" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 28, 2024

ရိုဟင်ဂျာများကို စစ်ကောင်စီ စစ်သားစုဆောင်းနေ

ဧရာဝတီ
24 February 2024

၂၀၁၈ ခုနှစ်င်္ဂလားဒေ့ရှ် နယ်ခြားခြံစည်းရိုး တဘက်က ရိုဟင်ဂျာများ/AFP
 
စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ်အတွင်းမှ ရိုဟင်ဂျာလူငယ်များအား စစ်မှုထမ်းရန် စစ်ကောင်စီက ဖိအားပေး စာရင်းကောက်ယူမှုသည် စစ်မြေပြင်တွင် လူသားဒိုင်းအဖြစ်အသုံးချရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း အမျိုး သား ညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ဝေဖန်ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေအား အသက်သွင်းခဲ့ပြီးနောက် ၁၅ ရက်မှစတင်ကာ စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ရှိ ရိုဟင်ဂျာရပ်မိရပ်ဖများကို ဖိအားပေးပြီး ကျေးရွာအကြီးအငယ်အလိုက် လူ ၅၀ မှ ၁၀၀ ထိ စာရင်းပေးခိုင်းနေကြောင်း သိရသည်။

ဦးအောင်ကျော်မိုးက “အမှန်က ရိုဟင်ဂျာတွေကို စစ်မှုထမ်းခိုင်းမယ်ဆိုတဲ့ စကားရပ်အစား လူသားဒိုင်းအဖြစ် စစ်ပွဲတွေမှာ အသုံးချမယ့်ကိစ္စဆို ပိုမှန်ပါတယ်။ ဒါဟာ စစ်ကောင်စီအနေနဲ့ သူခြေကုပ်မြဲဖို့ ရိုဟင်ဂျာတွေကို လူသားဒိုင်းအဖြစ် အသုံးချတာပါ။ အဓမ္မဖိအားပေးပြီး စစ်မှုထမ်းခိုင်းတဲ့ကိစ္စကို ကျနော့်အနေနဲ့ ရှုတ်ချကန့်ကွက်ပါတယ်” ဟု ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) ၏ ထိုးစစ်ဆင်မှုကြောင့် စစ်ကောင်စီအနေဖြင့် ရခိုင်မြောက်ပိုင်းရှိ တပ်စခန်းများနှင့် မြို့အားလုံးနီးပါး လက်လွှတ်ခဲ့ရပြီးနောက် ၎င်းတို့ ထိန်းချုပ်မှုအောက် ရှိနေသေးသည့် ဒေသများမှ ရိုဟင်ဂျာများအား ရပ်ရွာကာကွယ်ရေးအကြောင်းပြကာ စစ်သင်တန်းပေးရန် လုပ်ဆောင်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံး ဒုက္ခသည်စခန်းတွင် နေထိုင်သော ရိုဟင်ဂျာဦးရေ ၁၆၀ ခန့်ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခြေမြန်တပ်ရင်း ခမရ-၅၄၂ မှ ဗျူဟာမှူးတို့ ပါဝင်သည့်အဖွဲ့က စာရင်းကောက်ယူမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများအား ကိုးကားပြီး နိုင်ငံတကာသတင်းဌာနများက ဖော်ပြခဲ့သည်။

စစ်ကောင်စီဘက်က ယခုကဲ့သို့ စစ်မှုထမ်းရန် ဖိအားပေးလုပ်ဆောင်မှုအပေါ် ဒေသခံရိုဟင်ဂျာများက လက်မခံသော်လည်း လွတ်လပ်စွာသွားလာခွင့် ကန့်သတ်ခံထားရသည့် ၎င်းတို့အနေဖြင့် ရှောင်လွှဲရန်ခက်ခဲသော အခြေ အနေရှိနေကြောင်း ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ကိုနေဆန်းလွင်က ပြောသည်။

၎င်းက “ရိုဟင်ဂျာတွေကတော့ စစ်တပ်ထဲ မဝင်ချင်ကြဘူး။ အခု ဝင်ခိုင်းတာက နိုင်ငံတော်ကာကွယ်ရေးအတွက်မဟုတ်ဘဲ သူတို့ စစ်ရှုံးနေတဲ့ AA ကို တိုက်ခိုက်ဖို့အတွက်ရယ်၊ ရိုဟင်ဂျာတွေကို လူသားဒိုင်းအနေနဲ့သုံးဖို့ရယ် ဖြစ်တယ်။ စစ်ကောင်စီက စစ်ရှုံးပြီး အကျပ်အတည်းထဲ ရောက်နေတဲ့အတွက် လူ့အဖွဲ့အစည်းနှစ်ခုကို ရန်တိုက်ပေးပြီး ပြဿနာဖန်တီးပေးနိုင်ရင် သူတို့အတွက် နည်းနည်းလေး ချောင်သွားမယ်လို့ ယူဆနေပုံရတယ်” ဟု ဆိုသည်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခနှင့် လူမျိုးရေးပဋိပက္ခများအတွင်း မြန်မာစစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာများစွာ သေဆုံးခဲ့ရပြီး ၇ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရသည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး မြန်မာစစ်တပ်သည် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သည့် စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားရင်ဆိုင်နေသည်။

နေရပ်စွန့်ခွာထွက်ပြေးသွားရသည့် ရိုဟင်ဂျာများ ပြန်လည်လက်ခံရေး စစ်ကောင်စီက လုပ်ဆောင်နေသည်ဆိုသော်လည်း လက်ရှိ ရခိုင်ပြည်နယ်အတွင်းနေထိုင်သော ရိုဟင်ဂျာအများစုအား နိုင်ငံသားအသိအမှတ်ပြုကတ်များ ထုတ်ပေးခြင်း မရှိသကဲ့သို့ နယ်ကျော်သွားလာခွင့်ကိုလည်း ကန့်သတ်ထားသည်။

ဦးအောင်ကျော်မိုးက “အဓမ္မစစ်မှုထမ်းခိုင်းတာကို ရှောင်လွှဲဖို့ နည်းမျိုးစုံနဲ့ လူတိုင်းလိုလို ကြိုးစားနေကြတယ်။ ရိုဟင်ဂျာတွေကျ စစ်ကောင်စီလက်ကလွတ်ဖို့ ကြိုးစားခွင့်တောင်မရှိတဲ့ အခြေအနေဖြစ်တယ်။ ရခိုင်ဒေသမှာတင် ရိုဟင်ဂျာတွေက မြို့နယ်တခုကနေတခုကို သွားလာဖို့ ကန့်သတ်ခံထားရတယ်။ ပြေးလမ်းမရှိလို့ အဓမ္မ စစ်သား စုဆောင်းတဲ့အထဲ အဖမ်းခံလိုက်ရတဲ့ ရိုဟင်ဂျာတွေ ရှိနေတယ်” ဟု ပြောသည်။

လတ်တလော ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြားနှင့် စစ်တွေမြို့နယ်တို့တွင် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်ထိ ရိုဟင်ဂျာ ၄၂ ဦး သေဆုံးခဲ့ရပြီး ၁၀၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနှင့် ၂ သောင်းခန့် စစ်ဘေးတိမ်းရှောင်နေရ ကြောင်း ရိုဟင်ဂျာအရေးဆောင်ရွက်နေသော Rohingya FDMN Representative Committee က ဖေဖော်ဝါရီ ၁၇ ရက်၌ ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းမှု ၃ နှစ် ပြည့်ချိန်တွင် နိုင်ငံတဝှမ်း စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် စစ်အင် အား အများအပြားဆုံးရှုံးကာ အထိနာနေချိန် ပြည်သူ့စစ်မှုထမ်းဥပဒေအား အသက်သွင်းပြီး အမျိုးသား အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းနှင့် အမျိုးသမီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းရှိ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအား စစ်သား စုဆောင်းရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး လူငယ်များကြား စိုးရိမ်ထိတ်လန့်မှုများရှိနေပြီး အိမ်နီးချင်းနိုင်ငံများသို့ နည်းလမ်းမျိုးစုံဖြင့် ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိနေသည်။

ကုလသမဂ္ဂ၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေသည် အရပ်သားပြည်သူများအတွက် ပိုမိုခြိမ်းခြောက်မှုဖြစ်လာပြီး အရပ်သားများအပေါ် အားကောင်းသည့် လက်နက်များဖြင့် တိုက်ခိုက်မှုများ နှစ်ဆတိုးလာနိုင်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်၌ ထုတ်ဖော်ပြောဆိုထားသည်။

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ကလည်း စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်အား ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပြည်သူများအား အကြောက်တရားဖြင့် ဖိနှိပ်အုပ်ချုပ်ရန် စစ်အာဏာရှင်များ၏ ရှက်စရာကောင်းသော ကြိုးပမ်းမှုသာဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

You may also like these stories:
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */