွန်ရက်မှာထွက်လာတဲ့ ဗီဒီယိုဖိုင်တွေထဲက အခြေအနေနဲ့ တော်တော်များများ ဆင်တူနေပါတယ်။
 
စစ်သင်တန်းတွေကို စစ်တွေမြို့ ၊ ကန်တော်ကြီး အခြေစိုက် ခမရ (၃၅၄)နဲ့ တပ်ရင်း (၂၇၀) တို့မှာ သင်ကြားတယ်လို့ဆိုသလို စစ်တွေက GE တပ်လို့ ခေါ်ကြတဲ့ အင်ဂျင်နီယာတပ်မှာသင်ကြားတယ်လို့လည်း ပြောကြပါတယ်။ ဒါပေမဲ့ မိုဟာမက်ကတော့ တပ်ရင်း (၂၇၀) မှာ နှစ်ပတ်ကြာသင်တန်းတက်ခဲ့ရတဲ့အကြောင်း အတည်ပြုပါတယ်။
 
‘’ကျွန်တော်တို့ကို ဒုက္ခသည်စခန်းကနေ တပ်ရင်း (၂၇၀) ကို ခေါ်သွားတာပါ။ အဲဒီမှာ ၁၄ ရက် စစ်သင်တန်းတက်ခဲ့ရပါတယ်။ ၁၄ ရက်ပြီးတော့ အိမ်ကိုပြန်ပို့ပြီး နောက် ၂ ရက်မှာ စစ်ပွဲနေရာကို ခေါ်သွားပါတယ်’’ လို့ မိုဟာမက်က ပြောပြပါတယ်။
 
တပ်ရင်း (၂၇၀) ဆိုတာက စစ်တွေမြို့မှာအခြေစိုက်တဲ့ ခြေလျင်တပ်ရင်းဖြစ်ပါတယ်။ သူတို့ကို သေနတ်တပ်ဆင်တာတွေ၊ လက်နက်ကိုင်ဆောင်ပုံတွေနဲ့ ပစ်ခတ်တာတွေ သင်ပေးတယ်လို့ ဆိုပါတယ်။
 
‘’သေနတ်ကို ဘယ်လိုတပ်တယ်၊ ဘယ်လိုဖြုတ်တယ်၊ အပိုင်းပိုင်းလုပ်ပြီး ဘယ်လိုပြန်ဆက်ရလဲဆိုတာတွေ၊ ကျည် ဆံတွေဘယ်လိုထည့်တယ်ဆိုတာတွေနဲ့ ပစ်တာတွေ သင်ပါတယ်’’ လို့ မိုဟာမက်ကပြောပါတယ်။
 
သင်တန်းကို မနက် ၈ နာရီကနေ ၁၂ နာရီ ကနေ တကြိမ်၊ နေ့လယ်ပိုင်းမှာထမင်းစားနားပြီး နေ့လယ်ပိုင်း ၂ နာရီကနေ ညနေ ၅ နာရီအထိတကြိမ် သင်ရတယ်လို့ ဆိုပါတယ်။
 
အစားအစာကတော့ ထမင်းကို ငါးခြောက်ဟင်းနဲ့ အသီးအရွက်ကြော်တွေနဲ့စားရတာများတယ်လို့ ပြောပါတယ်။
 
‘’သင်တန်းမှာတော့ ကျွန်တော်တို့လုပ်တာက နှစ်ကြိမ်၊ သုံးကြိမ် မှားရင်မဆူဘူး။ လေး၊ ငါးကြိမ်လောက် မှားရင်တော့ သူတို့ဆူတယ်။ အရမ်းအော်ငေါက်ဆူတာတော့ မရှိဘူး’’လို့ မိုဟာမက်က သူကြုံခဲ့ရတဲ့ အတိုင်း ပြောပါတယ်။
 
ဘီဘီစီက မေးမြန်းခဲ့တဲ့ မတူညီတဲ့စခန်းတွေက အနည်းဆုံး ၇ ဦးကတော့ ဖေ‌ဖော်ဝါရီ ဒုတိယအသုတ်စစ်သင်တန်းမှာ စခန်းအသီးသီးက လူဦးရေ ၃၀၀ ကျော် စစ်သင်တန်းတက်ခဲ့ရတယ်လို့ ပြောကြပါတယ်။ ဘီဘီစီအနေနဲ့ကတော့ အရေအတွက် အတိအကျကို သီးခြားအတည် ပြုနိုင်တာမရှိပါဘူး။
 
စစ်ကောင်စီထုတ်ပြန်တဲ့ သတင်းတွေမှာတော့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးပြီး စစ်မြေပြင်ကိုခေါ်ဆောင်စစ်တိုက်ခိုင်းတယ်ဆိုတဲ့ သတင်းတွေနဲ့ ရိုဟင်ဂျာတွေကို စစ်သားစုဆောင်းနေတယ်ဆိုတာ ဟာ သတင်းတု၊ သတင်းမှားသာဖြစ်တယ်လို့ ထုတ်ပြန်ငြင်းဆိုထားပါတယ်။
 
ဘီဘီစီက စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း မိုဟာမက် နဲ့ တခြားသူအချို့ဖြေကြားချက်တွေကို ကိုးကားပြီး သီးသန့်ထပ်မေးခဲ့ချိန်မှာ စစ်မြေပြင်စေလွှတ်တာမရှိဘူးလို့ ငြင်းဆိုပါတယ်။
 
'' တကယ်သာကျွန်တော်တို့ လုပ်ခဲ့ရင် ဘင်္ဂါလီမှာလည်း အဖွဲ့အစည်းတွေရှိပါတယ်။ ကျွန်တော်တို့ လုပ်ခဲ့ရင် အဖွဲ့အစည်းတွေအနေနဲ့ မလွှဲမသေပြောမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ သူတို့က လုံခြုံရေးအရ တောင်းဆိုလို့ မိမိကိုယ်ကိုယ်ခုခံကာကွယ်ပိုင်ခွင့်နဲ့ ပတ်သက်လို့ တောင်းဆိုလို့ သူတို့လုံခြုံမှုရှိအောင် လုပ်ဆောင်ခဲ့တာပဲရှိပါတယ်။ ‌ရှေ့တန်းစစ်မြေပြင်စေလွှတ်တာ၊တိုက်ပွဲဝင်ခိုင်းတာတို့ လုပ်ဆောင်ခြင်းမရှိပါဘူး။'' လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
၂၀၁၂ ခုနှစ်က စစ်တွေ ဒုက္ခသည်စခန်းတခုက ရိုဟင်ဂျာအမျိုးသားတစ်ဦး အိမ်ဆောက်လုပ်နေမှု
 

ရိုဟင်ဂျာတွေကို စစ်သင်တန်းဘာကြောင့်ခေါ်


၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ မနှစ်က အောက်တိုဘာ ၂၇ ရက်မှာ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ က တရုတ်နိုင်ငံနဲ့ ကပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ပွဲဖော်ခဲ့ပါတယ်။
 
အဲဒီ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က ကိုးကန့်တပ် ( MNDAA)၊ တအာန်းတပ် ( TNLA)နဲ့ ရက္ခိုင့်တပ်တော် ( AA) တို့ ဖြစ်ပါတယ်။
 
ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဖော်ပြီး ၁၅ ရက် ၂၀၂၃ ခုနှစ်အကြာ နိုဝင်ဘာ ၁၃ ရက်က စတင်ပြီး ရက္ခိုင့်တပ်တော် ( AA) ကလည်း သူစိုးမိုးဖို့ကြိုးစားနေတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖော်ပြီး မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲပါတယ်။
 
တိုက်ပွဲကာလ ၂၀၂၃ နိုဝင်ဘာ ကနေ ၂၀၂၄ မတ်လ အထိ ၄ လအတွင်း မြို့နယ် ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် က မြို့ ၈ မြို့နဲ့ ရခိုင်နဲ့ကပ်နေတဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့အပါအဝင် ၉ မြို့ကို သိမ်းပိုက်ထားနိုင်ပါတယ်။
 
မြို့ ၉ မြို့ကို ဆုံးရှုံးခဲ့ရတဲ့မြန်မာစစ်တပ် အနေနဲ့ အဲဒီမြို့တွေက သူရဲ့ စစ်တပ်စခန်းတွေအားလုံးကို လက်လွှတ်ခဲ့ ရတာဖြစ်ပါတယ်။ အဲဒီတပ်ရင်းတွေက မြန်မာစစ်တပ်ရဲ့ ထိပ်ပိုင်းအရာရှိတချို့ အပါအဝင် စစ်သုံ့ပန်းဆယ်နဲ့ချီကိုလည်း ရက္ခိုင့်တပ်တော်က ဖမ်းဆီးခဲ့ပါတယ်။
 
ရခိုင်ဒေသမှာ စစ်ရှုံးခဲ့တဲ့မြန်မာစစ်တပ်ရဲ့ ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေက ရခိုင်ဒေသနဲ့ ကပ်နေတဲ့ အိန္ဒိယဘက်ခြမ်းနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို ထွက်ပြေးခိုလှုံခဲ့ကြတဲ့ဖြစ်စဥ်လည်း အခုနှစ်အတွင်းမှာ ၅ ကြိမ်ထက်မနည်း ဖြစ်ထားပါတယ်။
 
ဒီလိုအချိန်မှာ စစ်အင်အားဆုံးရှုံးလာတဲ့ မြန်မာစစ်တပ်က သိန်းနဲ့ချီရှိနေတဲ့ ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေကို ရှေ့တန်းစစ်မျက်နှာအတွက် လူသားဒိုင်းသဖွယ် အသုံးပြုလာတာလို့ တော်လှန်ရေးအစိုးရအဖြစ်သုံးနှုန်းကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သလို ရိုဟင်ဂျာတစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်မိုးက ပြောပါတယ်။
 
''ရခိုင်နဲ့ ရိုဟင်ဂျာကြား လူမျိုးစုအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနိုင်မှ အခု စစ်တပ်ရင်ဆိုင်နေရတဲ့ အခြေ အ နေကို တမျိုးတဖုံပြောင်းအောင် လုပ်နိုင်မယ်လို့ စစ်ကောင်စီဘက်က တွက်ဆထားပုံရတယ်။ ဒါကြောင့် အခုလိုမျိုး ရိုဟင်ဂျာတွေကို ဖိအားပေးနေတာ'' လို့ ဦးအောင်ကျော်မိုးက သူ့အမြင်ကို ပြောပါတယ်။
 
NUG အစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပါအဝင် ရခိုင်ဒေသတစ်ခုလုံးမှာ နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံအပေါ် စစ်တပ် ကျူးလွန်တဲ့ဖြစ်ရပ်တွေကို နိုင်ငံတကာကိုမျှဝေပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ဆက်စပ်အစည်း အဝေးတွေမှာလည်းတင်ပြထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။ 

ဘူးသီးတောင်မှာ ရက္ခိုင့်တပ်တော်ကို ဆန္ဒပြနေတဲ့ ရိုဟင်ဂျာတွေ
 
ဒီလို စစ်သင်တန်းပေးပြီး စစ်မြေပြင်ပို့တာတွေအပြင် ဒေသအာဏာပိုင်တွေကြောင့် ရက္ခိုင့်တပ်တော် အေအေ အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြရတာတွေရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း မတ်လနှောင်းပိုင်းမှာထွက်လာပါတယ်။
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကပ်နေတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ မှာမြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ ရက္ခိုင့်တပ်တော်- AA ကို အလိုမရှိကြောင်း ရိုဟင်ဂျာရာနဲ့ချီက ဒီရက်ပိုင်းအတွင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
 
ဘူးသီးတောင်ဒေသခံအချို့ကတော့ ဆန္ဒပြတဲ့ ရိုဟင်ဂျာတွေက ဒေသခံတွေမဟုတ်ဘူးလို့ ပြောဆိုပါတယ်။
 
မြန်မာစစ်တပ်ကတော့ AA ကိုအလိုမရှိတဲ့ ထောင်နဲ့ချီတဲ့ ဘင်္ဂါလီတွေက ရခိုင်ပြည်နယ်မှာဆန္ဒပြနေကြတာဆိုပြီး ဓာတ်ပုံမှတ်တမ်းတွေနဲ့ ထုတ်ပြန်ပါတယ်။
 
ရိုဟင်ဂျာတွေကို စစ်ကောင်စီက ကားရှစ်စီးနဲ့ ဘူးသီးတောင် မြို့ပေါ် ခေါ်လာတာဖြစ်ပြီး ဆန္ဒပြပွဲပြီးတဲ့နောက်မှာ ပြန်လည်ထွက်ခွါသွားတာကို တွေ့မြင်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
'' ပြဿနာတွေဖြစ်လာအောင်ဖန်တီးနေတဲ့ပုံစံပါ''လို့ ဘူးသီးတောင် ဒေသခံကဆိုပါတယ်။
 
ဘူးသီးတောင်ဒေသခံတွေ မပါဘူးလို့ ပြောပေမဲ့ ရက္ခိုင့်တပ်တော်အေအေပြောခွင့်ရ ဦးခိုင်သုခ ကတော့ အဲဒီဆန္ဒ ပြပွဲမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးရှာနေတဲ့ဘူးသီးတောင်က မွတ်ဆလင်ဒေသခံတွေ ပါဝင်နေတယ်လို့ ဘီဘီစီကို ဖြေထားပါတယ်။
 
မြန်မာပြည်သူတွေစစ်အာဏာရှင်အောက်က လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေချိန်မှာ မကြာခင်ကမှ လူမျိုးတုံးသတ်ဖြတ်မှုကိုခံထားရသူတွေက စစ်တပ်နဲ့ သွားရောက်ပူးပေါင်းပြီး ရပ်တည်လိုက်တာဟာ ''အဆိုးရွားဆုံသစ္စာ ဖောက်မှု'' လို့ ဦးခိုင်သုခက ပြင်းပြင်းထန်ထန် တုံ့ပြန်ထားပါတယ်။
 
နိုင်ငံသားဖြစ်ခွင့်မရ၊ နယ်ကျော်ဖြတ်သန်းသွားလာခွင့်ကန့်သတ်ခံထားရသလို ပညာသင်ခွင့်၊ အလုပ်လုပ်ခွင့် စတဲ့အခြေခံလူ့အခွင့်အရေး ဆုံးရှုံးနေတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ခုတော့ မြန်မာစစ်တပ်အတွက် ရှေ့တန်းမှာရော နောက်တန်းမှာပါ အသုံးတော်ခံနေရတဲ့အခြေအနေ ဆိုက်လာတယ်လို့ ရခိုင်နိုင်ငံရေးအကဲခတ်တချို့က လည်း မှတ်ချက်ပြုကြပါတယ်။
 
လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး ICJ က အမှုကြီးရှိနေချိန် အဲဒီအမှုရဲ့ အဓိက ဇာတ်ကောင် ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်တွင်း စစ်ရေး၊နိုင်ငံရေးပြဿနာကြားမှာ ကြားညပ်နေတယ်လို့ အကဲခတ်တစ်ဦးက ဆိုပါတယ်။
'' သူတို့ကိုသတ်ဖြတ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ တရားရင်ဆိုင်နေရတဲ့မြန်မာစစ်တပ်အတွက် ရှေ့တန်းမှာစစ်တိုက်ပေးနေရတယ်။ မြန်မာစစ်တပ်စစ်ရှုံးနေတဲ့ ရက္ခိုင့်တပ်တော်အေအေကိုလည်း အလိုမရှိကြောင်းပြည်နယ်ထဲမှာနေထိုင် ပြီး ဆန္ဒပြနေကြရတယ်။ သူတို့အတွက် အန္တရာယ်များတဲ့ အခြေအနေကြားရောက်ရှိနေတယ်''လို့ ရခိုင်အကဲခတ် ကပြောပါတယ်။

နေ့ချင်းညချင်းစစ်မြေပြင်ရောက်ခဲ့သူ 
၂၀၁၂ ခုနှစ်က ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာအမျိုးသားတွေ ( ပုံဟောင်း )
 
 
စခန်းတာဝန်ခံအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အာမက်ရဲ့ အပြောအရ တချို့စခန်းခေါင်းဆောင်တွေကိုယ်တိုင်က စစ်တပ်နဲ့ ပေါင်းပြီး လူစာရင်းတွေထည့်ပေးတာနဲ့ စည်းရုံးတာတွေလုပ်နေတယ်လို့ဆိုပါတယ်။
 
ဘီဘီစီမေးမြန်းခွင့်ရခဲ့တဲ့ စခန်းတာဝန်ရှိသူအများစုကတော့ မလွန်ဆန်နိုင်တဲ့ အခြေအနေတွေကြောင့် မိုဟာမက်လို ရိုဟင်ဂျာအမျိုးသားတွေကို စစ်တပ်လက်ထဲထည့်ပေးလိုက်ကြရတယ်လို့ တုံ့ပြန်ပါတယ်။
 
‘’ကျွန်တော်တို့လူမျိုးပဲ။ ကျွန်တော်မသွားချင်တဲ့လမ်းကို သူတို့လည်းသွားချင်မှာမဟုတ်ဘူး။ လူတိုင်း မိသားစုနဲ့လေ။ ကျွန်တော်တို့ ဘာမှငြင်းလို့မရဘူး။ ထည့်ပေးလိုက်ကြရတာပဲ’’ လို့သက္ကယ်ပြင်စခန်းက ရိုဟင်ဂျာခေါင်းဆောင်အဖွဲ့ထဲပါသူတစ်ဦးက ပြောပါတယ်။
 
မိုဟာမက်ကတော့ သင်တန်းပြီးတော့ အိမ်ပြန်ရောက်တဲ့ နှစ်ရက်မှာ သူဘာလုပ်ရမလဲဆိုတာ သဲသဲကွဲကွဲ မသိပါဘူး။ ဒါပေမဲ့ အိမ်ပြန်ရောက်ပြီး ရက်ပိုင်းအကြာမှာ စစ်ကားက စခန်းရှေ့ရောက်လာပြီး သင်တန်းတက်ထားတဲ့သူတွေကိုခေါ်ပါတယ်။
 
‘’အဲဒီတုန်းက ပြန်လိုက်ရမယ်ဆိုတော့ ကျွန်တော့်စိတ်တွေလေးနေတယ်။ ဘာဖြစ်မှာလဲဆိုတာလည်း ကျွန်တော်မသိဘူး။ မိန်းမနဲ့ ကလေးတွေကိုလည်း စိတ်မချဘူး။ ဒါပေမဲ့ စစ်တပ်ကိုလည်း ဘာမှမပြောရဲဘူး’’ လို့ မိုဟာမက်က စစ်တပ်ကလာပြန်ခေါ်တဲ့နေ့ကို မှတ်မှတ်ရရပြန်ပြောပြပါတယ်။
 
စစ်ကားက သူတို့ကိုသင်တန်းပေးတဲ့ စစ်တွေမြို့ အခြေစိုက် ခလရ ၂၇၀ ကိုပဲ သူတို့ကိုခေါ်သွားပါတယ်။
 
ညနေပိုင်းမှာတော့ သူတို့အားလုံးတစ်နေရာကိုသွားကြရမယ့်ပုံစံမျိုး အသင့်အနေအထားနဲ့ စောင့်နေရပါတယ်။ မိုဟာမက်အပြောအရ ရိုဟင်ဂျာ လူဦးရေ ရာနဲ့ချီရှိတယ်လို့ဆိုပါတယ်။
 
‘’ညနေ မမှောင်ခင်မှာ ၂၇၀ တပ် ကနေ စစ်တွေ သင်္ဘောဆိပ်ကို ကျွန်တော်တို့အားလုံး ကို စစ်ကားတစ်စီးနဲ့ တင်ခေါ်သွားတယ်။ သင်္ဘောပေါ်တင်တဲ့အချိန်မှာ ကျွန်တော်တို့ကို လက်နက်တွေပေးတယ်။ ကျည်ဆံတွေပေးတယ်’’ လို့ မိုဟာမက်က ပြောပါတယ်။
 
စစ်တွေကနေ ခေါ်သွားတဲ့နေရာကိုရောက်ဖို့ သင်္ဘောကို ၅ နာရီလောက်ကြာအောင် စီးခဲ့ရတယ်လို့ မိုဟာမက်ပြောပါတယ်။ သင်္ဘောပေါ်မှာ မြန်မာစစ်တပ်က စစ်သား ၁၅၀ နဲ့ ရိုဟင်ဂျာတပ်သား ၁၀၀ စုစုပေါင်း ၂၅၀ လိုက်ပါခဲ့ကြတယ်လို့ ပြောပါတယ်။
 
သူတို့အားလုံး စစ်မြေပြင်ကိုရောက်တဲ့အချိန်မှာတော့ စစ်တပ်အရာရှိက အယောက် ၄၀ စီလူစုခွဲပြီး နေရာခွဲပြီး တိုက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
 
‘’ကျွန်တော်တို့ သွားရတာ ရသေ့တောင်မြို့ ဆိုတာက ရောက်တော့မှသိတာ။ ရသေ့တောင်က တောင်ကုန်းတစ်ခုပေါ်မှာ စစ်တပ်က တပ်စွဲထားတယ်။ အဲဒီမှာ အေအေ ( ရက္ခိုင့်တပ်တော်) နဲ့ တိုက်ခဲ့ရတယ်။ စစ်သားတွေပစ်ခိုင်းတဲ့နေရာတွေကို ပစ်ရတယ်။ ပစ်တာရပ်ခိုင်းရင်ရပ်ရတယ်’’ လို့ တိုက်ပွဲမှာကြုံရတဲ့အတွေ့အကြုံကို မိုဟာမက်က ပြောပြပါတယ်။
 
မိုဟာမက်တစ်ယောက် ရသေ့တောင်စစ်မြေပြင်မှာ ၁၁ ရက်ကြာ သေနတ်ကိုင်ပြီးတိုက်ပွဲဝင်ခဲ့ရပါတယ်။
 
‘’ပစ်ဆိုပစ်လိုက်တယ်။ ရခိုင်ရွာတွေကိုလှမ်းပစ်ဆိုလည်း ပစ်ရတယ်။ ကျွန်တော်တို့ပစ်ရတာတော့ ရိုးရိုးသေနတ်တွေပါပဲ။ ဘာလို့ပစ်နေရတာလဲ။ ဘာလို့ တိုက်ရတာလဲ ကျွန်တော်ဘာမှမသိဘူး’’ လို့ သူက သေနတ်ကိုင်ပြီး ပစ်နေရပေမဲ့ ဘယ်သူတွေကိုဘာအတွက် ပစ်နေရတယ်ဆိုတာ မသိတဲ့အကြောင်း ပြောပါတယ်။
 
စစ်မြေပြင်စရောက်တဲ့ ၃ ရက်မှာတော့ မိုဟာမက်တို့အားလုံး ထမင်းချက်ပြုတ်စားသောက်ခဲ့ရပါတယ်။ ကျန်တဲ့ ၈ ရက်ကတော့ ကော်ဖီနဲ့ ရေသောက်ပြီး ဖြတ်သန်းခဲ့ရတယ်လို့ဆိုပါတယ်။
 
‘’ရိက္ခာထားတဲ့နေရာကို အေအေဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးကျလို့ အားလုံးပျက်စီးကုန်လို့ ဘာမှမစားဘဲနေခဲ့ရတဲ့ရက်တွေရှိပါတယ်’’ လို့ သူကဆက်ပြောပါတယ်။
 
သူတို့စစ်မြေပြင်ရောက်ပြီး ရက်ပိုင်းမှာပဲ သူတို့နေတဲ့ တောင်ပေါ်ကို အေအေဘက်က လက်နက်ကြီးကျလို့ သူ့မျက်မြင်ရှေ့မှာပဲ သူ့မိတ်ဆွေ ရိုဟင်ဂျာနှစ်ဦး လက်နက်ကြီးထိပြီး သေသွားခဲ့တာလည်း ကြုံခဲ့ရပါတယ်။
 
‘’လက်နက်ကြီးကျပြီးတော့ ဗိုလ်ကြီးကကျွန်တော်တို့ကို မင်းတို့ လက်နက်တွေတင်ထားတဲ့ ကားနားမှာ ဝပ်နေလို့ပြောတယ်။ ကျွန်တော်တို့ကားနားရောက်တော့ အဲဒီနားကို လက်နက်ကြီးထပ်ကျတယ်။ သေတဲ့သူတွေလည်းထပ်ရှိတယ်။ ဒါပေမဲ့ သူတို့အလောင်းတွေကို ဘာလုပ်လိုက်လဲကျွန်တော်မသိဘူး’’ လို့ မိုဟာမက်က သူမြင်ခဲ့ရတာကို ပြန်ပြောပြပါတယ်။
 
ဒါပေမဲ့ မိုဟာမက်သိခဲ့တာတစ်ခုကတော့ သူတို့အတူသွားခဲ့တဲ့ ရိုဟင်ဂျာစစ်သား အယောက် ၁၀၀ မှာ အယောက် ၅၀ လောက်ရဲ့ စာရင်းက အခုအထိ အဆက်အသွယ်မရ ပျောက်နေတုန်းပဲဆိုတာပါ။
 
ရက္ခိုင့်တပ်တော် အေအေ ကတော့ မတ် ၂၀ ရက်မှာ သူတို့သိမ်းပိုက်ခဲ့တဲ့ ရသေ့တောင်မြိုအခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခမရ (၅၃၆)၊ (၅၃၇)၊ (၅၃၈) တပ်ရင်း တို့ကို ရက္ခိုင့်တပ်တော် တိုက်ခိုက်သိမ်းပိုက်ပြီးချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေနဲ့ ရိုဟင်ဂျာအလောင်းတချို့တွေ့ရတယ်ဆိုပြီး ဓာတ်ပုံနဲ့ ထုတ်ပြန်ထားပါတယ်။ ရက္ခိုင့်တပ်တော် ထုတ်ပြန်တဲ့ ဓာတ်ပုံထဲမှာ ရိုဟင်ဂျာအမျိုးသား ၃ ဦးထက်မနည်းသေဆုံးဒဏ်ရာရနေတာကိုတွေ့ရပါတယ်။
 
‘’ကျွန်တော်စစ်မြေပြင်ရောက်တော့ ဘယ်နေ့သေမလဲလို့ပဲ တွေးနေရတာ။ စစ်တိုက်ရမယ်လို့ တစ်ခါမှမတွေးဖူးဘူး။ စစ်တိုက်နေရတဲ့အချိန်မှာ မိသားစုကိုပဲသတိရတယ်။ ကျွန်တော်အိမ်ကိုပဲ ပြန်ချင်ခဲ့တာ’’ လို့ မိုဟာမက်က ပြောပါတယ်။
 
စခန်းကနေဆုတ်ခွာရမယ့်ရက်ပိုင်းမှာ မိုဟာမက်ရဲ့ ပေါင်ကို လက်နက်စမှန်လို့ ဒဏ်ရာအနည်းငယ်ရခဲ့ပါတယ်။
 
ဒဏ်ရာရသူတချို့ကို စစ်တပ်က ခေါ်ပြီး အဲဒီနေရာကနေဆုတ်ခွာခဲ့ပါတယ်။ မိုဟာမက်အပါအဝင် ဒဏ်ရာရခဲ့သူတွေကို စစ်တွေ ကုတင် ၁၀၀ စစ်ဆေးရုံကို ပို့ဆောင်ကုသပေးတယ်လို့ ဆိုပါတယ်။
 
သူဆေးရုံမှာ ၃ ရက်နေခဲ့ပြီး မသက်သာသလို မိသားစုကိုလည်းတွေ့ချင်တာကြောင့် အိမ်မှာပဲ ဆက်ကုပါ့မယ်ဆိုတဲ့ ဝန်ခံချက်နဲ့ ခွင့်တောင်းပြီး ဆေးရုံကနေ အိမ်ကို ပြန်ခဲ့ပါတယ်။
 
‘’ကျွန်တော်အိမ်ပြန်ရောက်တော့ အမေ့ကို ဖက်ငိုတယ်။ အမေ့ဗိုက်ထဲကနေ နောက်တစ်ခါ ပြန်မွေးလိုက်သလိုပါပဲ’’ လို့ မိုဟာမက်ကပြောပါတယ်။
 
မိုဟာမက်က ညဘက်တွေဆို သူအိပ်မပျော်ဘူးလို့ပြောပါတယ်။ အိပ်နေရင်းလည်း လက်နက်ကြီးသံတွေကြားပြီး လန့်နိုးတယ်လို့ဆိုပါတယ်။ သူအကြောက်ဆုံးက နောက်တစ်ကြိမ်သူ့ကိုထပ်လာခေါ်ပြီးစစ်တိုက်ခိုင်းမှာကိုပါ။
 
‘’ကျွန်တော့်ကို ထပ်လာခေါ်မှာကြောက်တယ်။ ဒီတစ်ခါလာခေါ်ရင် ဒဏ်ရာနဲ့ပါလို့ ပြောပြရမယ်လို့ တွေးထားတယ်။ ကံကောင်းလို့ ကျွန်တော်အိမ်ပြန်ရောက်လာတာလေ’’ လို့ မိုဟာမက်ကပြောပါတယ်။
 
အသိပေးချက် - ဒီဆောင်းပါးမှာဖြေဆိုသူတွေရဲ့ ‌လုံခြုံရေးကြောင့် အမည်များကို လွှဲပြောင်းထားသလို ကာယ ကံရှင်ဆန္ဒအရ ဘယ်သူဘယ်ဝါထင်ရှားစေမဲ့ အကြောင်းအရာကို ဖော်ပြမထားပါဘူး။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */