" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 21, 2024

မြန်မာ့တော်လှန်ရေးထဲမှ တရုတ်၏ အကျိုးအမြတ်နှင့် အနောက်အုပ်စု၏ အရှုံး

ASIA TIMES
[စောသန္တာအေး ဘာသာပြန်ပါသည်။]

 Asia Times တွင်ဖော်ပြထားသော David Scott Mathieson ၏ China success, Western failure in revolutionary Myanmar ကို စောသန္တာအေး ဘာသာပြန်ဆိုပါသည်။ မူရင်းဓာတ်ပုံ - ရှမ်းမြောက်ရှိ ရှေ့တန်းတစ်နေရာသို့ သွားရောက်မည့် မန္တလေး PDF တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးအား ၂၀၂၃ ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။

၂၀၂၃ ခုနှစ်တွင် ကမ္ဘာကြီး၌ ယူကရိန်းစစ်ပွဲ၊ အရှေ့အလယ်ပိုင်း ပဋိပက္ခ၊ အမေရိကန် ပြည်တွင်းနိုင်ငံရေး အမှိုက်ပုံးမီးလောင်မှု အစရှိသည့် ဖြစ်ရပ်ကြီးများကြား၌ မြန်မာ့အရေးသည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို မရခဲ့ပေ။ကမ္ဘာ ပေါ်၌ အရေးစိုက်မခံရဆုံး ပဋိပက္ခဖြစ်သည့် ဆူဒန်ပဋိပက္ခနှင့် တန်းတူလိုက်နေသော မြန်မာ့အရေးသည်လည်း အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းစစ်သည် ရှေ့မတိုးနောက်မဆုတ် အခြေအနေ၌ ပိတ်မိနေပြီဟူသော အယူအဆမှားဖြင့် ဘေးထိုးခံနေခဲ့ရသည်။

ထိုအနေအထားသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ညီနောင်မဟာမိတ် သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲလိုက်ချိန်၌ ပြဇာတ်ဆန်ဆန်ပင် ပြောင်းလဲသွားခဲ့သည်။ နိုင်ငံမြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်များက စစ်တပ်စခန်း အများအပြားကို ထိုးစစ်ဆင်ခဲ့သလို လက်နက်များလည်း အစုလိုက်အပြုံလိုက် သိမ်းပိုက်ရယူခဲ့ပြီးနောက် စစ်ကောင်စီသည် ၎င်း၏တပ်များကို နောက်ဆုတ်ပေးခဲ့ရသည်။ ဤလျှပ်တပြက်ထိုးစစ်များက ကမ္ဘာ့မီဒီယာများ၏ စိတ်ဝင်စားမှုကို ဖမ်းဆုပ်နိုင်ခဲ့သလို ထုံးစံအတိုင်း လေးဖင့်နေသည့် သံတမန်များကိုလည်း ကိုင်လှုပ် လိုက်သည်။

၂၀၂၃ ခုနှစ်သည် ညီနောင်မဟာမိတ်သုံးဖွဲ့၏ အောင်ပွဲများနှင့်အတူ အကောင်းမြင် တွက်ချက်ခန့်မှန်းမှု တပုံတပင်ဖြင့်ပင် အဆုံးသတ်ခဲ့ကာ တိုက်ပွဲအရှိန်သည်လည်း ရှမ်းမြောက်မှသည် ရခိုင်၊ ကရင်နီ၊ စစ်ကိုင်းနှင့် ချင်းဒေသများအထိ ပျံ့နှံ့သွားခဲ့သည်။ စစ်အုပ်ချုပ်ရေးခေတ်သစ်ကို ဆန့်ကျင်ကြသည့် မြန်မာ့တော်လှန်ရေးသည် ထွက်ပေါက်မဲ့ အနေအထားမဟုတ်ဘဲ နိုင်ငံတစ်ဝန်း နေရာအများအပြားတွင် အရှိန်မပျက်ဘဲ ဆက်လက် တည်ရှိနေကြောင်းကို ၁၀၂၇ က ရှင်းရှင်းလင်းလင်းပင် ပြသသွားခဲ့သည်။

စစ်မြေပြင်နှင့် ပြောင်းပြန်ဖြစ်နေသည်မှာကား နိုင်ငံတကာ၏ ဆောင်ရွက်ချက်များဖြစ်ပြီး ထိထိရောက်ရောက် မရှိလှပေ။ ကမ္ဘာ့ကြီးက ကူညီလိမ့်မည်ဟူသည့် မျှော်လင့်ချက် ၂၀၂၁ တွင်ရှိခဲ့သော်လည်း ထင်သလို မဖြစ်ခဲ့ပေ။ ၂၀၂၂ သည် ကုလသမဂ္ဂကြီးနှင့် နိုင်ငံတကာ၏ မထိရောက်သည့် အားထုတ်မှုများကို စိတ်ဆိုးဒေါသထွက်ကြသည့်နှစ် ဖြစ်သည်။

သို့သော်လည်း ၂၀၂၃ သည်မူ မာန်တင်းကာ ကိုယ့်အားကိုယ်ကိုးသည့်၊ သန္နိဋ္ဌာန်နှင့် ယုံကြည်မှုရှိသည့်၊ တော်လှန်ရေးကို ကမ္ဘာကြီးက ဝင်ကူလိမ့်မည်ဆိုသည့် မျှော်လင့်ချက်အောက်မှ လွတ်မြောက်သွားသည့် နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ ငယ်ရွယ်သည့် တော်လှန်ရေးအင်အားစု အများအပြားက အနောက်နိုင်ငံများ၏ စာနာမှုအကူအညီများနှင့် ဒဏ်ခတ်အရေးယူမှုများကို ကြိုဆိုကြသော်လည်း ထိုထက်ပိုရနိုင်ခြေ မရှိတော့သည်ကို သဘောပေါက်ကြသည်။ မြန်မာ့တော်လှန်ရေးကား ကိုယ့်အားကိုယ်ကိုးရမည်သာ ဖြစ်လေသည်။

အင်ဒိုနီးရှားက အာဆီယံဥက္ကဌဖြစ်လာခြင်းနှင့်အတူ ၂၀၂၃ ခုနှစ်သည် အကောင်းမြင်သဘောထားများဖြင့် စတင်ခဲ့သည်။ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရာတွင် အင်ဒိုနီးရှားသည် အာဆီယံ၏ ၂၀၂၁ ဘုံသဘောတူညီချက် ငါးရပ်နှင့်အညီ ဒေသတွင်း ကြိုးပမ်းမှုများအတွက် အင်အားဖြစ်စေမည်ဟု မျှော်လင့်ခဲ့ကြသည်။

သို့သော်လည်း အင်ဒိုနီးရှားနှင့် ၎င်း၏ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီတို့၏ အားထုတ်မှုများမှာ အသက်ဝင်မလာခဲ့ပေ။ နိုင်ငံခြားသား ငြိမ်းချမ်းရေး စေ့စပ်သူများ၊ NUG ၊ အရေးပါသည့် ကရင်၊ ကရင်နီ၊ ကချင်နှင်း ချင်း EAO များနှင့် ဂျာကာတာ၊ စင်္ကာပူတို့တွင် လျှို့ဝှက် တွေ့ဆုံ ဆွေးနွေးမှုများကြားမှ တုံးတိတိသာ ရှိနေခဲ့ခြင်း ဖြစ်သည်။

၁၀၂၇ နောက်ကွယ်မှ အဓိကကျသည့် ရခိုင်၊ တအာန်းနှင့် ကိုးကန့် အုပ်စုများမှာ မပါဝင်ခဲ့ကြဘဲ တရုတ်၏ စက်ကွင်းတွင်သာ အနီးကပ် ဝန်းရံနေခဲ့ကြသည်မှာ သတိပြုဖွယ်ဖြစ်သည်။ နိုင်ငံတကာ သံတမန်များ၏ အကြောင်းမလှရှာသည့် အားထုတ်မှုများကိုလည်း ထိုအုပ်စုများက စိတ်ဝင်စားမှု မရှိခဲ့ကြပေ။ အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေး အေဂျင်စီ (AHA) ကို သုံးပြီး မြန်မာနိုင်ငံတွင် စာနာမှုအကူအညီများ တိုးမြှင့်ရန် ရည်ရွယ်သည့် အစီအစဉ်မှာလည်း ဆင်ပါးစပ်ကို နှမ်းပက်သလိုသာ ရှိခဲ့သည်။

နောက်ဆုံး၌ အင်ဒိုနီးရှားသည် ၎င်း၏ အသံတိတ်သံတမန်နည်းလမ်း သက္ကရာဇ်တွင် ထုတ်ပြစရာ မဖြစ်စလောက်ဖြင့်သာ ဥက္ကဌရာထူးကို လာအိုသို့ လွှဲပေးခဲ့ရသည်။ ဒီဇင်ဘာလတွင် ဘန်ဒါအာချေးပြည်နယ်သို့ ရောက်လာသည့် လှေစီးပြေး မွတ်ဆလင်ဒုက္ခသည်များအား ဒေသခံကျောင်းသားများက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဂျာကာတာ၏ နိုင်ငံရေး အီလစ်များက ကြိုးကိုင်ခဲ့သည့် ဤလုပ်ရပ်သည် အင်ဒိုနီးရှား၏ အာဆီယံဥက္ကဌ သက်တမ်း နိဂုံးတွင် စိတ်ပျက်စရာအဖြစ် အမှတ်ရဖွယ် ဖြစ်ခဲ့သည်။

နိုင်ငံတကာ အင်အားစုများအနက် တရုတ်သည် မြန်မာအပေါ် သိသိသာသာ သြဇာလွှမ်းမိုးမှုအရှိဆုံး ဖြစ်သည်မှာ အထူးမြင်သာသည်။ တော်လှန်ရေးတွင် စစ်ကောင်စီကို တိုက်ခိုက်ရန်အတွက် ပြင်ပမှလက်နက်များ လိုအပ်နေသည်ကို သုံးနှစ်တာအတွင်း တောင်းဆိုမှုများက ထင်ဟပ်နေသည်။ လိုအပ်သော လက်နက်များကို အမေရိကန်က ‘ယူကရိန်းကဲ့သို့ပင်’ မြန်မာကိုလည်း ထိုင်းနိုင်ငံမှတစ်ဆင့် ထောက်ပံ့နိုင်သည် ဆိုသော တလွဲမျှော်လင့်ချက်က မြန်မာ့အိမ်နီးချင်း တစ်နိုင်ငံဖြစ်သော တရုတ်သည် တော်လှန်ရေးအတွက် လက်နက်များ တိတ်တဆိတ် ထောက်ပံ့နေသည် ဆိုသော အမှန်တရားကို ဖုံးကာထားသည်။

တရုတ်ဘက်က နားလည်မှုဖြင့် အားပေးကူညီခြင်းမပါဘဲ ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ပေါ် ပေါက် လာနိုင်ခြေ မရှိပေ။ ဘေဂျင်းသည်လည်း အနောက်အုပ်စု သို့မဟုတ် အာဆီယံကို ‘ပညာပြသွားခြင်း’ လုံးဝမဟုတ်ပေ။ ပိုမိုအလေးထား အာရုံစိုက်ပြီး သံတမန်ရေးရာ အားထုတ်မှုများ ပိုမိုဆောင်ရွက်သွားခြင်းသာ ဖြစ် သည်။ ဘေဂျင်း၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ကူမင်းမြို့တွင် ဇန်နဝါရီလ ၁၂ ရက်နေ့က ရရှိခဲ့သည့် ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်သည် ပဋိပက္ခကို မရပ်တန့်နိုင်သလို စစ်ကောင်စီကိုလည်း မကယ်တင်နိုင်သည်မှာ သေချာသည်။ သို့သော်လည်း မြန်မာ၏ ယုံကြည်မှုကိုလည်း မရ၊ အချစ်လည်းမခံရလျှင်သော်မှ တရုတ်သည် သြဇာလွှမ်းမိုးမှုတော့ ရှိထားကြောင်း အဆို သဘောတူညီချက်က ဖော်ပြလျက်ရှိသည်။

ထိုင်းနိုင်ငံကတော့ ပြီးခဲ့သည့်နှစ်တွင် မြန်မာအပေါ် တစ်စိတ်တစ်ပိုင်း ဝင်ရောက် ခြယ်လှယ်နိုင်ခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်း ထိုင်းအကြီးတန်းအရာရှိများ နေပြည်တော်ရှိ စစ်ကောင်စီခေါင်းဆောင်များထံသို့ တောက်လျှောက် ရောက်နေခဲ့သည့်အတွက် အင်ဒိုနီးရှား၏ ကြိုးပမ်းမှုများကိုပင် အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ပီတ လင်ဂျာရွန်ရတ် ခေါင်းဆောင်သည့် ရှေ့သို့ (Move Forward) ပါတီသည် တော်လှန်ရေးထောက်ခံသူများနှင့် ပိုမိုနီးစပ်သော နိုင်ငံခြားရေးမူဝါဒတစ်ရပ် ကျင့်သုံးနိုင်သည် ဆိုသည့် မျှော်လင့်ချက်လည်း အများအပြားရှိခဲ့ကြသည်။ သို့သော် ပီတ၏ပါတီသည် ထိုင်းရွေးကောက်ပွဲ အနိုင်ရခဲ့သော်လည်း အစိုးရဖွဲ့ခွင့် မရခဲ့သည့်အခါ၌ စိတ်ပျက်စရာ ဖြစ်ခဲ့ရပြန်သည်။

NUG သည် ပိပိရိရိဆောင်ရွက်တတ်ကာ ထိရောက်သည့် အပြန်အလှန် ဆက်ဆံရေးများ ထားရှိနိုင်သော EAO များကဲ့သို့ မဟုတ်ဘဲ စာနာမှုအကူအညီနှင့် နိုင်ငံရေးမျက်နှာစာများတွင် ထိုင်းနိုင်ငံနှင့် ထိရောက်စွာ ဆက်သွယ်ဆောင်ရွက်မှုမှာ မဖြစ်စလောက်သာရှိသည်။ သို့အတွက်ကြောင့် ဘန်ကောက်ဘက်ကလည်း NUG အပေါ် မချင့်မရဲ ဖြစ်စရာများ ရှိနေပြန်သည်။ “မကြာခဏ ထည့်ပြောလေ့ရှိသည့် ၂၀၂၀ ရွေးကောက်ပွဲ တရားဝင်မှုမှ လွဲလျှင် NUG သည် အနာဂတ် မြန်မာ့ဦးဆောင်အဖြစ် ‘ဆွဲဆောင်သိမ်းသွင်းနိုင်စွမ်းမရှိ’ဟု ရင်းမြစ်အများအပြားက ညွှန်းဆိုကြသည်” ဟု ထိုင်းပညာရှင် ဆူရာချာနီးဆရီဝိုင် (Surachanee Sriyai)က ဧရာဝတီသတင်းဌာနတွင် ရေးသားထားသည်။

တစ်ချိန်တည်း၌ အနောက်အုပ်စုသည် မြန်မာ့အရေးတွင် အရေးပါသည့်ပုံစံသုံးမျိုးဖြင့် ကျရှုံးလျက်ရှိသည်။ ပထမ ပုံစံမှာ နိုင်ငံတကာအဆင့်၊ အထူးသဖြင့် ကုလသမဂ္ဂတွင် ကျရှုံးမှုဖြစ်သည်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး အကြီးအကဲ မာတင်ဂရစ်ဖစ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာ့အရေး အထူးကိုယ်စား လှယ် နိုလင်းဟေဇာကို ၂၀၂၃ မေလတွင် ထိုးကျွေးလိုက်သည့် လုပ်ရပ်က ကုလ၏ ကြားဝင်စေ့စပ်ရေးနှင့် ပတ်သက်၍ ယုံကြည်ရမှုကို အတော်လေး ပျက်ပြားသွားစေသည်။ နိုလင်းဟေဇာ၏ နေရာတွင် ယခုအချိန်အထိ လူသစ်မခန့်အပ်သေးပေ။ သူနေရာကို ဆက်ခံမည့်သူကို ကြေညာနိုင်လျှင်တော့ အပြောင်းအလဲ အနည်းအကျဉ်း ရှိနိုင်သည်။

ဂရစ်ဖစ်သည် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးချကာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ သွားတွေ့သည်။ ကုလသမဂ္ဂဝန်ထမ်းများအတွက် ဗီဇာများ ထပ်မံရရှိအောင် ဆောင်ရွက်ပြီးခဲ့ပြီးနောက် အောင်မြင်သော ခရီးစဉ်တစ်ခု ဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်သည်။ တကယ်တမ်းတွင် ဤခရီးစဉ်သည် ဘာမှလည်း မဟုတ်ခဲ့ပေ။ ကုလ၏ ဌာနေအဖွဲ့သည် သဘောထားကွဲကာ ကသောင်းကနင်းဖြစ်ဆဲရှိသည်။ အကူအညီများကိုလည်း ဘေးကင်းလုံခြုံသည့် အချိန်နှင့်နေရာများတွင်သာ ဖြန့်ဝေနိုင်ပြီး ယေဘုယျအားဖြင့် နိုင်ငံတွင်းအခြေအနေနှင့် ဆီလျော်အပ်စပ်မှု မရှိသည့်အဖွဲ့အစည်း ပိုပိုဖြစ်လာနေသည်။ 

အနောက်အုပ်စုသည် မြန်မာနိုင်ငံ၏ လက်တွေ့အခြေအနေတွင် အလုပ်ဖြစ်မည့် ပိုကောင်းသည့် စိတ်ကူးသစ်များ ကြံဆနိုင်စွမ်း ကင်းမဲ့မှုကြောင့်လည်း ကျရှုံးရပြန်သည်။ သို့သော်လည်း ခြေလှမ်းအမှားများကတော့ တော်တော်လှမ်းနိုင်စွမ်း ရှိပါပေသည်။ ဖင်လန်နိုင်ငံသည် စစ်ကောင်စီအရာရှိများကို ဟယ်ဆင်ကီးမြို့တော်သို့ လျှို့ဝှက်ဖိတ်ကြားပြီး (ဘာမျှ အရာမထင်ခဲ့သည့်) တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သည်။ ဆွစ်ဇာလန်သည် စစ်ကောင်စီ၊ EAO ခေါင်း ဆောင်များနှင့်အတူ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပသည်။ ဆွစ်ဇာလန်ဖိတ်ခေါ်ခဲ့သော EAO အဖွဲ့များမှာ ရယ်ဖွယ်ကောင်းသော ၂၀၁၅ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့များဖြစ်ပြီး အရေးမပါ တရားလည်းမဝင်ဘဲ အဖြစ်သဘောမျှသာ လက်နက်ကိုင်ထားသော အုပ်စုများဖြစ်သည်။

စစ်ကောင်စီကို အသင့်ခံပေါင်းဖက်ခဲ့သော ထိုဆွေးနွေးပွဲ နှစ်ခုလုံးအား မြန်မာ့ အရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ နှစ်ခုလုံးသည် အနောက်အုပ်စု၏ ဂုဏ်သိက္ခာကိုလည်း အကြီးအကျယ် ထိခိုက်စေခဲ့သလို လူမသိသူမသိ ကျင်းပသည့် အခြား လျှို့ဝှက်တွေ့ဆုံမှုများလည်း ရှိဦးမည်ဆိုသည့် ယူဆချက်များလည်း ထွက်ပေါ်စေခဲ့သည်။ နောက်ဆုံး၌ အသံတိတ် သံတမန်နည်းလမ်း ကျင့်သုံးရန် ကြိုးပမ်းမှုများက ပြသနေသည်မှာ မြေပြင်တော်လှန်ရေး တပ်ဖွဲ့များကို အကူအညီပေးရန်အတွက် အနောက်အုပ်စု၏ အရဲစွန့်စဉ်းစားနိုင်စွမ်းသည် အ ကန့်အသတ်ဖြင့်သာ ရှိသည် ဆိုသောအချက် ဖြစ်သည်။ အဓိပ္ပာယ်မဲ့သည့် မဟာဗျူဟာဆွေးနွေးပွဲ အများအပြားကို ဟိုတယ်ခန်းမဆောင်ကြီးများ၌ မဖြစ်စလောက် အချိန်တိုအတွင်း ကျင်းပခဲ့ခြင်းသာ ဖြစ်လေသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စနစ်ကလည်း အစုလိုက်အပြုံလိုက် လူသတ်မှုများနှင့် ပတ်သက်ပြီး အစီရင် ခံစာ အများအပြား ထုတ်ပြန်နေသော်လည်း မြန်မာအတွက် ယုံကြည်မှုကင်းမဲ့စရာ ဖြစ်သည်။ အစီရင်ခံစာ အများအပြားမှာ အရည်အသွေး ကောင်းမွန်ကြသော်လည်း အချို့မှာ အံ့သြစရာကောင်းလောက်အောင် စုတ်ချာပြီး ထောက်ပံ့ငွေဖန်သည့် လုပ်ရပ်များဖြစ်ကြသည်။ ၎င်းတို့အတွက်လည်း ကြီးကြီးမားမား တုံ့ပြန်မှုမရဘဲ နှုတ်ဆိတ်လျက်သာရှိသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး မြှင့်တင်မှု၊ တရားမျှတမှုဆိုင်ရာ လုပ်ငန်းစီမံချက်များ၊ ချီးကျူးထိုက်သော်လည်း ထိရောက်ဟန်မပေါ်သည့် ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှု ရှာဖွေရေးကမ်ပိန်းများနှင့် မဟာဗျူဟာမြောက် အသိပညာပေးမှုများကဲ့သို့ ဆောင်ရွက်ချက်များအပေါ် ယုံကြည်ကိုးစားမှုသည်လည်း ကမ္ဘာလုံး အတိုင်းအတာဖြင့် မြင်တွေ့နေရသည့် နမူနာပုံစံများကြောင့် ဖျော့တော့အားနည်းခဲ့ပြီ ဖြစ်သည်။

အနောက်နိုင်ငံ အများအပြား ကျရှုံးခဲ့ရသည့် ဒုတိယအချက်မှာ ပြည်တွင်း မူဝါဒတွင် မြန်မာအပေါ် ပိုမိုထိရောက်သည့် ချဉ်းကပ်မှုပုံစံ ရေးဆွဲရန် သို့မဟုတ် နိုင်ငံ၏ ပြည်ပမူဝါဒရေးရာ သဘောထားအမြင်တွင် မြန်မာကို ပိုအရေးပါသည့် ကိစ္စရပ်တစ်ခုအဖြစ် ဖန်တီးရန်ဖြစ်သည်။ အများမျှော်လင့်ခဲ့ကြသည့် အမေရိကန်ပြည်ထောင်စု၏ Burma Act ဥပဒေဆိုလျှင် မယ်မယ်ရရ တစ်ခုမျှ ဆောင်ရွက်နိုင်သေးသည် မဟုတ်ပေ။ စာနာမှုအကူအညီများက အရေးပါသည့် တစ်ချိန်တည်း၌ သံတမန်ရေးရာ အားစိုက်ထုတ်မှုများကလည်း စတိသဘောသာရှိကာ အုပ်ချုပ်ရေးဆိုင် ရာ အထောက်အကူများမှာလည်း အလဟဿသာ ဖြစ်နေသည်။

ကမ်ဘာရာသည် မြန်မာအပေါ် အကြီးအကျယ် လက်လျှော့လိုက်ပြီဖြစ်သလို စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေး ယူမှုများ ထပ်မလုပ်တော့ခြင်း၊ နိုင်ငံရေးခိုလှုံသူ လက်တစ်ဆုပ်စာမျှသာ စတိသဘော လက်ခံပေးထားခြင်း တို့မှာလည်း မတွေးတတ်အောင်ပင် ဖြစ်ရသည်။ အီးယူ၊ ဗြိတိန်၊ ကနေဒါနှင့် အခြားနိုင်ငံများမှာလည်း ထိုနည်းလည်းကောင်းပင် ကမ္ဘာ့အရေး အများအပြားတွင် ခြေချုပ်မိနေကြပြီး ‘သပွတ်အူ’ မြန်မာ့အရေးကို စိတ်ဝင်စားရန် ငြင်းဆိုပြနေကြသည်။

အနောက်အုပ်စု၏ တတိယအရှုံးမှာ NUG နှင့် ပိုမိုကျယ်ပြန့်သည့် တော်လှန်ရေးအုပ်စုကြီး ယခုထက်ထိရောက်စွာ ဆောင်ရွက်နိုင်အောင် နိုင်ငံတကာဖိုရမ်များတွင် အားပေးထောက်ခံရန် ပျက်ကွက်မှုဖြစ်သည်။ ရွေးကောက်ပွဲအပြီး ၂၀၂၁ ဖေဖော်ဝါရီလတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် ပြုတ်ကျသွားသည့် NLD အစိုးရ၏ အဖွဲ့ဝင်အ များစုဖြင့် ဖွဲ့စည်းထားသည့် ပြည်ပြေးအစိုးရကို အင်အားတောင့်တင်းအောင် ကူညီပေးရန် အနောက်အစိုးရတွင် တာဝန်မရှိဟု စောဒကတက်ကောင်း တက်ကြပါလိမ့်မည်။ 

သို့သော်လည်း မြန်မာ့တော်လှန်ရေး အောင်မြင်စေလိုသည့်ဆန္ဒသာ ရှင်းရှင်းလင်းလင်း ရှိထားမည် ဆိုပါက ပိုမိုထိရောက်စွာ ကူညီထောက်ပံ့နိုင်မည့် အစီအစဉ်များ ကြံဆ လုပ်ဆောင်နိုင်၊ လုပ်ဆောင်သင့်ပေသည်။ အနောက်သံ တမန်များက စစ်ကောင်စီပြုတ်ကျပြီးနောက်ပိုင်း ကာလအတွက် ‘အစီအစဉ်’တစ်ရပ် NUG တွင် ထားရှိရန် ပြော ဆိုနေကြသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းကိုယ်တိုင်က ထိုသို့သော အစီအစဉ်မျိုး ဘာမှရှိမနေချိန်၌ အ နောက်သံတမန်များ၏ ယခုလိုအပြောမျိုးမှာ မည်သို့မျှ ယုတ္တိမတန်သည်သာမက ရက်စက်ရာပင် ကျလွန်းသည်။

NUG ဘက်ကို ကြည့်ပြန်လျှင်လည်း အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးကြီး တစ်ခုလုံးကိုကိုယ်စား ပြုသည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ယုံကြည်ရမှုက ပြီးခဲ့သော နှစ်အတွင်း တိုးတက်မလာခဲ့ပေ။ နိုင်ငံ ခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ကမ္ဘာ့မျက်နှာစာတွင် ဂါဇာစစ်ပွဲ၊ ယူကရိန်းစစ်ပွဲ တို့နှင့်အပြိုင် မြန်မာ့ပုံရိပ်ကို ပိုမို ထင်သာမြင်သာရှိအောင် ဆောင်ရွက်နေခြင်း မရှိပေ။

NUG အနေဖြင့် မိမိတို့၏ အနေအထားကို ချပြရာတွင် ယုံကြည်မှုရှိရှိဖြင့် ထိန်းကွပ်ဆောင်ရွက်ရန် လိုအပ်သည်ကို သဘောပေါက်ရမည် ဖြစ်သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက နယူးယောက်တိုင်းမ်တွင် ဖော်ပြခဲ့သည့် NUG ၏ ဝါရှင်တန်ဒီစီမြို့တော်ရှိ ‘ရုံးခန်းကုပ်ကုပ်လေး’ မှာ ရှက်စရာကောင်းသည်သာမက တော်လှန်ရေးအတွက်လည်း အကျိုးမရှိ ဖြစ်စေသည်။ ဤအနေအထားတွင် ပေါ်လာသည့်မေးခွန်းမှာ “NUG ကို နိုင်ငံတကာအသိုင်းအဝိုင်းတွင် ပိုမိုထိရောက်အောင် စင်တင်ပေးခြင်းသည် အကျိုးရှိပါ့မလား၊ သို့မဟုတ်ဘဲ မြန်မာပြည်ထဲမှ အရေးအပါဆုံး နယ်မြေပိုင်နက်တစ်ခုတွင် အာရုံစိုက် ဆောင်ရွက်လိုက်ခြင်းက ပိုကောင်းမည်လား” ဟူသည့်အချက်ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းက အမှန်တကယ်ပျက်စီးဆုံးရှုံးမှု ဖြစ်စေနိုင်သည့် နေရာတော့ရှိသည်။ လက်ရှိ ပြည် တွင်း စုစည်းမှုအရှိန်အဟုန် ပြတ်ပြတ်သားသား မြင့်တက်နေချိန်တွင် ကြားဝင်စွက်ဖက်ရန် ကြိုးပမ်းလျှင်ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး၏ လှုပ်နှိုးမှုနှင့်အတူ အနောက်တိုင်း ရောဂါဗေဒများတွင် ပုံစံနှစ်မျိုး ထွက်ပေါ်လာခဲ့သည်။ တစ်ခုက အောင်ပန်းချူရတော့မည် ဟူသည့် အလွန်အကျူးအကောင်းမြင်ဝါဒ ဖြစ်သည်။ ဤအမြင်ကို နားလည်ပေး၍ရသော်လည်း ဆန္ဒစောလွန်းပြီး အထောက်အကူအဖြစ်ပါ။ နောက်တစ်ခုမှာ ပရမ်းပတာ ပျက်သုဉ်းတော့မည့် အနေအထားသို့ မရောက်ရလေအောင် တစ်ဘက်စောင်းနင်းပြီး အပျက်အမြင်ဖြင့်ချည်း ခြောက်လှန့်သည့် ဝါဒဖြစ်သည်။

ဤအမြင်များက သံတမန်အများအပြားအား အရှုံးပေးလိုစိတ် ဇာတ်ကြောင်းစုံကို လက်ခံသွားစေပြီး မည်သည့် အ ဖြေတစ်ရပ်ရပ်တွင် မဆို စစ်ကောင်စီကိုပါ ထည့်သွင်းပါဝင်သင့်သည် ဆိုသည့် ဆွစ်ဇာလန်နှင့် ဖင်လန်တို့၏ ဗရုတ်ကျသည့်လုပ်ရပ်များ ထွက်ပေါ်လာစေခဲ့သည်။ ‘စစ်ကောင်စီကို အကောင်းမြင်ရေး’ သံတမန်နည်းလမ်း ကျင့်သုံးခြင်း၊ သို့မဟုတ် ‘စစ်ကောင်စီကို တန်းညှိခေါ်သွင်း’ လိုသည့် သဘောထား ထားရှိခြင်းသည် အလုပ်မဖြစ်ကြောင်းကို ယခုအချိန်မှာ ထင်သာမြင်သာ နားလည်ရတော့မည် ဖြစ်သည်။

ပြည်ပရောက်သူ၊ နယ်စပ်တလျှောက်သို့မဟုတ် နယ်စပ်နှင့် ခပ်လှမ်းလှမ်းတွင် ရှိနေကြသူ မြန်မာလူထု ထောင်ပေါင်းများစွာသည် မြန်မာစစ်တပ်ကို ဖယ်ရှားရေးအတွက် ရန်ပုံငွေရှာဖွေခြင်း၊ နိုင်ငံရေးမဟာမိတ်များ ထူထောင်ခြင်း၊ ဒရုန်းနည်းပညာများ စူးစမ်းလေ့လာခြင်း စသည့် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံတစ်ဝန်း ရှေ့တန်းမျက်နှာစာများရှိ စွမ်းအား၊ တီထွင်ကြံဆမှုနှင့် စွန့်လွှတ်အနစ်နာခံမှုတို့ကို နိုင်ငံတကာက လားလားမျှမယှဉ်နိုင် ဖြစ်နေရသည်။ 

မြန်မာနိုင်ငံရှိ တော်လှန်ရေးအဖွဲ့ အများအပြားသည် ပရမ်းပတာအခြေအနေမျိုး ရောက်ရန်ဝေးစွ၊ စစ်အုပ်ချုပ်မှုကို အဆုံးသတ်ရေး၊ တိုးတက်သည့် နိုင်ငံရေး အခင်းအကျင်းသစ်များ ထူထောင်ရေးတို့အတွက် တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အနောက်အုပ်စု၏ အကူအညီများ၊ ကောင်းချီးသြဘာ ပေးမှုများကိုလည်း မျှော်ကိုးနေကြသည် မဟုတ်ပါပေ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */