" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, April 8, 2024

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအပေါ် အစိုးရ ရပ်တည်ချက် ထုတ်ပြန်

ဧရာဝတီ ဘလောက်
Tuesday, June 18, 2013 

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအပေါ် အစိုးရရဲ့ ရပ်တည်ချက် ရှင်းလင်းတာကို ယနေ့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လ-ဝ-က ဝန်ကြီး ဦးခင်ရီ၊ ဓာတ်ပုံ- သမ္မတရုံး ဝက်ဆိုက်

မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂ ခုနှစ်)နှင့်စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ ရပ်တည်ချက် သဘောထား ရှင်းလင်းချက်

[၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ဘယ်လိုဖြစ်လာသလဲ၊ ဘာတွေ ပြဌာန်း ထားသလဲ၊ ဘာ့ကြောင့် ပြင်ဆင်ဖို့ မလိုဟု အစိုးရက ခံယူထားသလဲ အကျယ်ကို ဖတ်ရှုနိုင်ပါသည်။]


(၆-၁၁-၂၀၁၂) ရက်တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်း အဝေး နဝမမြောက်နေ့ အစီအစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇) မှ ဦးတင်မြ တင်သွင်းသည့် ''မြန်မာနိုင်ငံသား ဥပဒေကို အသစ်ရေးဆွဲ ပြဋ္ဌာန်းပြီး လက်ရှိ မြန်မာနိုင်ငံသားဥပဒေ(၁၉၈၂ ခုနှစ်၊ ပြည်သူ့ လွှတ်တော် ဥပဒေ အမှတ်-၄) အား ပယ်ဖျက်သင့်ကြောင်း အဆိုအပေါ် ကရင် ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးမန်းကံညွန့်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃) မှ ဦးခင်မောင် (ခ) ဦးအောင်ကျော်ဦး၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်အေးထွန်း၊ ရခိုင်ပြည်နယ် မဲ ဆန္ဒနယ် အမှတ်(၂) မှ ဦးကျော်ကျော်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာဗညားအောင်မိုး၊ ရခိုင် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဦးခင်မောင်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁ဝ) မှ ဦးအုန်းတင်နှင့် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးဆိုင်ပေါင်းနပ်တို့က ဆွေးနွေးခဲ့ကြသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၈) ဦးတို့၏ ဆွေးနွေးချက်အပေါ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအား အသစ်ရေးဆွဲပြဋ္ဌာန်းရန် မသင့်ကြောင်းနှင့် ခေတ်စနစ်နှင့် မကိုက်ညီတော့သည့် စားသားအချို့၊ နည်းဥပဒေပါ စာသားအချို့၊ ဒဏ်ကြေးနှင့်ငွေကြေးသတ်မှတ်မှုများ ပြင်ဆင်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၏ ရှင်းလင်းတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

စစ်ကိုင်းတိုင်းဒေသကြီး အမှတ်(၇)မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်မြကတည် ဆဲ မြန်မာနိုင်ငံသားဥပဒေ(၁၉၈၂ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေ အမှတ်-၄) ဟာ ယနေ့ ကာလအထိ ဆိုလျှင် နှစ်ပေါင်း ၃ဝ ကျော်ပြီးဖြစ်တဲ့အတွက် ခေတ်ကာလနှင့် လိုက်လျောညီထွေ ဖြစ်စေရန်၊ ပြင် ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ပြဋ္ဌာန်းခြင်းများ ဆောင်ရွက်သင့်သည်ဟု သုံးသပ်တွေ့ရှိရကြောင်း၊
သို့ရာတွင် ယနေ့ခေတ်ကာလနှင့် လျော်ညီစွာ/ နိုင်ငံတကာနှင့် လိုက်လျောညီစွာ ဖြစ်စေရန် ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ပြဋ္ဌာန်းခြင်းများ များစွာ ဆောင်ရွက်နေခြင်းထက် မြန်မာနိုင်ငံသား ဥပဒေ အသစ် ရေးဆွဲပြဋ္ဌာန်း၍ တည်ဆဲမြန်မာနိုင်ငံသား ဥပဒေကို ပယ်ဖျက်ခြင်းက အသင့်လျော်ဆုံး ဖြစ်မည် ဟူသော အဆိုတစ်ရပ်ကို တင်သွင်းခဲ့ပါတယ်။

ဒီအဆိုအပေါ်မှာ လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးက အမြင်တွေကို တိကျစွာ တင်ပြသွားကြပြီးဖြစ်လို့ အချိန်ကို လေးစားသောအားဖြင့် ကျွန်တော့်အပိုင်းကတော့ အဲဒီအချက်တွေကို ပြန်ပြောင်းမဆွေးနွေး
တော့ဘဲ ဒီဥပဒေ ဘယ်လိုပေါ်လာရသလဲ၊ ဘာတွေနဲ့ စံပြုနိုင်မလဲဆိုတဲ့ အချက်တွေနဲ့ ကျွန်တော့် ရင် ဆွေးနွေးသွားကြသူတွေရဲ့ ဆွေးနွေးချက်တွေအရ ရှင်းပြဖို့လိုမယ်ထင်တဲ့ အချက်တွေကိုသာ အနည်း ငယ်မျှ ဖြည့်စွက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပထမဦးစွာ တည်ဆဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ခေတ်နှင့် လျော်ညီစွာ အသစ်ရေးဆွဲရန် လိုအပ်ကြောင်း အဆိုပြုလာတဲ့ကိုယ်စားလှယ်တော်ကြီး အနေဖြင့် ဥပဒေကို အသေးစိတ် အချိန် ယူလေ့လာခဲ့ပြီး လိုအပ်ချက်များ များစွာတွေ့ရှိသည့် အတွက် နိုင်ငံတော်အကျိုးငှာ ယခုကဲ့သို့ တင်ပြလာခြင်းဖြစ်မည် ဟုလည်း ယုံကြည်မိ ပါတယ်။ တင်ပြချက်ကို လေးစားပါတယ်။

သို့ပါသော်လည်း ဤဥပဒေသည် ခြောက်နှစ်ကျော် အချိန်ယူပြီး နိုင်ငံသားဆိုင်ရာ ယခင်ဥပဒေတွေရဲ့ အားနည်းချက်များနှင့် ပကတိဖြစ်ရပ် အခြေအနေတွေအပေါ် မူတည်ပြီး လိုအပ်တဲ့ ဥပဒေကြမ်းကို စတင်ဖော်ထုတ်၊ နိုင်ငံတစ်ဝန်း ကွင်းဆင်းပြီး လူထုလူတန်းစား အားလုံးကို ချပြ၊ ပြန်လည်စိစစ် ဆန္ဒရယူ ရေးဆွဲအတည်ပြုခဲ့တဲ့ ဥပဒေဖြစ်ခြင်းကြောင့် ပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားပြုထားကြတဲ့ ဒီနေရာမှာ စုစည်းရောက်ရှိနေကြသော ကျန် လွှတ်တော်ကိုယ်စားလှယ်များကိုပါ ကျွန်တော်သိသမျှကို မျှဝေပေးလိုတဲ့အတွက် အခုလိုတင်ပြရခြင်း ဖြစ်ပါတယ်။

ခုတလောမှာ ဒီဥပဒေကို ဖျက်ဖို့/မဖျက်ဖို့နဲ့ နိုင်ငံခြားသားတွေ ခုလို နယ်စပ်ဒေသမှာ ဝင်ရောက်နေ ထိုင်  အခြေချခွင့်ရှိခဲ့တာဟာ ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့် စသည်ဖြင့် ရှုထောင့်အမျိုးမျိုး မှ ပြော ဆိုဝေဖန်မှုတွေ ရှိလာတာကြောင့် စောစောက တင်ပြခဲ့သလို ဤဥပဒေကို မည်ကဲ့သို့ စဉ်းစား ရေး ဆွဲခဲ့ကြသည်။ မည်သည့်အချက်များကို အခြေခံခဲ့ကြသည် စသည်တို့နဲ့ ကျွန်တော့် အရင် ဆွေးနွေး ချက်တွေအရ သမိုင်းကြောင်းနှင့်ယှဉ်၍ အကျဉ်းမျှ ရှင်းပြရန် လိုအပ်လာပါသဖြင့် အချိန်အနည်းငယ်ပေး ရှင်းပြခွင့်ပြုပါရန် ဥက္ကဋ္ဌကြီးအား ပထမဦးစွာ တင်ပြအပ်ပါတယ်။

နောက်ကြောင်းသမိုင်းကို အကျဉ်းမျှ တင်ပြရရင် အားလုံးသိပြီး ဖြစ်သည့်အတိုင်း ၁၈၂၄ ခုနှစ် မတိုင်မီ အထိက ယေဘုယျအားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ မည်သည့် နိုင်ငံခြားသားမှ အခြေ ချနေထိုင်ခြင်း မရှိခဲ့ဘူးလို့ သမိုင်းအထောက်အထားများကို ရည်ညွှန်း၍ ပြောကြားလိုပါတယ်။ ထိုစဉ်က မိမိတို့ နိုင်ငံအတွင်းမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းနဲ့ ၎င်းတို့နဲ့ ဆက်နွှယ်နေတဲ့ မျိုးနွယ်စု အပါအဝင် လူမျိုးစု ၁၀၀ ကျော်ဟာ စည်းလုံးညီညွတ်စွာ နေထိုင်ခဲ့ကြတယ်လို့ သမိုင်းက ဆိုခဲ့ပါတယ်။

၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ နယ်ချဲ့ စစ်ကြောင့် မြန်မာနိုင်ငံ အ နောက် ဘက်ခြမ်းဟာ ဗြိတိသျှကိုလိုနီ နယ်ချဲ့အောက်သို့ စတင်ကျရောက်ခဲ့ပြီး အနောက်ခြမ်းက ပြည် နယ်သည် အိန္ဒိယပြည်နယ်၏ လက်အောက်ခံ ပြည်နယ်တစ်ခု ဖြစ်ခဲ့ရပါတယ်။

ထိုမှစ၍ အကြောင်းအမျိုးမျိုးကြောင့်မြန်မာနိုင်ငံအတွင်းသို့ တစ်ဖက်နိုင်ငံနေ နိုင်ငံခြားသားများစတင် ဝင်ရောက်ခွင့် ရလာကြပါတယ်။ ဒါ့ကြောင့် မူလက တိုင်းရင်းသား စစ်စစ်သာနေထိုင်ခဲ့ကြတဲ့ ကျွန်တော် တို့ နိုင်ငံအတွင်းမှာ မူလ တိုင်းရင်းသားများနှင့် နိုင်ငံခြားသား ဟူ၍ နှစ်မျိုး ရှိလာခဲ့ပါတယ်။ ထိုမှတစ်ဆင့် တိုင်းရင်းသားနှင့် နိုင်ငံခြားသားများ ပေါင်းဖက်ရာမှ သွေးနှောကပြားဟူသော အတန်အစား တစ်ရပ် ဆိုတာလည်း မလွဲှမရှောင်သာ ဖြစ်ပေါ်လာခဲ့ရပါတယ်။ ဒါ့ကြောင့် ပထမဦးစွာ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ စတင်ဝင်ရောက် အခြေချ နေထိုင်နိုင်ခဲ့ခြင်း၏ အဓိကအချက်သည်နယ် ချဲ့စနစ်ကြောင့်ဟု သမိုင်းအရ ပြောဆိုနိုင် ပါကြောင်း ဦးစွာ တင်ပြလိုပါတယ်။

ကျွန်တော်တင်ပြခဲ့သလို နယ်ခဲျ့စနစ်နှင့်အတူ နိုင်ငံခြားသား စစ်စစ်တွေ ပြည်တွင်းကို ရောက်ရှိ အခြေချခွင့်တွေရခဲ့သလိုပဲ လွတ်လပ်ရေးရပြီးစ ကာလတွေမှာလည်း ပြည်တွင်း ပဋိပက္ခများနှင့်အတူ မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်ရာ နိုင်ငံများမှ အသွင်တူ လူမျိုးများဟာ နိုင်ငံအတွင်းသို့ နည်းမျိုးစုံဖြင့် လွယ်ကူစွာ စိမ့်ဝင်ရောနှော၊ အခြေချ နေထိုင်ခွင့်၊ တိုးပွားခွင့်များ ရှိခဲ့ကြတယ်ဆိုတာလည်း အား လုံး အသိဖြစ်ပါတယ်။ ဤနေရာတွင် အချိန်ကို ငဲ့ညှာသော အားဖြင့် နယ်စပ်တိုင်းမှ ရောနှော ဝင်ရောက်လာသမျှ လူမျိုးတွေ အားလုံးအား တစ်မျိုးချင်းစီ ခွဲခြား မပြောတော့ဘဲ ထင်သာမြင်သာဖြစ်အောင် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှ စိမ့်ဝင်မှုအခြေအနေ တစ်ခုကိုသာ ထုတ်နုတ် ပြောကြားရခြင်း ဖြစ်ပါတယ်။

စောစောက တင်ပြခဲ့သလို ၁၈၂၄ ခုနှစ် ကနေစပြီး နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်း သူတစ်ပါးလက်အောက် ကျရောက်ခဲ့ရာက ၁၈၈၅ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံး သူတစ်ပါးလက်အောက် ကျရောက်ခဲ့ရပါတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ လွတ်လပ်ရေးမရမီ ၁၈၂၄ မှ ၁၉၄၈ ထိ နှစ်ပေါင်း (၁၂၀) ကျော်ကြာ ကျွန်တော်တို့ နိုင်ငံဟာ တိုင်းတစ်ပါး လက်အောက်မှာ နေခဲ့ရပါတယ်။

အဲဒီကာလ တစ်လျှောက်လုံးဟာ သူ့ကျွန်ဖြစ်ခဲ့ရလို့ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ ဆုံးရှုံးခဲ့ရ သည်။ ကိုယ့်ကြမ္မာကို ဖန်တီးခွင့်လည်း မရှိခဲ့ပါ။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ကိုလည်း မကာကွယ်နိုင်ခဲ့ဟု ဆိုရပါမယ်။ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံတွင် လွန်စွာ များပြားနေပြီး ဖြစ်သော နိုင်ငံခြား သားနှင့် သွေးနှော ကိစ္စများကို ထိန်းကျောင်းနိုင်ဖို့အတွက် ထိုစဉ်က နိုင်ငံကို အုပ်ချုပ်ခဲ့သူများက ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံ သား ဖြစ်မှု အက်ဥပဒေနှင့် ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေ နှစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။

ဥပဒေဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်များအပေါ် မူတည်၍ ဆောင်ရွက်ရခြင်း ဖြစ်လို့ ထိုဥပဒေ(၂) ခုဟာ ထိုစဉ်က ရှိခဲ့သော ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ် အခြေခံခဲ့ရပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၁၁ ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ)နှင့် (ဃ)တို့တွင် နိုင်ငံသားဖြစ်ကြောင်း သတ်မှတ်ချက်များ ပါရှိခဲ့ပါသည်-

အချိန်ကို ငဲ့ညှာသောအားဖြင့် ပုဒ်မတစ်ခု နှစ်ခုကိုပဲ နမူနာအဖြစ် ထုတ်နုတ်တင်ပြပါ့မယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မခွဲ (ဃ) တွင် ဗြိတိသျှ ဘုရင်မင်းမြတ် အာဏာပံျ့နှံ့ရာ နယ်မြေတစ်ခုခု တွင် မွေးဖွားခဲ့ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အာဏာတည်သည့် ၄-၁-၁၉၄၈ နေ့ မတိုင်မီက ပြည်ထောင်စုမြန်မာနိုင်ငံတွင် အနည်းဆုံး ရှစ်နှစ် နေထိုင်ခဲ့ဖူးပြီး ပြည်ထောင်စု မြန်မာနိုင်ငံတွင် ထာဝစဉ်နေထိုင်ရန် ရည်ရွယ်ကြောင်း ထုတ်ဖော်၍ သတ်မှတ်သော နည်းလမ်းနှင့်အညီ ပြည်ထောင် စု မြန်မာနိုင်ငံသား အဖြစ် ရွေးချယ်သူသည် နိုင်ငံသားဖြစ်သည်ဟု ဆိုထားပါတယ်။

ထိုစဉ်က ဗြိတိသျှဘုရင်မင်းမြတ် အာဏာပျံ့နှံ့ရာ နယ်မြေဆိုတာဟာ အားလုံး သိကြတဲ့ အတိုင်း နေ မဝင်အင်ပါယာ ဖြစ်ခဲ့တာကြောင့် ဗြိတိသျှပိုင် နယ်မြေဟာ ကမ္ဘာအနှံ့ ကျယ်ပြန့်ခဲ့ပါတယ်။ အဲဒီ ဥပဒေအရ ကျွန်တော်တို့ နိုင်ငံနဲ့ မည်မျှပင် ဝေးကွာပါစေ အကျင့်စရိုက်များ လွန်စွာခြားနားလွန်း တဲ့ ဒေသကပင် ဖြစ်ပါစေ မိမိနိုင်ငံသားရဲ့ သွေးပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ သတ်မှတ်ကာလအထိ နိုင်ငံမှာ နေထိုင်ဖူး ရင် နိုင်ငံသား ဖြစ်နိုင်ခြေရှိသည့်သဘော ဖြစ်နေပါတယ်။

ဒါ့အပြင် ဒီဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ကို ဗြိတိသျှတစ်နိုင်ငံတည်းကိုသာ ဦးစားပေး စဉ်းစားသည့် သဘောမျိုး ဖြစ်နေပါတယ်။ အဲ့ဒီလို အားနည်းချက်များ ရှိခဲ့ပါတယ်။

တစ်ခါ ဥပမာတစ်ခုကို ထပ်တင်ပြရရင် ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ ပုဒ်မ(၅)မှာ နိုင်ငံခြားသားတစ်ဦးသည် နိုင်ငံသားပြုမှုလက်မှတ်ကို တင်ပြလျှောက်ထားနိုင်တယ်။

ဝန်ကြီးက ကျေနပ်လက်ခံလျှင် နိုင်ငံသားပြု လက်မှတ်ကို ပေးအပ်နိုင်သည်ဟု ဖော်ပြထားပါတယ်။ နိုင်ငံတော် အချုပ်အခြာအာဏာ အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့ နိုင်ငံသားဖြစ်မှု ခွင့်ပြုပေးခြင်း လုပ်ငန်း စဉ်ကြီးအပေါ်မှာ ဝန်ကြီးတစ်ဦးရဲ့ ဆုံးဖြတ်ချက်နဲ့ ခွင့်ပြုမိန့်ပေးခြင်းသည် အမျိုးသား အကျိုးစီးပွားကို စဉ်းစားရာမှာ အလွန်ပင် လွယ်ကူသည့် သဘော ဖြစ်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒါကလည်း အားနည်းချက်ပါ။ အခြားဥပမာများစွာ ရှိပါသေးတယ်။ အချိန်ကို ငဲ့ညှာသောအားဖြင့် အခြား ဥပမာများ ထပ်မံမတင်ပြတော့ပါ။ မည်သူတွေကို နိုင်ငံသားအဖြစ် လက်ခံသည်ဆိုသည့်ကိစ္စမှာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာအတွင်း ကျရောက်သည့် လုပ်ပိုင်ခွင့်သာ ဖြစ်သော်လည်းပဲ အဲဒီတုန်းက လွတ်လပ်ရေးအတွက် ကြိုးပမ်းနေရချိန်မျိုးမှာ နိုင်ငံသား ဥပဒေများကို စဉ်းစား ရေးဆွဲခဲ့ရသောကြောင့် နိုင်ငံတော်နှင့်ပြည်သူ ရေရှည်အကျိုးစီးပွားထက် ထိုစဉ်က ဖြစ်ပေါ်နေသော အခြေ အနေတွေကို ထည့်သွင်းတွက်ချက် စဉ်းစားခဲ့ရကြောင်းလည်း တွေ့ရပါတယ်။

လွတ်လပ်ရေး ရပြီး နောက်ပိုင်းတွင်လည်း တိုင်းပြည်သစ်၊ နိုင်ငံအသစ်အနေဖြင့် စတင် တည်ထောင်ရ သဖြင့် ကဏ္ဍတိုင်းတွင် တိုင်းရင်းသား ပညာရှင်များ မပြည့်စုံခြင်းကြောင့် အကူအညီ လိုအပ်ချက်ပေါ် မတူညီ၍ ဥပဒေများ ရေးဆွဲခဲ့သဖြင့် နိုင်ငံသားဖြစ်မှုအပိုင်းတွင် အလျှော့ပေးခဲ့ရသည့် ချို့ယွင်း အားနည်း မှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ ကမ္ဘာမှာ နိုင်ငံသားအဖြစ် စဉ်းစားကြတဲ့ အချက် တစ်ချက်ကို တင်ပြလိုပါတယ်။ ကမ္ဘာတစ်ဝန်းမှ နိုင်ငံသားအဖြစ် ဆုံးဖြတ်ရာမှာ မြေပေါ်မူတည် ဆုံးဖြတ်သည့်နည်းနှင့် သွေးပေါ်မူတည် ဆုံးဖြတ်သည့် နည်းလမ်းဟူ၍ (၂)မျိုးရှိပါတယ်။ မြေပေါ်မူတည် ဆုံးဖြတ်သည့် နည်းဆိုတာက မိမိနိုင်ငံမြေပေါ်တွင် နေထိုင်နေတယ်ဆိုရင် သတ်မှတ်ကာလတစ်ခုမှာ နိုင်ငံသားဖြစ်ခွင့်ပြုခဲ့ကြတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ သွေးပေါ်မူတည် စဉ်းစားခြင်းဆိုတာကတော့ နိုင်ငံမြေပေါ်မှာ ဘယ်လောက်ပဲ ကြာနေပြီဖြစ်ပါစေ မိမိတို့ နိုင်ငံသား တစ်ဦးနှင့် သွေးသား ဆက်နွှယ်မှုတစ်ခု ဆက်နွှယ်မှု ရှိမှသာ နိုင်ငံ သားအဖြစ်ကို စဉ်းစားကြခြင်းဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံများတွင် မြေပေါ် မူတည်၍ စဉ်းစားသည့်နိုင်ငံများ များစွာရှိသလို သွေးပေါ်မူတည်၍ စဉ်း စား သည့် နိုင်ငံများလည်း များစွာရှိပါတယ်။ ပုံသေရယ်လို့ မရှိဘဲ ကိုယ့်နိုင်ငံရဲ့ အမျိုးသား အကျိုးစီး ပွား အပေါ်မှာသာ အခြေခံစဉ်းစားကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ အဆိုရှင် ကိုယ်စား လှယ်တော်ကြီး တင်ပြခဲ့သော လက်ရှိ ဥပဒေဟာ နိုင်ငံတကာ အခြေအနေနဲ့ ညီညွတ်ရန် လိုသည်ဆိုသည့် အချက်ကို စဉ်းစားရာတွင် နိုင်ငံတကာမှာသည်ပင်လျှင် နိုင်ငံသားဖြစ်မှုကို သက်ဆိုင်ရာနိုင်ငံ၏ အကျိုးငှာ အမျိုးမျိုးကို စဉ်းစားနေခဲ့ကြပါတယ်။ ပုံသေရယ်လို့ မရှိနိုင်ပါဆိုတဲ့အချက်ကို ထောက်ပြပြောဆိုလိုခြင်း ဖြစ်ပါကြောင်း လည်း ရှင်းလင်းလိုပါတယ်။

ဆက်ပြီး တင်ပြရရင် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေနှင့် ရွေးချယ်ရေး အက်ဥပဒေတွေအရ နိုင်ငံသား ဖြစ်ချင်သူတွေကို ရွေးချယ်ခွင့်တွေ ပေးနေချိန်မှာပဲ ၁၉၆၂ ခုနှစ်တွင် အဲဒီတုန်းက အစိုးရသစ်အာဏာ ရလာခဲ့ပါတယ်။ ထိုအခါ နိုင်ငံအတွင်းမှာ သွေးနှောတွေ၊ နိုင်ငံခြားသားတွေ များပြားနေပြီဖြစ်ကြောင်း သတိပြုနေပါပြီ။

ထိုစဉ်က တည်ဆဲ ဥပဒေတွေနဲ့ ဥပဒေရဲ့ အားနည်း ချို့ယွင်းချက်များရှိနေသဖြင့် နိုင်ငံတော်အတွက် လူမျိုးရေးနဲ့ အမျိုးသားအကျိုး စီးပွား၊ လုံခြုံရေးစတဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားပြီး ၁၉၇၆ ခုနှစ်မှစ၍ ဥပဒေသစ်ကို ရေးဆွဲနိုင်ရန်အတွက် စဉ်းစားလာခဲ့ကြပါတယ်။ ထိုလုပ်ငန်းစဉ်အတွက် နိုင်ငံ တော် ကောင်စီဟာ ဥပဒေကော်မရှင်တစ်ရပ်ကို သီးခြားဖွဲ့စည်း တာဝန်ပေးပြီး ဥပဒေကြမ်းကို ရေးဆွဲခဲ့ပါတယ်။ ဥပဒေ ရေးဆွဲခြင်းကို ၁၉၇၈ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ပါတီ၊ ကောင်စီ၊ လူထုလူ တန်းစား အဖွဲ့အစည်းများ၊ နယ်စပ်ဒေသရှိ ပြည်သူလူထုနှင့် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူလူထုများကို ကွင်းဆင်း ထိတွေ့ပြီး လူတန်းစားစုံ၏ အကြံပြုချက်များ ရယူထည့်သွင်းစဉ်းစားပြီး ခြောက်နှစ်ခန့် အချိန်ယူ ရေးဆွဲ ခဲ့ကြောင်း ထိုစဉ်က မှတ်တမ်းများမှာ ဖော်ပြခဲ့ပါတယ်။

ဒီဥပဒေကို ၁၉၈၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြည်သူလွှတ်တော်သို့ တင်ပြ၍ အတည် ပြု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါတယ်။ ထိုစဉ်က အဓိကထားစဉ်းစားခဲ့သည် ဆိုသည့် အချက်မှာ နယ်ချဲ့ စနစ်ကြောင့် ဖြစ်ခဲ့ရသည့် နိုင်ငံတွင်းရှိ နိုင်ငံသား၊ နိုင်ငံခြားသား၊ တစ်နည်းအားဖြင့် ဧည့်သည်ဖြစ်သော ဧည့်နိုင်ငံ သားနှင့် ပေါင်းပြီး ရလာသည့် သွေးနှောများ၏ ပြဿနာ၊ ၎င်းကိစ္စအား ကိုင်တွယ် ဖြေရှင်းဖို့ ဖြစ်လာတဲ့ ၁၉၄၈ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ(၂)ခုရဲ့ အားနည်းချက်၊ အဲဒါကြောင့် ဆက်လက်တည်ရှိနေ ဦးမည့် သွေးနှောပြဿနာများ ဖြေရှင်းနည်းနဲ့ သွေးသားဆက်စပ်မှုအပေါ် မူတည်စဉ်းစားသည့် နိုင်ငံသားဖြစ်ရေး အဆုံးအဖြတ် စတာတွေကို ကျယ်ကျယ်ပြန့်ပြန့် လေးလေးနက်နက် စဉ်းစားခဲ့ကြခြင်း ဖြစ်တယ်ဆို တာ လေ့လာတွေ့ရှိခဲ့ရကြောင်း တင်ပြအပ်ပါတယ်။

ကျွန်တော် အထက်က တင်ပြခဲ့သလို အချိန်ယူ စဉ်းစားပြီး ပေါ်လာတဲ့ လက်ရှိ ၁၉၈၂ ခုနှစ် မြန်မာနိုင် ငံ သားဥပဒေတွင် အခန်း(၁ဝ)ခန်း၊ ပုဒ်မ (၇၆)ခု ပါဝင်ပြီး နိုင်ငံသားတွင် နိုင်ငံသား/ဧည့်နိုင်ငံသား/ နိုင် ငံသားပြုခွင့်ရသူဟူ၍ အမျိုးအစား ခွဲခြားထားပါသည်။ ဤဥပဒေအရ နိုင်ငံသားအဖြစ် သတ်မှတ်ရေး သည် လူမျိုးဘာသာအပေါ် အခြေမခံဘဲ ဥပဒေပါ ပြဋ္ဌာန်းချက်များပေါ်မှာသာ အခြေခံဆုံးဖြတ်ပါကြောင်း တင်ပြလိုပါတယ်။

နိုင်ငံသားဆိုရာမှာလည်း မွေးရာပါ နိုင်ငံသားနှင့် ဥပဒေအရ နိုင်ငံသားဟူ၍ နှစ်မျိုး ရှိပါတယ်။ မွေးရာပါ နိုင်ငံသားဆိုသည်မှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၃အရ နိုင်ငံတော်တွင် ပါဝင်သော နယ်မြေ တစ်ခုခုတွင် မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီမှစ၍ ပင် ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည့် တိုင်း ရင်းသားများနှင့်မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားဖြစ်သည်ဟု ပြဋ္ဌာန်းထားပါသည်။

ပုဒ်မ-၅ မှာတော့ တိုင်းရင်းသားတိုင်း သည် လည်းကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည် လည်းကောင်း၊ မွေးရာပါ နိုင်ငံသားများ ဖြစ်သည်ဟု ပြဋ္ဌာန်းထားပါသည်။ ဒါ့ကြောင့် ကချင်၊ ကယား၊ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းလူမျိုးပင် ဖြစ်စေကာမူ နိုင်ငံတော်တွင် ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခြင်းမရှိဘဲ အခြားနိုင်ငံများတွင် ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ကြသူများသည် တိုင်းရင်း သားများ မဟုတ်ကြသလို၊ ၁၈၂၄ခုနှစ် နောက်ပိုင်း နိုင်ငံတော်အတွင်းသို့ ဝင်ရောက်နေထိုင်ကြသော အမည်တူ မျိုးနွယ်စုများ သည် လည်း တိုင်းရင်းသားများ မဟုတ်ကြပါ။ မွေးရာပါ နိုင်ငံသားလည်းမဟုတ်ပါ။

အခြားနိုင်ငံသားအဖြစ် ခံယူထားသော တိုင်းရင်းသားသည်လည်းကောင်း၊ ထိုသို့သော တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူများ သည်လည်းကောင်း မြန်မာနိုင်ငံသားများ မဟုတ်ကြောင်း ပြဋ္ဌာန်းထားခြင်း ဖြစ်ပါတယ်။ အင်မတန်မှ တိကျတဲ့သဘောကို ဖော်ပြလိုခြင်းဖြစ်ပါတယ်။

ဥပဒေအရ နိုင်ငံသားဆိုသည်မှာ မွေးရာပါနိုင်ငံသား မဟုတ်ကြသော်လည်း ၁၉၄၈ ခုနှစ် ပြည်ထောင် စု မြန်မာနိုင်ငံသား ဖြစ်မှု အက်ဥပဒေအရသော်လည်းကောင်း ၁၉၄၈ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေအရသော်လည်းကောင်း ရွေးချယ်လျှောက်ထားမှုကြောင့် မြန် မာနိုင်ငံ သားဥပဒေ အာဏာတည်သည့် ၁၉၈၂ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ မတိုင်မီ နိုင်ငံသား ဖြစ်လာသူများ သည် မွေးရာပါ နိုင်ငံသား မဟုတ်သော်လည်း ဥပဒေအရ နိုင်ငံသား ဖြစ်လာကြသူများဖြစ်ကြောင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ-၆ တွင် ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။

သို့ရာတွင် ထိုသူများသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ -၁၈ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းလျှင် ယင်းပုဒ်မအရ အရေးယူခြင်းခံရမည်ဟု ပြဋ္ဌာန်းထားပါသည်။ ဒါ့ကြောင့် ကျွန်တော်တို့ နိုင်ငံ သား/ တိုင်းရင်း သားတွေနဲ့ ရုပ်ရည်သွင်ပြင်မတူတဲ့ သွေးနှောတစ်ဦးဦးက နိုင်ငံသား စိစစ်ရေးကတ် ကိုင်ထားတယ်ဆိုရင် ဒါဟာ ဥပဒေအရ ဖြစ်လာတဲ့ နိုင်ငံသားတွေလည်း ဖြစ်နိုင်တယ်ဆိုတာ သတိပြုနိုင်အောင် တင်ပြလိုခြင်း ဖြစ်ပါတယ်။

နောက်တစ်မျိုးက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ အောက်ဖော်ပြပါသူတို့သည် ဧည့်နိုင်ငံသားများ သတ်မှတ်ပေးထားပါသည်-

(က) ယခင် ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားအဖြစ်လျှောက် ထား ခဲ့ပြီး ခွင့်ပြုရန် ကျန်ရှိသူများ

(ခ) ဧည့်နိုင်ငံသားဖြစ်သော မိဘနှစ်ပါးတို့မှ မွေးဖွားသူများ

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ အောက်ဖော်ပြပါသူတို့သည် နိုင်ငံသား ပြုခွင့် ရသူများ အဖြစ် လျှောက်ထားနိုင်ခွင့်ရှိပါသည်-

(က) ၄-၁-၁၉၄၈ ရက်နေ့မတိုင်မီ နိုင်ငံတော်အတွင်း၌ ရောက်ရှိ နေထိုင်သူများနှင့် ၎င်းတို့မှ နိုင်ငံ တော်အတွင်း မွေးဖွားသောသူများ၊

(ခ) ဥပဒေအာဏာတည်သည့်နေ့မှစ၍ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော် ပြင်ပ၌ဖြစ်စေ မွေးဖွား သည့် အောက်ပါ သူတို့သည်လည်း နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားနိုင်သည်-

(၁) နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊

(၂) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊

(၃) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊

(၄) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊

(၅) နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊

(ဂ) နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူနှင့် အိမ်ထောင်ကျခဲ့သော ဤ ဥပဒေအာဏာတည်သည့်နေ့ မတိုင်မီ နိုင်ငံခြားသား မှတ်ပုံတင် လက်မှတ်ကိုင်ဆောင်သူ၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေတွင် သွေးနှောများအတွက် နိုင်ငံသား/ ဧည့်နိုင်ငံသား/ နိုင်ငံသားပြုခွင့်ရသူအဖြစ် စိစစ်ဆုံးဖြတ်ခြင်းကို အဖွဲ့ဝင် ငါးဦးပါဝင်သော ဗဟို အဖွဲ့ဖြင့် ဆောင်ရွက် ပါသည်။

နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူတွေကို မြို့နယ် အဆင့်ကနေစပြီး နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံ သား ပြုခွင့်ရသူ စိစစ်ရေး ဘုတ်အဖွဲ့ ဖွဲ့စည်းပြီး ဌာနစုံက အဖွဲ့စုံနဲ့ စိစစ်၊ အဲဒီကတစ်ဆင့် တိုင်းဒေသကြီး/ ပြည်နယ်ကိုတင်၊ ၎င်းအား နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ စိစစ်ရေးဘုတ်အဖွဲ့ အဖွဲ့စုံနဲ့ ထပ်စစ်၊ အဲဒီကတစ်ဆင့် ဗဟိုအဖွဲ့ကို တင်ရပါတယ်။

စိစစ်တဲ့အချက်တွေများစွာ ရှိပါတယ်။ ဗဟိုအဖွဲ့မှလည်း စနစ်တကျစိစစ်ပြီး ရွေးချယ်မှုကို အစိုးရအဖွဲ့ကို တင်ပြ အတည်ပြုချက် ရယူရပါတယ်။ ဗဟိုအဖွဲ့တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ဝန်ကြီးများ ပါဝင်၍ ဥက္ကဋ္ဌမှ တာဝန်ပေးအပ်သူအား အတွင်းရေးမှူးအဖြစ် ပါဝင်ဖွဲ့စည်း ထားတာကြောင့် နိုင်ငံသား/ ဧည့်နိုင်ငံသား/နိုင်ငံသားပြုခွင့် ရသူအဖြစ် စိစစ်ဆုံးဖြတ်ရာတွင် နိုင်ငံတော်၏ လုံခြုံရေးနှင့် စီမံခန့်ခွဲရေး အမြင်ဖြင့် ဆုံးဖြတ်နိုင်သော အားသာချက်များ ရှိနေတာကို တွေ့ရမှာ ဖြစ်ပါသည်။

ရှေးယခင်ကတော့ ဝန်ကြီး တစ်ဦးတည်းကသာ ဆုံးဖြတ်ခဲ့တာဖြစ်လို့ ဘက်စုံထောင့်စုံက စဉ်းစားနိုင်အောင် ပြင်ဆင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ထို့အပြင် ဒီဥပဒေရဲ့ ပုဒ်မ(၇ဝ) အရ ဗဟိုအဖွဲ့၏ ဆုံး ဖြတ်ချက် အပေါ်တွင် မကျေနပ်ဘူးဆိုရင် အစိုးရအဖွဲ့သို့ အယူခံဝင်ရောက်နိုင်ပြီး အစိုးရအဖွဲ့အနေဖြင့် ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက် အပေါ် ထပ်ဆင့်စိစစ် ဆုံးဖြတ်နိုင်တယ်လို့ ခွင့်ပြုထားတဲ့အတွက်တရား မျှတမှု၊ ပွင့်လင်း မှု၊ ပြောင်းလွယ်ပြင်လွယ်မှု ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကိုကြည့်ရင် အားသာချက်အနေနဲ့ တွေ့နိုင်တဲ့ အချက်တွေကို အနည်းငယ်ရှင်းပြလိုပါတယ်-

(က) ၁၉၈၂ ခုနှစ် ဥပဒေပါအချက်များဟာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများက သတ်မှတ်ထားသော လူ့အခွင့်အရေး၊ နိုင်ငံမဲ့ဖြစ်မှု လျှော့ချရေး၊ အိမ်ထောင်ပြုမှုကြောင့် အမျိုးသမီးများ နိုင်ငံသားဖြစ်မှု မပြောင်းလဲရေး၊ ကလေး သူငယ်များ မွေးဖွားကြောင်း မှတ်ပုံတင်ခွင့်နှင့် နိုင်ငံသား ဖြစ်ပိုင်ခွင့်ရှိရေး၊ နိုင်ငံသားအဖြစ် သတ်မှတ်ရာတွင် လူမျိုး၊ ကျား/မ၊ အသား၊ အရောင်၊ ကိုးကွယ်မှု ဘာသာ မခွဲ ခြားရေး စသည့်မူများနှင့်လည်း ကိုက်ညီအကျုံးဝင်လျက် ရှိနေကြောင်း နဲ့ နိုင်ငံအကျိုးကို မျှော်ကိုးဆောင်ရွက် ထားသော်လည်း တစ်ဖက်သတ် ဆောင်ရွက်ထားတာ မဟုတ်ဘူးဆိုတာ တစ်ချက်ချင်းစီကို ဥပမာအဖြစ် ဆွဲထုတ် ပြသ၍ ရနိုင်ပါကြောင်းလည်း တွေ့ရမှာဖြစ်ပါတယ်။

(ခ) နိုင်ငံသားပြုခွင့် လျှောက်ထားသူအား အချက်အလက်ပြည့်စုံပါက စောစောက တင်ပြခဲ့သလို ပြည့်စုံပါက မြို့နယ်အဆင့်/ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ဗဟိုအဆင့် အစိုးရအဖွဲ့အဆင့် စတာတွေက အဆင့်ဆင့် အတည်ပြုပြီး လက်ခံမည် ဖြစ်ကြောင်း တရားဝင် အကြောင်းကြားလျှင် ထိုသူက ယင်း၏ မူလရရှိထားသော နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ပြီးမှသာ ဤဥပဒေအရ ခွင့်ပြုချက်ကို လက်ခံယူရေး အချိန်ပေးထားခြင်းဆိုတဲ့ အချက်ကိုကြည့်ရင် အဲဒီနောက် နိုင်ငံတော်ပါဝင်သော စစ်မက်ဖြစ် ပွားနေ သည့်ကာလ အတွင်းမှအပ နိုင်ငံသားအဖြစ်ကို စွန့်လွှတ် ခွင့်ပြုခြင်း စသည့် လွတ်လပ်သည့် အခွင့်အရေးများ ပေးထားခြင်း စတာတွေဟာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပါ အဆိုပြုချက်များနှင့် ကိုက်ညီနေကြောင်း တွေ့ရပါတယ်။

(ဂ) ဒါ့အပြင် သွေးနှောများကို သတ်မှတ်ချက်နှင့် ကိုက်ညီတယ်ဆိုရင် မြို့နယ်အဆင့်/ တိုင်းဒေသကြီး/ပြည်နယ်အဆင့်က ဌာနစုံအဖွဲ့စုံက အဖွဲ့တွေနဲ့ စိစစ်တိုင်းတာပြီး ဧည့်နိုင်ငံသား/ နိုင်ငံသားပြု အဖြစ် ရွေး ချယ် လျှောက်ထားခွင့်ရှိတယ်ဆိုတာ ကနေ့လူအများ ပြောနေကြတဲ့ လူ့အခွင့်အရေးကိစ္စ၊ နိုင်ငံမဲ့ မဖြစ်ရေး ကိစ္စတွေကို အလေးထားတဲ့ သဘောပဲ မဟုတ်ပါလား။

သတ်မှတ်ချက်နှင့် ကိုက်ညီလျှင် ပထမ အဆင့်မှာ ဧည့်သည်အဖြစ် သတ်မှတ်လက်ခံပါမယ်။ တစ်ခါ နိုင်ငံတော်အား သစ္စာစောင့်သိမယ်၊ တည်ဆဲ ဥပဒေတွေကို လိုက်နာနေမယ်ဆိုရင် ဒီအပေါ်အခြေခံ၍ စဉ်းစားပြီး တတိယမျိုးဆက် မြေးများလက်ထက် ရောက်လာတဲ့ အခါမှာ နိုင်ငံသားဖြစ်ခွင့် ရှိလာမှာဖြစ် ပါတယ်ဆိုတဲ့ အချက်တွေမှာ နိုင်ငံသား ဖြစ်လာစေရေးကို ခေတ်နှင့်အညီ ကြိုတင်တွေးခေါ် မျှော် မှန်းပြီး ပြဋ္ဌာန်းထားခဲ့ ကြောင်းလည်း တွေ့ရလို့ အားသာချက်ရှိနေတယ်လို့ တင်ပြလိုခြင်း ဖြစ်ပါတယ်။

(ဃ) လက်ရှိဥပဒေသည် ၂ဝဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားအဖြစ်မှ ရပ်စဲ/ရုပ်သိမ်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်နေပြီး နိုင်ငံသားများဖြစ်ပြီးသော မိဘနှစ်ပါးမှ မွေးဖွားသူ ဖြစ်မှသာ ရွေးချယ်တင်မြှောက် ခံပိုင်ခွင့်ရှိကြောင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေး ကောက် ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း အထောက်အကူ ပြုလျက် ရှိနေကြောင်း စိစစ်တွေ့ရ ပါတယ်။

(င) နိုင်ငံသား/ဧည့်နိုင်ငံသား/နိုင်ငံသားပြုခွင့်ရသူအဖြစ် စိစစ်ဆုံးဖြတ်ခြင်းကို ဗဟိုအဖွဲ့ အား တာဝန် အပ်နှင်းထားသဖြင့် စိစစ်ဆုံးဖြတ်ရာတွင် နိုင်ငံတော်၏ နိုင်ငံရေး၊ လုံခြုံရေးနှင့် စီမံခန့်ခွဲရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ မူဝါဒများနှင့်အညီ ဆောင်ရွက်နိုင်ပါသည်။ ဗဟိုအဖွဲ့၏ လုပ်ဆောင်ချက် အပေါ်တွင် အစိုးရအဖွဲ့မှ ကြီးကြပ်ကွပ်ကဲမှု ပေးနိုင်သဖြင့် လုပ်ငန်းသွက်လက်၊ မှန်ကန်၊ မြန်ဆန်ရေးကို တွန်းအားပေးလျက်ရှိကြောင်း တွေ့ရပါတယ်။

(စ) မြန်မာနိုင်ငံသားဥပဒေတွင် နိုင်ငံသား/ဧည့်နိုင်ငံသား/နိုင်ငံသား ပြုခွင့်ရသူဟူ၍ သုံးမျိုး ခွဲခြားထားပြီး တာဝန်နှင့် အခွင့်အရေးများကို ခွဲခြားသတ်မှတ် ပေးထားသည့် အခြေအနေကောင်းများ ရှိနေကြောင်း စိစစ်တွေ့ရှိရပါတယ်။

ဒီနေရာမှာ ကျွန်တော်အဓိကထား ပြောချင်တဲ့အချက်က ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေ အတည်ပြုရေးဆွဲစဉ်က လူ့အခွင့်အရေးတို့၊ အမျိုးသမီးအခွင့်အရေးတို့၊ ကလေးသူငယ် အခွင့်အရေးဆိုတဲ့ အသုံးအနှုန်းတွေ ကျွန်တော်တို့ဆီမှာ အဲဒီခေတ် ကာလ တုန်းက ခေတ်စားဦးမယ် မဟုတ်ပေမယ့် အဲဒီအချက်တွေနဲ့ အကျုံးဝင်အောင် ကြိုတင် စဉ်းစားဆောင်ရွက်ခဲ့ သလိုမျိုးကို တွေ့ရတယ်လို့ စိစစ်ချက်တွေအရ ပြောလိုခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့လည်း စောစောက ကိုယ်စားလှယ်ကြီးများ အကြံပြုကြ သလို အစိုးရ အဖွဲ့သစ် စတင်တာဝန်ယူချိန်ကပင်စပြီး ခေတ်နှင့်ညီသော ဥပဒေများအဖြစ် ပြင်ဆင်နိုင်ရန် တစ်ခုပြီးတစ်ခု ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေနှင့် ပတ် သက်လို့ လောလောဆယ်မှာ အချို့သော စာသားများနှင့် လုပ်ထုံးလုပ်နည်း နည်းဥပဒေပါ စာသားအချို့နှင့် ဒဏ်ကြေး၊ ငွေကြေးသတ်မှတ်မှုများမှာ ခေတ်စနစ်နှင့် မကိုက်ညီတော့သဖြင့် ပြင်ဆင်နိုင်ရန် အတွက်လည်း စောစီးစွာကပင် စီစဉ်ဆောင်ရွက် လျက်ရှိနေပါကြောင်း ပြောကြား လိုပါတယ်။

အဆိုရှင် ကိုယ်စားလှယ်တော်ကြီး၏ အဆိုပြုခဲ့သော အချက်များတွင် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းရှိ နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးတို့မှ မိမိတို့ တိုင်းပြည်အတွင်း လာရောက် ရင်းနှီးမြှုပ်နံှ လုပ်ကိုင်တော့မည်ဖြစ်လို့ ပြည်ပနိုင်ငံ အတော်များများနှင့် ဆက်သွယ် ဆောင်ရွက်မှုများ ရှိလာနိုင်မည်ဖြစ်၍ ခေတ်နှင့်လျော်ညီတဲ့ မြန်မာနိုင်ငံသား ဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်ပါတယ်ဆိုတဲ့ အချက်တစ်ချက်လည်း ထည့်သွင်း အတည်ပြုခဲ့ကြောင်း တွေ့ရပါသည်။

ဒီနေရာမှာ တစ်ခုတင်ပြလိုတဲ့ အချက်ကတော့ နိုင်ငံတော်၏ ပြောင်းလဲလာသော စီးပွားရေး အခွင့် အလမ်းကောင်းများအရ ပြည်ပမှ လာရောက်ရင်းနှီး မြှုပ်နံှလိုသူ၊ ဆက်ဆံလိုသူတိုင်း အတွက် မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ထည့်သွင်းစဉ်းစားပေးရန် မလိုအပ်ပါဟု ယူဆပါသည်။

ဒီလိုပုဂ္ဂိုလ်များအတွက် နိုင်ငံအတွင်းသို့ အလွယ်တကူ ဝင်ထွက် သွားလာနိုင်အောင် ပြည်ဝင်ခွင့်စနစ်ကြီး တစ်ရပ်လုံးအတွက် မိမိဝန်ကြီးဌာနမှ (Visa Policy in Myanmar) ဟု ခေါင်းစဉ်တပ်၍ ဖြေလျှော့မှုများဖြင့် လွယ်ကူအောင် စတင် ဆောင်ရွက်နေပြီဖြစ်ပါသည်။

ဤစနစ်တွင် ပထမအဆင့်အဖြစ် (Business Visa) ကိုင်ဆောင်ထားသူ နိုင်ငံပေါင်း (၂၇)နိုင်ငံမှ ရင်းနှီးမြှုပ်နံှလိုသူ စီးပွားရေးသမားများအား ပြည်ပရှိ သံရုံးများကို သွားရန်မလိုဘဲ လွယ်ကူအောင် ရန်ကုန်မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် (Visa on Arrival) ထုတ်ပေးသည့်စနစ်အား ယခုနှစ် ဇွန်လ ၁ ရက်နေ့က စတင်၍ ဆောင်ရွက်နေပြီဖြစ်ပါသည်။

ယခင်ထက် ခရီးသည် ၁ဝ ဆခန့် ပိုမို ဝင်ရောက်လျက် ရှိပါသည်။ နိုင်ငံတကာ၏ တောင်းဆိုချက် အရ နောက်ထပ် (၂၂) နိုင်ငံ ကိုလည်း အလားတူခွင့်ပြုနိုင်ရန် စီမံထားပြီးဖြစ်ပါသည်။

(Passport Visa) စစ်ဆေးခြင်း ဆိုင်ရာ စက်ကိရိယာများကို နိုင်ငံတော်ဘဏ္ဍာငွေ ခွင့်ပြုချက်အပေါ် မူတည်၍ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လည်း ထပ်မံတိုးခဲျ့ တပ်ဆင်နေပြီဖြစ်၍ မကြာမီ (Visa on Arrival) စနစ်ကို မန္တလေးလေဆိပ်၌ ထပ်မံတိုးခဲျ့ ဆောင်ရွက်သွားမည်လည်း ဖြစ်ပါသည်။

လိုအပ်သော စစ်ဆေးရေးစက်ကိရိယာတွေ တပ်ဆင်ပြီးရင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေ ဆိပ်မှာလည်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၎င်းအပြင် ဒုတိယအဆင့်အဖြစ် (Tourist Visa) အပါအဝင် ဗီဇာအမျိုးအစား အချို့ကိုလည်း (E-Visa) အဖြစ် ပြောင်းလဲနိုင်ရေး ဆောင် ရွက်နေ ပြီဖြစ်ပြီး၊ အစုလိုက် အပြုံလိုက် လျင်မြန်စွာ ဝင်/ ထွက်နိုင်အောင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံအပေါ်မှာ ငွေပေးငွေယူကိစ္စတွေအတွက် ကျန်နေသေးတဲ့ Sanction အချို့ ဖြုတ် လိုက်တာနဲ့ စတင်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။ ဒါတွေဟာ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံလိုသူ၊ ဆက်ဆံလိုသူတွေ လွယ်ကူစေရန် ကျွန်တော်တို့ အပိုင်းနဲ့ဆိုင်တဲ့ ကိစ္စတစ်ခုတည်း ရဲ့ ဆောင်ရွက်ချက် အချို့ကိုသာ တင်ပြခြင်းဖြစ်ပါတယ်။

၎င်းအပြင် စနစ်သစ် တစ်ခုအနေနဲ့ သက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံသားဖြစ်မှုကို စွန့်လွှတ်ရန် မလိုဘဲ မြန် မာနိုင်ငံအတွင်းသို့ နှစ်ရှည်လများ လာရောက်နေထိုင် စီးပွားရေး လုပ်ကိုင်လိုသည့် ပြည်ပရှိ လူများအတွက်လည်း အမြဲတမ်း နေထိုင်ခွင့်စနစ် (Permanent Resident System) ကို မကြာမီ အကောင် အထည် ဖော်နိုင်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေပြီလည်း ဖြစ်ပါသည်။

အားလုံးသိပြီး ဖြစ်မည်ဟု ယူဆပါတယ်။ ဤစနစ်များကြောင့် ပွင့်လင်း လာသော အခြေအနေများအပေါ် နိုင်ငံတကာဆက်ဆံမှုနှင့် လာရောက်စီးပွားရေး လုပ်လိုသူများအတွက် နိုင်ငံတကတွင်ဆောင် ရွက်နေ သည့် စနစ်များအတိုင်း ပြည်တွင်း နေထိုင်နိုင်တဲ့ အခွင့်အရေးများလည်း ဖော်ဆောင်ဖန်တီးပေးထားပြီး ဖြစ်ကြောင်းကိုလည်း အဆိုရှင်တင်ပြသည့် အချက်အပေါ် မူတည်၍ ဆောင်ရွက်ပြီးစီးမှုကို သိသာရန် အလျဉ်းသင့်သဖြင့် ပြောကြားရခြင်းဖြစ်ပါသည်။

နိုင်ငံသားအဖြစ် ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော် အချုပ်အခြာ၏ အစိတ်အပိုင်းတစ်ရပ် ဖြစ် သည်ဟု ပညာရှင်များက ထောက်ပြထားရှိပါတယ်။ ဒီအချက်ဟာ စဉ်းစားကြည့်ရင် တွေးကြည့်ရင်၊စဉ်းစား သလောက် တွေးသလောက် အဓိပ္ပာယ်များစွာ ကျယ်ဝန်းလှပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အိမ်နီးချင်း ငါးနိုင်ငံနှင့် နယ်နိမိတ် ဆက်စပ်တည်ရှိနေသည့် ပထဝီဝင် အနေအထားအရ နိုင်ငံတော် လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားအား စဉ်ဆက်မပြတ် အလေးထား စဉ်းစားခဲ့သည်သာ ဖြစ်ပါတယ်။ ဒါဟာ လိုအပ်ချက် ဖြစ်ပါတယ်။ မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်ဟု ဆိုရိုးလည်းရှိပါတယ်။

ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီး အဆိုပြုသည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအား ပယ်ဖျက်ရန်နှင့် ဥပဒေအသစ် ရေးဆွဲသင့်ကြောင်း အဆိုနှင့်ပတ်သက်၍ ကျွန်တော့်အနေနဲ့ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ မည်သည့်အခန်း၊ မည်သည့် ပုဒ်မသည် အားနည်းနေသောကြောင့် ပြင်ဆင်ရန် လိုအပ်ကြောင်းကို တိကျစွာ အတည်ပြု ထောက်ပြပေးသင့်တယ်လို့ တင်ပြခဲ့ပါကြောင်းအကြံ ပြုတင်ပြ လိုပါသည်။

ဥပဒေ တစ်ရပ်လုံး ပြင်ဆင်မည်ဆိုပါက အစဉ်အလာနှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး၍ နိုင်ငံ တော်အကျိုးငှာ ဆောင်ရွက်ကြရမှာ ဖြစ်ပါသည်။

ကျွန်တော့်ရဲ့ တင်ပြချက်များဟာ တည်ဆဲ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအပေါ် ပြင်ဆင်လိုခြင်း/မပြင်ဆင် လိုခြင်းဆို သည့်အချက်အပေါ် တင်ပြအခြေခံပြီး ဆန္ဒစွဲဖြင့် တင်ပြနေခြင်း မဟုတ်ပါ။

မိမိတို့ဌာနမှ တာဝန်ယူ ဆောင်ရွက်နေသော ဥပဒေတစ်ရပ် ဖြစ်နေတဲ့အတွက် ဥပဒေရဲ့ လေးနက် မှုနှင့် ရှေ့ကြောင်းနောက်ကြောင်းကို ဆက်စပ်သိသာနိုင်ရန် အနှစ်ချုပ် တင်ပြ ရခြင်းသာ ဖြစ်ပါတယ်။

ပြည်သူအများ၏ သဘောတူညီချက်ဖြင့် အဆင့်ဆင့် စနစ်တကျ အချိန်ယူ စိစစ်ပြီး ဆောင်ရွက်သင့်သည် ဆိုပြီး ဥပဒေတစ်ရပ်အဖြစ် ပေါ်ပေါက်လာပြီဆိုရင်တော့ ကျွန်တော်တို့သည် ပြည်သူ့ဝန်ထမ်းများ ဖြစ်ခြင်းကြောင့် ဤဥပဒေအား လိုက်နာ အကောင်အထည်ဖော် ပေးရမည့် တာဝန်ရှိလာမည်လည်း ဖြစ်ပါကြောင်း ပြောကြားအပ် ပါသည်။

ဒါ့ကြောင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပယ်ဖျက်ရေးအဆိုနှင့် ပတ်သက်ပြီး အခြေအနေ အချိန်အခါအရ အချိန်ယူ စဉ်းစားသင့်သည့်ကိစ္စ၊ ကျယ်ပြန့်စွာ ချပြရမည့် ကိစ္စတစ်ရပ် ဖြစ်နေပါသည်ဟု သုံးသပ်တင်ပြအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။


 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */