" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, March 21, 2024

ဘူးသီးတောင်မှာ AA ကိုဆန္ဒပြဖို့ ရိုဟင်ဂျာတွေကို စည်းရုံးဖိအားပေးခဲ့

VOA
အင်ကြင်းနိုင်

၂၁ မတ်၊ ၂၀၂၄ 

ရက္ခိုင့်တပ်တော် AA ကို အလိုမရှိကြောင်း ဆန္ဒပြနေကြတဲ့ ရိုဟင်ဂျာများ။ (Photo: တပ်မတော် သတင်းမှန်ပြန်ကြားရေး) 

ရခိုင် ဘူးသီးတောင်ဘက်မှာ ရက္ခိုင့်တပ်တော် (AA) ကိုဆန့်ကျင်ကြောင်း ဆန္ဒပြကြဖို့ ဒေသခံရိုဟင်ဂျာတွေကို စစ်ကောင်စီက အတင်းအကြပ်ဖိအားပေးခဲ့တယ်လို့ နှစ်ဘက်အသိုင်းအဝိုင်းတာဝန်ရှိသူတွေက ဗွီအိုအေကိုပြောပါတယ်။ စစ်မှုထမ်းဥပဒေနဲ့ စစ်သားအဖြစ် အတင်းအကြပ်စုဆောင်းခံရပြီး တိုက်ပွဲတွေဆီအပို့ခံနေရတဲ့အပြင် နှစ်ဘက်တိုက်ပွဲကြားပိတ်မိနေတဲ့ ရိုဟင်ဂျာတွေရဲ့နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မတ်လ (၁၉) ရက်နေ့က ဘူးသီးတောင်မှာရှိတဲ့ ဒေသခံရိုဟင်ဂျာတွေရဲ့ ရက္ခိုင့်တပ်တော် ဆန့်ကျင်ဆန္ဒပြပွဲတွေဟာ စစ်ကောင်စီကအချိန်ယူပြီး နည်းမျိုးစုံ ဖိအားပေးလုပ်ခိုင်းခဲ့တာဖြစ်သလို ဆန္ဒပြဖို့ နည်းလမ်းအသေးစိတ်ကိုလည်း ညွှန်ကြားခဲ့ကြောင်း မျက်မြင်တွေက ဗွီအိုအေကိုပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) ဘက်ကလည်း ဒီဆန္ဒပြပွဲဟာ စစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့်ဖြစ်တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို အတည်ပြုပြောကြားခဲ့ပါတယ်။

"အခု ဘူးသီးတောင်မှာလုပ်တဲ့ဆန္ဒပြပွဲက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့နယ်မြေမှာ စစ်ကောင်စီက လုပ်ခိုင်းတဲ့ ဆန္ဒပြပွဲပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုလို့ရှိရင် အကြမ်းဖက်စစ်ကောင်စီလက်ထက်မှာ သူတို့ကိုထောက်ခံတဲ့ ဆန္ဒပြပွဲကလွဲပြီးတော့ တခြား ပြည်သူ့ဆန္ဒသဘောထားဖော်ထုတ်တဲ့ဆန္ဒပြပွဲမျိုး လုပ်လို့မရပါဘူး။ လုပ်လို့ရှိရင်တော့ သူတို့ ပစ်ခတ်ချေမှုန်းတာ၊ ဖမ်းဆီးတာတွေလုပ်မှာပေါ့နော်၊ ဒါကတော့ ရှင်းနေတဲ့ကိစ္စပဲ။"

ထိလွယ်ရှလွယ်ရှိနေတဲ့အခြေအနေမှာ ဒေသခံ ရိုဟင်ဂျာခေါင်းဆောင်တွေဘက်ကလည်း အလွန်သတိထား ကိုင် တွယ်သင့်တယ်လို့ ခိုင်သုခက ဆိုပါတယ်။

အင်္ဂါနေ့ဆန္ဒပြပွဲမတိုင်ခင် ဘူးသီးတောင်မြို့နားမှာ အခြေစိုက်ထားတဲ့ စကခ (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က တာဝန်ရှိသူတွေဟာ ရိုဟင်ဂျာတွေရှိတဲ့နေရာတွေကိုလာပြီး ဖိအားပေးစည်းရုံးခဲ့တယ်လို့ လုံခြုံရေးအရအမည်မဖေါ်လိုတဲ့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ ရိုဟင်ဂျာလူငယ်တဦးက ဗွီအိုအေကိုပြောပါတယ်။

"...တပ်ရင်းနားမှာရှိတဲ့ ရိုဟင်ဂျာတချို့ကို သူတို့က အတင်းအဓမ္မပေါ့နော်- forcibly ရွာလုံးကျွတ်ဆန္ဒဖော်ထုတ်ခိုင်းတာ။ ဆန္ဒပြခိုင်းတာရှိတယ်။ AA ကိုမလိုလားကြောင်း၊ ရခိုင်ပြည်မှာ တိုက်ပွဲလည်းမလိုလားကြောင်းဆိုပြီးတော့ - စစ်တပ်က အတင်းအဓမ္မနဲ့- အထူးသဖြင့် လူငယ်၊ ကလေးအပါအဝင်ပေါ့နော်၊ အဲလိုမျိုး ပြောခဲ့တာ၊ ဆန္ဒပြခိုင်းတာတော့ ရှိပါတယ်။"

အင်ကြင်းနိုင်။ ။ အဲဒီလို ရိုဟင်ဂျာတွေဆန္ဒပြဖို့ကို လာပြီးတော့ စည်းရုံးတဲ့ စစ်တပ်မှာ တာဝန်ရှိသူတွေက ဘယ်သူတွေလဲရှင့်။

ဖြေ။ ။ ရိုဟင်ဂျာတွေ ဆန္ဒပြခွင့်ရတဲ့ဟာနဲ့ပတ်သက်ပြီးတော့ နည်းနည်းပြောချင်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ၁၉၆၂ မတ်လ ၂ ရက်နေ့ကစပြီး စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒီကနေ့အထိ နှစ်ပေါင်း ၆၀ ကျော်ကျော်၊ ၇၀ ကျော် ကျော်လောက်က ဘယ်ရိုဟင်ဂျာမှ ဆန္ဒပြခွင့်ဆိုတာမျိုး၊ Freedom of expression ဆိုတဲ့ ဆန္ဒဖော်ခွင့်ဆိုတာ လုံးဝ မရခဲ့ဘူး-နော်။ အခုဟာက စစ်တပ်က ရက္ခိုင့်တပ်တော်နဲ့ စစ်ဖြစ်တော့ အစစအရာရာ တိုက်တိုင်းရှုံးနေတာတွေ့တော့ သူတို့ကို ရိုဟင်ဂျာတွေကို လူသားဒိုင်းသဖွယ်အသုံးချဖို့ နည်းပေါင်းစုံနဲ့ကြိုးစားနေတာ တကမ္ဘာလုံး သိပါတယ်။ အဓိကတာဝန်ရှိတဲ့နောက်ကွယ်ကဘယ်သူတွေလဲ ဆိုလို့ရှိရင် ....ဘူးသီးတောင်ဗျူဟာက တပ်ရင်းတွေ၊ ဗျူဟာက ...လူတွေပေါ့နော်။ ပြောမယ်ဆိုရင် ရိုဟင်ဂျာတွေရဲ့ Freedom of exprission ကိုထားပါအုံး။ ရိုဟင်ဂျာတွေကို ချိုးဖောက်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထုတ်ဖော်ပြသခဲ့တဲ့သူတို့ကိုတောင်မှ အသေးစိတ်အရေးယူခဲ့တဲ့စစ်တပ်က အခု ရိုဟင်ဂျာတွေကို ဆန္ဒထုတ်ဖော်ခွင့်ပေးတယ်ဆိုတာက လုံးဝမဖြစ်နိုင်ဘူး။ အဲဒီတော့ ဆယ်စုနှစ်များစွာ ...အကျဥ်းထောင်လိုထားခဲ့တဲ့ ရိုဟင်ဂျာတွေက ဆန္ဒထုတ်ဖော်ခွင့်ရခဲ့တယ်ဆိုတာက စစ်တပ်က အတင်းအဓမ္မနဲ့လုပ်ခိုင်းလို့ အဲလိုမျိုး ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ ရက္ခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ဒီ စစ်ကောင်စီရှေ့တန်းစခန်းမှာ စစ်ဝတ်စုံတွေဝတ်ထားတဲ့ ရိုဟင်ဂျာတွေက သေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတာတွေ တွေ့ရတယ်ပေါ့နော်။ အဲဒါတွေက ဘယ်လို အတည်ပြုနိုင်မလဲ။

ဖြေ။ ။ ရက္ခိုင့်တပ်တော်ရဲ့ statement ပေါ့နော်၊ ကြေညာချက်မှာတွေ့ရတာက ရိုဟင်ဂျာအလောင်းတချို့ ပါခဲ့တာ သိရတယ်။ သူတို့အခေါ် ဘင်္ဂလီဆိုပြီး သုံးထားတာရှိတယ်။ အဲဒီတော့ ခမရ ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်ရင်းတွေမှာ ရက္ခိုင့်တပ်တော်နဲ့စစ်ဖြစ်တဲ့အခါ .....သေဆုံးခဲ့တာလို့ ကျနော်တို့မြင်တွေ့ရတယ်။ အဲဒီကအလောင်းတွေကို ကြည့်ခြင်းအားဖြင့် သူတို့သည် ရိုဟင်ဂျာဖြစ်တယ်ဆိုတာ ဟုတ်တယ်။ စစ်ကောင်စီက အတင်းအဓမ္မနဲ့ forced recruitment လုပ်ထားတဲ့ ရိုဟင်ဂျာတွေဖြစ်တယ်ဆိုတာကို ကျနော်တို့ လက်ခံလို့ရတာပေါ့နော်။

အင်ကြင်းနိုင်။ ။ အဲဒီမှာရှိတဲ့- အထူးသဖြင့် ဘူးသီးတောင်ပေါ့နော်၊ ဘူးသီးတောင် မောင်တောမှာရှိတဲ့ ရိုဟင်ဂျာတွေကရော AA အပေါ်မှာ သူတို့သဘောထားက ဘယ်လိုရှိလဲရှင့်။

ဖြေ။ ။ ပြောမယ်ဆိုရင်- ဟုတ်ပြီ။ စစ်တပ်က သူတို့ သွားရဲတဲ့၊ လာရဲတဲ့နေရာမှာပဲ ဒီလိုမျိုးလူတွေကို စည်းရုံးပြီးတော့ လုပ်ခိုင်းတာ။ နယ်ဆိုလို့ရှိရင် ဘယ်သူမှ မလုပ်ရဲဘူးပေါ့နော်။ ဘယ်သူမှ သွားမှာလည်းမဟုတ်ဘူး။ ဒါပေမဲ့ ရိုဟင်ဂျာတွေအနေနဲ့ ဘယ်သူမှလည်း ကိုယ့်ဆန္ဒနဲ့အလျောက် ဘယ်တုန်းကမှလည်း မလုပ်ခဲ့သလို ဘယ်တော့မှလည်း ကိုယ့်ရဲ့ဆန္ဒအလျောက် လုပ်မှာတော့မဟုတ်ဘူးလို့ ကျနော်ယူဆတယ်။

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီပြောခွင့်ရသူကို မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။ စစ်ကောင်စီ မီဒီယာတွေမှာတော့ ဘူးသီးတောင်နေ သူတို့အခေါ် ဘင်္ဂလီလူမျိုးနှစ်ထောင်ကျော်ဟာ ရခိုင်မြို့ရွာတွေမှာ တိုက်ပွဲဖော်နေတဲ့ AA အဖွဲ့ကို အလိုမရှိကြောင်း၊ ပြည်တွင်းစစ်မလိုလားကြောင်း မတ်လ ၁၉ ရက်နေ့က ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပြီး အေးချမ်းစွာလူစုခွဲခဲ့တယ်လို့ ထုတ်ပြန်ရေးသားထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */