" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, April 7, 2024

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်ခန့်

ဧရာဝတီ
6 April 2024


သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ ဂျူလီ ဘိရှော့ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ဧပြီလ ၅ ရရက်နေ့တွင် ခန့်အပ်လိုက်သည်။

၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှု အဆိုးဆုံးအခြေအနေ ရောက်နေစဉ် ထိုရာထူးနေရာ လစ်လပ်နေသည်မှာ ၁၀ လကြာပြီ ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဇွန်လတွင် စာချုပ်သက်တမ်း ကုန်ဆုံးသောကြောင့် လပေါင်း ၂၀ တာဝန်ထမ်းဆောင်ပြီး ရာထူးမှ ထွက်ခွာသွားသည့် စင်ကာပူမှ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်ဟောင်း မစ္စ နိုလင်းဟေဇာ၏ နေရာကို မစ္စ ဘိရှော့ အစားထိုး ဝင်ရောက်လာခြင်း ဖြစ်သည်။

ထိုသတင်းကို သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စ ပင်နီ ဝေါင်းက ကြေညာချက်တစောင်ဖြင့် ယနေ့ ကြိုဆိုသည်။

“မစ္စ ဘိရှော့ဟာ ဒီရာထူးအတွက် အတွေ့အကြုံတွေ များစွာရှိပြီး မြန်မာနိုင်ငံက နိုင်ငံရေး၊ လူသားချင်းစာနာမှုနဲ့ လုံခြုံရေး အခြေအနေတွေ ဆက်လက်ဆိုးရွားနေပြီး အရေးကြီးတဲ့ အချိန်မှာ သူ့ကို ခန့်အပ်လိုက်ခြင်း ဖြစ်တယ်” ဟု ၎င်းကပြောသည်။

အစိုးရသည် မြန်မာပြည်သူများကို ထောက်ခံရာတွင် ပြတ်သားကြောင်း မစ္စ ဝေါင်းက ပြောကြားပြီး စစ်ကောင်စီအနေဖြင့် အရပ်သားများကို အကြမ်းဖက်မှုရပ်ရန် တောင်းဆိုကြောင်း ထပ်လောင်းပြောကြားသည်။

“အထူးသံတမန်ဟာ နိုင်ငံတကာ အာရုံစိုက်မှု ဆက်ရှိရေးနဲ့ မြန်မာပြည်သူတွေ အကျိုးစီးပွားအရ ငြိမ်း ချမ်းစွာ ဖြေရှင်းရေး အားထုတ်မှုတွေကို ညှိနှိုင်းရေးမှာ အရေးပါတဲ့အခန်းက ပါဝင်တယ်” ဟုလည်း ၎င်းကပြောသည်။

“သြစတြေးလျနိုင်ငံဟာ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် အခြေအနေတွေ တည်ဆောက်ဖို့ ကျမတို့ရဲ့ စုပေါင်းအားထုတ်မှုတွေ လုပ်ဆောင်ရာမှာ ကုလသမဂ္ဂ အထူးသံတမန် မစ္စ ဘိရှော့က အရှေ့တောင်အာရှ နိုင်ငံများအသင်း၊ နိုင်ငံတကာ အသိုက်အဝန်းတို့နဲ့ အနီးကပ်လုပ် ဆောင်သွားမယ်” ဟုလည်း ပြောသည်။

စစ်အာဏာသိမ်းမှု၏ အကျိုးဆက်များမှာ လွန်စွာ ဆိုးရွားလာပြီး အကြမ်းဖက်မှုသည် တုန်လှုပ်စရာကောင်းသောနှုန်းဖြင့် ဆက်လက် ဖြစ်ပေါ်နေကြာင်း ရာထူးမှ မထွက်ခွာမီ လေးနက်သော အကဲဖြတ်ချက်အဖြစ် မစ္စ ဟေဇာက ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးသို့ ပြန်သွားရန်ကြိုးစားသည့် အကြမ်းမဖက် ဆန္ဒပြပွဲများကို နှိမ်နင်းပြီးနောက် မြန်မာတွင် တနိုင်ငံလုံးကျယ်ပြန့်သည့် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားလာသည်။

စစ်တပ်က ဖိနှိပ်သောကြောင့် ထောင်ပေါင်းများစွာသော လူငယ်များသည် ဝေးကွာသော နယ်စပ်ဒေသများမှ တောတောင်များသို့ ထွက်ပြေးကြပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးရရန် စစ်တပ်နှင့် ဆယ်စုနှစ်များစွာကြာသည့် တိုက်ပွဲများတွင် အတွေ့အကြုံရင့်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းကြသည်။

လက်နက်နှင့် လူအင်အား သာသော်လည်း စစ်တပ်သည် တော်လှန်ရေးအင်အားစုများကို နှိမ်နင်းနိုင်ခြင်း မရှိပေ။ လွန်ခဲ့သော ငါးလအတွင်း စစ်တပ်သည် ရှမ်းပြည်မြောက်ပိုင်းတွင် ချေမှုန်းခံရပြီး နိုင်ငံအ နောက်ပိုင်း ရခိုင်မှ ကျယ်ပြန့်သောနယ်မြေများကို ဆုံးရှုံးကာ နေရာတိုင်းတွင် တိုက်ခိုက်ခံနေရသည်။

ပြင်းထန်လာသော ပဋိပက္ခသည် လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်မှု၊ လူသန်းပေါင်းများစွာ၏ အခြေ ခံ လိုအပ်ချက်များကို ဆိုးရွားစွာ ရိုက်ခတ်ပြီး ဒေသတွင်းတွင်လည်း တုန်လှုပ်စရာ ရိုက်ခတ်မှုများ ရှိနေကြောင်း နိုင်ငံရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် မစ္စတာ ခါလက် ခီရာယီက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပြောကြားခဲ့သည်။

“မြန်မာစစ်တပ်ရဲ့ ရမ်းသမ်း ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ အဖွဲ့အမျိုးမျိုးက အမြောက်ပစ်ခတ်မှုတွေနဲ့ အရပ် သား ထိခိုက်သေဆုံးမှု ဆက်လက် မြင့်မားနေတယ်” ဟု ၎င်းကပြောသည်။

မစ္စ ဘိရှော့ကို ခန့်အပ်ကြောင်း ကြေညာရာတွင် ကုလသမဂ္ဂ ပြောခွင့်ရသူ မစ္စတာ စတက်ဖိန်း ဒူဂျာရစ်က ဘိရှော့သည် ထိုရာထူးအတွက် ကျယ်ပြန့်သည့် နိုင်ငံရေး၊ ဥပဒေရေးရာ၊ စီမံခန့်ခွဲရေးနှင့် ဝါရင့်ခေါင်းဆောင်မှု အတွေ့အကြုံရှိသည်ဟု ပြောသည်။

မစ္စ ဘိရှော့သည် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခင်ကလည်း အစိုးရအဖွဲ့ အခြားရာထူးများတွင် ထမ်းဆောင်ခဲ့သည်။ သူသည် ၁၉၉၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ သြစတြေးလျ ပါလီမန် ကိုယ်စားလှယ်ဖြစ်ကာ ယခုအခါ သြစတြေးလျ အမျိုးသား တက္ကသိုလ် (ANU) အဓိပတိအဖြစ် တာဝန်ထမ်းဆောင်နေသည်။

ကိုးကား ။ ။ AP သတင်း UN chief appoints former Australian foreign minister Julie Bishop as UN special envoy for Myanmar

You may also like these stories:

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */